Monday, April 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၄)
တတိယပိုင်း
အထူးဗိုလ်သင်တန်း

မကြာမီ ဘယ်လှည့် ညာလှည့် စသည့်အခြေခံစစ်ရေးပြတို့ကို ကျွမ်းကျင်လာသောအခါ၌ ကျနော်တို့သည် မေမြို့တွင် အထူးဖွင့်လှစ်သော ဗိုလ်သင်တန်းတခုကို တက်ကြရသည်။

ကျနော်တို့အမှတ် ၃-၄-၅ ဗမာ့သေနတ်ကိုင်တပ်ရင်းတို့မှ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျနှင့် ကျနော်ဗိုလ်ကျော်ဇောတို့အသီးသီးခေါင်းဆောင်သော အရာရှိဆယ်ဦးစီနှင့် ဗိုလ်အောင်ရွှေခေါင်းဆောင်သော မိတ္ထိလာ၊ မေမြို့မှ မြန်မာအရာရှိအချို့တို့ဖြစ်သည်။ ထိုသင်တန်းသို့ ဗိုလ်မှုးကြီးလက်ျာ လည်း တက်ရောက်သည်။

မျိုးချစ်ဗမာ့တပ်မတော်ကိုဖျက်သိမ်းပြီးနောက် အင်္ဂလိပ်အုပ်ချုပ်သော အမြဲတမ်းစစ်တပ်သို့ဝင်ရောက်ခဲ့ကြပြီးမှ မထမဆုံးအကြိမ်အဖြစ် ကျနော်တို့ တစုတဝေးပြန်လည်တွေ့ဆုံကြခြင်း ဖြစ်သည်။

ကျနော်တို့၏ သင်တန်းမှုးမှာ မေဂျာဟတ်ဖို့ဒ်ဆိုသူဖြစ်သည်။ ၎င်းမှာ အင်္ဂလိပ်စစ်ပညာအခြေခံများလည်း အတော်ကျွမ်းပုံရသည်။ လေ့ကျင့် ရေးများတွင် အပြေးဝါသနာပါပြီး မကြာခဏပြေးခိုင်းတတ်သည်။ သင်တန်းမှာ ခြေလျင်တပ်ရင်းတခုအတွင်းရှိ စစ်အရာရှိတဦး အထူးသဖြင့် တပ်ခွဲမှုး၊ တပ်စုမှုးအဖြစ်လုပ်ဆောင်ရမည့် စစ်ပညာသင်ကြားရေးများကို အဓိကထား သင်ကြားရသည်။

သင်တန်းမှာ တနှစ်ခန့်သင်ကြားရမည့်သင်တန်းဖြစ်သော်လည်း သုံးလနှင့် တက်သုတ်ရိုက်ပြီးသင်ကြားရသည်။ ကျနော်တို့ ဗိုလ်သင်တန်း ပြီးဆုံးသောအခါ ကျနော်တို့မိမိတပ်ရင်းရှိရာ သံလျှင်မြို့ရှိ ခြေလျင်တပ်ရင်း(၃) သို့ ပြန်လာကြပါသည်။

ဗြိတိသျှတို့ဦးစီးသောစစ်တပ်တွင် စစ်ဗိုလ်ရာထူး ၂ မျိုး ၂ စားရှိသည်။ တမျိုးမှာ ဘုရင့်ကော်မရှင်၊ ထိုကော်မရှင်ရာထူးကို မျက်နှာဖြူများကို သာ ပေးလေ့ပေးထရှိသည်။ ဒုတိယအမျိုးအစားမှာ ဘုရင်ခံချုပ်နှင့်ဘုရင်ခံကော်မရှင်တို့ ဖြစ်သည်။ ထိုကော်မရှင်ရာထူးသည် တိုင်းရင်းသား မျက်နှာဝါ၊ မျက်နှာညို၊ မျက်နှာမဲတို့အတွက်ဖြစ်သည်။ သီးခြားတီထွင်ထားခြင်း ဖြစ်သည်။

