ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၅)
တတိယပိုင်း
၅။ စတုတ္ထအထောက်အထားမှာ။
က။ ဦးခင်အောင်စာအုပ်ဖော်ပြချက်အရ၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီး
တပတ်လောက်တွင် ဇူလိုင်(၂၅)ရက်နေ့လောက်တွင် ဗြိတိသျှအစိုးရ ဤလုပ်ကြံမှုကြီးမှာပါဝင်ပတ်သက်နေသည်ဆိုသည့်
ကောလာဟလများ ပျံ့နှံ့နေခဲ့မှုကြောင့် ဦးနုအစိုးရသည် ဗြိတိသျှတို့၏ဆန္ဒနှင့်လည်း ကိုက်ညီအောင်
အောက်ပါကြေညာချက်တခုထုတ်ရန်စီစဉ်ခဲ့သည်။ ၎င်းမှာ “ဤလုပ်ကြံမှုကြီးတွင် အင်္ဂလိပ်ကိုလိုနီအစိုးရတို့
မပါဝင်ကြောင်း၊ အင်္ဂလိပ်အစိုးရနှင့်အတူ ဤလုပ်ကြံမှုကြီး၏တရားခံအစစ်ကိုရဖို့ ကြိုးစားရှာဖွေလျက်ရှိကြောင်း”ဆိုသော
တရားဝင်ကြေညာချက်ထုတ်ဖို့ပင် စီစဉ်ခဲ့ရသည်အထိ ဖြစ်ခဲ့ပါသည်။
ခ။ သို့သော် ၂၈/၇/၄၇ နေ့ထုတ် ရန်ကုန်လမ်းညွှန်သတင်းစာကြီးတွင်ပါလာသော
သတင်းတပုဒ်ကြောင့် အခြေအနေပိုဆိုးဝါးလာခဲ့ရသည်။ ၎င်းသတင်းဖော်ပြချက်မှာ “ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့
၁၉၄၇ ခုနှစ် ဇန္နဝါရီလ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဖို့အတွက် အင်္ဂလန် ရောက်ခဲ့စဉ်က
ဦးစောနှင့်သခင်ဗစိန်တို့က လက်မှတ်ထိုးဖို့ငြင်းပယ်ခဲ့ကြသည်။ ဦးစောသည် ဖဆပလကြီးအား
ဖြိုခွဲရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလန်မှာနေရစ်ခဲ့ကြောင်း၊ ထို့အပြင် လူဖြူများ၏အကူအညီဖြင့်
ဦးစော ငွေ(၅)သိန်း လက်ခံရရှိခဲ့ကြောင်း၊ အင်္ဂလန်မှ အရင်းရှင်အချို့က ဦးစောအား ငွေအမြောက်အမြားပေးခဲ့ကြောင်း
စသဖြင့်ရေးသားထားပါသည်။ ထိုသတင်းကြောင့် ဦနုအစိုးရ၏ အထက်ပါကြေညာချက်ထုတ် ရေးအစီအစဉ်ကို
မပြုလုပ်ဖြစ်ဘဲရုပ်သိမ်းခဲ့ရပါသည်။
ဂ။ ထိုကိစ္စမှာ ဗြိတိသျှအစိုးရနှင့်ပဋိပက္ခမဖြစ်လိုတဲ့အပြင်
ဗြိတိသျှတို့အပေါ် ကောလာဟလဖြစ်မှုတွေမှ ကာကွယ်ပေးလိုသော ဦးနုအစိုးရသည်ပင်လျင် ထိုကာလက
ဗြိတိသျှတို့နှင့်ပတ်သက်နေတဲ့ အထက်ပါလိုသတင်းအမျိုးမျိုးများကြောင့် ကာကွယ်ပေးတဲ့ ကြေညာချက်မျိုးတောင်မထုတ်ရဲအောင်ဖြစ်ခဲ့ရသည်မှာလည်း
ထင်ရှားတဲ့အချက်တခု ဖြစ်ပါသည်။
၆။ ပဉ္စမအထောက်အထား၊ ဤတွင်အချက်နှစ်ချက် ပါဝင်ပါသည်။
က။ ပထမ - ဦးစောသည် လက်စားချေရေးသက်သက်သာရည်ရွယ်ပါက
ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းသာ သတ်ဖြတ်ဖို့ဖြစ်နိုင်သည်။ ယခုမူ ဗိုလ်ချုပ်သာမက အစိုးရတဖွဲ့လုံးနှင့်
ဦးနုကိုပါ လုပ်ကြံသတ်ဖြတ်တာဖြစ်သည် (ဗိုလ်ချုပ်အပါဝန်ကြီး(၇)ဦး၊ အတွင်းဝန်(၁)ဦးနှင့်
သက်တော်စောင့်(၁)ဦးတို့ကျဆုံးရပြီး ကျန်ဝန်ကြီးအချို့ ကျည်ဆံမထိလို့ လွတ်မြောက်ရသည်)
ထို့ကြောင့် လက်စားခြေရေး သက်သက် မဟုတ်နိုင်၊ ပြီးရင်အစိုးရသစ်ရာထူးအတွက်ပါ ရည်ရွယ်သည်မှာထင်ရှားပါသည်။
ခ။ ထိုလုပ်ကြံမှုကြီးပြီးလျင် ဘုရင်ခံက ဦးစောကို အစိုးရသစ်ဖွဲ့ဖို့ဖိတ်ခေါ်လိမ့်မည်လို့
ဦးစောကမျှော်လင့်ချက် ရှိနေသည်။ ဦးစောကိုဖမ်းရာ တွင် သူ့အိမ်၌ “ဦးစော၊ ဝန်ကြီးချုပ်”ဆိုသောစာတန်းနှင့်လုပ်ထားသော
တံဆိပ်တုံးကိုပင်တွေ့ရကြောင်း ဦးခင်အောင်စာအုပ်အရ သိရသည်။ ထိုကိစ္စကို သတင်းစာများနှင့်
ဘီဘီစီအသံလွှင့်ချက်များတွင်လည်း ဖော်ပြကြသည်။ ထိုသို့ဖြစ်လျှင် ဤကဲ့သို့မျှော်လင့်ချကရှိလာအောင်
မည်သူတွေက လမ်းခင်းပေးသနည်း။ ဤသည်မှာ ဦးစောကလုပ်ကြံလာဖို့ လှုံ့ဆော်တိုက်တွန်းပေးသည့်အချက်ကြီးမဟုတ်ပါလား။
ဤသည်မှာ လုပ်ကြံမှုကြီးဖြစ်လာအောင် မြှောက်ပင့်လှုံ့ဆော်ပေးတဲ့မက်လုံးကြီး မဟုတ်ပါလား။
အထက်ပါအချက် (၂)ချက်ကြောင့်လည်း ဤလုပ်ကြံမှုကြီးတွင်
ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို သိရှိနိုင်သည်။
၇။ ဆဋ္ဌမအထောက်အထား။
ဦးခင်အောင်စာအုပ်တွင် အချက်နှစ်ချက်ထပ်တွေ့ရပါသည်။
က။ ပထမက ဦးစော၏ရှေ့နေဖြစ်သူ အင်္ဂလန်မှ အင်္ဂလိပ်လူမျိုးရှေ့နေ
“ဖရက်ဒရစ်ဟင်နရီ”သည် အင်္ဂလန်ရှိ သူ့အခန်းတွင် ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခံရသည်။
ခ။ ဒုတိယက ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးကို
အလွတ်စုံထောက်နေသူ အင်္ဂလိပ်လူမျိုး “အက်ဖ်ကိုလင်”မှာလည်း သူ၏စာရွက်စာတမ်းများ ပျောက်ဆုံးသွားကာ
သူလည်း ရုတ်တရက်သေဆုံးသွားရသည်။ ထိုနှစ်ဦးသေဆုံးကြောင်း ယခင်က ကျနော်တို့မသိခဲ့ရ၊
ဦးခင်အောင်စာအုပ် အရသာ သိရသည်။ အလွန်စဉ်းစားကြည့်စရာများ ဖြစ်ပါသည်။ အမှုကြီး၏အရင်းခံအဖြစ်အပျက်အချို့ကို
သူတို့သိနေသဖြင့် နောင် ပေါက်ကြားမှာစိုး၍ ယခုလို အဆုံးစီရင်လိုက်ပုံရသည်။
ဤကိစ္စသည်လည်း လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို
များစွာသံသယဝင်ဖွယ်ဖြစ်သည်။
