ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
တတိယပိုင်း၊ အခန်း(၆)
တတိယပိုင်း
မေးခွန်းအမှတ် (၁၁)။ ။ ဗိုလ်ချုပ်မကွယ်လွန်မီ ရက်သတ္တပတ်အချို့အတွင်း
ကွန်မြူနစ်များနှင့်ဆက်ဆံရေးမည်သို့ ရှိပါသလဲ။
ဖြေ။ ။ ထိုကာလအခြေအနေများ ကျနော်တိတိကျကျ မမှတ်မိတော့ပေ။
သို့ရာတွင် ထိုဝန်းကျင်ကာလ ယေဘုယျအခြေအနေ ကျနော် လေ့လာသိရှိမှတ်သားမိသလောက် ပြောပြပါမည်။
၁။ ၁၉၄၆ နှစ်ဦးပိုင်းလောက်ကစပြီး ဗမာပြည်တွင် ကွန်မြူနစ်ပါတီ(၂)ခု
ဖြစ်နေပါသည်။ ပထမက ယခုလက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ CPB ဖြစ်ပါသည်။ ဒုတိယမှာ CPB ပါတီမှ
၁၉၄၆ ဖေဖေါ်ဝါရီလတွင်ခွဲထွက်သွားသော ထင်ရှားသော သခင်စိုးဦးဆောင်သည့်အလံနီကွန်မြူနစ်ပါတီ
ဟူ၍ နှစ်ပါတီ ဖြစ်နေပါသည်။
၂။ ခွဲထွက်သွားသော အလံနီကွန်မြူနစ်ပါတီမှ ခေါင်းဆောင်၏သခင်စိုးက
ထိုကာလ ဗမာ့တော်လှန်ရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်နေသော ဗိုလ်ချုပ်အောင်ဆန်း (CPB)ပါတီနှင့်
ဗိုလ်ချုပ်ဦးဆောင်သော အမျိုးသားညီညွတ်ရေးတပ်ဦးဖြစ်သော ဖဆပလအဖွဲ့တို့ကို ဦးစွာ ဆန့်ကျင်
တိုက်ခိုက်ပါသည်။ အထူးသဖြင့် CPB နှင့် ဗိုလ်ချုပ်အောင်ဆန်းကိုဖြစ်ပါသည်။ ဗိုလ်ချုပ်ကိုတိုက်ခိုက်ရာတွင်
ပုဂ္ဂိုလ်ရေးတွေပါ နိမ့်ကျ ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုများမှာ ၁၉၄၇၊
ဇူလိုင်လ ဗိုလ်ချုပ်တို့ကျဆုံးခါနီးအထိဖြစ်နေသည်ဟု ထင်ရပါသည်။
၃။ (CPB) ကလည်း ၁၉၄၇ ခုနှစ် စောစောပိုင်းကတည်းက ဖဆပလနှင့်
င်္ညီညွတ်ရေးကြွေးကြော်နေရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ တို့ကို အပြန်အလှန်တိုက်ခိုက်ကြပါသည်။
အထူးသဖြင့် ထိုနှစ်ဧပြီလ ရွေးကောက်ပွဲကာလအတွင်း ဖြစ်သည်။ သူတို့၏တိုက်ခိုက်မှုမှာ ဗိုလ်ချုပ်တို့
ဘုရင်ခံအစိုးရအဖွဲ့တွင်ပါဝင်မှုနှင့် အောင်ဆန်း-အက်တလီစာချုပ်ပေါ် အဓိကထားသည်။ သို့သော်
မေလလောက်ကစပြီး ကွန်မြူနစ်-ဖဆပလညီညွတ်ရေး ရှေ့တန်းတင်ပြီးနောက် တိုက်ခိုက်မှုများလျော့နည်းလာသည်။
ဗိုလ်ချုပ်က ထိုနှစ်စောစောပိုင်းက (၁၅/၂ / ၄၇) က ဖဆပလ ဦးစီးအဖွဲ့အစည်းအဝေးတွင်ပြောသည်မှာ
“ပေါင်းချင်ရင် (သိန်း-သန်း) (CPB) ပါတီနဲ့တော့ပေါင်းနိုင်တယ်”ဟု ပြောခဲ့ ဖူးသည်။ နောက်ကျဆုံးခါနီး
