ဦးလေးလှနှင့်ဒေါ်ဒေါ်မာသို့ ကန်တော့ပန်း။
၂ဝ၁၅ခုနှစ်မှာ အမေအသက်(၁ဝဝ)ပြည့်သလို အဖေလည်းအသက်(၁ဝ၅)နှစ်ပြည့်တယ်လို့ ကိုဖိုးသံက ပြောပါတယ်။ ဒီတော့ ကျွန်မက ဦးလေးတို့ဒေါ်ဒေါ်တို့ နှစ်ယောက်စလုံးကို ဂါရဝပြုချင် လာပါတယ်။ ဒေါ်ဒေါ့်အပေါ် ဖေဖေတင်ထားတဲ့အကြွေးလည်း ရှိပါတယ်။ ဒီအကြွေးကိုလည်း ကျွန်မက ဆပ်ချင်နေပါတယ်။ ဒါကြောင့်ပဲ ဂါရဝပြုကန်တော့ပန်း စာလေးတစောင်ရေး လိုက်ပါတယ်။

ဖေဖေ့အကြွေးက ဒီလိုပါ။ ....ဖေဖေ့ကို
ကိုယ်ရေးအတ္ထုပွတ္တိရေးဖို့ လူအတော်များများက တိုက်တွန်းဖူးပါတယ်။ ဒါပေမယ့် ဖေဖေက
(သူ့စကားအရ)အတ္ထုပွတ္တိဆိုတာ ကိုယ်သေမှတခြားလူတွေရေးကြလိမ့်မယ်ဟု သဘောထားကာ
ရေးဖို့စိတ်မကူးခဲ့ပါဘူးတဲ့။ အဲသလို ဖေဖေက သဘောထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဖေဖေ
ရေးဖြစ်သွားပါတယ်။ ရေးဖြစ်သွားရတဲ့အကြောင်းတွေရှိပါတယ်။ တကြောင်းကတော့
ဒေါ်ဒေါ်ကြောင့်ပါ။
ဒေါ်ဒေါ်က ဖေဖေ့ကို လူကြုံကတဆင့်မှာလိုက်တဲ့ စကားရှိပါတယ်။ ကိုကျော်(ကျော်ဇောဦး)ရဲ့သား သူရိန်ကျော်ဇောက
သူဗမာပြည် ခွင့်နဲ့ပြန်ချိန်မှာ ဒေါ်ဒေါ့်ု ဝင်ကန်တော့ပါတယ်။ ပြီးတော့“သူအပြန်မှာ အဘိုးကိုလည်း ဝင်ကန်တော့ဦးမယ်”လို့ ပြောတော့ ဒေါ်ဒေါ်က “မင်းအဘိုးကို ပြောလိုက်။ ကိုယ်ရေးအတ္ထုပွတ္တိကို တာဝန်တရပ်အနေနဲ့ ရေးဖြစ်အောင်ကို ရေးသွားစမ်းပါ”လို့ မှာလိုက်ပြီး “အဲဒီစကားအတိုင်း အတိအကျပြောနော်”လို့လည်း ထပ်ဆင့်မှာလိုက်ပါတယ်။
ဒါကြောင့်ပဲ ဖေဖေကသူ့စာအုပ်အဖွင့်မှာ“မသေခင် တာဝန်တရပ်အနေနဲ့ရေးသားရန်ဆုံးဖြတ်ပြီး ရေးသားရပါတော့သည်”လို့ ရေးထားပါတယ်။ ဒေါ်ဒေါ်ပေးလိုက်တဲ့တာဝန်ကို ဖေဖေက လက်ခံပြီးထမ်းဆောင်လိုက်တာပါ။
ဒါပေမယ့် ဖေဖေသူ့စာအုပ်စရေးတဲ့ ၂ဝဝ၃ ခုနှစ်ကနေ စာအုပ်ထုတ်လိုက်တဲ့ ၂ဝဝ၇ ခုနှစ်အတွင်းမှာ ဗမာပြည်မှာ အလွန်တင်းကျပ် ရက်စက်လှတဲ့ နအဖစစ်အစိုးရခေတ်ပါ။ သမိုင်းကို ပုံအမျိုးမျိုးဖျက်ရာမှာ ဖေဖေမပြောနဲ့ ဆရာကြီးမှိုင်းလိုပုဂွိုလ်ကြီးမျိုးကိုတောင် အလွန်အာဃာတကြီးနေချိန်ပါ။ နံမည်တွေတောင်မကြား နိုင်ပါဘူး။ ဒါ့ကြောင့်ဖေဖေက အလွန် တိထားပြီး ရေးပါတယ်။ စစ်အစိုးရအောက်မှာနေရပြီး လူထုဘက်ကရပ်တည်သူများဟာ ဘယ်လောက် အနေအထိုင်ကျဉ်းကျပ်တယ်ဆိုတာ ဖေဖေက စာနာနိုင်ပြီးသား။ ဒါကြောင့် ဖေဖေက ဒေါ်ဒေါ်ကိုကျေးဇူးစကား မဆိုနိုင်ခဲ့ပါဘူး။ ဒီအကြွေးကို ကျွန်မကဆပ်ရတာပါ။ ဒေါ်ဒေါ်ရေ ဖေဖေရဲ့ အဲဒီ ကိုယ်ရေးအတ္ထုပွတ္တိကို အရင်က ပြည်ပမှာပဲထုတ်ခဲ့ရပေမယ့် အခုတော့ ပြည်တွင်းမှာလည်း ထုတ်ဝေခွင့်ရလိုက်ပါပြီ။ အဲဒီစာအုပ်က အစရပြီး ကျန်ဖေဖေစာအုပ်များ (အရင်ပြည်တွင်းမှာရေးခဲ့တဲ့စာများရော၊ ပြည်ပရောက်မှ ရေးထားတဲ့စာများရော) အဆက်မပြတ် ထုတ်ဝေနိုင်လိုက်ပါပြီ။ ဒေါ်ဒေါ် ကျေနပ်ဝမ်းမြောက်ပါတော့။

တကယ်တော့ ကျွန်မတို့မိသားစုနဲ့
ဦးလေး-ဒေါ်ဒေါ်တို့မိသားစုနဲ့က အလွန်ရင်းချာပါတယ်။ ဒေါ်ဒေါ်စကားနဲ့ ပြောရရင်
“နိုင်ငံရေး ဆွေမျိုးတွေပေါ့”လို့ ပြောရမှာပါ။ ဖေဖေတပ်ကထွက်ရပြီး
ဆရာကြီးမှိုင်းရဲ့ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာပါဝင်ပြီး အနယ်နယ် အရပ်ရပ်သွား
ငြိမ်းချမ်းရေးတရားတွေဟော၊ ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေလုပ်တဲ့အခါ မန္တလေးအပါအဝင်
အထက်ဗမာပြည်က ဖိတ်ကြားတဲ့ ဒေသများကိုလည်း သွားရပါတယ်။ ဒီတော့
လူထုသတင်းစာတိုက်ကြီးက ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ အထက်ဗမာပြည်က အခြေခံ
ခံတပ်ကြီးပေါ့။ ဖေဖေတို့က အထက်ဗမာပြည်တဝိုက် ဘယ်မြို့ကဖိတ်ဖိတ်
မန္တလေးမှာစတည်းချပြီးမှ တဆင့်သွားတာပါ။ ဦးလေးနဲ့
ဒေါ်ဒေါ်တို့ဇနီးမောင်နှံကိုယ်တိုင်ကလည်း ဆရာကြီးမှိုင်းရဲ့တပည့်ရင်းများလည်းဖြစ်
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများမှာလည်း ပါဝင်ပတ်သက်နေတော့ ဖေဖေတို့က
တံခါးမရှိဓားမရှိ အားမနာတမ်းဝင်ထွက်နေပါတယ်။ ဖေဖေက အဲဒီခရီးတွေက ပြန်လာတိုင်း
ဦးလှတို့ဒေါ်အမာတို့ကို သိပ်အားနာဖို့ကောင်းတယ်ကွာ။ သူတို့ခမျာလည်း