ထို ၂ မျိုးမှာ ကွာခြားလှသည်။ လခအားဖြင်း များစွာကွာခြားသည်။ နေထိုင်မှုအဆင့်အတန်း ကွာခြားသည်။ သီးခြားရိပ်သာတွင် ခွဲခြားနေထိုင် ကြရသည်။ ထို့အပြင် အခေါ်အဝေါ်အားဖြင့်လည်း ခြားနားသည်။ ဘုရင့်ကော်မရှင်စစ်ဗိုလ်ကို စက္ကင်းလက်ဖတင်နင်၊ လက်ဖတင်နင်၊ ကပ္ပတိန်စသဖြင့်ခေါ်သည်။ ဘုရင်ခံချုပ်နှင့် ဘုရင်ခံကော်မရှင်စစ်ဗိုလ်ကို ဂျမဒါ၊ ဆူဗဒါ စသဖြင့်ခေါ်သည်။ သို့ရာတွင် တာဝန်ထမ်းဆောင်ရာ မှာတော့ အတူတူပင်ဖြစ်သည်။

ကျနော်တို့ မျိုးချစ်ဗမာ့တပ်မတော်မှလာသောစစ်ဗိုလ်များမှာ ဘုရင့်ကော်မရှင်စစ်ဗိုလ်တွေ ဖြစ်သည်။

နောင်မြန်မာအစိုးရ အာဏာတဖြည်းဖြည်းရလာသောအခါ ထိုသို့အရာရှိနှစ်မျိုးကွဲနေမှုကို ဗိုလ်ချုပ်အောင်ဆန်းတို့ကဖျက်သိမ်းလိုက်ပြီး အားလုံး စက္ကင်းလက်ဖတင်နင်၊ လက်ဖတင်နင်၊ ကပ္ပတိန်တို့ဖြစ်စေသည်။ ဂျမဒါ၊ ဆူဗဒါ စစ်ဗိုလ်တွေကို လက်ဖတင်နင်၊ ကပ္ပတိန်ရာထူးများ သို့ ပြောင်းပေးပြီး လခတွေလည်းတန်းတူရစေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်

ထိုစဉ်အတွင်း ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတလုပ်ကြံခံလိုက်ရပြီဆိုသောသတင်းဆိုးကြီး ကျနော်တို့ကြားရပါ တော့သည်။ ကျနော်တို့ကြီးစွာ တုန်လှုပ်သွားကြပါသည်။

ခြေလျင်တပ်ရင်း(၃) တပ်ရင်းမှုးဒုဗိုလ်မှုးကြီး ဖရစ်ဇယ်သည် ချက်ချင်းလိုပင်တပ်ရင်း၏ အရာရှိအားလုံးတို့ကို သူ့ရုံးခန်းသို့ခေါ်ယူပြီး ဗိုလ်ချုပ်တို့လုပ်ကြံခံရပုံကိုပြောပြပြီး ရဲဘော်များကို ထိန်းသိမ်းကြရန် ပန်ကြားသည်။ သူ့မျက်နှာလည်း မကောင်းပေ။

ကျနော်တို့ ခြေလျင်တပ်ရင်း(၃) သည် သံလျှင်မြို့မှ ရန်ကုန်မြို့ ဂေါ်ရာကုန်းသို့ အပြီးအပိုင်အမြန်ပြောင်းရွှေ့ရပြီး ဗိုလ်ချုပ်တို့ကျဆုံးခဲ့ရခြင်း ကြောင့် မတည်ငြိမ်သောရန်ကုန်မြို့၏အခြေအနေကို ထိန်းရန်တာဝန်ပေးခြင်းခံရပေသည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရသဖြင့် ဗမာပြည်သူတွေများစွာတုန်လှုပ်ပြီး ဘယ်သူလုပ်ကြံတာလည်း၊ ဘာကြောင့်လည်းဆိုတာ အားလုံးကသိချင်ပြီး တဖက်က ဒေါသထွက်နေကြကာ တဖက်ကလည်းအလွန်ဝမ်းနည်းနေကြပါသည်။