၁၃/၇/၄၇ နေ့ ဗိုလ်ချုပ်မိန့်ခွန်းတခု တွင် “ဗမာပြည်မှာ လူမျိုးအချင်းချင်းမကွဲဖို့
လူငယ်ပိုင်းဖြစ်တဲ့ လက်ဝဲသမား အချင်းချင်းမကွဲဖို့သတိပေးလိုတယ်”ဟု ပြောခဲ့သည်။ ဤသည်မှာ
ကို ရည်ရွယ်ပြီးပြောတာ ဖြစ်ပါသည်။ (CPB) ၏ ဖဆပလနှင့်ပြန်ပေါင်းရေး ကြွေးကြော်သံကြောင့်
ကျဆုံးခါနီးတွင်(CPB) နှင့် အတိုက်အခိုက် လျော့နည်းလာပုံရသည်ကို သတိထားမိသည်။ ကျနော်ထိုကိစ္စ
ဤမျှ လောက်သာပြောနိုင်ပါသည်။ (မှတ်ချက်- ၁၉၄၆ အောက်တိုဘာတွင် ဖဆပလမှ(CPB) ထုတ်ပစ်ခံရသည်။)
မေးခွန်းအမှတ် (၁၂)။ ။ ကွန်မြူနစ်များ တောမခိုနိုင်အောင်
သူကာကွယ်နိုင်မလား၊ ကာကွယ်နိုင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ ကာကွယ်နိုင် မလJ။
ဖြေ။ ။ ကွန်မြူနစ်များတောမခိုအောင် ဗိုလ်ချုပ်ကာကွယ်နိုင်မယ်လို့
ကျနော်ယုံကြည်ပါသည်။ ဤသည်ကို ထိုခေတ်နိုင်ငံရေးခေါင်းဆောင် အများကလည်း သဘောတူနိုင်ပါသည်။
မေး။ ။
ဒါကိုကာကွယ်မည်ဆိုလျှင် မည်သည့်နည်းနဲ့ ကာကွယ်မလဲ။
ဒါကိုရှင်းပြရန်မှာ ဗိုလ်ချုပ်သည် ကွန်မြူနစ်များတောမခိုစေလိုသောဆန္ဒ
အလွန်ကြီးမားစွာရှိခဲ့ပါသည်။ ဤသည်မှာ တိုင်းပြည်စည်းလုံး ညီညွတ်မှု ပြိုကွဲမှာစိုးရိမ်လို့တကြောင်း
နောက်ဒီမိုကရေစီတရား ပျက်သွားမှာစိုးရိမ်လို့တကြောင်း အဓိကထိုအချက် (၂)ရပ်ကြောင့် ဖြစ်ပါသည်။
ထိုပြင် ကွန်မြူနစ်များအပေါ် အားထားမျှော်လင့်ချက်များလည်း ရှိနေပါသေးသည်။ ထို့ကြောင့်
တောမခိုဖြစ်အောင် သူသာ ရှိနေလျှင် ငြိမ်းချမ်းစွာ ဝင်ကာကွယ်မှာဖြစ်ပါသည်။ ကာကွယ်နိုင်သောအင်အားနှင့်
စွမ်းရည်လည်းရှိနေပါသည်။ ဤသည်ကို အောက်ပါ အတိုင်း ရှင်းလင်းတင်ပြသွားပါမည်။
ပထမ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် သူ့ဆန္ဒ၊ သူပြောပုံ၊
သူလုပ်ကိုင်ခဲ့ပုံတချို့ကို အကျဉ်းတင်ပြပါမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တော်လှန်ရေးအတွက်
လက်နက်ကောင်း (၃)လက်ကို ဖန်တီးတည်ဆောက်ပေးခဲ့သောပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ပထမ တော်လှန်ရေးကို
ဦးဆောင်ရန် အခြေခံကောင်းသောလူတန်းစားပါတီတရပ်ရှိအပ်သည်ဟုယူဆပြီး ယခုလက်ရှိ CPB ကို
၁၉၃၉၊ သြဂုတ်လမှာ စတင်ဖွဲ့စည်း ခဲ့သည်။ ဒုတိယ ဗမာ့တော်လှန်ရေး တွင် ခွန်အားစွမ်းအင်ရှိသော
