Monday, March 30, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁)
တတိယပိုင်း
တတိယပိုင်း ပြည်တွင်းစစ်
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ်မြောက်ကွန်ဂရက်၊ ဗမာပြည်သူတို့၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲကြီး အောင်ပွဲရ ပြီးဆုံး ခါနီး၊ လူများ စိတ်ရွှင်လန်းကြည်နူးနေသည့်အချိန် ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ ဗားဂရာလမ်း ကွန်မြူနစ်ပါတီဌာနချုပ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ်မြောက်ကွန်ဂရက်ကို ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးနှင့် သခင်သန်းထွန်းတို့ကြီးမှူးပြီး ကျင်းပလေသည်။

ကွန်ဂရက်သို့ ကျနော့်အားဖိတ်ကြားသဖြင့် ကျနော်လည်း တက်ရောက်ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ၁၉၃၉ ခု သြဂုတ်လ(၁၅)ရက်နေ့ ဖွဲ့စည်းစဉ်ကတည်းကစပြီး   မြေအောက်တွင် လျှို့ဝှက်နေပြီး ဗမာပြည်တော်လှန်ရေးကိုဦးဆောင်ပြီး ဆောင်ရွက်ခဲ့ကြရသည်။ ယခု ဖက်ဆစ်တော်လှန်ရေးကြီးတွင် အတိအလင်း မြေပေါ်တက်ပြီး ပြောင်ပြောင်ပင် တော်လှန်ရေးကိုဆောင်ရွက်ခဲ့သည်။ ကွန်ဂရက်ကို ဗမာပြည်တွင်မက နိုင်ငံခြားကပါအာရုံစိုက်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှာ မြေပေါ်တွင် တော်လှန်ရေးကို တိတိလင်းလင်းဆောင်ရွက်နေသောပါတီကြီး ဖြစ်နေပေတော့သည်။

ကွန်ဂရက်တွင် ဂျပန်နှင့်ရင်ဆိုင်တိုက်ခိုက်နေကြသော ဗမာ့တပ်မတော်အတွင်းမှပါတီဝင်များနှင့် ပြောက်ကျားခေါင်းဆောင်များလည်း အမြောက်အများတက်ရောက်ကြသည်။ ထို့အပြင် စစ်တောင်းမြစ်တဖက်ကမ်း ရန်သူဖက်ဆစ်ဂျပန်တို့၏ နောက်ကျောမှ တိုက်ခိုက်နေကြ သော တပ်သားများလည်း ပါဝင်တက်ရောက်ကြသည်။

ကွန်ဂရက်သဘာပတိသခင်သန်းထွန်း မိန့်ခွန်းပေးရာတွင် လွန်ခဲ့တဲ့သုံးနှစ်ပတ်လုံး ပုန်းလျှိုးကွယ်လျှိုးနှင့် မြေအောက်ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့ရတဲ့ ကျုပ်တို့ပါတီဟာ ဂျပန်ဖက်ဆစ်တို့ကို ဗမာပြည်မှာအောင်နိုင်ပြီး တိတိလင်းလင်းပေါ်ထွက်လာပါပြီ။ ကျုပ်တို့ပါတီဟာစစ်နိုင်တဲ့ ပါတီအဖြစ်နဲ့ မားမားမတ်မတ်ကြီးပေါ်ထွက်လာပါပြီ။ ကျုပ်တို့အခု တွေ့ဆုံစည်းဝေးတာဟာ ပထမကွန်ဂရက်လို တထိတ်ထိတ်တလန့်လန့်နဲ့ စည်းဝေးတာမဟုတ်ဘဲ စစ်နိုင်သူတွေအနေနဲ့ တိတိလင်းလင်း မြေပေါ်မှာစည်းဝေးကြတာဖြစ်တယ်ဟု ပြောခဲ့ပါသည်။

ဗမာပြည်ဖက်ဆစ်တော်လှန်ရေးတွင် အသက်ဆုံးရှုံးကြရတဲ့ဗမာ့သားကောင်းရတနာများနှင့် ဗမာ့လွတ်လပ်ရေးတွင်ကျဆုံးခဲ့ရတဲ့ ရဲဘော် အပေါင်းကို ကွန်ဂရက်ကြီးက ဝမ်းနည်းကြောင်းမှတ်တမ်းတင်ဖော်ပြကြသည်။