ထိုအတွင်း ကျနော်တို့နှင့်တကွ ပြည်သူအများကို အသိပညာတိုးတက်ပွင့်လင်းစေသောအချက်ကြီးတချက် ပေါ်ထွက်လာသည်။ ၎င်း မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏အတွင်းရေးမှုးသခင်သန်းထွန်းက ဗိုလ်ချုပ်တို့လုပ်ကြံခံရတာဟာ ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့လက်ချက်ဖြစ်သည်ဟု ကြေညာလိုက်ခြင်းဖြစ်ရာ ပြည်သူအားလုံးမှာ နိုင်ငံရေးအရမျက်စိပွင့်သွားလေသည်။

ဗြိတိသျှအစိုးရကလည်း ဗိုလ်ချုပ်တို့ကိုလုပ်ကြံသူမှာ ဂဠုန်ဦးစောတို့ဖြစ်သည်ဆိုပြီး တကယ်လည်းလုပ်ကြံခဲ့သောဦးစောတို့ကို အလျင်အမြန်
ဖမ်းဆီးအရေးယူနေပေသည်။

ပြည်သူအများကတော့ အရင်းခံလက်သည် သည် ဗြိတိသျှနယ်ချဲ့ဆိုသည်ကိုနားလည်ပြီး ဗြိတိသျှတို့အပေါ် အလွန်မုန်းတီးလာကြသည်။ ပြည်သူတို့က ဗြိတိသျှတို့ကိုမောင်းထုတ်ပြီး လွတ်လပ်ရေးတခါတည်း ကြေညာနိုင်ကြသည်။ သို့သော် တကယ်လက်တွေ့လုပ်ကြံသူ ဂဠုန်ဦးစောတို့ခံနေ၍သာ ဗြိတိသျှတို့သက်သာတော့သည်။

ဂဠုန်ဦးစောမှာ ဂျပန်နှင့်တိတ်တဆိတ်ဆက်သွယ်သဖြင့် ဗြိတိသျှတို့က သူ့ကို ဒုတိယကမ္ဘာစစ်ကြီးတခုလုံးအတွင်း အာဖရိက ယူဂန္ဓာသို့ပို့၍ ချုပ်နှောင်ထားသဖြင့် ဒုစစ်ကြီးအတွင်း ဗမာပြည်သူတို့၏နိုင်ငံရေးအသိအလွန်မြင့်သွားခဲ့ပြီဆိုသည်ကို သူမခံစားရ မသိရပေ။ သူ့အနေဖြင့် စစ်မဖြစ်မီ ဗမာပြည်၏ ၉၁ ဌာနအုပ်ချုပ်ရေးအတွေ့အကြုံသာရှိပြီး အတွေးအခေါ်လည်းအလွန်နောက်ကျနေပုံရသည်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတော့ရင် ဦးစောကဝန်ကြီးချုပ်အဖြစ်နှင့် ဦးစောအစိုးရဖြစ်နိုင်ချေရှိသည့်သဘော နယ်ချဲ့ဗြိတိသျှတို့၏အသံကိုလည်း ဦးစောယုံကြည်မျှော်လင့်နေပုံရသည်။