အမျိုးသားလက်နက်ကိုင် စစ်တပ်ကြီးတရပ် ရှိရမည်ဆိုပြီး ၁၉၄ဝ-၄၁ မှာ လက်ရှိဗမာ့တပ်မတော်ကြီးကို
စတင်ထူထောင်ဖွဲစည်းပေးခဲ့သည်။ တတိယ နယ်ချဲ့နှင့်ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ပြီး
လွတ်လပ်ရေး ကို ရယူရန်အတွက်လည်းကောင်း၊ လွတ်လပ်ပြီး တိုင်းပြည်တည်ဆောက်ရန်လည်းကောင်း၊
တိုင်းပြည်ညီညွတ်ဖို့လိုသည်ဆိုပြီး အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုကြီးများဖွဲ့စည်းခဲ့ခြင်းတို့
ဖြစ်ပါသည်။
ဗိုလ်ချုပ်က ညီညွတ်ရေးသည် တိုင်းပြည်၏အင်အားဖြစ်သည်။
တော်လှန်ရေးတလျှောက်လုံးအတွက် ပင်မအုတ်မြစ်ဖြစ်သည်။ လွတ်လပ်ရေး အတွက်သာမက လွတ်လပ်ပြီးတိုင်းပြည်သစ်
ထူထောင်ရေးတလျှောက်လုံးလည်းလိုအပ်သည် ပြန်လည်ထူထောင်ရေးမှာဖြစ်စေ၊ တိုင်းပြည် ကာကွယ်ရေးမှာဖြစ်စေ
အားလုံးမှာ ညီညွတ်ရေးရှိဖို့လိုသည်။ ညီညွတ်ရေးသည်ထာဝရနှင့် အရာရာမှာလိုအပ်သည့် သဘောများပြောကြား
ခဲ့ပါသည်။ နောက်ကျဆုံးခါနီး ဇူလိုင် (၁၃)ရက်မှာပင် ညီညွတ်ဖို့ပြောသွားပါသေးသည်။ သူ့မိန့်ခွန်းများစွာတွင်
ညီညွတ်ရေးအရေးကြီးမှုကို များစွာပြောခဲ့ပါသည်။
ညီညွတ်ရေးအတွက် ဗိုလ်ချုပ်၏ဆောင်ရွက်ခဲ့ပုံများကိုပြန်ကြည့်လျှင်
ပထမဆုံး ဒုတိယကမ္ဘာစစ်ကြီးစချိန် နယ်ချဲ့တော်လှန်ရေးအတွက် ၁၉၃၉ ခုနှစ်တွင် မြန်မာတိုင်းရင်းသားအရင်းရှင်များအဓိကဖြစ်သော
ဗမာ့ထွတ်ရပ်ဂိုဏ်းအဖွဲ့ကြီးကို တို့ဗမာသခင်အစည်းအရုံးကြီးကိုအခြေခံ၍ ဖွဲ့စည်းခဲ့သည့်
နောက် ၁၉၄၄ သြဂုတ်လတွင် ဖက်ဆစ်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီတို့နှင့်တွဲ၍ ဖဆပလအမျိုးသားညီညွတ်ရေး
တပ်ပေါင်းစုကြီးဖွဲ့စည်းခဲ့သည်။ နောက်ဗမာ့လွတ်လပ်ရေးနှင့် အနာဂတ်အရေးအတွက် မြန်မာတိုင်းရင်းသားလူမျိုးစုတို့နှင့်
သွေးစည်းညီညွတ် ရေး ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ဖေဖေါ်ဝါရီမှာ ချုပ်ဆိုနိုင်ခဲ့သည်။ လူမျိုးစုကြီးတစုဖြစ်သော
ကရင်အမျိုးသားတို့နှင့်မူ ၁၉၄၄-၄၅ ကတည်းက ကရင်အမျိုးသားလက်နက်ကိုင်တပ်ရင်းတရင်းဖွဲ့ပေးပြီး
စတင်စည်းရုံးနိုင်ခဲ့ပါသည်။
ဗိုလ်ချုပ်ဟာ တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် သု၏ဆန္ဒပြောဆိုချက်နှင့်
လုပ်ဆောင်ချက်များကြောင့် မြန်မာ့သမိုင်းပညာရှင်များက ချီုးကျူးခဲ့ကြသည်။ ဗြိတိသျှလူမျိုးသမိုင်းပါမောက္ခလု(စ်)က