ကွန်ဂရက်တွင် သဘာပတိသခင်သန်းထွန်းက ကွန်မြူနစ်ပါတီမှခေါင်းဆောင်နှစ်ဦးဖြစ်သော သခင်စိုးနှင့် နိုင်ငံခြားကိုယ်စားလှယ်ဖြစ်သော သခင်သိန်းဖေ (တက်ဘုန်းကြီး)တို့ကို အထူးချီးကျူးဂုဏ်ြုပစကားပြောခဲ့သည်။

သခင်သန်းထွန်းကပြောသည်မှာ “ခေါင်းဆောင်ကြီးသခင်စိုးဟာ ဂျပန်ဖက်ဆစ်တို့ကြီးစိုးတဲ့ သုံးနှစ်တာ ကာလပတ်လုံး မြေအောက် ပုန်းအောင်းကာ ကျုပ်တို့ပါတီလုပ်ငန်းတွေကို ရှေ့ဆောင်ခြင်းပြုခဲ့တယ်။ ဖက်ဆစ်ဂျပန်ရဲလှံစွပ်ဖျားအောက်က ပွတ်ကာသီကာနဲ့ အနှံ့အပြား လျှို့ဝှက်သွားရောက်ပြီး ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းကြီးကို ခေါင်းဆောင်ခဲ့တယ်။ သခင်စိုးရဲ့ရှေ့ဆောင်မှုမှန်လို့ ကျုပ်တို့ပါတီဟာ စစ်နိုင်သူတို့ရဲ့ပါတီဖြစ်ခဲ့ပြီ။ သခင်စိုးကို ကျုပ်တို့ကရော ဗမာပြည်ကပါ အချီးမြှောက်နိုင်ဆုံး ချီးမြှောက်မှုကို ပြုကြရမယ်ဟု ပြောခဲ့ပါသည်။

နောက် ကိုသိန်းဖေကိုလည်း သခင်သန်းထွန်းကချီးကျူးပြောကြားရာမှာ “ကျုပ်တို့ပါတီလုပ်ငန်းတွေ အောင်မြင်မှု၊ ဖက်ဆစ်ဂျပန်တို့လက်မှ ဗမာပြည်လွတ်မြောက်မှုအတွက် နိုင်ငံခြားသို့ အသက်ဆံဖျားစွန့်စားသွားရောက်ပြီး ကမ္ဘာ့ပြည်သူပြည်သားအပေါင်းတို့က ဗမာ့တော်လှန်ရေး ကို ကူညီလာအောင်ဆောင်ရွက်တဲ့သူဟာ တက်ဘုန်းကြီးကိုသိန်းဖေပဲ

“ကျုပ်တို့ဟာ ဗမာပြည်တွင်း ဂျပန်ဖက်ဆစ်သံကွန်ချာအောက်မှနေကြရလို့ တိုးတက်နေသောကမ္ဘာနဲ့ အဆက်ပြတ်ပြီး ကျုပ်တို့ရဲ့အယူအဆ၊ အတွေးအခေါ်တွေ မကြာခဏ မှားယွင်းဖောက်ပြန်ခဲ့တယ်။ ကျုပ်တို့ဟာ တိုးတက်နေတဲ့ကမ္ဘာ့ပြည်သူပြည်သားတွေရဲ့ခြေလှမ်းကို မလိုက်နိုင်ဘူး။ သို့ပေမယ့် ကမ္ဘာ့တော်လှန်ရေးနဲ့ရင်ပေါင်တန်းလိုက်နေတဲ့ကိုသိန်းဖေဟာ နိုင်ငံခြားကနေပြီး ကျုပ်တို့ရဲ့အယူအဆ လွဲတာတွေကို အမြဲတစေ ပြုပြင်ပေးခဲ့တယ်
“မဟာမိတ်နိုင်ငံများနဲ့ရော၊ မဟာမိတ်စစ်တပ်နဲ့ရော ဗမာပြည်သူပြည်သားတို့ တဦးနဲ့တဦးသဘောပေါက်နားလည်ကြတာလည်း ကိုသိန်းဖေရဲ့ လုံ့လကြောင့်ဖြစ်တယ်။ ကိုသိန်းဖေကျေးဇူးဟာ ဗမာပြည်အပေါ်များပါတယ်။သခင်စိုးလိုပဲ ကျုပ်တို့ရဲ့ပါတီကရော ဗမာပြည်ကပါ ချီးမြှောက် ကြရမယ်ဟု ပြောကြားခဲ့ပါသည်။

