ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၇)
တတိယပိုင်း
ထိုသို့ကွန်မြူနစ်များကို ရန်သူလို ဘယ်တုန်းကမှသဘောမထားဘဲ
များစွာအကျိုးပြုနိုင်သည့်ဘက်သို့ မျှော်လင့်အားထားပြီး လက်ဝဲ ညီညွတ်ရေးကိုပင် ကြိုးစားအားထုတ်နေသောဗိုလ်ချုပ်သည်
ကွန်မြူနစ်များ ကွဲပြဲလွင့်စင်ပြီး တောတွင်းလက်နက်ကိုင်လမ်းနှင့် ရန်သူအဖြစ်သို့ရောက်သွားအောင်
ဖန်တီးပြုလုပ်မှုများကိုတွေ့ရှိရသော် အဘယ်မျှလျှင် မတားဆီးမကာကွယ်ဘဲ လစ်လျူရှုနေနိုင်မည်နည်း။
မုချပင် ကာကွယ်မည်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကွန်မြူနစ်များတောခိုရသည့်အခြေအနေရောက်သွားသော်
ဖြစ်လာနိုင်သောအချက်ကြီး(၃)ချက် ဖြစ်သည့် တိုင်းပြည်စည်းလုံးညီညွတ်ရေးပြိုကွဲလာမှာကိုလည်းကောင်း၊
တိုင်းပြည်ဒီမိုကရေစီ အားနည်းပျက်စီးရာကျမှာကိုလည်းကောင်း၊ စည်းလုံးညီညွတ်မှုရှိစွာ
တက်ညီလက်ညီပူးပေါင်းလုပ်ကိုင်သွားနိုင်ဖို့ များစွာမျှော်လင့်အားထားနေသည့် လက်ဝဲအင်အားစုလည်းဖြစ်ပြီး
တိုင်းပြည်ရဲ့ အခြေခံအမာခံအင်အားစုလည်းဖြစ်သည့်ကွန်မြူနစ်များြုတ်ထွက်သွားရုံမက ရန်သူအဖြစ်ရင်ဆိုင်ရမှာကိုလည်းကောင်း
တူးခါးစွာမလိုလားသည့်ဗိုလ်ချုပ်သည် ထိုကွန်မြူနစ်များ တောတွင်းရောက်ရေး တွန်းပို့လုပ်ဆောင်ချက်များကိုမြင်တွေ့ရသော်
မုချပင် မိမိစွမ်းအားကိုသုံးပြီး အစွမ်းကုန်ကာကွယ်သွားမှာသာဖြစ်သည်ဆိုသည်ကို ကျနော်တို့အားလုံး
ယုံကြည်နိုင်ပါသည်။
ကွန်မြူနစ်များတွင် အဓိကဖြစ်သော CPB ပါတီ တောခိုရတဲ့အခြေအနေမျိုးမရောက်အောင်တားဆီးနိုင်တဲ့
တိုက်ရိုက်နည်းလမ်းကတော့ ဗိုလ်ချုပ်သည် သူ၏ကြီးမားလှသောနိုင်ငံရေးအင်အားနှင့် သြဇာနှင့်
ထိုစဉ်ကာလက အရေးကြီးတဲ့လက်ဝဲပါတီသုံးပါတီကြား ဝင်ရောက် ဖြန်ဖြေတားဆီးရေးသာ ဖြစ်ပါသည်။
ထိုစဉ်က ဗမာ့နိုင်ငံရေးတွင်ဦးဆောင်လုပ်ကိုင်နေကြသော
အဓိကပါတီများသည် လက်ဝဲသုံးပါတီဖြစ်ပါသည်။ ၎င်းတို့မှာ CPB၊ ဆိုရှယ်လစ် ပါတီနှင့် ပြည်သူ့ရဲဘော်ပါတီတို့