အလုပ်ကသိပ်များတဲ့ကြားက ကိုယ်တို့က ခနခန ဒုက္ခဝင်ဝင် ပေးနေရတယ်။ သူတို့ကလည်း အင်မတန်ဧည့်ဝတ်ကျေတာ။
ကိုယ်တို့မှာလည်း လုံခြုံရေးအရ သူတို့ဆီမှာပဲစိတ်ချရတာလေလို့ မေမေကို
ပြောပြောနေတာကြားဖူးပါတယ်။
ဖေဖေနဲ့ ဦးလေးတို့ဇနီးမောင်နှံ ပိုမိုရင်းနှီးသွားရတာကတော့ ၁၉၆၄ ဖူလိုင်လ(၂၃)ရက်နေ့ ဆရာကြီးမှိုင်းကွယ်လွန်ပြီးနောက် ဈာပနအထိမ်းအမှတ်ကာလများမှာ ဖြစ်ပါတယ်။ ဦးလေးက ဆရာကြီးဆုံးတဲ့နေ့ချင်း ရန်ကုန်ရောက်လာတာပါ။ ဆရာကြီး ဦးယော(စာရေးဆရာကြီးဇေယျ၊ ဆရာကြီးမှိုင်းရဲ့သားမက်)ကို အမှူးထားပြီး ဈာပနကော်မတီဖွဲ့ရာမှာ ဦးလေးရော ဖေဖေရောပါဝင်ပြီး ဈာပနအခမ်းအနားအစီအစဉ်များအတွက်ရော ဆရာကြီး အမှတ်တရဂူဗိမာန်တည်ဆောက်ရေးလုပ်ငန်းများအတွက်ပါ ဦးလေးက တတပ်တအားလာ အားဖြည့်ပါတယ်။
အဲဒီကာလ အဖြစ်အပျက်များကိုတော့ ဖေဖေက သူ့စာအုပ်မှာ တော်တော်ပြည့်ပြည်စုံစုံရေးထားပြီးပါပြီ။ ဦးလေးနဲ့ပတ်သက်ပြီး ဖေဖေ အထူးကျေးဇူးတင်ပုံရတာကတော့ စာပေနယ်ပယ်ကလူများနဲ့ ဖေဖေတို့အကြား ပေါင်းကူးလုပ်ပေးခဲ့မှုပါပဲ။

ဖေဖေကဒီလိုရေးထားပါတယ် ....
“လူထုဦးလှမှာ အလွန် ဆက်ဆံရေးညက်ညောပျော့ပျောင်းသူ ဖြစ်သည်။ သူ၏ကြိုးပမ်းမှုကြောင့်ပင် ကျန်စာပေနယ်မှ အကျော် အမော်ကြီးများအားလုံး ဝိုင်းရံလာကြပါသည်။ တချို့လူကြီးများသည် ဆရာကြီးအားစာပေဖခင်ကြီးအဖြစ် လေးစားကြည်ညိုသော်လည်း နိုင်ငံရေးအရ အစိုးရငြိုငြင်သည့်အလုပ်ကို လုပ်နေသဖြင့် (အထူးသဖြင့် ကျွန်တော်တို့လိုလူမျိုးများ လက်ဝဲသမားများနှင့်တွဲလွန်းသဖြင့်) ဆရာကြီးကိစ္စတွင် အတော်တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြပါသည်။ ထိုသူများအားလုံးက ဤဆရာကြီးဈာပနကိစ္စတွေ ဝန်းရံပါဝင်လာ အောင် လူထုဦးလှက စည်းရုံးလုပ်ဆောင်နိုင်ခဲ့ပေသည်။ ကျွန်တော်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်သွားပြီး တဦးအပေါ်တဦး နားလည် သွားအောင် သူပင်လုပ်ဆောင်သွားခဲ့ပါသည်”တဲ့။

ဦးလေးက တပတ်လောက်နေပြီး ပြန်သွားတဲ့အခါ