၁၉၄၈ လောက်က ပြောခဲ့သည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့သမိုင်းတွင် စတုတ္ထမြောက် တနိုင်ငံလုံးကို
စည်းလုံးသွားနိုင်သောပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူ့အရင် (၃)ဦးမှာ ပထမ ဘုရင်နော်ရထာ (AD
၁ဝ၄၄-၁ဝ၇၇) ဒုတိယ ဘုရင်နောင်ဘုရင် (AD ၁၅၅ဝ-၁၅၈၁)
တတိယ ဘုရင် အလောင်းဘုရား (AD ၁၇၅၂-၁၇၆ဝ) တို့ဖြစ်သည်။ စတုတ္ထမှာ ဗိုလ်ချုပ် အောင်ဆန်း
(AD၁၉၁၅-၁၉၄၇) ဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။
ထို့အပြင် ဗိုလ်ချုပ်သည် လက်ရုံးရည်နဲ့မဟုတ် နှလုံးရည်နဲ့သာ
တည်ဆောက်သည်ဟုလည်းပြောကြသည်။ တချို့သမိုင်းဆရာများက ပြောကြသေးသည်မှာ ဗမာနိုင်ငံတွင်
ငြိမ်းချမ်းစွာနှင့်လူမျိုးစုအားလုံးကိုပါဝင်အောင်စည်းရုံးပြီး နိုင်ငံတည်ဆောက်နိုင်သူမှာ
ကျန်စစ်သား ဘုရင်ကလွဲလျှင် ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းသာရှိသည်ဟု ဆိုကြပါသည်။ ထို့ကြောင့်
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တော်လှန်ရေး အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးကိုသိပ်လိုလားပြီး
ရအောင်လည်း တည်ဆောက်ခဲ့သူ၊ တည်ဆောက်နိုင်သူဖြစ်သည်။
ဤသည်မှာလည်း သူလုပ်ကြံခံရသောအကြောင်းရင်းတခုဖြစ်သည်ဆိုသည်ကို
ရေးခဲ့ပြီးဖြစ်ပါသည်။ ဤကဲ့သို့ အမျိုးသားစည်းလုံး ညီညွတ် ရေးကို တလျှောက်လုံး လိုလားတည်ဆောက်ခဲ့သူ
ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားညီညွတ်ရေးကို ပြိုကွဲရေးဖြစ်စေမည့် ကွန်မြူနစ်များ
တောခိုမည့်အရေးကို မည်သို့မျှလိုလားမည်မဟုတ် နည်းလမ်းရှိသမျှကာကွယ်မှာဖြစ်ကြောင်း ရှင်းလင်းစွာ
မြင်နိုင်ပေသည်။ ဤသည်မှာ ပထမအကြောင်းရင်း ဖြစ်ပါသည်။
ဒုတိယအကြောင်းရင်းမှာ ဗိုလ်ချုပ်၏ ဒီမိုကရေစီစိတ်ဓာတ်
ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် သူရသတ္တိရှိပြီး မိမိကိုယ်မိမိယုံကြည်သူလည်းဖြစ်ကာ ခိုင်မာသည့်စာရိတ္တနှင့်
တရားမျှတစိတ်ဓာတ်ရှိသူ၊ အချုပ်မှာ ဒီမိုကရေစီစိတ်ဓာတ် အပြည့်အဝရှိသူဖြစ်သည်။ သူ့မိန့်ခွန်းများအရ
ဘယ်လို ဗမာပြည်မျိုးတည်ဆောက်လိုသည်ဆိုရာမှာ လွတ်လပ်ပြီးနောက် တည်ဆောက်မည့်နိုင်ငံ၏
အခြေခံ (၃)ချက်ကို ပြောခဲ့သည်။ စီးပွားရေးနှင့် ယဉ်ကျေးမှုအရ ဆင်းရဲခြင်းပပျောက်တဲ့ခေတ်မီနိုင်ငံတော်သစ်ဖြစ်ဖို့