သခင်သန်းထွန်းက ဆက်၍ပြောသည်မှာ “ကျုပ်တို့အောင်နိုင်နေတဲ့ စစ်ပွဲဟာမပြီးသေးဘူး။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ဖက်ဆစ်ဂျပန် တွေရှိနေသေးတယ်။ ဒီဘက်ကမ်းကူးဖို့ အမျိုးမျိုးခြိမ်းခြောက်နေတယ်။ ရှမ်းပြည်မှာလည်း နယ်တွေအများကြီး ဂျပန်လက်အောက်က မလွတ်လပ်သေးဘူး။ အာရှတိုက်တောင်ပိုင်းတခုလုံးမှာလည်း ဂျပန်တို့မဆုတ်ခွာသေးဘူး။ ဂျပန်ကျွန်းမကြီးကို မဟာမိတ်တို့ မှုန့်မှုန့် ညက်ညက်ကြေအောင် ဗုံးကြဲပေမယ့် ဂျပန်တို့ဟာတရုတ်ပြည်တွင် (၅)သန်းလောက် အခိုင်အခံ့တပ်စွဲလျက်ရှိနေသေးတယ်။ ကျုပ်တို့ရဲ့ ထင်မြင်ချက်အရ တရုတ်ပြည်မှာ ဂျပန်ဖက်ဆစ်တို့ ဦးမကျိုးသရွေ့ ကမ္ဘာ့ဖက်ဆစ်စနစ်ဟာလည်း ကျဆုံးဦးမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်တို့ ဂျပန်လက်အောက်မှာ တော်လှန်ရေးလုပ်တုန်းကထက် အဆပေါင်းများစွာတိုးပြီး ဖက်ဆစ်တိုက်ဖျက်ရေးကိုလုပ်ကြရမယ်။ ရှေ့အဖို့မှာ ကျနော်တို့လုပ်ငန်းဟာ ပို၍ကြီးကျယ်လာမယ်။ ပို၍ အားထုတ်ရမယ်ဟု ပြောပါသည်။

တဖန် သခင်သန်းထွန်းက ဆက်၍ပြောကြားရာမှာ “၁၉၄၁ ခုနှစ်၊ ဇွန်လလောက်ကပင် ကျုပ်တို့ဟာ မဟာမိတ်နိုင်ငံများဘက်မှ တိုက်မယ်လို့ ဆိုင်ရာတွေကိုအကြောင်းကြားခဲ့ဖူးတယ်။ ကျုပ်တို့ရဲ့ က်ကမ်းချက်ကို အစိုးရက လက်မခံဘူး။ ဂျပန် ဗမာပြည်ဝင်လာတဲ့အခါ ကျုပ်တို့ကို လက်မဲ့ ပစ်ထားခဲ့တယ်။ ကျုပ်တို့အဖို့ အခက်အခဲအမျိုးမျိုးနဲ့တွေ့ခဲ့ရတယ်။ ဖြစ်သလို လုပ်ခဲ့ရတယ်။ သို့ပေမယ့် ကျုပ်တို့ယုံကြည်ချက်ကို မစွန့်ဘဲ ဖက်ဆစ်စနစ်တိုက်ဖျက်ရေး လုပ်ခဲ့ကြရတယ်။ အခုလည်း တိုက်နေကြတယ်။ နောက်လည်း ဖက်ဆစ်တွေ မကျမခြင်းတိုက်ရမယ်

“ဂျာမန်နာဇီစနစ်နဲ့ ဂျပန်ဖက်ဆစ်စနစ်တို့ကိုတိုက်ကြတာဟာ သာမန်စစ်ပွဲကလေး မဟုတ်။ ကမ္ဘာမှာ အဆိုးဝါးဆုံးစနစ်နဲ့ ကမ္ဘာ့ပြည်သူ ပြည်သားတို့တိုက်ကြတဲ့ “လွတ်လပ်ရေးစစ်”သာ ဖြစ်တယ်။ နှစ်တရာ တထောင် ကမ္ဘာတခုလုံး ကျွန်မဖြစ်အောင် တိုက်တဲ့စစ်ဖြစ်တယ်။