ဒေါ်ဒေါ်က ကိုဖိုးသံနဲ့အတူ ရောက်လာပါတယ်။ အဲဒီကာလက “လူထု”သတင်းစာ
ဆက်လက်ထုတ်ဝေနေတဲ့ကာလဖြစ်လို့ ဦးလေးနဲ့ဒေါ်ဒေါ် တယောက်တလှည့်ပဲလာနိုင်တာပါ။
ဖေဖေကတော့ အဲဒီကာလက ဒေါ်ဒေါ့်ကို“ဒေါ်အမာကတော့လေဒေါ်မြသီ(ဆရာကြီးသမီးအငယ်)အတိုင်းဘဲ။
ဆရာကြီးနဲ့ပတ်သက်လာယင် မျက်ရည်လေး တစမ်းစမ်းနဲ့”လို့ပြောဖူးပါတယ်။
၁၉၆၇ ခုနှစ်လူထုသတင်းစာ
ပိတ်လိုက်ရပြီးတဲ့နောက်မှာတော့ ဦးလေးတို့နှစ်ယောက် စာအုပ်တွေဆက်တိုက်
ရေးသားထုတ်ဝေပါ တော့တယ်။ အဲဒီစာအုပ်တွေအတွက် အချက်အလက်တွေစုဆောင်းဖို့
ရန်ကုန်ကိုလည်း မကြာခဏလာကြရပြီး လာတိုင်းလည်း ကျွန်မတို့အိမ်ဝင်လာပါတယ်။
စာအုပ်တွေထွက်တိုင်းလည်း ကိုယ်တိုင်လက်မှတ်တွေရေးထိုးပြီး ရန်ကုန်မှာရှိတဲ့
ဦးတင်မောင်(လူထု) ကတဆင့် ပို့တတ်ပါတယ်။ ဖေဖေကလည်းပို့သမျှစာအုပ်တိုင်းကိုဖတ်ပြီး
ဖတ်ပြီးတာနဲ့ စာရေးပြီးသူ့ထင်မြင်ချက်တွေကို ပို့ပေးတတ် ပါတယ်။
ဖေဖေက ဒီလိုလည်းပြောပါသေးတယ်။“ဦးလှတို့ ဒေါ်အမာတို့ကတော့ စက်နဲ့လှိမ့်ထုတ်သလို စာအုပ်တွေရေးထုတ်နေတာ။ ဖတ်တဲ့လူကတောင် လိုက်မမီဘူး”တဲ့။ ပြီးတော့ပြောသေးတယ် “သူတို့စာအုပ်တွေက သုတေသနစာတမ်းတွေဘဲ။ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုယင် ဒေါက်တာဘွဲ့တောင် ရလောက်တယ်”တဲ့။

အထူးသဖြင့်-ဦးလေးရဲ့“သတင်းစာများကပြောပြတဲ့
စစ်အတွင်းဗမာပြည်”စာအုပ်တွဲများထွက်လာတဲ့အခါမှာတော့ ဖေဖေနဲ့ ဦးလေးနဲ့က
အပြန်အလှန်ဆက်သွယ်ဖလှယ်မှုတွေ ရှိလာပါတယ်။ ဦးလေးရဲ့စာအုပ်“အမှာစာ”တစောင်မှာတောင်
“ကျွန်တော့်စာအုပ်ကိုဖတ်ပြီး မိတ်ဆွေတယောက်က စာရေးလာပါတယ်။ ဦးလှရေ သားသမီးတွေက
ဦးလှစာအုပ်ဖတ်ပြီး ဟိုဟာမေးဒီဟာမေးနဲ့ ရှေးဖြစ်ဟောင်းတွေ ပြန်ပြောနေရတယ်ဗျာလို့
စာရေးလာပါတယ်” လို့ဖေဖေ့စာကိုညွန်းပြီး ရေးထားတာတွေ့ရပါတယ်။ ဦးလေးက သူ့စာအုပ်တွေထဲမှာ
ဖေဖေတို့ ဂျပန်ခေတ်ကထုတ်ဝေခဲ့တဲ့ တိုင်း(၄)သတင်းစာတွေကို ရတတ်သလောက်
ပြန်လည်စုဆောင်းထည့်သွင်းပေးမှုကိုလည်း ဖေဖေကသိပ်ကျေးဇူးတင်ခဲ့တာပါ။
“စစ်အတွင်းဗမာပြည်” အတွဲတတွဲမှာ
