Monday, April 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၃)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၃)
တတိယပိုင်း
ကန္ဒီအစည်းအဝေးနှင့်စာချုပ်

၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သီဟိုကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာ မဟာမိတ်တပ်များ၏စစ်သေနာပတိချုပ် မောင့်ဘက်တန်နှင့် မျိုးချစ်ဗမာ့ တပ်မတော်ကိစ္စကိုတွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေးကို သဘောတူကြောင်းဆုံးဖြတ်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ရွေးခြယ်ခဲ့ပါသည်။
၁။ ဗိုလ်ချုပ်အောင်ဆန်း - စစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၂။ ဗိုလ်လကျာ် - ဒုတိယစစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၃။ ဗိုလ်နေဝင်း - ရှေ့တန်းစစ်ဌာနချုပ်မှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၎။ ဗိုလ်ဇေယျ - စစ်ဦးစီးချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်။
၅။ ဗိုလ်ဇော်မင်း - (ဦးမောင်မောင်ကျော်ဝင်း)စစ်ရေးဌာန၊ မျိုးချစ်ဗမာ့တပ်မတော်။
၆။ ဗိုလ်ကျော်ဇော - တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၇။ ဗိုလ်မောင်မောင် - တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်။
၈။ ဦးဘဖေ - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။
၉။ စောဘဦးကြီး - ဗဟိုကောင်စီဝင်၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။
၁ဝ။ ကိုညိုထွန်း - ရခိုင်ပြည်နယ်၊ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်။
၁၁။ သခင်သန်းထွန်း - အထွေထွေအတွင်းရေးမှူး၊ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်။

ကန္ဒီအစည်းအဝေးခေါ်ယူရခြင်းမှာ မျိုးချစ်ဗမာ့တပ်မတော်မှတောင်းဆိုသကဲ့သို့ ဗြိတိသျှအာဏာပိုင်များအနေဖြင့်လည်း မျိုးချစ်ဗမာ့ တပ်မတော်အရေးကို အပြီးသတ်ဖြေရှင်းနိုင်ရန် မခေါ်လျှင်မဖြစ်သောအခြေအနေကြောင့် ခေါ်ယူကျင်းပရခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကျနော်တို့ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ၁၉၄၅ ခုနှစ် စက်တင်ဘာ (၄)ရက်နေ့တွင် လေယာဉ်ဖြင့်ထွက်ခွာလာခဲ့ရာ ကာလကတ္တားမြို့တွင် ညအိပ်ရပ်နားပြီးနောက် ကန္ဒီမြို့သို့ စက်တင်ဘာ (၅)ရက်နေ့တွင် ရောက်ရှိခဲ့သည်။

၁၉၄၅ ခုနှစ် စက်တင်ဘာ (၆)ရက်နေ့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာမဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့ဒ်လူဝီ မောင့်ဘက်တန်၏ရုံးခန်းမဆောင်၌ ကန္ဒီအစည်းအဝေးကိုစတင်ကျင်းပကြပါသည်။

ထိုအစည်းအဝေးသို့ ကျနော်ပါသွားစဉ် မှတ်မိသောအကြောင်းအရာတခုမှာ ကျနော့်အိတ်ထဲတွင် ကိုယ်ပိုင်ငွေ ၂ ကျပ်သာပါသွားတာကို မှတ်မိပါသည်။ နောက် ကျနော်ငွေသုံးရန်နည်းနည်းလိုသောအခါ ဦးဘဖေကြီးဆီမှတောင်းယူသုံးစွဲခဲ့ရပါသည်။ ကန္ဒီမှပြန်လာသောအခါ တချို့ ကိုယ်စားလှယ်တွေ အိန္ဒိယမှ နိုင်ငံခြားပစ္စည်းတွေဝယ်လာနိုင်ကြသော်လည်း ကျနော်က ဘာလက်ဆောင်ပစ္စည်းမှ ဝယ်မလာနိုင်ချေ။

အစည်းအဝေးတွင် မြန်မာဘက်မှ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၁၁)ဦးနှင့် ဗြိတိသျှတို့ဘက်မှ လော့ဒ် မောင်ဘက်တန်၊ ဒုတိယဗိုလ်ချုပ်ကြီးဆလင်းတို့ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၂၅)ဦး တက်ရောက်ကြသည်။ ထိုအထဲတွင် မြန်မာပြည်အစိုးရအဖွဲ့ဝင် အိုင်စီအက်စ်ဦးတင်ထွဋ် ပါဝင်ပါသည်။
အစည်းအဝေးတွင် လော့ဒ်မောင့်ဘက်တန်ကစ၍ ဗြိတိသျှတို့၏ မြန်မာနိုင်ငံ ပြန်လည်သိမ်းပိုက်ရေးအတွက် ဆင်နွှဲခဲ့သည့် တိုက်ပွဲစဉ် တလျှောက်လုံးတွင် ဖတပလ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပုံ၊ ဗမာ့တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီမှုနှင့် ကြိုးပမ်းဆောင် ရွက်ချက်များကို မည်သို့မည်ပုံ ဝါဒဖြန့်ချိပေးခဲ့ပုံတို့ကိုပြောကြားပြီး  အမှတ် (၁၄)တပ်မတော်စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆလင်း အား မြန်မာနိုင်ငံတိုက်ပွဲစဉ်တွင် ဗမာ့တပ်မတော်အင်အားစုများထံမှ ရရှိခဲ့သောအကူအညီနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားစေသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း မိမိတို့ဘက်က ဗြိတိသျှတိုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်၊ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ တွေ့ရှိ ရသည့်အခက်အခဲများကို တင်ပြဆွေးနွေးပါသည်။