ဗြိတိသျှတို့အပေါ် သခင်သန်းထွန်း၏စွပ်စွဲချက်သည် နိုင်ငံရေးအရ တရားခံအစစ်ကိုစွပ်စွဲခြင်းဖြစ်သည်။ ဗြိတိသျှတို့က ဦးစောတို့ကို အရေးယူခြင်းမှာ တိုက်ရိုက်ရာဇဝတ်ကြောင်းအရဖြစ်သည်။ ဗြိတိသျှအစိုးရတို့က ဗိုလ်ချုပ်လုပ်ကြံခံရမှုကိစ္စတွင် သူတို့ပါဝင်သည်ဟူသော စွပ်စွဲမှုကို အပြင်းအထန်ငြင်းဆိုပြီး အကြောင်းတိုက်ဆိုင်တိုင်း ထိုကိစ္စကို ကာကွယ်ပြောဆိုခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရမှု အနှစ်ငါးဆယ်မြောက် အထိမ်းအမှတ်အတွက် ၁၉၉၆ ခုနှစ်ကုန် ၁၉၉၇ ခုနှစ်ဆန်းလောက်တွင် အင်္ဂလန်၊ လန်ဒန်မြို့ဘီဘီစီအသံလွှင့်ဌာနမှ ကျနော်နှင့်တွေ့ဆုံမေးမြန်းပါသည်။ ထိုမေးခွန်းများအနက် ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတွေလုပ်ကြံ သနည်းဆိုသောမေးခွန်းအပေါ်  ကျနော့်၏ ပြန်လည်ဖြေကြားချက်ကို ယခုဖေါ်ပြပါမည်။
ဘီဘီစီ၏ မေးခွန်းအမှတ် (၁)။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဘယ်သူလို့ခင်ဗျားထင်မြင်ပါသနည်း။
ဖြေ။ ဗိုလ်ချုပ်အောင်ဆန်းကို အစစ်အမှန်သတ်သူဟာ ဗြိတိသျှအစိုးရဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ကြံမှုကြီး ဖြစ်ပါတယ်။

ဘီဘီစီ၏ မေးခွန်းအမှတ် (၂)။ ဘာကြောင့်ဒီလိုပြောနိုင်ပါသနည်း။
ဖြေ။ အဘယ်ကြောင့်ဆိုသော် - ဗိုလ်ချုပ်အသတ်ခံရတာမှာ အကြောင်းရင်း (၄)ခုရှိတယ်လို့ ကျနော်ထင်မြင်ပါသည်။

(က) ပထမအကြောင်းကတော့ ဗိုလ်ချုပ်သည် တိုင်းပြည်တပြည်လုံးကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူခေါင်းဆောင် ဖြစ်ပါသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် မြန်မာပြည်တပြည်လုံးစည်းလုံးညီညွတ်သွားမှာကို ကြောက်ကြပါသည်။ ဤသည်မှာ အဓိကအကြောင်းရင်း ဖြစ်သည်။
(ခ) ဒုတိယအကြောင်းမှာ ဗိုလ်ချုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပြန်ပြီးစည်းလုံးင်္ညီညွတ်သွားနိုင်ပါသည်။ ဗြိတိသျှတို့သည် ဤအချက်ကို လည်း ပူပန်စိုးရိမ်ကြသည်။
(ဂ) တတိယအကြောင်းမှာ ဗြိတသျှတို့အနေနဲ့ ဗိုလ်ချုပ်ကိုဖယ်ရှားနိုင်လိုက်ရင် ဗမာပြည်ကို လွယ်ကူစွာကိုင်တွယ်သွားနိုင်မည်ဟု ယူဆကြသည်။
(ဃ) စတုတ္ထအချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မှာ ဗြိတိသျှတို့၏အုပ်စိုးမှုကို “လက်နက်ကိုင်” ပြီး လွတ်လပ်ရေးအတွက် တိုက်ခဲ့သူဖြစ်သဖြင့် နောင် ဤကဲ့သို့မျိုး ဗြိတိသျှအင်ပါယာမှာမပေါ်ရဲအောင် လက်စားချေဆုံးမရန်အတွက် တန်ပြန်သတ်ဖြတ်လိုခြင်း ဖြစ်ဟန်ရှိသည်။