ဖေဖေ့ဓာတ်ပုံတွေရော၊ ဖေဖေနဲ့ပတ်သက်တဲ့အကြောင်းအရာ အတော်များများရော ပါလာပါတယ်။ ဖေဖေက”ဦးလှက
ကိုယ့်အကြောင်းတွေ ဒီလောက်ထည့်ထားရင်တော့ သူ့စာအုပ်တွေ နောက်ထပ်ထုတ်ခွင့်မရ
ဖြစ်ဦးတော့မှာဘဲ” လို့ မေမေ့ကို ပြောနေတာကြားဖူးပါတယ်။ အဲဒီထဲက
ရှားပါးပုံတွေဖြစ်တဲ့
၁။ ၁၉၄၅ ခုနှစ်-ဇန်နဝါရီလ ရန်ကုန်မြို့ ဖက်ဆစ်တော်လှန်ရေးကို အထက်ဗမာပြည်ကစတင်ရန်ဆုံးဖြတ်သည့် ဆွေးနွေးပွဲအပြီး တွေ့ရသည့်တပ်မှူးများပုံ။
၂။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးစတင်ပြီးနောက် ဗိုလ်ကျော်ဇောအား ဂျပန်စစ်တပ်မှထုတ်သည့်ဝရမ်းစာ။
၃။ ၁၉၄၅ ခုနှစ်သြဂုတ်လ နေသူရိန်အစည်းအဝေးကြီးမှာ တွေ့ရသည့်တပ်မှူးများပုံ။--

ပုံ(၃)ပုံကို ဖေဖေက
သူ့ကိုယ်ရေးအတ္ထုပွတ္တိစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
ဒေါ်ဒေါ်ရဲ့“ပြည်သူချစ်သောအနုပညာသည်များ”စာအုပ်ကတော့ ကျွန်မတို့တအိမ်လုံး ဝိုင်းကြိုက်ခဲ့ရတဲ့စာအုပ်ပါ။ ဖေဖေက လက်ဖျားတခါခါနဲ့ ဒေါ်ဒေါ်ရဲ့စုဆောင်းနိုင်မှုအရည်အချင်းနဲ့ ဇွဲလုံ့လကိုချီးကျူးတတ်ပြီး မေမေက သူငယ်ငယ်က အကုန်လုံးနီးပါးလောက် ရခဲ့တဲ့ လေဘာတီမမြရင်ရဲ့သီချင်းတွေပြန်ရလိုက်လို့ ငယ်မူတွေပြန်ပြီး သီချင်းလေးတအေးအေး ပြန်ဖြစ်နေခဲ့ဖူးပါတယ်။ ကျွန်မတို့မောင်နှမတတွေကလည်း “မြို့မငြိမ်း” သီချင်းတွေ ကြိုက်ကြတော့ အဲဒီစာအုပ်ကို အတော်အလုအယက် ဖြစ်လိုက်ပါသေးတယ်။

အဲဒီစာအုပ် အမျိုးသားစာပေဆုရတော့ ဖေဖေက
ကြားကြားချင်းဒေါ်ဒေါ်ကိုဖုန်းနဲ့လှမ်းပြီး ဝမ်းသာချီးကျူးစကားဆိုခဲ့ပါတယ်။
ကျွန်မတို့ကိုတော့“ဒေါ်အမာ့စာအုပ်ကျော်ပြီး ဘယ်စာအုပ်မှပေးစရာမရှိဘူး။
ဒီစာအုပ်မှမပေးရင်လည်း သူတို့ဆုက ဘာတန်ဖိုးမှရှိမှာ မဟုတ်လို့
မလွှဲမရှောင်သာလို့ပေးရတာ” လို့ သူ့အမြင်ကိုပြောပြခဲ့ပါတယ်။
ဖေဖေက ဦးလေးတို့ဇနီးမောင်နှံအကြောင်းမကြာခန
ပြောဖြစ်တဲ့ကာလတွေကတော့ ကျွန်မတို့မိသားစု တဘက်နိုင်ငံထဲ ရောက်လာ ချိန်မှာပါ။
ဒီကာလမှာမှ တရုတ်ပြည်ရဲ့နိုင်ငံရေးစနစ်တွေကို ကောင်းကောင်းအေးအေးဆေးဆေး