ဖြစ်ပါသည်။ ဗိုလ်ချုပ်ကိုင်တွယ်ရမည့်ထိုပါတီသုံးရပ်၏ ထိုကာလမှာတည်ရှိနေသောအခြေအနေ သဘောထားကို
ပထမဖော်ပြလိုပါသည်။
ပထမ တောခိုကိစ္စ၏ မူရင်းဖြစ်နေတဲ့ CPB ပါတီ၏ ထိုစဉ်ကာလအခြေအနေကိုတင်ပြရသော်၊
သူတို့သည် လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲလိုသောပါတီမဟုတ်၊ သူတို့မှာ လူထုလူတန်းစားအခြေခံအားရပ်တည်မှုအတော်ကြီးကြီးရှိသောပါတီဖြစ်သည်။
၁၉၄၆ - ၄၇ ခုနှစ်များတွင် ၎င်းတို့၏ ဖြူးမြို့နှင့် ပျဉ်းမနားမြို့များမှာ ပြုလုပ်သည့်
ညီလာခံလူထုအစည်းအဝေးကြီးများဟာ သမိုင်းတွင်အကြီးဆုံး လူထုတက်ရောက်မှုအင်အားအကြီးဆုံးဟု
ထိုစဉ်က ဆိုကြသည်။ ဒီမိုကရေစီ အတော်အတန်ရှိသည့်အောက်တွင် ငြိမ်းချမ်းစွာ လှုပ်ရှားခွင့်ရလျင်
မိမိတို့လမ်းစဉ်ကိုတင်ပြပြီး အောင်မြင်အောင်ချီတက်သွားနိုင်မည်ဆိုသည်ကို ကောင်းစွာယုံကြည်သော
ပါတီဖြစ်သည်။ ၎င်းတို့သည် ပြည်သူများ ကြီးစွာဒုက္ခမရောက်စေဘဲ သူတို့လမ်းစဉ်ကို ငြိမ်းချမ်းစွာစည်းရုံးလှုပ်ရှားပြီး
သဘာဝအရ ငြိမ်းချမ်းစွာ၊ အေးဆေးစွာ ဆောင်ရွက်သွားလိုကြသည်။ အောင်မြင်နိုင်သည်ကိုလည်း
ယုံကြည်ထားသည်။ သို့ဖြစ်၍ သူတို့အလိုအလျောက် တောခို၊ လက်နက်ကိုင်၊ ပြည်တွင်းစစ်တိုက်ရေး
မဖြစ်နိုင်ပါ။
ပြည်သူ့ရဲဘော်ပါတီမှာ အဓိကအများစုသည် တော်လှန်ရေးတွင်ပါဝင်ခဲ့သော
ရဲဘော်ဟောင်းများဖြစ်သည်။ ဗိုလ်ချုပ်၏ပါတီဟုပင် ပြောနိုင်သည်။ ဗိုလ်ချုပ်စကားနားထောင်ပြီး
ဗိုလ်ချုပ်သဘောမတူတာ ဘာမျှလုပ်မည့်ပါတီ မဟုတ်ပေ။ သူတို့အလိုအလျောက် တောခို လက်နက်ကိုင်မည့်လမ်းစဉ်လည်း
မရှိပေ။ CPB ကိုလည်း တောတွင်းမောင်းချရေးလမ်းသို့ ပို့မည်မဟုတ်။ သူ့ရပ်တည်ချက်အတွက်
ဗိုလ်ချုပ်ရှိနေပြီးဖြစ်သည်။
ဗိုလ်ချုပ်ဤကိစ္စအတွက် ချဉ်းကပ်ရမှာ အခက်ခဲဆုံးဖြစ်သောပါတီမှာ
ဆိုရှယ်လစ်ပါတီပင်ဖြစ်သည်။ ထိုပါတီမှာ ပြည်သူလူထုအတွင်း သူ့ဟာသူရပ်တည်နိုင်ဖို့ ပြည်သူလူထုထောက်ခံမှုသိပ်မရှိလှသော
ပါတီဖြစ်သည်။ ဤပါတီ၏သမိုင်းတလျှောက်မှာ ထင်ရှားသည့် ခေါင်းဆောင်တဦးဦးနှင့် အစိုးရအာဏာအတွင်း