ဤအဖြေအတွက် အထောက်အထားအချက်အလက်များ ထင်မြင်ချက်များပေးရန်လိုတဲ့အတွက် အောက်ပါအတိုင်း အချက်တချို့ကို တင်ပြ လိုက်ပါသည်။

၁။ ပထမအထောက်အထား။
ဦးစော လက်နက်ကိုင်ရာဇဝတ်မှုကြီးတခုအတွက် စီစဉ်လှုပ်ရှားနေသည်များကို ဗြိတိသျှအစိုးရက ကြိုတင်သိရှိနေခဲ့ပါသည်။ ထိုလှုပ်ရှားမှု များသည် ဗိုလ်ချုပ်အောင်ဆန်းကိုဦးတည်နေသည်ဆိုသည်ကိုလည်း ၎င်းတို့နားလည်နိုင်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍ ကျနော်မှတ်မိနေတာ (၂)ချက်လောက် ရှိပါသည်။

ပထမအချက်။ အစိုးရပုလိပ်အဖွဲ့က ဗိုလ်ချုပ်တို့လုပ်ကြံမှုအရေးအခင်းမပေါ်ခင်ကတည်းက ဦးစောရဲ့အိမ်ကို အိမ်နီးချင်းခြံတခြံအတွင်းက သစ်ပင်ပန်းပင်တွေအကြား အမြဲစောင့်ကြည်ဖို့အလှည့်ကျတာဝန်ချပြီး စောင့်ကြည့်ရတဲ့အထဲမှာ ကျနော်နှင့်ဆွေမျိုးနီးစပ်တော်သူ ပုလိပ်ကလေးမောင်မောင်ဆိုသူ (နောင် စစ်တပ်တွင်းပြောင်းလာသည်။) က ကျနော့်ကိုပြောပြဖူးတာတွေရှိပါသည်။ ဦးစောနှင့် ခြံအတွင်း လှုပ်ရှားနေပုံတွေကို အခင်းမဖြစ်မီတပတ်အလို သူစောင့်ကြည့်တာဝန်ကျစဉ် တွေ့ရသမျှကိုအထက်ကိုအစီရင်ခံရကြောင်း သူတာဝန်မကျစဉ် အချိန်ကတည်းက စောင့်ကြည့်နေကြတာဖြစ်လို့ ဒီလိုစောင့်ကြည့်နေတာဟာ တပတ်မကဖြစ်နိုင်ကြောင်း ဆိုပါတယ်။

ဒုတိယအချက်။ ၁၉၆ဝ ခုနှစ်နှင့် (၇ဝ)ခုနှစ်များအတွင်း ဗိုလ်ချုပ်တို့ကျဆုံးသောအာဇာနည်နေ့မှာ မြန်မာသတင်းစာတစောင်ထဲတွင် ထိုနေ့ အတွက် ဆောင်းပါးတစောင်ပါလာပါသည်။ ဦးစောနေထိုင်သည့် အေဒီလမ်းနှင့်ဆိုင်သည့် မရမ်းကုန်းပုလိပ်ဌာနမှာ ထိုစဉ်ကဌာနအုပ်ဖြစ်ခဲ့သူ ပင်စင်စားပုလိပ်အရာရှိကြီးတဦး ရေးသားသည့်ဆောင်းပါးထဲတွင် ဖွင့်ချထားသည်မှာ - ဗိုလ်ချုပ်တို့အရေးအခင်းမဖြစ်မီ ဦးစောအိမ်ခြံအတွင်း လှုပ်ရှားဖြစ်ပျက်နေမှုတွေကို သူတို့ပုလိမ်ဌာနကထောက်လှမ်းသိရှိပြီး အထက်သို့အစီရင်ခံစာတွေရေးနေရသည်မှာ အတော်ကြာကြောင်း သူတို့ လှုပ်ရှာသွားလာနေတာတွေ တွေ့ပြီး တခုခု ရာဇဝတ်မှုကြီးလုပ်တော့မည်ဆိုသည်ကိုသိနိုင်သော်လည်း အဘယ်ကြောင့်အရေးယူ ဖမ်းဆီးမှုတွေလုပ်ရန်အမိန့်မပေးသနည်းဆိုသည်ကို နားမလည်ကြောင်း ရေးသားထားပါသည်။

