Friday, March 13, 2015

မတ်(၁ဝ) လက်ပံတန်းအကြမ်းဖက်မှု (မျိုးမြင့်ချို)

0 comments
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံရသူအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့တောင်းဆို လှုပ်ရှားကြမယ်။ ရေးသားလှုံ့ဆော်တိုက်တွန်းကြမယ်။ အင်တာနက်အွန်လိုင်းတွေမှာလည်း အချင်းချင်းကြား သတင်းတွေဖြန့်တာချိတာ ဝေတာငှတာတွေ ဆထက်ထမ်းပိုးလုပ်ကြမယ်။ ရောက်တဲ့နိုင်ငံတွေက နီးစပ်တဲ့ နိုင်ငံခြားမီဒီယာတွေကိုလည်း ဆက်သွယ်တာ သတင်းပို့ပေးတာ အဆက်အသွယ်လုပ်ပေးတာတွေလုပ်ကြမယ်။ လွတ်မြောက်နေတဲ့သူတွေကို ဖမ်းတာဆီးတာမလုပ်ဖို့နဲ့ လောလောဆယ်သူတို့တိမ်းရှောင်နေရချိန်မှာ တတ်နိုင်သလောက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ဖေးမကြဖို့တွေလည်းလုပ်ကြမယ်။
လက်ပံတန်းကိစ္စဟာ ငြိမ်းချမ်းစွာဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသူကျောင်းသားများ ပါဝင်ပံ့ပိုးသူများ ကူညီဝန်းရံသူများအားလုံးအပေါ် စစ်အစိုးရကျူးလွန်တဲ့ နောက်ဆုံးအကြမ်းဖက်မှုဖြစ်တယ်။ ဆန့်ကျင်ရှုတ်ချပွဲတွေ ဒီထက်မကလုပ်ကြမယ်။ ဒီအစိုးရဟာ အရင်အစိုးပဲဆိုတာ ပွင့်ကျသထက်ကျအောင် ရောက်တဲ့နေရာကရတဲ့နည်းနဲ့ ဖွင့်ချကြမယ်။
နောက်တချက်က ရဲကိစ္စ။ ရဲတပ်ဖွဲ့ဆိုတာ အစိုးရယန္တယားဆိုတာလည်းမှန်တယ်။ ခိုင်းရင်လုပ်ရတာပဲဆိုတာလည်းမှန်တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ရဲတချို့ဟာ သိစိတ်ရှိရှိ စိတ်ပါလက်ပါ အငြိုးအာဃာတကြီးကြီးနဲ့ စိတ်လိုလက်ရ အကြမ်းဖက် ရိုက်နှက်ဖျက်ဆီးတာတွေ အထောက်အထားတွေမှာ အထင်အရှားတွေ့ရတယ်။
တရုတ်ပြည်လွတ်မြောက်သွားပြီးတဲ့အခါ ချန်ကေရှိတ်အစိုးရလက်ထက်က တာဝန်ရှိသူအတော်များများကို လက်ရဖမ်းမိတယ်။ သူတို့ တိုင်းပြည်နဲ့လူထုအပေါ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တရားစီရင်ဖို့လုပ်တော့ ဥက္ကဌမော်နဲ့တိုင်ပင်ညှိုနှိုင်းကြတယ်။ ဒီမှာ မော်စီတုန်းက "Policy Makers and Decision Makers ဆိုတဲ့ မူချသူနဲ့ဆုံးဖြတ်ချက်ပေးသူတွေကို တစုခွဲပါ။ ကိုယ်ထိလက်ရောက်ဖိနှိပ်သူတွေကို တစုခွဲပါ။ ကိုယ်ထိလက်ရောက် အကြမ်းဖက်သူတွေထဲကမှ မလွဲသာမရှောင်သာလို့လုပ်ရသူနဲ့ ကိုယ်တိုင်စိတ်လိုလက်ရ စိတ်ပါလက်ပါလုပ်သူကို သေသေချာချာစိစစ်ပြီးခွဲထုတ်ပါ။
မူချသူနဲ့ဆုံးဖြတ်ချက်ပေးသူအတွက်ကတော့ ကြီးလေးတဲ့ပြစ်ဒဏ်တွေဖြစ်ပြီး ကိုယ်တိုင်စိတ်လိုလက်ရ စိတ်ရှိလက်ရှိ စိတ်ပါလက်ပါကျူးလွန်သူတွေအတွက်လည်း မပေါ့တဲ့ပြစ်ဒဏ်တွေစီရင်ပါ။ မလွဲသာမရှောင်သာ လုပ်ခဲ့သူတွေအတွက်တော့ ပြစ်ဒဏ်ပေါ့ပေါ့ပေးတန်တာပေး လွှတ်တန်တာလွှတ်တွေ လုပ်ရင်သင့်မယ်"လို့သဘောရတဲ့ သူ့သဘောထားပေးဖူးတာကို အမှတ်ရမိတယ်။ (စကားလုံးတွေကတော့ ခုပြောခဲ့သလို အတိအကျမဟုတ်နိုင်ပါဘူး။ ဖတ်ခဲ့ဖူးတာလည်း ကြာ၊ ကိုးကားရမယ့်စာအုပ်လည်း အနားမှာမရှိဆိုတော့ မှတ်မိသလိုပြန်ရေးရတာပါ)
ရဲတွေကိစ္စပြန်ဆက်ရရင် ခု လက်ပံတန်းအကြမ်းဖက်မှုမှာ မူချသူတွေ ဆုံးဖြတ်ချက်ပေးသူတွေနဲ့ တတန်းတည်းပြစ်ဒဏ် မလျော့သောပြစ်ဒဏ် စီရင်ရမယ့်သူတွေပါတယ်။ ဒါကို ကျနော်တို့လောလောဆယ်မှာ မလုပ်နိုင်သေးဘူး။ လုပ်လို့မရနိုင်သေးဘူး။ ကျနော်တို့လုပ်လို့ရတာက ဆဲဗင်န်းဂျူလိုင်ကအစ၊ ၈၈ အရေးတော်ပုံအလည် လက်ပံတန်းအဆုံး စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှုတွေ(လူမျိုးစုဒေသတွေမှာ စစ်တပ်ကကျူးလွန်တာတွေအပါအဝင်) ရသမျှသတင်းအချက်အလက်တွေ ဓာတ်ပုံတွေ ဗီဒီယိုကလစ်တွေ စုဆောင်းသိမ်းဆည်းထားကြဖို့လည်း လုပ်ရမယ်တွေးပါတယ်။ အပြစ်ပေးနိုင်တဲ့အခွင့်အာဏာ လူထုလက်ထဲရောက်တဲ့အခါ သက်ရှိထင်ရှားရှိသေးရင် ရှိသူကိုတရားစီရင်ပြီး မရှိတော့သူတွေကိုတော့ ပြတိုက်တွေမှာ မှတ်တမ်းပြပွဲတွေလုပ်တာမျိုးတွေလုပ်ဖို့ပါပဲ။
ကျနော့်အတွေးတင်ပြတာပါ။

0 comments:

Post a Comment