ဖက်ဆစ်ဆန်မှုအပေါ်အားထားရပ်တည်ခဲ့ရပေသည်။ ဗိုလ်ချုပ်ရှိစဉ် ဗိုလ်ချုပ်အား မှီခို ရပ်တည်ခဲ့ရသည်။
ဗိုလ်ချုပ်ကွယ်လွန်သောအခါ ဦးနုအား အဓိကမှီခိုပြီး တဖက်က နိုင်ငံရေးအာဏာဖြင့် ဖက်ဆစ်ဆန်မှုနှင့်
ရပ်တည် ခဲ့ရသည်။ ၁၉၅၈ ခုနှစ် ဦးနုနဲ့ကွဲသောအခါ ၁၉၆ဝ ဖေဖော်ဝါရီလရွေးကောက်ပွဲတွင် ပြည်သူတွေ၏လုံးဝစွန့်ပစ်လိုက်ခြင်းခံရပြီး
အာဏာမJh သွားသော မကြာခင်လပိုင်းအတွင်း ဗမာ့သမိုင်းဇာတ်ခုံပေါ်ကဆင်းပြီး ကွယ်ပျောက်သွားရသော
ပါတီဖြစ်ပါသည်။
ထိုဆိုရှယ်လစ်ပါတီသည် ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက် ဦးနုကို
တဖက်ကမှီခိုပြီး တဖက်ကဖက်ဆစ်အာဏာ တစိတ်တပိုင်းဖြင့် ရပ်တည် နေရသည်။ ပြည်သူလူထုအတွင်းတွင် CPB နှင့်ယှဉ်ပြိုင်ပြီး ရပ်တည်မနေနိုင်။ ဗိုလ်ချုပ်ကွယ်လွန်ပြီး
တနှစ်အတွင်းမှာပင် CPB ကို ဖိနှိပ် လာသည်။
နောက်ဆုံး CPB ကို တောတွင်းမောင်းချရေးဖြစ်စေသော ရန်ကုန်နှင့်တကွ တပြည်လုံးရှိကွန်မြူနစ်ပါတီဝင်များကို
တပြိုင်တည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးတော့သည်။ သို့သော်ခေါင်းဆောင်အများသည် မျိုးချစ်ပြည်ချစ်နှင့်
လိုလားသူများ၏ ကြိုတင်သတင်းပေးမှု ကြောင့် နာရီပိုင်းအတွင်း အချို့လည်း ညအိပ်နေရာမှ
ထွက်ပြေးလွတ်မြောက်သွားပြီး တောတွင်းမှ မီးကျိုးမောင်းပျက်လက်နက်နှင့် ခုခံရသည်။ သို့ဖြင့်
လူထုတွင်းမရပ်တည်နိုင်သောဆိုရှယ်လစ်များသည် ဤနည်းဖြင့် CPB ကို တောတွင်းမောင်းချပြီး
သောင်းကျန်းသူဆိုကာ ဆိုရှယ်လစ် လွှမ်းထားသောစစ်တပ်သို့ လွှဲအပ်ဖိနှိပ်ပါတော့သည်။ ဤနည်းဖြင့်
ဆိုရှယ်လစ်များသည် စစ်တပ်အားကိုးနယ်ချဲ့အားကိုးဖြင့် ပြည်တွင်းစစ်ကြီး ကို ဖန်တီးလိုက်ပါတော့သည်။
ထိုကိစ္စကို ပုဂ္ဂိုလ်အရဦးဆောင် ဆောင်ရွက်သူမှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဖြစ်သော ဆိုရှယ်လစ်ပါတီ
ခေါင်းဆောင်ဦးကျော်ငြိမ်းပင်ဖြစ်သည်။ သူသည် ဗမာပြည် ပြည်တွင်းစစ်၏ ပုဂ္ဂိုလ်အရတရားခံနံပတ်(၁)