နိုင်ငံရေးအရ ဒီမိုကရေစီကျဖို့နှင့် တတိယမှာ တည်ငြိမ်အေးချမ်းသော နိုင်ငံဖြစ်ဖို့ဟူသော
အချက် (၃)ချက်ကို ဦးတည်ပြီးပြောခဲ့သည်။ ၁၉၄၅ ခုနှစ် စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင်
ပြောသည်မှာ “ဒီမိုကရေစီဝါဒသာလျှင် လွတ်လပ်ရေးနှင့် ဆီလျှော်တယ်။ ဒီဝါဒသာငြိမ်းချမ်းရေးကို
အားပေးတယ်။ ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်တယ်” လို့ပြောခဲ့သည်။
ဗိုလ်ချုပ်တို့ ခေါင်းဆောင်များသည် ၁၃ဝဝပြည့် (၁၉၃၈-၃၉)
ကာလမှစ၍ ဗမာ့တော်လှန်ရေးလမ်းကြောင်းကိုသုံးဆင့်ခွဲ၍ညွှန်ပြခဲ့သည်။ ပထမအဆင့်က လွတ်လပ်ရေး၊
ဒုတိယအဆင့်က ဒီမိုကရေစီရေး၊ တတိယအဆင့်ကျမှ ဆိုရှယ်လစ်ရေးဖြစ်သည်။ ဗိုလ်ချုပ်သည် ပထမအဆင့်လွတ်လပ်ရေးကိုသာ
အကောင်အထည်ဖော်နိုင်ပြီး ဒုတိယအဆင့်ဒီမိုကရေစီရေးအတွက် မိန့်ခွန်းများသာအဓိကပြောခဲ့နိုင်ပြီး
ကွယ်လွန်ခါနီး တစိတ်တပိုင်းအာဏာရခဲ့သည့်ကာလအတွင်းတွင်သာ ဒီမိုကရေစီလုပ်ဟန်တချို့ ပြသသွားနိုင်ခဲ့ပါသည်
ဗိုလ်ချုပ်သည် ဂျပန်ဖက်ဆစ်စိုးမိုးထားသည့်ကာလမှာပင် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့သည်။ ၁၉၄၃
သြဂုတ်လ (၁)ရက် ဂျပန်က လွတ်လပ်ရေးအတုပေးသည့် အပေါ် ဒီမိုကရေစီနှင့်မကိုက်ညီသော လွတ်လပ်ရေးမျိုးဖြစ်သည်ဆိုသည်ကို
အခွင့်ကြုံတိုင်းတလျှောက်လုံးပြောခဲ့သည်။ အပြင်းအထန်ဆုံး ပြောသည်မှာ ၁၉၄၃ ခုနှစ်ကုန်ခါနီး
ကိုယ့်မင်းကိုယ်ချင်း (ချာချီလမ်း)အာရှလူငယ်များအစည်းအရုံးတွင် လူငယ်ခေါင်းဆောင်တွေနှင့်
စစ်ဘက် ခေါင်းဆောင်တွေကိုပြောသည့်မိန့်ခွန်း ဖြစ်သည်။ ဘာလုပ်ကြမည်နည်းဆိုသည်ကို ညွှန်းသည့်သဘောလည်း
ပါပါသည်။
ဗိုလ်ချုပ်၏ ဒီမိုကရေစီကြွေးကြော်သံမှာ “လူအများဆုံးအတွက်
အကောင်းဆုံးအကျိုြးုပနိုင်မယ့် လူများစုကကြိုးကိုင်နိုင်တဲ့ဒီမိုကရေစီ”ဟု အကြိမ်ကြိမ်ပြောခဲ့သည်။
နောက်တနေရာမှာပြောသည်မှာ “လူတန်းစားတွေကွဲနေသမျှကာလပတ်လုံး အားလုံးအတွက်ကောင်းမယ့်
ဒီမိုကရေစီ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် အစိုးရက လူများစုဆင်းရဲသားတွေကိုပင်းတဲ့ ဒီမိုကရေစီမျိုးဖြစ်ရမယ်။”
ဟုပြောခဲ့သည်။ “အနောက်တိုင်းဒီမိုကရေစီလို အရင်းရှင်လူတန်းစားတဦးတည်းကသာကြိုးကိုင်တဲ့
