Thursday, April 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၂)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၂)

တတိယပိုင်း

နေသူရိန်လူထုအစည်းအဝေးကြီး
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးသမိုင်း၏ မှတ်တိုင်တတိုင်ဖြစ်သော နေသူရိန် လူထုအစည်းအဝေးကြီးကို ရန်ကုန်မြို့တွင် ဖတပလအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့ပါသည်။ ဗဟန်းရှိ နေသူရိန်ရုပ်ရှင်ရုံတွင်ကျင်းပပြီး ရပ်ကွက်အလိုက်ပြည်သူလူထုများနှင့် တပ်မတော်သားအများအပြား အလံကိုင်ဆောင်ပြီး ကြွေးကြော်သံများတိုင်ကာ တခဲနက်ညီညွတ် တက်ကြွစွာ ကျင်းပခဲ့ကြပါသည်။ ကြွေးကြော်သံများမှာ လွတ်လပ်ရေးစိတ်ဓာတ်အပြည့် အားမာန်အပြည့်ပင်ဖြစ်သည်။ ရုပ်ရှင်ရုံထဲတွင် လူပရိသတ်မှာမဆန့်တော့ဘဲ ဘေးတဝိုက်ရှိကွက်လပ်မှန်သမျှတွင် ပြည့်နေပါတော့သည်။ အနီခံပေါ်တွင်ကြယ်ဖြူရှိသော တော်လှန်ရေးအလံနီများလည်း တလူလူလွင့်နေပါသည်။ အသံချဲ့စက်များလည်း တပ်ဆင်ထားပါသည်။



ဖတပလ အဖွဲ့ချုပ်မှ ဥက္ကဌဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသောဦးစီးအဖွဲ့ဝင် မျိုးချစ်ဗမာ့တပ်မတော်မှတပ်မှူးများအားလုံး စုံစုံညီညီတက်ရောက် ကြပါသည်။ အစည်းအဝေးသဘာပတိမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး အတွင်းရေးမှူးမှာသခင်သန်းထွန်းဖြစ်ကာ အခမ်းအနားမှူးမှာ သခင်ချစ် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိမိန့်ခွန်းပြောကြားပါသည်။ ဗိုလ်ချုပ်က ဖတပလ ဖွဲ့စည်းရသည့်အကြောင်းအရာများ၊ တပ်မတော်နှင့် ပြောက်ကျားတပ်များ၏ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများ၊ ရှေ့လျှောက်လုပ်ရမည့် လွတ်လပ်ရေးလုပ်ငန်းစဉ်များ စသည်များကို ပရိသတ်လက်ခုပ်သံများကြားမှ ပြောကြားသွားပါသည်။ ထို့နောက် အဆိုအများအပြားတင်သွင်းပြီး ထောက်ခံဆွေးနွေး သူများကလည်း ထောက်ခံပြောဆိုသွားကြပါသည်။



ထိုအစည်းအဝေးကြီးတွင် ကျနော်က မျိုးချစ်ဗမာ့တပ်မတော်ကိုယ်စား တိုင်း (၄)တိုင်းမှူး ဗိုလ်မှူးကျော်ဇောအနေဖြင့် အဆိုအမှတ် (၃) ဖြစ်သော တနိုင်ငံလုံးညီညွတ်ရေးအဆိုကို တင်သွင်းခဲ့ပါသည်။