“ဗမာပြည်သူပြည်သားတွေက ကိုယ့်လွတ်လပ်ရေးအတွက်တိုက်ကြတာမှာ မဟာမိတ်နိုင်ငံတွေက လာကူတာဖြစ်တယ်။ “ပြည်သူ့စစ်”တနည်း “လွတ်လပ်ရေးစစ်”ဖြစ်တယ်။

“ဂျာမန်တို့ရှုံးအောင် ဘယ်သူလုပ်သလည်း။ ဆိုဗီယက်တပ်နီတော်ကြီးက လုပ်တယ်။ ဒါ့ကြောင့် ဆိုဗီယက်ယူနီယံ တန်ခိုးကြီးတယ်။ ဒုတိယ တချက်က ဥရောပတိုင်းပြည်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလာနိုင်ကြပြီး၊ ဖက်ဆစ်ကိုတိုက်ခဲ့တဲ့ တကယ့်မျိုးချစ်တွေ သွေးစည်းမိပြီး အစိုးရအဖွဲ့တွေ ဖွဲ့စည်းကုန်ကြပြီ။ ဒီ အစိုးရတွေထဲမှာ လူထုအကျိုးဆောင်ဖြစ်တဲ့ကွန်မြူနစ်တွေဟာ အချက်အချာကိုင်တဲ့ဝန်ကြီးတွေ ဖြစ်နေပြီ။ ဖက်ဆစ်ကိုတိုက်နိုင်ရင် တိုက်နိုင်သလောက် ပြည်သူတွေတန်ခိုးကြီးတာပဲ။ တရုတ်ပြည်မှာလည်း ကွန်မြူနစ်တွေက ဂျပန်ကို ထိထိရောက်ရောက်တိုက်တော့ ကွန်မြူနစ်တွေလွှမ်းမိုးတဲ့နေရာမှာ ပြည်သူတွေတန်ခိုးကြီးတာပဲ။ ဗမာပြည်မှာလည်း ပြည်သူတွေ တန်ခိုးကြီး ချင်ရင် ဖက်ဆစ်တွေကိုနာနာတိုက်ပေးရမယ်

“ဒီစစ်ဟာ တော်လှန်ရေးစစ် ဖြစ်တယ်
“ကျုပ်တို့ ကြေညာချက်စာတမ်း (၁)မှာ လွတ်လပ်ရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယလို့ ဆိုခဲ့ ပါတယ်

“တရုတ်ပြည်မှာ ဂျပန်အုပ်စိုးနေတာက တဝက်၊ ချန်ကေရှိတ်က လေးပုံတပုံ၊ ကွန်မြူနစ်က လေးပုံတပုံဖြစ်နေတယ်။ တရုတ်ပြည်မှာ လွတ်လပ်ရေးရရင် ဒီမိုကရေစီဖြစ်မယ်။ လွတ်လပ်ရေးစစ်နှင့် တော်လှန်ရေးစစ်ဟာ ဆက်စပ်နေတယ်

“ဥရောပကိုကြည့်၊ ဘာဖြစ်နေသလည်း။ လွတ်လပ်ရေးစစ်ပွဲဆင်ရင်း ပြည်သူပြည်သားတွေမလိုလားတဲ့အစိုးရတွေ ပြုတ်ကုန်ပြီ
“ဒါတွေကိုကြည့်ရင် ဒီစစ်ဟာ ပြည်သူ့စစ်၊ လွတ်လပ်ရေးစစ်၊ ပြည်သူတွေနိုင်တယ်။ တိုက်နိုင်သလောက် ပြည်သူတွေတန်ခိုးကြီးမယ်