လေ့လာနိုင်ခဲ့တာပါ။ တရုတ်ပြည်ရဲ့ တော်လှန်ရေးနဲ့ပတ်သက်လို့ တစုံတရာလေ့လာခဲ့သိရှိခဲ့မှုတွေရှိပေမယ့်
တရုတ်ပြည်လွတ်မြောက်ပြီးနောက် တည်ဆောက်မှု အမျိုးမျိုးအကြောင်း သိပ်မသိခဲ့ကြရပါဘူး။
ဖေဖေကဒါတွေကို စိတ်ဝင်တစားလေ့လာပါတယ်။ အထူးသဖြင့် တရုတ်ပြည်သူ့ နိုင်ငံရေး
အတိုင်ပင်ခံကွန်ဖရင့်(Chinese People’s Political Consultative Conference. CPPCC)
ဆိုတာကိုပါ။
အဲဒီအဖွဲ့အစည်းရဲ့သမိုင်းကြောင်းကိုလေ့လာတဲ့အခါ အလွန်စိတ်ဝင်စားစရာကောင်းတာတွေ တွေ့ရပါတယ်။ ပထမဆုံးအကြိမ် ကွန်ဖရင့်ကို တရုတ်ပြည် မလွတ်မြောက်မီ(တရုတ်ကွန်မြူနစ်ပါတီတပြည်လုံးအောင်ပွဲမရခင်)ကတဲ ကစတင်ကျင်းပခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုရုံးစိုက်ရာ လွတ်မြောက်ဒေသမှာ တပြည်လုံးရှိ အကျာ်အမော် မျိုးချစ်ပြည်ချစ်ပုဂွိုလ်ကြီးများကိုစုစည်းပြီး တရုတ်တပြည်လုံးလွတ်မြောက်ပြီးရင် ဘယ်ပုံစံနဲ့ တရုတ်ပြည်ကြီးကိုတည်ထောင်အုပ်ချုပ်ကြမလဲဆိုတာကို ဝိုင်းဝန်းဆွေးနွေး အကြုံပြုစေတဲ့အစည်းအဝေးကြီးပါ။ အဲဒီကာလက ကူမင်တန်တပ်များ စစ်ရှုံးလုနီးဖြစ်နေပြီး၊ ချန်ကေရှိတ်က အစွမ်းကုန်ရမ်းကားနေတဲ့ အချိန်ပါ။ ကွန်မြူနစ်တွေမဟုတ်ပေမယ့် သူ့မထောက်ခံတဲ့လူဟူသမျှ(အထူးသဖြင့် ပြည်သူလူထုအကြား သြဇာရှိသူများ)ကို နည်းမျိုးစုံသုံးပြီး လိုက်လံသတ်ဖြတ်လုပ်ကြံနေတဲ့ကာလပါ။ အတတ်ပညာရှင်အများအပြားလည်း ပါပါတယ်။ ချန်ကေရှိတ်က သက်မဲ့ပစ္စည်းများ(စက်ရုံများ တံတားများ)သာမက သက်ရှိပစ္စည်းများကိုပါ မြေလှန်စနစ်ကျင့်သုံးတာပါ။ “မော်စီတုံးအတွက် တရုတ်ပြည်ကို အခွံပဲချန်ပေးခဲ့မယ်”လို့ ကြိမ်းဝါးထားတာပါ။

အဲသလိုမျိုး
ပုဂွိုလ်တွေအားလုံးနီးပါး(ကူမင်တန်ထဲကမျိုးချစ်ဗိုလ်ချုပ်အချို့ပါ)
တရုတ်ကွန်မြူနစ်မြေအောက်အဖွဲ့ဝင်တွေက ကယ်ထုတ်ပြီး(တချို့ရဲဘော်တွေ
အသက်တွေနဲ့ရင်းရပါတယ်။) လမ်းအသွယ်သွယ်ကနေ လွတ်မြောက်ဒေသကိုပို့ပေးပြီး အဲဒီ
