Thursday, April 16, 2015

ပန်ဆန်းကျခေါ်မယ့်ငြိမ်းချမ်းရေးအဖြေ ဘာလဲ (တူမောင်ညို)

0 comments
ပန်ဆန်းက ခေါ်မယ့် ငြိမ်းချမ်းရေးအဖြေ ဘာလဲ(တူမောင်ညို)
လာမည့်မေလ ၁ ရက်မှ ၃ ရက်နေ့ အထိ ‘ဝ’ဌာနချုပ်၊ ပန်ဆန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစည်းအဝေး ကျင်းပ ကြလိမ့်မယ်လို့ မီဒီယာသတင်းများမှတဆင့် သိရပါတယ်။ အဖွဲ့အစည်းပေါင်းစုံတက်ရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဦးတည်ချက်ထားကာ အတွေ့အကြုံနဲ့သဘောထားအမြင်တွေ ဖလှယ်ကြမယ်ဆိုတာကိစ္စကောင်းပဲ။ ဒါပေမယ့် တဆက်တည်းကြားရတဲ့သတင်းက စစ်တပိုင်းအစိုးရက “ဟိုအဖွဲ့မဖိတ်ရဘူး”ဆိုတဲ့ တားမြစ်တဲ့စကား ဖြစ်ပါတယ်။ ဒီစကားက ငြိမ်းချမ်းရေးမလိုလားတဲ့စကားပဲ။ ကပျက်ယပျက်လုပ်တဲ့ စကားပဲ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ သဘောထားနဲ့အပြုအမူပဲဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအဓိကထားပြီးဆွေးနွေးကြမယ်လို့ဆိုတော့ “ပြည်တွင်းငြိမ်းချမ်းနေရေး”
နဲ့ခွဲမရတဲ့ “ပြည်တွင်းစစ်ရပ် စဲရေး”ဆိုတဲ့ကိစ္စကို အတွေးကရောက်သွားပြန်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စရောက်သွားပြန်တော့အတွေးက ရပ်တန့်မနေပါဘူး။ ပြည်တွင်းစစ်ရဲ့အဆက်ဖြစ်တဲ့ “ပြည်တွင်းနိုင်ငံရေးကိစ္စ”အထိ ခရီးပေါက်သွားပါတယ်။

ပြည်တွင်းနိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ 
တကယ့်ပြည်တွင်းငြိမ်းချမ်းရေး၊ ရေရှည်အာမခံချက်ရှိတဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တန်းဦးတည်ချက်ထားတယ်ဆိုရင် ပြည်တွင်းနိုင်ငံရေးကိစ္စကို သဘောထားမှန်ကန်စွာနဲ့ အပေးအယူရှိရှိကိုင်တွယ်ဖြေရှင်းကြရမှာပေါ့။

လက်ရှိမှာတော့ စစ်တပိုင်းအစိုးရက “၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကို နာခံဆိုတဲ့လမ်း” ပဲ ‘ဟ’ ပေးထားတယ်။ ဒီလမ်းက အညံ့ခံရေးလမ်းပဲ။ လက်နက်ချရေးလမ်းပဲဖြစ်နေ ပါတယ်။ ဒီဘောင်ထဲဝင်ပြီး ဒီဥပဒေတွေကို နာခံကြတဲ့သူတွေဟာ အဆုံးမှာအညံ့ခံကြရတာပဲ၊ လက်နက်ချကြရတာပဲဖြစ်ပါတယ်။“၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်/တည်ဆဲဥပဒေများကို နာခံဆိုတဲ့ လမ်း”လျှောက်လှမ်ခဲ့ကြတဲ့အခါ နိုင်ငံရေးပါတီဆိုရင်“နာခံရေးပါတီ”ဖြစ်သွားရပြီး၊ လက်နက်စွန့် လိုက်တဲ့အဖွဲ့အစည်းကတော့ အသံလည်းပျောက်၊ အဖွဲ့အစည်းလည်း တစစီပြိုကွဲပျက်စီးရတဲ့ဘဝ ကျရောက်သွားတာချည်းပဲဖြစ်ပါတယ်။

“စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ”စနစ်ကို ကျနော်တို့ပြည်သူတွေက တူးတူးခါးခါးမုန်းတီးရွံရှာပါတယ်။ အသွင်သဏ္ဌာန်အရရော အနှစ်သာရအရပါ လက်မခံပါ။ ဘာကြောင့်လဲ။ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာ အပေါ်ယံအသွင်သဏ္ဌာန်အရ ဒီမိုကရေစီအရေခြုံထားတာဖြစ်ပြီး၊ အနှစ်သာရက စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားနဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဖြစ်နေလို့ ပါပဲ။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ပေးထားတာပဲမဟုတ်ဘူးလား။ ဟုတ်ပါတယ်။ သူတို့ပေးထားတဲ့ပြင်ဆင်ခွင့်က အပေါ်ယံအသွင်သဏ္ဌာန်အရ ပြင်ဆင်ခွင့်သာဖြစ်ပါတယ်။ စစ်အုပ်စုက စစ်တပ်နဲ့၊ တိုင်းပြည်ဘဏ္ဍာနဲ့ဓနဥစ္စာတွေအပေါ် ထင်သလိုလက်ဝါးကြီးအုပ် ချုပ်ကိုင်ချယ်လှယ်ခွင့် 
ပြုထားတဲ့အနှစ်သာကိုတော့ တို့ခွင့်၊ ထိခွင့်ပင်မရှိပါ။

ဒါကြောင့်ပြင်ဆင်ရေးသမားတွေ ပြင်ဆင်ခွင့်ရရှိခဲ့မယ်ဆိုရင်လည်း စစ်အာဏာရှင်စနစ်ကို အပေါ်ယံအသွင်သဏ္ဌာန်ကို ပြင်ဆင်ကြရတာပဲဖြစ်ပါလိမ့်မယ်။ အပေါ်ယံအသွင်သဏ္ဌာန်ကိုပြင်ဆင်တယ်ဆိုတာ လိမ်ညာဖုံးကွယ်မှုသာဖြစ်ပြီး၊ လက်တွေ့ အကျိုးသက်ရောက်မှုကတော့ စစ်အုပ်စုအကျိုးစီးပွားကို ကာယကံမြောက် အကာအကွယ်ပေးတာ ပဲဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဆင်ရေးဟာ အရာမရောက်နိုင်တဲ့အပြင် စစ်အာဏာရှင်စနစ်ရဲ့အဆွယ်အပွား၊ အလုပ်အကျွေးဘဝသို့ သက်ဆင်းကျရောက်သွားစေမယ့်လမ်းပဲဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေနဲ့ ဒီပြင်ဆင်ရေးလမ်းပေါ်မှာလျှောက်နေခဲ့တဲ့(NLD) ပါတီရဲ့အနေအထားကိုပဲကြည့်ပါ။

 အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင်တောင်းဆိုခဲ့သော်လည်း၊ ၄ ပွင့်ကို ၆ ပွင့်၊ ၁၂ ပွင့်၊ ၄၈ ပွင့်စသဖြင့် သရုပ်ဖျက်တာခံရတဲ့အပြင်၊ ၄ပွင့်ဆိုင်တောင်းဆိုတဲ့ဦးတည်ချက်ထဲ သူ့တို့လုပ်ငန်းစဉ်တွေ (လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊၂၀၁၅ရွေးကောက်ပွဲ) သွတ်သွင်းတာ ခံနေရပါတယ်။ “ပါတီအရေး၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းအရေးထက် အမျိုးသားရေးဦးစားပေးကြမယ်”လို့ အသံကောင်းဟစ်တာကို ကြားနေကြုံနေကြပြီ မဟုတ်ပါလား။
သို့ပါ၍ ပြင်ဆင်ရေးလမ်းမပေါ်မှာ (NLD)ပါတီဟာ ရှေ့ခရီး မဆက်နိုင်ဘဲ၊ စစ်အုပ်စုလက်ထဲမှာ အထုခံရတဲ့ကြေးစည်ကလေးပမာ အသံမြည်ရုံပဲ မြည်နေရရှာပြီး ချာချာလည်နေရပါတော့တယ်။  

“လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်ကုန်သွားပြီ”ဆိုတဲ့ မှိုင်းတိုက်မှုကိုလည်း အတိုက်အခံဆိုသူအချို့နဲ့ အတူပေါင်းပြီး စစ်တပိုင်းအစိုးရက ဘယ်လိုပင် လှည့်စားခဲ့ပေမယ့် လက်ပံတောင်း၊ လှိုင်သာယာ၊ လက်ပံတန်း၊ မိကျောင်းကန် စတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားသပိတ်ဆန္ဒပြမှုများက လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်မကုန်သေးကြောင်း လျှမ်းလျှမ်းတောက်နေဆဲဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကပင် “ရွေးကောက်ပွဲသပိတ်မှောက်ရေး ကို ရွေးလမ်းတစ်ခုအဖြစ်”ပစ်ပယ်မထားကြောင်း ထုတ်ဖော်ပြောဆိုလာရသည်မှာ လမ်းမပေါ်တိုက်ပွဲခေတ် မကုန်သေးကြောင်း သက်သေခံနေတာပဲဖြစ်ပါတယ်။

လမ်းမပေါ်ထွက်ဆန္ဒပြတာ ခေတ်ကုန်သွားပြီလို့ဆိုသလို၊ သေနတ်ကိုင်ပြီးတောင်းဆိုတာလည်း
ခေတ်ကုန်သွားပြီလို့ ကာချုပ်က ပြောနေပါတယ်။ ဒီလိုပြောတာဟာ ဗြောင်လိမ်ညာမှုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အာဏာကို သေနတ်နဲ့ယူခဲ့ကြပြီး၊ သိမ်းယူထားတဲ့အာဏာကိုသေနတ်နဲ့ပဲ ထိန်းသိမ်းကာကွယ်ခဲ့ကြတာ မဟုတ်ပါလား။ ၂၀၀၈အခြေခံဥပဒေကို သေနတ်နဲ့ထောက်ပြီး စိတ်ကြိုက်ရေးခဲ့ကြသလို၊ သေနတ်နဲ့ထောက်ပြီး အတည်ပြုခဲ့ကြတာပဲ မဟုတ်ပါလား။

စစ်တပ်က အစဉ်အမြဲစွဲကိုင်ထားမယ်လို့ပြောနေတဲ့ “ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့မူဝါဒ (၆)” အနက် အချက်အမှတ် ၅ နဲ့ ၆ ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ချ အညံ့ခံခိုင်းတာဖြစ်ပြီး၊ ဒီရပ်တည်ချက်ဒီသဘောထားတွေကို အသေကိုင်စွဲနေသမျှ ကာလပတ်လုံး နိုင်ငံရေးပြဿနာ ဖြေရှင်းပြေလည်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

ဒီမူဝါဒတွေကို တင်းတင်းမာမာဆုပ်ကိုင်ထားတဲ့အတွက် လက်တွေ့မှာလည်း ဘယ်အဖွဲ့အစည်း နဲ့မှပြေလည်မှု မရခဲ့ပါဘူး။

ဒီတော့ အတိုက်အခံနိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာ အသေ အချာအဖြေရှာဖို့ ကြိုးပမ်းပြီဆိုတာ “၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲဝင်ရေး - တည်ဆဲဥပဒေများလိုက်နာရေး”ဆိုတဲ့ အတားအဆီး အနှောင့်အယှက်ကို ဘယ်လိုမှ လွှဲရှောင်ခြင်းမပြုနိုင်ပဲ ထိပ်တိုက်ရင်ဆိုင်ကြရတော့တာပါပဲ။ ဒီအတားအဆီး၊ ဒီခလုပ်ကန်သင်းကို တစိတ်တဝမ်းတည်း၊ တသွေးတသံတည်း ချမှတ်ထားကြသူတွေဟာ “သမ္မတ(ဗိုလ်)ဦးသိန်းစိန်စစ်တပိုင်းအစိုးရ၊ လွှတ်တော်နဲ့တပ်မတော်တို့” ပဲဖြစ်ပါတယ်။
ဒီအတားအဆီးကို ဘယ်လိုကျော်လွှားနိုင်ကြမလဲဆိုတဲ့နည်းလမ်းကို ပန်းဆန်းအစည်းအဝေးက ရှာဖွေနိုင်ပါစေ။ 
(၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်)


0 comments:

Post a Comment