“အင်္ဂလိပ်ဟာ ဂျာမဏီက အလဲထိုးထားလို့ ကွဲနေပြီ။ အင်္ဂလိပ် ပြန်ထလာနိုင်တာဟာ ပြည်သူပြည်သားတွေက သူတို့မလိုလားတဲ့ ချိန်ဘာလိန်အစိုးရကိုဖြုတ်ချပြီး စစ်ခေါင်းဆောင်အဖြစ် မစ္စတာချာချီကိုတင်၊ ဆိုဗီယက်ရုရှားနဲ့ပေါင်း၊ စစ်အတွက် ပစ္စည်းတွေ သိပ်ထွက်အောင်လုပ်ပြီး ဂျာမန်ကိုတိုက်ကြလို့ နာလန်ပြန်ထူလာတာပဲ
“အင်္ဂလိပ်အရင်းရှင်စနစ်ဟာ နဖူးပြဲဒူးကွဲဖြစ်ရုံမက ဘိုင်ပြတ်နေတဲ့လက်ဝှေ့သမား ဖြစ်နေပြီ။ ဒီတော့ ကျုပ်တို့အထူးစိုးရိမ်စရာမလို။ ကျုပ်တို့ ကသာ ဒီစစ်ဟာ ပြည်သူ့စစ်၊ လွတ်လပ်ရေးစစ်ဆိုပြီး ဖိသာတိုက်၊ တိုက်သလောက် ပြည်သူတွေနိုင်မှာပဲ

“ငြိမ်းချမ်းရေးသာရမယ်ဆိုရင် လွတ်လပ်ရေးကိစ္စဟာလည်း အေးချမ်းသာယာတဲ့နည်းနဲ့ ပြီးစရာလမ်းတွေရှိတယ်

“လက်နက်မပါရင် လွတ်လပ်ရေးရပါ့မလား မေးစရာရှိတယ်။ အခုတိုက်နေတာ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာပဲ။ လက်နက်နဲ့ ဖက်ဆစ်ကိုတိုက်နိုင်သလောက် ဗမာပြည်လွတ်လပ်ရေးအတွက် အင်္ဂလိပ်နဲ့စကားပြောရာမှာ အေးချမ်းသာယာနိုင်သမျှ သာယာမယ်

“ဒါ့ကြောင့် ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ဗမာပြည်လွတ်လပ်ရေးဟာ ရောနေတယ်။ ခွဲလို့မရဘူး။ ပြည်သူတွေလွတ်လပ်ရေးလိုချင်ရင် ဖက်ဆစ်ကို အစွမ်းကုန်တိုက်ဖို့ပဲ

“ဖက်ဆစ်တိုက်ဖျက်နေတုန်း ကျုပ်တို့မှာ အရေးကြီးတဲ့လုပ်ငန်းရှိတယ်။ တိုင်းပြည် ပြန်လည်ထူထောင်ရေးပဲ။  ကျုပ်တို့တိုင်းပြည်ဟာ ပြာကျနေပြီ။ ဒါကို ဘယ်သူပြန်လည်ထူထောင်မလဲ။ ပြည်သူတွေ ပြန်လည်ထူထောင်ရမယ်။ ဒီတော့ ကျုပ်တို့ဗမာပြည်မှာ ပြန်လည် ထူထောင်ရေးဟာ အဓိကလုပ်ငန်းပဲ

“ဒါကိုလုပ်ဖို့အတွက် ကျုပ်တို့ဟာ  အမျိုးသားအစိုးရလိုတယ်။ အမျိုးသားအစိုးရပေါ်ဖို့ စစ်အုပ်ချုပ်ရေးအမြန်ရပ်စဲဖို့လိုတယ်

“ကျုပ်တို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်ဟာ -
(၁) စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့
(၂) ယာယီအမျိုးသားအစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကြီးခေါ်ဖို့
(၃) တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက ဗမာနိုင်ငံအုပ်ချုပ်ရေး ရေးဆွဲဖို့ဖြစ်တယ်

“ကျုပ်တို့လုပ်ငန်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးဟာ အဓိကပဲ။ နောက်တတိယက ယာယီအစိုးရဖွဲ့စည်းရေး ဖြစ်ပါတယ်။ ဒါတွေဆောင်ရွက်ဖို့ ကွန်မြူနစ်ပါတီဟာ တခြားပါတီနဲ့ပူးပေါင်းဖို့အသင့်ပါပဲ”ဟု ပြောကြားခဲ့ပါသည်။

အထက်ပါတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယအကြိမ်ကွန်ဂရက်တွင် သခင်သန်းထွန်းပြောကြားခဲ့သောသဘာပတိမိန့်ခွန်းမှ ကောက်နုတ် ချက်မျာ;ဖြစ်ပါသည်။ ထိုအချိန် ပါတီတွင်း၌ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာရယူနိုင်သည်ဆိုသော ဘရောက်ဒါဝါဒ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။