ဒီမိုကရေစီမျိုးမဟုတ်ဘဲ လူများစုဖြစ်တအလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစားများအခြေခံပြီး
အမျိုးသားအရင်းရှင်များပါ ပါဝင်တဲ့တပ်ပေါင်းစုဒီမိုကရေစီမျိုးလိုတယ်” ဟုလည်း တနေရာမှာ
ဆိုခဲ့ပါသည်။ “ဂျပန်ပြည်မှာလို စစ်ဘက်ကလက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့စစ်အာဏာရှင်ဝါဒမျမရှိအောင်
စစ်ဘက်ကို တိုင်းပြည်လွှတ်တော်ကအုပ်စိုးနိုင်ခွင့်ရှိရမယ်။ နောက်လွတ်လပ်စွာပြောဆိုခွင့်၊
စည်းရုံးခွင့်၊ စီတန်းလမ်းလျှောက်ခွင့်များရှိရမယ်” ဟုလည်း တကြိမ်မက ပြောဖူးပါသည်။
နောက် ဂျပန်မှာစစ်ဝါဒလွှမ်းလို့ အာရှတိုက်ကြီးနှင့် သူ့တိုင်းသူပြည်သားလူထုကြီးပါ ထိခိုက်နစ်နာရပုံ
တွေလည်း မကြာခဏပြောခဲ့ပါသည်။
ဗိုလ်ချုပ်သည် ဒီမိုကရေစီလုပ်ငန်းကို အကောင်အထည်ဖော်
မသွားနိုင်ခဲ့၊ အဓိကအားဖြင့် မိန့်ခွန်းများလောက်သာ ထားသွားနိုင်ခဲ့သည်။ သို့သော် ၁၉၄၆
- ၄၇ ခုနှစ်များအတွင်း တစိတ်တပိုင်းအာဏာအတွင်း ခေတ္တ-လပိုင်းမျှ အာဏာကိုင်သွားရစဉ် သူ၏ဒီမိုကရေစီလုပ်ဟန်များ
အများကြီးကို ကျနော်တို့တွေ့ခဲ့ရပါသည်။ ပထမ မှာ သူ့ကိုပုဂ္ဂိုလ်ရေးအရပါ ပြင်းထန်စွာတိုက်ခိုက်နေသော
သခင်စိုး၏အလံနီကွန်မြူနစ်ပါတီ မတရားသင်းကြေညာခံထားရမှုကို သူ့ဘုရင်ခံအမှုဆောင်အစိုးရအဖွဲ့ထဲ
၁၉၄၆ အောက်တိုဘာလလောက်ကဝင်ပြီးနောက် နိုဝင်ဘာ - ဒီဇင်ဘာလောက်တွင် တရားဝင်အသင်း အခွင့်အရေးများ
ချက်ချင်းပြန်ပေးသည်။ ထိုကာလအတောအတွင်းမှာလည်း စစ်ပြီးနောက် ထုတ်ထားသော ကာကွယ်ရေးဥပဒေများရုပ်သိမ်းပေးခဲ့သည်။
ပြီးနောက် စစ်ကြီးအတွင်းက ဖြစ်ခဲ့သောအမှုမှုများကို ပလပ်ပစ်ရန် ဥပဒေ ပြုခဲ့သည်။ တိုင်းပြည်တွင်း
ဆူပူထကြွမှုများကို လွတ်ငြိမ်းချမ်းသာခွင့်များကြေညာခဲ့သည်။
ဗိုလ်ချုပ်၏ မြင့်မားသောဒီမိုကရေစီစိတ်ဓာတ်ကို ကျနော်တို့အားလုံး
မြင်တွေ့နိုင်သည့် ထင်ရှားသောတချက်မှာ ဖက်ဆစ်တော်လှန်ရေးအပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီးနောက်
၁၉၄၅ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်အတွက် ကန္ဒီစာချုပ် ချုပ်ပြီးသည့်နောက်တွင် သူ့အနေဖြင့်
တိုင်းပြည်အကျိုးကို စစ်သားဘဝထက် နိုင်ငံရေးဘက် ပိုလိုအပ်မည်ထင်ပြီး နိုင်ငံရေးဘက်သို့