စက်တင်ဘာ (၇)ရက်နေ့တွင် နှစ်ဘက်ကိုယ်စားလှယ်များ အပြီးသတ်တွေ့ဆုံဆွေးနွေးပြီး မျိုးချစ်ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် ကန္ဒီစာချုပ်ကိုလက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်သန်းထွန်းတို့က လက်မှတ်ရေးထိုးပြီး ဗြိတိသျှတို့ဘက်မှ မောင်ဘက်တန်ကရေးထိုးသည်။

ထိုစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ တပ်သားဦးရေ(၅၂ဝဝ)နှင့်အရာရှိ(၂ဝဝ)ကို အမြဲတမ်းမြန်မာနိုင်ငံတပ်မတော် Burma Regular Army ထဲသို့ ပူးပေါင်းထည့်သွင်းရန်ဖြစ်ပါသည်။ ကန္ဒီစာချုပ်ကို ထိုအချိန် ဘရောက်ဒါဝါဒဝင်နေစဉ်ကာလမှာချုပ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးကို ငြိမ်းချမ်းသည့်နည်းနဲ့ တောင်းဆိုနိုင်သည်ဆိုသောအယူအဆအောက်မှာ လက်နက်ကိုင်နှစ်သောင်းကျော်ရှိသည့် မျိုးချစ်ဗမာ့ တပ်မတော်ကို ဖျက်သိမ်းပေးလိုက်ရပါသည်။ သို့သော် တဖက်တွင်လည်း ထိုအထဲမှ လူပေါင်းငါးထောင်ကျော်ကို အမြဲတမ်းတပ်အတွင်းသို့ သွတ်သွင်းလိုက်နိုင်ပါသည်။ ဤသည်ကတော့ အရှုံးထဲကအမြတ် ဖြစ်ပါသည်။

ဤသို့ဖြင့် ကန္ဒီစာချုပ်သဘောတူညီချက်အရ မျိုးချစ်ဗမာ့တပ်မတော်ကို  အမြဲတမ်းမြန်မာနိုင်ငံတပ်မတော်ထဲသို့ ပူးပေါင်းသိမ်းသွင်းဖွဲ့စည်း ခဲ့ပြီး အမှတ် (၃)ဗမာ့သေနတ်ကိုင်တပ်ရင်းကို သံလျင်မြို့၌လည်းကောင်း၊ အမှတ် (၄)ဗမာ့သေနတ်ကိုင်တပ်ရင်းကို ပြည်မြို့၌လည်းကောင်း၊ အမှတ် (၅)ဗမာ့သေနတ်ကိုင်တပ်ရင်းကို ပျဉ်းမနားမြို့၌လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

အမှတ် (၃)တပ်ရင်းတွင် ကျနော်၊ အမှတ် (၄)တပ်ရင်းတွင် ဗိုလ်နေဝင်း၊ အမှတ် (၅)တပ်ရင်းတွင် ဗိုလ်ဇေယျတို့က ဗိုလ်မှူး (မေဂျာ)ရာထူးဖြင့် ဒုတိယတပ်ရင်းမှူးများ ဖြစ်ကြပါသည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးများမှာ မျက်နှာဖြူအင်္ဂလိပ်လူမျိုးများ ဖြစ်သည်။

မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိ၊ အကြပ်တပ်သားတို့ကိုလည်း ကန္ဒီစာချုပ်တွင်သတ်မှတ်ထားသည့် အရေအတွက်အတိုင်း စစ်ဌာနချုပ်များ၊ လေ့ကျင့်ရေးတပ်များ၊ မိတ္ထီလာရှိအမြောက်တပ်နှင့် အထက်ပါသေနတ်ကိုင်တပ်ရင်း (၃)ရင်းတို့သို့ ဖြန့်ဝေခဲ့ပါသည်။