ဖြစ်သည်။
အထက်ပါအခြေအနေတွင် ဗိုလ်ချုပ်က ကွန်မြူနစ်များတောခိုရသည့်
ဘဝမရောက်အောင်ဝင်ပြီး ဖျန်ဖြေတားဆီးရလျှင် မည်သို့ဖြစ်မည်နည်း။
- CPB က မိမိတို့အတွက်
ပိုမိုဆိုးဝါးသည့် တောခိုရမည့်လမ်းမရောက်မည်မို့ ဗိုလ်ချုပ်ဝင်ရောက်ဖျန်ဖြေမှုကို ကြိုဆိုနာခံကြမှာမလွှဲ
ဖြစ်ပါသည်။
- ပြည်သူ့ရဲဘော်မှာလည်း သူတို့အနေနှင့် လက်နက်ကိုင်တောခိုဖို့မလို
ဗိုလ်ချုပ်သြဇာရှိပြီးဖြစ်၍ ဗိုလ်ချုပ်ဆန္ဒအတိုင်း ကွန်မြူနစ်များ တောခိုရေးလိုလားကြမည်
မဟုတ်ချေ။
- ဆိုရှယ်လစ်ပါတီသာ ဗိုလ်ချုပ်စကားနားမထောင်လိုသော်လည်း
လက်တွေ့အရ ဗိုလ်ချုပ်ကိုဆန့်ကျင်ပြီးလုပ်ရေးမှာ များစွာအကျပ် တွေ့နေသည်။ ဆိုရှယ်လစ်တို့သည် CPB အပေါ်ပြင်းထန်စွာဖိနှိပ်လာပြီး နောက်ဆုံး တောခိုသွားရေးဖြစ်စေသည့်
တပါတီလုံးကို တပြိုင်နက် အစုလိုက်အပြုံလိုက် စီးနင်းဖမ်းဆီးမှုမျိုးကို ဗိုလ်ချုပ်ရှေ့မှောက်မှာလုပ်ရဲကြမည်
မဟုတ်ပေ။ ဗိုလ်ချုပ်ကလည်း အခြေအနေတင်းမာလာလျှင် မုချဝင်ရောက်တားဆီးမှာပင် ဖြစ်သည်။
၎င်းဆိုရှယ်လစ်များသည် ဗိုလ်ချုပ်က ကွန်မြူနစ်များအပေါ် ရန်သူလိုသဘောမထားနိုင်သည်ကို အလွန်မကျေနပ်ကြပေ။
ထို့ကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ်က ပထမ သခင်စိုး၏အလံနီပါတီကပင် “ဒါဟာ ဆိုရှယ်လစ်တွေသတ်တာ”
ဟူ၍ပင် ကြေညာဖူးသေးသည်။ ဆိုရှယ်လစ်တို့မှာ ဗိုလ်ချုပ်၏ဖြန်ဖြေမှုကို မကြိုက်သော်လည်း
စဉ်းစားရမည့်အချက်(၂) ချက်ရှိသည်။ ပထမက လက်ရှိ ၎င်းတို့၏ရပ်တည်မှုမှာ ဗိုလ်ချုပ်ဦးဆောင်ထားသော
ဖဆပလအဖွဲ့ချုပ်တွင်းက ဗိုလ်ချုပ်ကိုမှီပြီးရပ်တည်နေရသည်။
နောက်တချက်မှာ ဗိုလ်ချုပ်နှင့်ဆန့်ကျင်ပြီး တသီးတခြားရပ်တည်ရန်
၎င်းတို့သည် လူထုအခြေခံမရှိ၍ မဖြစ်နိုင်သောဘဝဖြစ်သည်။ နောက် ဗိုလ်ချုပ်သည် အင်အားကြီးမားပြီး
သြဇာကြီးလှသည်။ ဆန့်ကျင်ရန် မဖြစ်ြနိုင်ပေ။ ထို့ကြောင့် မလွန်ဆန်နိုင်ဘဲ ဗိုလ်ချုပ်ဖျန်ဖြေတားဆီးမည့်