ကူးပြောင်းသွားသည့်အခါ သူဖွဲ့စည်းတည် ထောင်ခဲ့သည့်တပ်မတော်အပေါ် သံယောဇဉ်နှင့် တပ်ကောင်းရေးစေတနာတွေသာရှိပြီး
စစ်တပ်၏အခွင့်အရေအရှိန်အဝါများကို သူ့နိုင်ငံရေး အတွင်း ဆွဲယူအသုံးချခြင်းမရှိ သန့်သန့်ရှင်းရှင်းနှင့်ရိုးသားစွာ
နိုင်ငံရေးဘက်သို့ကူးပြောင်းသွားခြင်းကို မြင်တွေ့နိုင်ပေသည်။
အထက်ဖော်ပြပါ အချက်အချို့များကပင် ဗိုလ်ချုပ်၏ ဒီမိုကရေစီစိတ်ဓာတ်
အဘယ်မျှရင့်သန်ခိုင်မာနေသည်ကို ပြဆိုနေပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးအောက်တွင်
ကွန်မြူနစ်တွေကိုဒီမိုကရေစီမပေးဘဲ ဥပဒေပြင်ပ တောတွင်းတွန်းပို့မည့်လုပ်ရပ်များကို ကြည့်နေမည်
မဟုတ်၊ မုချပင် ဖယ်ရှားပစ်မည်ဆိုသည်ကို အားလုံးသိမြင်နိုင်ပါသည်။ ဤသည်မှာ ကွန်မြူနစ်များ
တောတွင်းမရောက်အောင် မုချကာကွယ် ဖယ်ရှားမည့် ဒုတိယအကြောင်း ဖြစ်ပါသည်။
တတိယအကြောင်းတချက်လည်း ကျနော့်စိတ်တွင် ရှိနေပါသေးသည်။
ထိုအကြောင်းမှာ (CPB) ပါတီသည် သူကိုတိုင်ဦးဆောင်ပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင်
စတင်တည်ထောင်ပေးခဲ့သော ပါတီဖြစ်သည်။ သံယောဇဉ် တစုံတရာရှိနေနိုင်မှာကိုလည်း ကျနော်တို့
သိမြင်နိုင်သည်။ နောက် ဗိုလ်ချုပ်သည် ကွန်မြူနစ်ဝါဒနှင့်ကွန်မြူနစ်ပါတီအပေါ် ရန်သူကဲ့သို့
ဘယ်တုန်းကမှသဘောမထားခဲ့၊ ထိုသို့ သဘော မထားရုံမျှမက အနာဂတ် ဗမာ့တော်လှန်ရေးနှင့်တည်ဆောက်ရေးတွင်
ကောင်းမွန်ဖို့နှင့်စည်းလုံးညီညွတ်ကြရန်အတွက် လူငယ်လက်ဝဲသမား အချင်းချင်းစည်းလုံးညီညွတ်ကြရန်
မကြာခဏပြောခဲ့ပေသည်။ ကျဆုံးခါနီး ဇူလိုင် (၁၃)ရက်နေ့က ထပ်ပြီးပြောခဲ့ပါသေးသည်။ ထိုကာလ
တော်လှန်ရေး၏အခြေခံအင်အားဖြစ်သော လက်ဝဲသုံးပါတီ CPB- ဆိုရှယ်လစ်ပါတီ- ပြည်သူ့ရဲသော်ပါတီတို့ကိုညီညွတ်စေရန်
ကိုယ်တိုင် ရင်ကြားစေ့အားထုတ်ပေးခဲ့သည်။ ဆက်ပြီး အားထုတ်မှာလည်း ဖြစ်ပါသည်။ ဤသည်တို့မှာ
ဗိုလ်ချုပ်၏ ကွန်မြူနစ်များအပေါ် သံယောဇဉ်ရှိ ခြင်း၊ တိုင်းပြည်ကောင်းမွန်ရေးအတွက် များစွာအားထားမျှော်လင်းခြင်း
စသည့် ဗိုလ်ချုပ်၏စိတ်ဓာတ်ဆန္ဒကို ပြခြင်းဖြစ်သည်။ ထို့ကြောင့် သူလုပ်ကြံခံရသည့်အကြောင်းရင်းတရပ်မှာ
ကွန်မြူနစ်များနှင့် ပြန်ပေါင်းစည်းနိုင်သောအကြောင်းရှိသည်ဟူသော အချက်ကြောင့်တကြောင်း
ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
0 comments:
Post a Comment