ဤကိစ္စတွင် ဦးစောလှုပ်ရှားမှုတွေက ရာဇဝတ်မှုကြီးတခုခု လုပ်တော့မည်ဆိုသည်ကို ဗြိတိသျှအစိုးရအနေနှင့် တော်တော်စောစောကတည်း က သိနေပြီး၊ ၎င်းသည်လည်း ဘာကိုရည်ရွယ်သည်ဆိုတာလည်း သိနားလည်နိုင်ပါလျက် ထိထိရောက်ရောက်ကြိုတင်အရေးယူမှု ဘာမှ မလုပ်ကြသည်မှာ ထင်ရှားပါသည်။

၂။ ဒုတိယအထောက်အထား။
က။ ထိုကာလထုတ်ဝေသော သတင်းစာ၊ စာနယ်ဇင်းနှင့်စာအုပ်များအရသိရှိချက်များ ဖြစ်ပါသည်။ အင်္ဂလိပ်လူမျိုး ကပ္ပတိန်ဗီဗီယန်းနှင့် ဘရင်းဂန်းအလက်(၂ဝဝ) လက်နက်မှုကြီးဖြစ်ပါသည်။ ဗီဗီယန်းသည် စစ်ဘက်မှ ပုလိပ်ဘက်သို့ မကြာမီကမှ ပြောင်းလာသူဖြစ်ပါသည်။ ပုလိပ် လက်နက်ပစ္စည်းထောက်ပံ့ရေးဌာန ရာဇဝတ်ဝန်ကလေးဖြစ်သည်။ ဗီဗီယန်းက ဦးစောကို ဘရင်းဂန်းအလက်(၂ဝဝ) ထုတ်ပေးခဲ့သည်။ ၂၄ /၆ /၄၇ နေ့တွင် ဦးစော၏လူရင်း ဖော်ကောင်ဘညွန့်နှင့်အဖွဲ့က ပုလိပ်ယောင်ဆောင်၍ ဗိုလ်တထောင် အမှတ် ၂၂၆ (BOD) အခြေစိုက် လက်နက်တိုက်မှ ဗီဗီယန်းနှင့်ဦးစောတို့၏စီစဉ်ပေးမှုဖြင့် လာရောက်ထုတ်ယူသွားခဲ့သည်။ ထိုစဉ်က ထုတ်ယူသွားသည့်လက်နက်များမှာ ဘရင်းဂန်းသေနတ် အလက်(၂ဝဝ)၊ ပြောင်းတို(၂ဝဝ) နှင့် မဂ္ဂဇင်းကျည်ကပ်(၈ဝဝ)တို့ကို အလွယ်တကူထုတ်ယူသွားခဲ့ကြသည်။