၎င်းညီညွတ်ရေးအဆိုတွင် ကျနော်တင်ပြခဲ့သောအကြောင်းအရာတချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“ကျနော်တို့အားလုံးရဲ့ ရှေ့ရည်ရွယ်ချက်ဟာ ဘာလဲ။ လွတ်လပ်ရေးပဲ။ အဲဒီလွတ်လပ်ရေးစခန်းကိုမရောက်ခင် ဒီစစ်အခြေအနေအရ ပထမက တကယ်အာဏာရှိအမျိုးသားယာယီအစိုးရ၊ ဒုတိယက အရွယ်ရောက်သူတိုင်းတင်မြှောက်တဲ့ တိုင်းပြည်ြုပလွှတ်တော်ကြီး တည်ဆောက်ဖို့ပဲ။ နောက် အဲဒီလွှတ်တော်ကြီးကနေပြီး ဗမာပြည်အနာဂတ်အုပ်ချုပ်ရေးကို ဆွဲဖို့ပဲ။ ဒီအချက်တွေဖြစ်မြောက်ဖို့ဆိုလျှင် အရေးအကြီးဆုံးအချက်က နိုင်ငံညီညွတ်ရေးပဲ။ ကျနော်တို့နိုင်ငံမညီညွတ်ရင် လွတ်လပ်ရေးဟာ ဝေးသထက်ဝေးမှာပဲ။ ကျနော်တို့ဝမ်းထဲမှာ ဒီအချက်ဟာ မီးတောက် နေပါတယ်။ ဒါကြောင့် ကျနော်ဝမ်းထဲရှိသမျှ ထုတ်ဖော်ပြောပါရစေ



“ကျနော်တို့ ဒီလိုဒုက္ခတွေခံရတာ၊ အသေအကျေခံရတာတွေကိုထောက်ထားပြီး ညီညွတ်ကြစေချင်လို့ ယခု ကျနော်တို့တိုက်ပွဲမှာ တစိတ်တပိုင်းဖြစ်တဲ့ ကျနော်တွေ့ကြုံသမျှ လွတ်လပ်ရေးတိုက်ပွဲတွင်း ကျနော်နဲ့အတူတိုက်ခဲ့တဲ့ရဲဘော်တွေရဲ့ကိုယ်စား အစီရင်ခံပါရစေ” ဟု ကျနော်ကပြောကြားပြီး ကျနော်နှင့် သခင်ချစ်တို့ခေါင်းဆောင်တဲ့ စစ်တိုင်း (၄)အတွင်း ၁၉၄၅ ခုနှစ်က ကျနော်တို့တိုက်ခဲ့ရတဲ့ ဖက်ဆစ်ဂျပန် ဆန့်ကျင်တော်လှန်ရေးတိုက်ပွဲအချို့အကြောင်းကို ဦးစွာတင်ပြပြောဆိုခဲ့ပါသည်။



ထိုအကြောင်းအရာများကို ကျနော်သည် ကျနော့်အတ္ထုပ္ပတ္တိဒုတိယပိုင်း ဖက်ဆစ်တော်လှန်ရေးကာလအကြောင်းအရာများ ရေးသားစဉ်က ထည့်သွင်းဖော်ပြပြီးဖြစ်သဖြင့် ထပ်မံမရေးသားတော့ပါ။ ယခု ထိုစဉ်က ကျနော်တင်သွင်းသောညီညွတ်ရေးအဆို၏ အရင်းခံစာသားပိုဒ်သာ တင်ပြပါတော့မည်။ ထိုအဆိုမှာ -



“ထို့ကြောင့် ဤအစည်းအဝေးကြီးက ဗမာနိုင်ငံတွင် ခေါင်းဆောင်မည့်ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းတို့က စိတ်ဝမ်းကွဲပြားခြင်း အလျဉ်းမရှိဘဲ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးအတွင်းသို့ ထိရောက်စွာဝင်ရောက်လုပ်ကိုင်ကာ ဗမာနိုင်ငံ လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအရပ်ရပ်တို့ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်းအလျဉ်းမရှိဘဲ ဆောင်ရွက်ကြရန် ဤအစည်းအဝေးကြီးမှ လေးနက်စွာတိုက်တွန်းပါကြောင်း