သံလျင်စခန်း အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် အိုင်းရစ်လူမျိုး ဒုဗိုလ်မှူးကြီးသန်းဒါးကတပ်ရင်းမှူးဖြစ်ပြီး ကျနော်က ဒုတပ်ရင်းမှူး ဖြစ်ပါသည်။ ကျနော် သံလျင်ခြေလျင်တပ်ရင်း(၃) ဒုရင်းမှူးဖြစ်စဉ်ကာလတွင် ဂျပန်ခေတ် အထူးသဖြင့် ဂျပန်တော်လှန်ရေးကာလ ဆင်းရဲဒုက္ခ ဒဏ်တို့ကြောင့် ကျနော်အနည်းငယ် မကျန်းမမာဖြစ်နေပါသည်။

တပ်ရင်း(၃) ၏ တပ်ခွဲမှူးများမှာ ဗြိတိသျှစစ်တပ်နှင့်ပါလာသော မျက်နှာဖြူများ၊ ကပြားများဖြစ်ကြ၍ ကျနော်တို့ မြန်မာအရာရှိများမှာ ဒုတပ်ခွဲမှူးနှင့်တပ်စုမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုဗြိတိသျှတို့နှင့် ပါလာသည့်တပ်ခွဲမှူးတို့က ဒုရင်းမှူနေရာတွင် ကျနော့်ကို ဖယ်ရှားပြီး သူတို့လိုချင်လာပါသည်။ ထို့ကြောင့် ကာနယ်သန်းဒါးနဲ့ကျနော့်အကြား တိုက်ခိုက်ကြသဖြင့် ကာနယ်သန်းဒါးက ကျနော့်ကို မလေးမစားဆက်ဆံလာကာ မသင့်မတင့်ဖြစ်လာပါသည်။ ကျနော်လည်း စိတ်ညစ်လာသဖြင့်၊ နောက် အင်္ဂလိပ်များကိုလည်း မုန်းတီး နေသဖြင့် ၎င်းတို့အောက် မနေတော့ဘဲ တပ်မှထွက်ရန်အထိစိတ်ကူးပြီး ဗိုလ်ချုပ်အောင်ဆန်းထံသွား၍ တပ်ကထွက်လိုကြောင်းနှင့် ကာနယ်သန်းဒါးနှင့် မသင့်မမြတ်ဖြစ်ပုံတို့ကို ပြောပြပါသည်။

ဗိုလ်ချုပ်က ခင်ဗျားဟာ တပ်နှင့်သင့်တော်သူ ဖြစ်တယ်။ တပ်မှာ ဆက်နေပါ။ မသင့်တာတွေကတော့ ခင်ဗျားဟာ ရဲဘော်သုံးကျိပ်ဝင်လည်း ဖြစ်၊ ကန္ဒီစာချုပ်ကိစ္စမှာလည်းပါဝင်ခဲ့သူဖြစ်လို့ ဒါတွေသူတို့သိလို့ ဖိနှိပ်တာပဲ။ ခဏတော့သည်းခံပါ။ ရေရှည် သူတို့အာဏာရနေမှာ မဟုတ် ပါဘူးဟုဖျောင်းဖျပြောဆိုသဖြင့် ကျနော်တပ်ကမထွက်ဖြစ်ဘဲ တပ်ထဲတွင်ပင် ဆက်နေရန်ဆုံးဖြတ်လိုက်ပါသည်။ သန်းဒါးလို အမှုထမ်း တယောက်ကဗိုလ်ကျတာကို ခေတ္တတော့သည်းခံရမည်ဟု နားလည်လာပါတော့သည်။
တပ်ရင်း(၃) ၏ ဒုတပ်ခွဲမှူးများမှာ ဗိုလ်ကြီးစိန်မှန် (နောင် ဗိုလ်မှုးကြီးစိန်မှန်) ၊ ဗိုလ်ကြီးသောင်းကြည် (နောင် ဗိုလ်မှုးကြီးသောင်းကြည်)၊ ဗိုလ်
ကြီးကျော်ထွန်း (နောင် ဗိုလ်မှုးကျော်ထွန်း)၊ ဗိုလ်ကြီးချစ်မြိုင် (နောင် ဗိုလ်မှုးကြီးချစ်မြိုင်)၊ ဗိုလ်ကြီးစိန်ဝင်း (နောင် ဗိုလ်မှုးချုပ်စိန်ဝင်း)၊ ဗိုလ်ကြီးတင်မောင် (နောင် ဗိုလ်မှုးကြီးတင်မောင်) တို့ ဖြစ်ကြပါသည်။

ထိုစဉ်ကဒုတပ်ခွဲမှုးများအားလုံးမှာ ဗိုလ်ကြီးရာထူးများနှင့် ဖြစ်ပါသည်။

ကျနော်တို့မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိများသည် မိမိတို့တပ်ရင်းအလိုက် ဂေါ်ရခါးတပ်ကြပ်ကြီးများထံမှ ဗြိတိသျှလက်အောက်ခံတပ်များ ၏ စစ်လေ့ကျင့်ရေးအခြေခံစစ်သင်တန်းများကို လေ့ကျင့်သင်ယူရပါသည်။


0 comments:

Post a Comment