ခ။ ဒုတိယအကြိမ် ဗီဗီယန်းက ဦးစောအား ခဲယမ်းကျည်ဆန်များ နောက်ထပ်ထုပ်ပေးပြန်ရာ အရင်တခေါက်အတိုင်း ဦးစော၏လူရင်း ဖော်ကောင်ဘညွန့်နှင့်အဖွဲ့က ၁ဝ/၇/၄၇ နေ့က (၁၆)မိုင်ရှိ မင်္ဂလာဒုံအခြေစိုက် ခဲယမ်းမီးကျောက်တပ်မှ သွားထုတ်ယူခဲ့သည်။ ထုတ်ယူ သွားခဲ့သောပစ္စည်းများမှာ ပွိုင့်(၃ဝ၃)ရိုင်ဖယ်နှင့် ဘရင်းသေနတ်ကျည်ဆံ(၁ဝဝဝဝဝ)၊ စတင်းကျည်ဆံ(၂၅၆ဝဝ) (စစ်တပ်ထုတ် တပ်မတော် သမိုင်းတတိယတွဲ-နှာ ၁၄၉ တွင် ၎င်းကျည်ဆံ(၂၅၆ဝဝ)လို့သာဆိုထားရာ ထိုဂဏာန်း ပိုမှန်နိုင်) လက်ပစ်ဗုံး(၂ဝဝ)တို့ဖြစ်သည်။ ထိုစာရင်းတွင် စတင်းဂန်းမည်မျှဟုမပါသော်လည်း အရေးအခင်းကြီးပြီးစ (၂၁ /၇/၄၇) နေ့တွင် ဦးစောအိမ်အနီးရှိရေကန်ထဲတွင် သတင်းအရရှာဖွေရာတွင် ရေကန်အတွင်း ရေအောက်လေလုံသေတ္တာတွေအတွင်းတွင်ထည့်ထားသော ဘရင်းဂန်းအလက်(၁၇ဝ)နှင့် စတင်းဂန်းအလက်(၁ဝဝ)တို့ကို တွေ့ရှိရမိသည်ဟု ထိုကာလစာနယ်ဇင်းများတွင် ဖော်ပြခဲ့ပါသည်။

ဂ။ ထိုဘရင်းဂန်း အလက်(၂ဝဝ)နှင့်ကျည်ဆံများကိစ္စမှာ လုပ်ကြံမှုကြီးတွင် ဗြိတိသျှအစိုးရတို့ပါဝင်ကြောင်း ကြီးမားသော အထောက်အထား ကြီး ဖြစ်ပေသည်။ ဤမျှလောက်များပြားသော (အစိုးရခြေလျင်တပ်ရင်း ၆ ရင်းစာခန့်ဖြစ်ပြီး ထိုကာလ ဗမာ့တပ်မတော်တပ်ရင်းများ၏ ထက်ဝက်စာဖြစ်သည်။) လက်နက်များကို ဦးစောဝယ်ယူတာလည်းမဟုတ်၊ ဗီဗီယန်းက ထုတ်ပေးတာသာဖြစ်သည်။ ဤမျှလောက် များပြားသောလက်နက်ခဲယမ်းများကို အထက်အာဏာပိုင်တို့၏သဘောထားမပါဘဲ ထုတ်ပေးတာမဖြစ်နိုင်။ ဗီဗီယန်းအတွက် ကိုယ်ကျိုး ငွေကြေးရရှိတာလည်း မရှိပေ။ အလွန်ထင်ရှားသည့်အချက်ကြီး ဖြစ်ပေသည်။

ဃ။ ထိုလက်နက်မျာုးတ်ပေးခဲ့ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလုပ်ကြံသတ်ဖြတ်ရေးအတွက် တွန်းအားပေးခြင်းသာမက ၎င်းနောက်တွင် ကြီးမားသော ကြံစီချက်ကြီးတခုလည်းရှိနေသည်ကို ကျနော်တို့မြင်နိုင်ပေသည်။ ဤမျှများပြားသောလက်နက်ခဲယမ်းများကြောင့် ဦးစောက ဗိုလ်ချုပ်တို့ကိုလုပ်ကြံသတ်ဖြတ်ရုံမျှမက နောက်ထပ်ဆက်ပြီး ဗမာပြည်တွင် သူအာဏာရရှိရေးအတွက် ပုန်ကန်ထကြွမှုကြီး ဖြစ်သွားနိုင်အောင်အတွက်ပါ ရည်ရွယ်ချက်နှင့်ပေးသည်ဟုလည်း ကောင်းစွာထင်ရှားသိနိုင်သည်။ သို့ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ပြည်တွင်းစစ်ကြီးဖြင့်ပြိုကွဲအားနည်းသွားစေရန် ကြံစည်အားထုတ်ခဲ့ကြောင်းလည်း ခန့်မှန်းသိရှိနိုင်ပေသည်။