လမ်းကို မုချလိုက်ရပေမည်။ သို့ဖြင့် ကွန်မြူနစ်များတောခိုမည့်အခြေအနေမျိုးမရောက်ရန်
ဗိုလ်ချုပ်က မုချဖျန်ဖြေတားဆီးနိုင်ပေမည်။
ထိုကြောင့် အထက်ပါမေးခွန်း (၁၂)အရ ကွန်မြူနစ်များ တောမခိုနိုင်အောင်
ဗိုလ်ချုပ်က မုချကာကွယ်နိုင်မည်ဖြစ်သည်။
ကာကွယ်နိုင်သည့်နည်းလမ်းမှာ အထက်တွင် ကျနော်ဖော်ပြခဲ့သလို
အဓိကအင်အားများဖြစ်သော CPB ၊ ဆိုရှယ်လစ်ပါတီ၊ ပြည်သူ့ရဲဘော်ပါတီတို့အကြားဝင်ပြီး
ဖျန်ဖြေတားဆီးသော နည်းလမ်းပင်ဖြစ်ပေသည်။ ဤသည်များမှာ ကျနော်နှင့် ဘီဘီစီသတင်းထောက်တို့
မေးမြန်းခန်းမှ ကျနော်ထုတ်ဖော်တင်ပြလိုသောအကြောင်းအရာတချို့ ဖြစ်ပါသည်။
ဤနေရာတွင် ကျနော်ရေးဖို့ကျန်ခဲ့သည့် ကိစ္စတခုရေးသားရပါဦးမည်။
ဗိုလ်ချုပ်မကွယ်လွန်မီက ကျနော့်ကို စေခိုင်းခဲ့သည့် ကိစ္စတခုရှိပါ သေးသည်။
ထိုကိစ္စမှာ -
ဗိုလ်ချုပ်သည်
ဖက်ဆစ်တော်လှန်ရေးပြီးနောက် သူစစ်တပ်ကထွက်ပြီး နိုင်ငံရေးဘက်ကူးပြောင်းလိုက်ရန်ဆုံးဖြတ်ပြီးနောက်
တပ်မတော်ကို သူ့ကိုယ်စားထိန်းသိမ်းအုပ်ချုပ်ရန်လွှဲအပ်ခဲ့ဖို့ ပုဂ္ဂိုလ်ကိုစဉ်းစားရှာဖွေခဲ့သည်။
သူတည်ထောင်လာခဲ့သော တပ်မတော် အင်္ဂလိပ်တို့နှင့်ပေါင်းစည်းရသည့်နောက်တွင် ဖောက်ဖောက်ပြားပြားတွေ
ဖြစ်လာမှာအလွန်စိုးရိမ်ပုံရသည်။ ရာထူးစဉ်လာ ဝါစဉ်အရ ထိုစဉ် သု့လက်အောက် ဒုစစ်သေနာပတိဖြစ်နေသော
ဗိုလ်လကျာ်ကိုသာလွှဲအပ်ရမည်ဖြစ်ရာ ဗိုလ်လကျာ်အပေါ်နိုင်ငံရေးအရ စိတ်ချရမည် ဖြစ်သော်လည်း
ကျမ်းမာရေးအရ ရေရှည်အတွက်စိတ်မချရဟု ထင်မြင်ပုံရပါသည်။ ထို့ကြောင့် နိုင်ငံရေးအရ မဖောက်မပြန်စိတ်ချရပြီး
အများ လေးစားခြင်းလည်းခံရကာ ပါတီအများနှင့်ဆက်ဆံရေးလည်းကောင်းမွန်သော ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်သော
သခင်ဗဟိန်းကို စစ်တပ်အား သူ့ကိုယ်စားလွှဲအပ်ဖို့စိတ်ကူးဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ခန့်မှန်းခြေ ၁၉၄၅ ဇူလိုင်လတွင်းလောက်ထင်သည်
ဗိုလ်ချုပ်အောင်ဆန်း ကျနော့်ကိုခေါ်ပြီး သခင်ဗဟိန်းကိစ္စ သူ၏ဆန္ဒနှင့် ဆုံးဖြတ်ချက်ကိုပြောပြကာ