နောက်ကွန်ဂရက်ကို ဆက်လက်ကျင်းပရာတွင် အဆို (၁၃)ချက်ကို တယောက်ပြီးတယောက်တင်သွင်းကြရာ အရေးကြီးသောအဆိုများမှာ -
(၁) နိုင်ငံပြန်လည်ထူထောင်ရေးအဆို။
(၂) နိုင်ငံအုပ်ချုပ်ရေးအဆို (က)စစ်အုပ်ချုပ်ရေး ရပ်ဆိုင်းပြီးနောက်၊ ယာယီအစိုးရအဖွဲ့တွင် တိုင်းပြည်ကိုယ်စားလှယ်များပါဝင်ရေး။
(ခ)ဘုရင်ခံ၏တန်ခိုးအာဏာများသည် ပြည်သူ့ကိုယ်စားလှယ်များလက်ထဲရောက်လာအောင် ကြိုးစားရမည်။ (ဂ)နိုင်ငံအုပ်ချုပ်ရေး ရေးဆွဲရန် လွှတ်တော်ကြီးအတွက် ရွေးကောက်ပွဲကို တနှစ်အတွင်းခေါ်နိုင်ရန် ကြိုးစားရမည်။
(၃) လူမျိုးရေး၊ လူနည်းစုပြဿနာအဆို။ လွတ်လပ်သောဗမာနိုင်ငံသည် ဗမာလူမျိုးတို့၏တိုင်းပြည်မဟုတ်ဘဲ ဗမာ၊ ကရင်၊ ကချင်စသည်တို့ မိမိတို့သဘောအလျောက်ပေါင်းစည်းထားသော အိမ်ထောင်စုနိုင်ငံဖြစ်ရမည်။ ဗဟိုကိုယ်စားလှယ်အဖွဲ့ချုပ်တွင် လွှတ်တော် ၂ ရပ် ရှိရမည်။ လွှတ်တော်တရပ်မှာ လူမျိုးစုလွှတ်တော်ဖြစ်၍ လွှတ်တော်နောက်တရပ်မှာ ပြည်သူ့လွှတ်တော်ဖြစ်သည်။ လူမျိုးစုလွှတ်တော်ကို လူမျိုးချင်း တန်းတူထား၍ တမျိုးလျှင် (၁ဝ)ယောက်ကျ ကိုယ်စားလှယ်ြေrSာက်ရမည်။ ဥပမာ - ဗမာ ၁ဝ ဦး၊ ကရင် ၁ဝ ဦး၊ ရှမ်း ၁ဝ ဦး၊ ရခိုင် ၁ဝ ဦး၊ ချင်း ၁ဝ ဦး၊ ကချင် ၁ဝ ဦးစီ ဖြစ်သည်။ အစိုးရအဖွဲ့တွင် ဌာနဆိုင်ရာဝန်ကြီးများသာမက လူမျိုးစုဆိုင်ရာဝန်ကြီးများပါ ခန့်ထားရမည်။
(၄) ဗမာ့တပ်မတော်အဆို။ အချုပ်အားဖြင့် ဗမာ့တပ်မတော်သည် တိုင်းသူပြည်သားများအား ညှဉ်းဆဲသည့် ဗျူရိုကရေစီစစ်တပ်မဟုတ်ဘဲ၊ တိုင်းသူပြည်သားတို့၏အခွင့်အရေးကို ရှေ့ကနေ၍ အသေခံကာကွယ်ပေးသည့်ဒီမိုကရေစီတပ်၊ ပြည်သူ့တပ်မတော်အဆင့်အတန်းသို့ တက်လှမ်းရပေမည်။
မှတ်ချက်။ ကျနော်သည် အထက်ပါ သဘာပတိမိန့်ခွန်းနှင့်အဆိုများကို ပြည်သူ့ဘက်တော်သားများ၏ သမိုင်းမှန်ကူကွက်(၂)စာအုပ်မှ ထုတ်နုတ်ကိုးကား ဖော်ပြပါသည်။
           