၈။ သတ္တမအထောက်အထား။
ဦးခင်အောင်စာအုပ်အရသိရသည်မှာ ဦးစောသေဒဏ်စီရင်ချက်ချခံရပြီးနောက်
ကြိုးမိန့်ပေးခံရသူများ၏ အကျဉ်းထောင်အခန်းတွင်းနေရစဉ် သူလွတ်မြောက်ထွက်ပြေးရေးအတွက်
ဗြိတိသျှအရာရှိများထံ အကူညီတောင်းခံမှုဖြစ်သည်။ ဦးစောသည် ထိုကာလတွင်းက ထောင်မင်းကြီး
ဦးစံတင်ကို လွတ်မြောက်မှုအတွက် ငွေအမြောက်အမြားပေးမည်ဟုဆိုပြီး ချဉ်းကပ်ခဲ့ဖူးသည်။
ဦးစံတင်က ဦးထွန်းလှအောင်နှင့်တိုင်ပင်ပြီး စီမံချက်တခုလုပ်ကာ ငွေပေးရင်လုပ်ပေးမည်ဟုပြောရာ
ထိုမှစပြီး ဦးစော၏ငွေရှာပုံတော်ကြောင့် ဦးစောနှင့်ဆက်စပ်သူ အင်္ဂလိပ်များ အကြောင်း
အံ့သြဖွယ်တွေ့ရတော့သည်ဟု ဆိုထားပါသည်။ ၎င်းငွေတောင်းစာများတွင် နာမည်ဝှက်များနှင့် စကားလုံးတွေပါရေးထားသည်။
က။ ပထမဆုံး ဦးစောငွေတောင်းသူကတော့ ကပ္ပတိန်ဗီဗီယန်း
ဖြစ်ပါသည်။ (ဦးစောကို ဘရင်းဂန်း ၂ဝဝ နှင့် ခဲယမ်းများ ထုတ်ပေးသူ ဖြစ်သည်) ဦးစောသည်
၎င်းဗီဗီယန်း - လက်နက်ထုတ်ပေးမှုဖြင့် ထောင်ထဲရောက်နေမှန်း မသိပေ။ ဗီဗီယန်းက ဦးစောထံပြန်ပေးစာတွင်
“ငါတို့အားလုံး စီစဉ်ပေးနိုင်သည်။ မင်းဘာလို့ လူရှည်ကြီးကို မဆက်သလည်း”ဟု ရေးထားသည်ဟု
ဆိုထားသည်။
ခ။ ဦးစော ဒုတိယအရေးတကြီးဆက်သွယ်သူမှာ ရန်ကုန်မြို့၊
ဗြိတိသျှကောင်ဆယ်က မစ္စတာဂျွန်စတီးဝပ်ဘင်ကလင်ဖြစ်ပြီး ငွေတောင်းစာ ရေးပြီး ဆက်သွယ်တာဖြစ်သည်။
(၎င်းမှာ ဗြိတိသျှသံတမန်ဖြစ်၍ နိုင်ငံရေးအရ ပိုအရေးကြီးသူဖြစ်သည်) ဘင်ကလင်က ထိုစာကိုဖတ်လိုက်ရ
တော့ သိပ်ခြောက်ခြားပြီး စာကိုဖျက်ဆီးကာ စာလာပို့သူပုလိပ်အရာရှိကို မောင်းထုတ်လိုက်သည်။
နောက်ဦးစောက ၎င်းဘင်ကလင်ထံ သြဂုတ်လ ၂၂ - ၂၃ ရက်နေ့များမှာ စာတွေထပ်ပို့သည်။ ငွေတောင်းတာသာမက
ခြိမ်းခြောက်သည့်စာများပါရေးခဲ့သည်ဟု ဆိုပါသည်။ သို့ရာတွင် ဘင်ကလင်ထိုစာများ မရတော့ပါ။
အကြောင်းမှာ ဦးစော၏ ပထမစာရပြီးကတည်းက သူဗမာပြည်မှ ထွက်ခွာဖို့ပြင်ဆင်ပြီး နေအိမ်မှ
ကမ်းနားလမ်းဟိုတယ်သို့ ပြောင်းနေခဲ့သည်။ သူထွက်ခွာဖို့စီစဉ်နေတုန်း သူ့ကိုဖမ်းဖို့
ဦးထွန်းလှအောင်က ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံအကြောင်းကြားခဲ့သည်။ ဦးကျော်ငြိမ်းက
ဘုရင်ခံထံတင်ပြရာ ဘုရင်ခံက သက်သေအထောက်အထားတွေ ထပ်မံတောင်းဆို သည်ဟုဆိုသည်။ နောက်တနေ့