အစည်းအဝေးကြီး ကိုကျင်းပတာပါ။ ဒီလိုမျိုး အဖွဲ့အစည်းဖွဲ့တဲ့စီမံကိန်းဟာ
ဥက္ကဋ္ဌမော်ရဲ့(brainchild)တီထွင်ဖန်တီးမှုပါ။ (အနောက်တိုင်းနိုင်ငံများက အထက်လွှတ်တော်(Senate)နဲ့
နည်းနည်းသဏ္ဌာန်တူပါတယ်) တပြည်လုံးလက္ခဏာဆောင်တဲ့တပ်ပေါင်းစု အဖွဲ့အစည်းကြီးတရပ်ကို
လက်ဦးမှုရှိရှိဖွဲ့စည်းလိုက်တာပါ။ တပြည်လုံးက နယ်ပယ်အသီးသီးက
အထင်ကရပုဂွိုလ်များကိုလည်း ကွန်မြူနစ်ပါတီက တလေးတစားမဟာမိတ်ပြုလိုက်တာဖြစ်ပြီး
တိုင်းပြည်ရဲ့အရေးကိစ္စများးမှာလည်း ပြောရေဆိုခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အခုထိလည်း
နှစ်စဉ်ပြည်သူ့လွှတ်တော်နဲ့တပြိုင်တည်း အစည်းအဝေးများကျင်းပပြီး
အစိုးရကိုအကြံပြုချက်များ ဝေဖန်ချက်များ တင်ပြနေတာတွေ့ရပါတယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လာလို့
ဥက္ကဋ္ဌမော်ရဲ့ အလွန်ပြည့်ဝတဲ့(အလွန်လည်း လေ့လာစရာကောင်းတဲ့) တပ်ပေါင်းစု
စိတ်ဓာတ်အကြောင်းနဲ့ သူ့ရဲဘော်တွေကိုပညာပေးတဲ့
ပြောဆိုချက်အချို့ကိုပြောပြလိုပါတယ်။ ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင်ပြီးနောက်
(၁၉၄၅-သြဂုတ်လ(၁၅)ရက်)တရုတ်ပြည်မှာ ပြည်တွင်းစစ်ထပ်ဖြစ်လာပါတယ်။ ကွန်မြူနစ်ကတဘက်
ကူမင်တန်ကတဘက်ပေါ့။ ကွန်မြူနစ်တွေဟာ ဂျပန်အပေါ်အောင်ပွဲခံခဲ့တဲ့အရှိန်နဲ့
တပြည်လုံးလွတ်မြောက်ရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ ထိုးစစ်တွေဆင်ပြီး သူတို့ရဲ့
အခြေခံဒေသတွေကို (သူတို့ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင်)
လျှင်လျှင်မြန်မြန်ကြီး တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီမှာတင် အခြေခံဒေသတွေမှာ သီချင်းတပုဒ်ရေပန်းစားလာပါတယ်။“တရုတ်ကွန်မြူနစ်ပါတီမရှိရင်
တရုတ်ပြည်မရှိဘူး”ဆိုတဲ့ သီချင်းပါ။ ဒီသီချင်း ဥက္ကဋ္ဌမော်ကြားတော့“မဟုတ်တာချည်း။
တို့ကွန်မြူနစ်ပါတီပေါ်တာ အနှစ်(၃ဝ)လောက်ပဲရှိသေးတာ တရုတ်လူမျိုးရဲ့သမိုင်းက အနှစ်
ငါးထောင်ရှိပြီပဲ” လို့ဆိုပါတယ်။ ဒါပေမယ့် လူထုကြားထဲမှာ ဒီသီချင်းက