ထိုအဆိုစာပိုဒ်ကို ကျနော်က ဖတ်ကြားတင်သွင်းပါသည်။ ထိုအဆိုကို ဗိုလ်မှူးရဲထွဋ်နှင့် ပျော်ဘွယ်ဦးမြတို့က ပြောဆိုထောက်ခံသွားလေသည်။ ကရင်အမျိုးသားခေါင်းဆောင်တဦးဖြစ်သော ဆရာသာထိုနှင့် ဦးဘိုးမြတို့ကလည်း ဗမာနိုင်ငံလွတ်လပ်ရေးအတွက် တမျိုးသားလုံးညီညွတ် ကြဖို့လိုကြောင်း ညီညွတ်ကြမှသာ ဗမာပြည်ကျွန်ဘဝမှလွတ်မြောက်မည်ဖြစ်ကြောင်းတို့ကို ပြောကြား၍ “တနိုင်ငံလုံးညီညွတ်ရေးအဆို”ကို ထောက်ခံဟောပြောသွားသည်။ ရုံတွင်းရုံပြင်ရှိ လူထုပရိသတ်ကြီးကလည်း သြဘာလက်ခုပ်များတီးပြီး ကြွေးကြော်သံများဟစ်ကြွေးလျက် တခဲနက်ထောက်ခံကြလေသည်။ တညီတညွတ်တည်း အတည်ပြုလိုက်ကြပါသည်။



ထို့နောက် ဖတပလလုပ်ငန်းစဉ်များ၊ ဦးစီးအဖွဲ့ဝင်အမည်စာရင်းများ စတာတွေဖတ်ကြားပြီး နောက်ဆုံးတွင် သဘာပတိ ဗိုလ်ချုပ် အောင်ဆန်းက အစည်းအဝေးနိဂုံးချုပ်ပြောကြားပါသည်။ ထိုအစည်းအဝေးကြီးကို နောက်ဆုံးတွင် လူထုပရိသတ်ကြီးက ကြွေးကြော်သံများ ဟစ်ကြွေးပြီး စိတ်အားတက်ကြွစွာဖြင့် အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပါသည်။



ယခု ကျနော်တို့နှင့်အတူ ကွန်မင်းမြို့မှာနေထိုင်လျက်ရှိသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒုဥက္ကဌဟောင်းတဦးဖြစ်သူ ဦးခင်မောင်ကြီးက သူကြုံတွေ့ခဲ့ရသော ထိုနေသူရိန်အစည်းအဝေးကြီးနှင့်ပတ်သက်ပြီး ကျနော့်ကို ပြန်လည်ပြောပြဖူးသည်မှာ သူ ထိုအစည်းအဝေးကြီးကို ဗမာပြည်အာရှလူငယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့ဖူးကြောင်း၊ ကျနော့်မိန့်ခွန်းကိုလည်း ကြားဖူးကြောင်း၊ အလွန်စိတ်အားတက်ကြွဖွယ် ဖြစ်ကြောင်း၊ အစည်းအဝေးကြီးကလည်း အလွန်ကြီးကျယ်စည်ကားကြောင်း ပြောပြဖူးပါသည်။

ဤတက်ကြွဖွယ် အစည်းအဝေးကြီးက ဗမာပြည်၏လွတ်လပ်ရေး ရှေ့ရေးအလားအလာကို ထွန်းပြောင်စေလိုက်ပါသည်။ တနိုင်ငံလုံးရှိ ပြည်သူအပေါင်းကိုလည်း လွတ်လပ်ရေးတိုက်ပွဲတွင်း နိုးကြားစွာပါဝင်လာကြရန် လှုံ့ဆော်လိုက်ပါတော့သည်။ ကျနော်တို့တွင် နိုင်ငံရေး အရလည်း ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ကျန်နိုင်ငံရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ညီညွတ်စွာဖွဲ့စည်းထားသည့် ဖတပလအဖွဲ့ချုပ်ကြီး ရှိနေပြီဖြစ်သည်။ စစ်ရေးအရလည်း လွတ်လပ်ရေးကို မရအရတိုက်ပေးမည့် လက်နက်ကိုင်တပ်မတော်လည်း ရှိနေပြီဖြစ်သည်။

လွတ်လပ်ရေးအတွက် အဆင်သင့်ဖြစ်ကြပေပြီ။

0 comments:

Post a Comment