- ပါတီကွန်ဂရက်ပြီးဆုံးခါနီးတွင် ကျနော် မကျန်းမမာဖြစ်လာ၍ သဘာပတိကိုခွင့်တိုင်ပြီး ဆေးရုံသို့ခေတ္တတက်ရပါသည်။
- တရက်နှစ်ရက်ကြာပြီးနောက် ပါတီကွန်ဂရက်မှရဲဘော်အချို့ ကွန်ဂရက်ပြီးဆုံး၍ ဆေးရုံရှိကျနော့်ကို လာရောက်ကြည့်ရှုကြပါသည်။

သူတို့က အားရဝမ်းသာစွာနှင့် ပါတီကွန်ဂရက် နောက်ဆုံးနေ့တွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရာတွင် ကျနော့်ကိုလည်း ပါတီဗဟိုကော်မတီဝင်လူကြီးတဦးအဖြစ်ရွေးတင်ကြသည်ဟု ပြောပြကြပါသည်။

ကျနော်ကတော့ သူတို့လိုဝမ်းမသာနိုင်ဘဲ တာဝန်ကြီးလေးလာ၍ စိတ်လေးသွားပါသည်။

ကျနော့်အား ၁၉၄၄ ခုနှစ် နှစ်လယ်လောက်က ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးကိစ္စဆွေးနွေးညှိနှိုင်းရန် ဖက်ဆစ်တော်လှန်ရေး အတွက် စည်းရုံးလုပ်ကိုင်နေသောကွန်မြူနစ်ပါတီခေါင်းဆောင်သခင်စိုးကို မြစ်ဝကျွန်းပေါ်မြေအောက်မှ ပဲခူးသို့ သွား၍ခေါ်ယူခဲ့ရန် ညွှန်ကြား သဖြင့် ထိုတာဝန်ဆောင်ရွက်ခဲ့ရပါသည်။ သခင်စိုးကိုခေါ်ယူခြင်း၊ ပြန်ပို့ခြင်းတာဝန်များလုပ်နေစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ သဘောတူ ညီချက်ဖြင့် သခင်စိုး၏ကွန်မြူနစ်ဝါဒသင်တန်းနှင့်ဆွေးနွေးပွဲများကို ကျနော်တလမျှတက်ပြီး လေ့လာခဲ့ရပါသည်။

ထိုသင်တန်းနှင့် ဆွေးနွေးပွဲများပြီးသည့်အခါ သခင်စိုးက ကျနော့်ကို ကွန်မြူနစ်ပါတီဝင်အဖြစ်သိမ်းသွင်းခဲ့ပါသည်။ ထိုမှစ၍ ကျနော် ကွန်မြူနစ် ပါတီဝင်တဦးဖြစ်လာပါသည်။

ကျနော် ကွန်မြူနစ်ပါတီဝင်တဦးဖြစ်လာသော်လည်း ကွန်မြူနစ်ပါတီ၏သီးခြားတာဝန်များကို ကျနော်ထမ်းဆောင်ရခြင်းမရှိဘဲ တိုင်းပြည် တာဝန်တွေသာလုပ်ဆောင်ခဲ့ရပါသည်။

သို့သော် ကျနော့်ကို ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်လူကြီးအဖြစ် တင်ကြခြင်းမှာ ကွန်ဂရက်တက်ရောက်ကြသူ ရဲဘော်ရဲဘက်ကြီးများက ကျနော်တိုင်းပြည်အတွက်လုပ်ကိုင်ခဲ့တာတွေ အထူးသဖြင့် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ကျနော်၏ဆောင်ရွက်ချက်တို့ကို သိမြင် ကြိုက်နှစ်သက်ကြ၍ ရွေးတင်ကြသည်ထင်ပါသည်။

ကျနော်မှာ ကွန်မြူနစ်ပါတီတွင် လေးလေးနက်နက်ဖြတ်သန်းမှုမရှိဘဲ ဗဟိုကော်မတီလူကြီးဖြစ်လာရသဖြင့် ရှေ့တွင် မိမိသည် လူကြီးတဦး ဖြစ်လာပြီး တာဝန်တွေ ကျေပြွန်စွာထမ်းဆောင်နိုင်ပါ့မလားဟု စိတ်ပူစိုးရိမ်မိပါသည်။ သို့သော် တတ်နိုင်သမျှကြိုးစားသွားမည်ဟုလည်း စဉ်းစားမိပါသည်။


0 comments:

Post a Comment