ဦးထွန်းလှအောင်က သူမထွက်ခွာမီ ရုတ်တရက် ထပ်သွားပြီး ဦးစော၏နောက်ဆုံးစာကို ပြသည်။
ဘင်ကလင်က ထိတ်လန့်ကြောက်ရွံ့သွားပြီး သူကိုဖမ်းလို့မရကြောင်း သူ့အနေဖြင့် သံတမန်ရေးရာ
အကာအကွယ်မရှိထားကြောင်း ပြောပါသည်။ ဤကိစ္စအပေါ် ဦးခင်အောင်ရေးထားသည်မှာ “အမှန်ကတော့
မစ္စတာဘင်ကလင်အနေနှင့် ဗိုလ်ချုပ်တလုပ်ကြံခံရမှုမှာ ၎င်း ဘယ်လိုပတ်သက်သလဲဆိုတာ အသေအချာသိလို့ပဲ
ဖြစ်တယ်” ဟု ဆိုထားပါသည်။ ဦးထွန်းလှအောင်က သူ့ကိုမြန်မာနိုင်ငံမှအပြီးအပိုင် ထွက်သွားရန်ပြောခဲ့သည်ဟုဆိုပါသည်။
ထိုနေ့ ၄/၉/၄၇ နေ့ကစပြီး ၎င်းဘယ်ရောက်သွားသည် အစမပေါ်တော့ဟုဆိုသည်။
ဂ။ ဗီဗီယန်သည် ဘရင်းဂန်း (၂ဝဝ)နှင့် ကျည်ဆံများစွာ ဦးစောကိုထုတ်ပေးခဲ့သူဖြစ်၍
ဤလုပ်ကြံမှုနှင့်ပတ်သတ်ရာတွင် အရေးအပါဆုံးသူ ဖြစ်သည်။ နောက် ဘင်ကလင်ဆိုသူမှာလည်း ဗြိတိသျှသံတမန်ဖြစ်၍
အရေးပါသူပင်ဖြစ်သည်။ ဗိုလ်မှုးယန်းကို ဖမ်းဆီးပြီးစစ်ဆေးသော အခါတွင်လည်း ၎င်း၏ ဖြောင့်ချက်အရ
ဦးစောနှင့် ဗြိတိသျှကောင်ဆယ်မှ ဘင်ကလင်တို့၏ဆက်သွယ်မှုသည် သာမန်ထက်ပို၍ ဆက်သွယ်မှု ရှိကြောင်း
ဆိုထားပါသည်။ ဗြိတိသျှအစိုးရမှ ထိုအရေးပါသူ (၂)ဦးထံသို့ ဦးစောက အရေးကြုံသောအခါ ငွေတွေအတင်းလှမ်းတောင်းယူပုံ
တွေကိုထောက်ရှု၍ ထိုလုပ်ကြံမှုတွင် ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို သိမြင်ယူဆနိုင်ပေသည်။
၉။ နောက်ဆုံး အဋ္ဌမအထောက်အထားမှာ -
ဦးခင်အောင်စာအုပ်အရ အထက်ပါဗီဗီယန်း၏ နောက်ဆုံးအဖြစ်အပျက်ပင်
ဖြစ်ပေသည်။ ဖော်ပြထားပုံအရ ဗီဗီယန်းသည် ၁၉၄၉ ခုနှစ် မေလ အင်းစိန်တိုက်ပွဲမှ ကရင်များဆုတ်သွားရာတွင်
အင်းစိန်ထောင်မှလိုက်ပါသွားပြီး ၁၉၅ဝ ခုနှစ်အထိ ကော့ကရိတ်မြို့အနီးတွင် စောဘဦးကြီးနှင့်
အတူရှိနေခဲ့သည်။ မြန်မာအာဏာပိုင်များက သူ့ကိုသတ်လိုက်ပြီဟုဆိုသော်လည်း သူသည် ၁၉၅ဝ ခုနှစ်
အလယ်ပိုင်းလောက်တွင် ထိုင်းနိုင်ငံ မှတဆင့် အင်္ဂလန်သို့ပြန်သွားပြီး ၁၉၈ဝ ခုနှစ်လောက်တွင်မှ
ကွယ်လွန်သွားသည်ဟုဆိုထားပါသည်။ အမှုကြီးအတွက် အရေးကြီးပုဂ္ဂိုလ် လွတ်မြောက်သွားပုံဖြစ်ပါသည်။
ဤတွင်လည်း ဗြိတိသျှအစိုးရတို့ပါဝင်နိုင်ပုံကို ထင်ဟပ်သည်။
အထက်ဖော်ပြပါ အထောက်အထားများကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံမှုကြီးတွင်
ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း ကျနော်ကောင်းစွာထင်မြင် ယူဆပါသည်။ အထက်ဖော်ပြပါ အထောက်အထားများအနက်
နံပါတ် (၂)ဗီဗီယန်းက ဦးစောအား ဘရင်းဂန်း အလက်(၂ဝဝ)နှင့် ကျည်ဆံများ ထုတ်ပေးမှုသည်။
ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း အထင်အရှားဆုံးအချက်ကြီးဖြစ်သည်။ ဒုတိယထင်ရှားသည့်အချက်မှာ
နံပါတ်(၃)အရ လုပ်ကြံရေးအတွက် လက်နက်များကျည်ဆံများရောင်းတဲ့ ဗိုလ်မှုးယန်းနှင့် လန့်စဒိန်းတို့အမှုဖြစ်သည်။
ဗီဗီယန်း၏ ဘရင်းဂန်း(၂ဝဝ) နှင့် ကျည်ဆံများ ဦးစောအားထုတ်ပေးမှုသည် လုပ်ကြံမှုကြီးဖြစ်ရန်
တွန်းဆော်ပေးရုံမျှမက နောက်ပိုင်းဦးစော အာဏာရရေး ပုန်ကန်ထကြွရေး အတွက်ပါရည်ရွယ်သည်ဖြစ်သဖြင့်
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလတပ်ပေါင်းစုကြီးအောက်တွင် စည်းလုံးညီညွတ်လာနေသော
မြန်မာပြည်ကြီးကိုလည်း ပြည်တွင်းစစ်ဖြင့် ဖြိုခွဲအားနည်းသွားစေရန်လုပ်သောလုပ်ကြံမှုကြီးတခုလည်းဖြစ်သည်။
၎င်းမှဆက်၍ တွေးခေါ် နိုင်သည်မှာ ဦးစော လုပ်မသွားနိုင်သည့် နောက်ပိုင်းဖြစ်လာသော ဗမာပြည်၏
ပြည်တွင်းစစ်များဖြစ်လာအောင်လုပ်ရာတွင်လည်း ဗြိတိသျှ အစိုးရတို့ တနည်းတဖုံပါဝင်ကြသည်ကို
မျှော်မှန်းသိမြင်နိုင်ပေသည်။
အထက်ပါအကြောင်းများကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့
ခေါင်းဆောင်ကြီးများလုပ်ကြံသတ်ဖြတ်မှုတွင် ဗြိတိသျှအစိုးရတို့ပါဝင်သည်ကို ကျနော် ထင်မြင်ယုံကြည်ရုံမျှမက
ယခုနှစ် (၅ဝ)ကျော်ကြာ ဗမာပြည် ပြည်တွင်းစစ်ကြီးဖြစ်လာအောင် ဖန်တီးကြရာတွင်လည်း ဗြိတိသျှအစိုးရ
တို့ တနည်းတဖုံပါဝင်နိုင်ကြောင်းလည်း ကျနော်ထင်မြင်ယူဆပါသည်။
ဤသည်များမှာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှု အနှစ်
(၅ဝ)မြောက် အထိမ်းအမှတ်အတွက် ဘီဘီစီအသံလွှင့်ဌာနမှ ကျနော်နှင့် တွေ့ဆုံ မေးမြန်းခန်းမှ
မေးခွန်း အမှတ်(၁) (၂) နှင့် ၎င်းတို့အပေါ် ကျနော်၏ဖြေကြားချက်များ ဖြစ်ပါသည်။
ထိုမေးမြန်းခန်းတွင် မေးခွန်းပေါင်း (၁၃)ခု မေးခဲ့ရာ
တချို့မေးခွန်းများမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ရော ထိုခေတ်ထိုကာလ (၁၉၄၇/၄၈) အတွင်းက
နိုင်ငံရေးအခြေအနေများနှင့်ပါပတ်သတ်နေရာ ထိုမေးခွန်းများနှင့်အဖြေများကိုလည်း ယခုထည့်သွင်းဖော်ပြလိုက်ပါသည်။
0 comments:
Post a Comment