သခင်သန်းထွန်းထံစေလွှတ်၍ သခင်ဗဟိန်းကိုစစ်တပ်ကိုလွှဲရန် ပေးဖို့ရန် သွားတောင်းခိုင်းပါသည်။
ကျနော် သခင်သန်းထွန်းထံသွား၍ ထိုကိစ္စကိုပြောပြပါသည်။
ထိုစဉ်ကလက ကျနော်တို့ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဘရောက်ဒါဝါဒဝင်နေရာ
အနာဂတ်လွတ်လပ်ရေး တော်လှန်ရေးလုပ်ငန်းများမှာ စစ်ရေးအရ အကြမ်းဖက်လှုပ်ရှားမှုများမလိုဘဲ
ငြိမ်းချမ်းစွာဖြင့်လူထုစည်းရုံးလှုပ်ရှားမှုဖြင့် အောင်မြင်နိုင်သည်ဟူသော အယူအဆစွဲမြဲစွာ
ယုံကြည်နေသည့်ကာလဖြစ်ရာ စစ်တပ်လုပ်ငန်းအပေါ် ဒါလောက်အာရုံမထားတော့ဘဲ လူထုလူတန်းစားစည်းရုံးရေးသာ
အဓိကအာရုံထား နေသောကာလဖြစ်သည်။
သခင်သန်းထွန်းက ရှေ့မှာစစ်တပ်လုပ်ငန်းဟာ ဒါလောက်အရေးပါတော့မှာမဟုတ်ပါ
လူထုစည်းရုံးရေးသာအဓိကဖြစ်ရာ ကိုဗဟိန်းမှာ အလွန် အရေးပါပြီး လူထုအတွင်းသြဇာကြီးသူ ဖြစ်သည်။
သူ့ကိုအရေးကြီးသည့် အလုပ်သမားသမဂ္ဂတွေကိုင်ခိုင်းဖို့စီစဉ်ထား၍ မပေးနိုင်ကြောင်း ပြောပါသည်၊
စစ်တပ်ကို အစဉ်အလာရှိသည့် ခင်ဗျားတို့တွေပဲ တပ်မှာသြဇာရှိအောင်လုပ်ပြီး ထိန်းသိမ်းသွားကြပါဟု
ပြောပါသည်။
ကျနော်ထိုကိစ္စ ဗိုလ်ချုပ်ကိုပြန်အစီရင်ခံတော့ ဗိုလ်ချုပ်က
ကိုဗဟိန်းမပေးနိုင်ရင် ဖြူးနယ်မှ ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်သော သခင်သန်းဖေရော
မပေးနိုင်ဘူးလားဟုထပ်မေးခိုင်းပါသည်။ သခင်သန်းထွန်းက သခင်သန်းဖေကိုလည်းမပေးနိုင်ကြောင်း
အကြောင်း ပြန်ပါသည်။
ဗိုလ်ချုပ်လည်း အတော်စိတ်ပျက်သွားပုံရသည်။ နောက်ဆုံး
ဗိုလ်မှုးကြီးလက်ျာကိုဘဲ သူ့ကိုယ်စားသူ့နေရာဆက်ခံဘို့ရွေးချယ်ပြီး ဗြိတိသျှတို့အောက်
တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်နေရာသို့ ဝင်ယူစေပါတော့သည်။ နောက်ဗိုလ်ချုပ်တို့ အစိုးရအဖွဲ့တွင်း
ဝင်လာသောအခါ ဗိုလ်ချုပ်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ပါယူထားပြီး တပ်ကို သူတဖက်က ထိမ်းသိမ်းသွားမည်ဟု