၃။ တတိယအထောက်အထား။

က။ ဦးစောသည် လုပ်ကြံမှုကြီးအတွက် ၁၉၄၆ ခုနှစ် ကစပြီး လက်နက်ခဲယမ်းများစုဆောင်းနေရာ ကုက္ကိုင်း အမှတ်(၁) ဘီအီးအမ်အီးတပ်မှ တပ်မှုး အင်္ဂလိပ်လူမျိုး မေဂျာ စီ၊ အိပ်ခ်ျ၊ အိပ်ခ်ျ၊ ရန်းနှင့် ရင်းနှီးကြပြီး ၎င်းထံမှ ဆပ်မရှင်းဂန်းတလက်၊ အမေရိကန်ကာဘိုင်(၃) လက်၊ စတင်သေနတ်(၁) လက်၊ တော်မီသေနတ်(၂) လက်၊ လူဂါပစ္စတို(၁) လက်၊ ခြောက်လုံးပြူးသေနတ်(၂)လက်နှင့် ယမ်းတောင့်များကို ရယူခဲ့သည်။

ခ။ ထို့်ပြင် အင်္ဂလိပ်လူမျိုး ဗိုလ်မှုးလန်းစ်ဒိန်းထံမှလည်း စပရင်းဖီးရိုင်ဖယ်သေနတ်(၁) လက်၊ တော်မီသေနတ်(၂) လက်၊ ကာဘိုင်သေနတ် (၁)လက်နှင့် ယမ်းတောင့်များကိုရရှိခဲ့သည်။ (၎င်းလက်နက်များမှာ အချို့ကို ငွေပေးဝယ်ယူပုံရသည်။)

ဂ။ ထို့ပြင်သတင်းစာများအဆိုအရ ဗိုလ်ချုပ်ကိုပစ်သတ်သောကျည်ဆံမှာ ဒန်ဒန်ခေါ် အလွန်ပြင်းထန်ပြီး အဆိပ်ပါသောကျည်ဆံဟု ဆိုကြ သည်။ မိုင်းပွန်စော်ဘွားကြီး ဒဏ်ရာမပြင်းဘဲသေဆုံးရသည်ဟု ဆိုသည်။

ဃ။ ၎င်းလက်နက်များမှာ လုပ်ကြံမှုကြီးအတွက် အင်္ဂလိပ်ဗိုလ်မှုးနှစ်ဦးထံမှ ဦးစောကအခိုင်အမာ ကြိုတင်ရရှိထားခြင်းဖြစ်သည်။
အထက်ပါဒုတိယနှင့် တတိယအထောက်အထားကြီးနှစ်ခုသည် လုပ်ကြံမှုတွင် ဗြိတိသျှအစိုးရပါဝင်ကြောင်း အလွန်ထင်ရှားသော အထောက် အထားများဖြစ်သည်။

၎။ နောက်အထောက်အထားအချို့ကတော့၊ ဗိုလ်ချုပ်လုပ်ကြံခံရမှု လိုက်လံစုံစမ်းစစ်ဆေးရာမှာပါဝင်ခဲ့တဲ့ ထိုစဉ်က ဒုတိယပုလိပ်မင်းကြီး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဦးထွန်လှအောင်၏သား ဦးခင်အောင်က ၁၉၉၃ ခုနှစ်လောက်ကရေးခဲ့တဲ့ “အောင်ဆန်းကို ဘယ်သူသတ်သလည်း စာအုပ်မှ လိုရင်းကို ဘီဘီစီက ၁၉၉၃ ခုနှစ်အတွင်းအသံလွှင့်ချက်များကို ကျနော်ရရှိထားရာ ထိုအထဲမှ အတောက်အထားအချို့ကို ဆက်လက် တင်ပြသွားပါမည်။


0 comments:

Post a Comment