ကျနေပြီဖြစ်လို့ တရုတ်ပြည်ရဲ့နောက်မှာ “သစ်”ဆိုတဲ့ စကားလုံတလုံး
ထပ်တိုးပြီး“တရုတ်ကွန်မြူနစ်ပါတီမရှိရင်
တရုတ်ပြည်သစ်မရှိဘူး”လို့ပြောင်းဆိုခိုင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ပါတီက
ပါတီဝင်တွေကို တခြားပါတီက တခြားအဖွဲ့အစည်းကလူတွေကို မလေးမစားလုပ်မှာစိုးလို့ မကြာခဏသတိပေးတာ
ပညာပေးတာတွေ လုပ်ပါတယ်။ သူကဒီလိုပြောပါတယ်။ “တို့ကွန်မြူနစ်ပါတီက
တပြည်လုံးလွတ်မြောက်အောင်လုပ်နိုင်တောင် တို့ကွန်မြူနစ်တွေဟာ လူနည်းစုသာဖြစ်တယ်။
ဒါကို ကျပ်ကျပ်မှတ်ကြပါ။ တို့တတွေ တပြည်လုံးမှာအောင်ပွဲခံပြီးရင်
တို့ကွန်မြူနစ်တွေချည်းသက်သက် တိုင်းပြည်တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ အနည်းဆုံး
တိုင်းကျော်ပြည်ကျော်ပုဂွိုလ်(၁ဝဝ)လောက်စည်းရုံးနိုင်မှ တိုင်းပြည်
တည်ဆောက်ရေးအောင်မြင်နိုင်မှာဖြစ်ပြီး တိုင်းပြည်ကိုလည်း
တည်ငြိမ်အောင်ထိန်းသိမ်းနိုင်မှာဖြစ်တယ်”တဲ့။
ဒါတွေဟာ မော်ရဲ့အတွေးအခေါ်တွေပါ။
ဒီအခြေခံပေါ်မှာ “နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်”ဆိုတာ ပေါ်လာတာပါ။ ဒါကြောင့်ဖေဖေက
ဒီကွန်ဖရင့်နဲ့ပတ်သက်တဲ့သတင်းတွေကြားရတိုင်း ဦီးလေးနဲ့ဒေါ်ဒေါ်ကို
အမြဲအမှတ်ရတတ်ပြီး “တို့တိုင်းပြည်မှာဆိုယင် ဒီနေရာတွေမှာ
ဦးလှတို့ဒေါ်အမာတို့သာတာဝန်ယူကြရရင် သိပ်အောင်မြင်မှာ။ ဦးလှက သိပ် တပ်ပေါင်းစုလက္ခဏာဆောင်တာ”လို့ပြောတတ်ပါတယ်။
ဖေဖေရော ဦးလေးတို့ဒေါ်ဒေါ်တို့ရော ဗမာပြည်အပေါ်မက်ခဲ့တဲ့“အိပ်မက်”တွေ အခုအထိ
အကောင်အထည်မပေါ်သေးပါဘူး။
ဒါပေမယ့်စိတ်ချကြပါ။ နောက်မျိုးဆက် အဆက်ဆက်က တိုက်ပွဲ အဆက်ဆက်ဖော်ဆောင်နေမှာပါ။ တိုက်ပွဲအဆက်ဆက် ဝင်နေမှာပါ။
ဦးလေးတို့ ဒေါ်ဒေါ်တို့ တာဝန်တွေကျေခဲ့ပြီပဲ။ ငြိမ်းချမ်းစွာ အနားယူပါတော့။
(လူထုဦးလှ-အသက်(၁ဝ၅)နှစ်ပြည့်-လူထုဒေါ်အမာ-အသက်(၁ဝဝ)ပြည့် အထိမ်းအမှတ်အတွက်ဂုဏ်ပြုရေးဖွဲ့ပါတယ်။ )
လှကျော်ဇော။
၂ဝ၁၅-၂-၂ဝ ရက်နေ့

0 comments:
Post a Comment