စိတ်ကူးထားပုံ ရသည်ဟု ယူဆရပါသည်။
ထိုကိုဗဟိန်းကိစ္စကို ထိုစဉ်က ဆိုရှယ်လစ်များသိသွားပုံရသည်။
ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံပေးစာများတွင် ထိုကိစ္စပါလာပြီး ဆိုရှယ်လစ်တွေမကျေမနပ်ဖြစ်ပုံကို
၁၉၈၈ ဝန်းကျင်က ဖတ်ရှုလိုက်ရပါသည်။
ဤသည်မှာ ဗိုလ်ချုပ် မကွယ်လွန်မီက ကျနော်အားစေခိုင်းခဲ့သည့်
ကိစ္စတခု ဖြစ်ပါသည်။
ဗိုလ်ချုပ်က ကျနော့်အားပညာပေးခဲ့သည့် ကိစ္စတခုလည်း ရှိပါသေးသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက် ပင်လုံစာချုပ်ချုပ်ဆိုရာတွင်
နောက် ၁ဝ နှစ်ကြာလျှင် ရှမ်းပြည်အနေနဲ့ ခွဲထွက်ချင်ခွဲထွက်ခွင့်ပြုမည် ဆိုသောအချက်အပေါ်
ကျနော်က ဗိုလ်ချုပ်အားမေးမြန်းကြည့်ရာတွင် ဗိုလ်ချုပ်က ကဲ မင်းဗမာပြည်မြေပုံကိုကြည့်စမ်း
တို့လွတ်လပ်ရေး ရတဲ့အခါ ရှမ်းပြည်မပါရင် တို့မြေပုံဘယ်လိုဖြစ်သွားမလဲ၊ ဒါကြောင့် လွတ်လပ်ရေးယူတဲ့အခါ
တပေါင်းတစည်းထဲရဖို့လိုတယ်ဟု ပြောပြ ဆွေးနွေးပြီး ထပ်၍ပြောပြသည်မှာ တို့တတွေက ငါးနှစ်စီမံကိန်း
၂ ခုလောက်လုပ်ပြီး နိုင်ငံကိုတည်ဆောက်ပြရင် တို့တတွေနဲ့အတူနေချင် လာမှာပါကွာဟုလည်းနှစ်သိမ့်
ပြောဆိုပါသည်။ ဗိုလ်ချုပ်ကဆိုလိုသည်မှာ (ငါးနှစ်စီမံကိန်း ၂ ခု) ၁ဝ နှစ်ကြာ တိုင်းပြည်တည်ဆောက်ရေးကို
အတူတကွလုပ်ဆောင်ကြပြီးရင် ခွဲထွက်ချင်မှာမဟုတ်တော့ဟုဆိုလိုပါသည်။
ထို့ပြင် ဗိုလ်ချုပ်လုပ်ကြံမခံရမီကလေးမှာပင် လွတ်လပ်ရေးအတွက်
အပြင်းအထန်ဆွေးနွေးညှိနှိုင်းနေစဉ် ကျနော်နှင့်တွေ့စဉ်ပြောသည်မှာ လွတ်လပ်ရေးအတွက်တော့
အစစအဆင်ပြေနေတာပဲ ဘာတွေဖြစ်လာအုံးမလည်းတော့မသိဘူးကွာဟူ၍ ဖြစ်ပါသည်။ ကျနော့်စိတ်တွင့်
စဉ်းစားမိသည်မှာ ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့သမားအား သိပ်ယုံကြည်မှုမရှိလှဘဲ တစုံတခုအပေါ်
စိတ်နည်းနည်းလေးနေပုံရသည်ဟု ထင်မြင်ခဲ့မိပါသည်။
ဤသည်များမှာ ဗိုလ်ချုပ်နှင့်ပတ်သက်၍ ကျနော်၏ ထိတွေ့ခံစားရချက်အချို့
ဖြစ်ပါသည်။
0 comments:
Post a Comment