Friday, March 20, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၅)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၅)
ဒုတိယပိုင်း
(၁၈) 
           
ကျနော်တို့သည် သခင်စိုး၏နိုင်ငံရေးသင်တန်းပြီးသည့်နောက် သခင်စိုးအား ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံရန် ပဲခူးမြို့ ကျနော့်အိမ်သို့ ခေါ်ဆောင်သွားရန်စီစဉ်ကြသည်၊

သခင်စိုးမှာ ဗမာ့တပ်မတော်တပ်ကြပ်များလိုဝတ်ဆင်ထားသော ကိုကြီးမြင့်တို့နှင့်အတူ ဗမာ့တပ်မတော်အရာခံဗိုလ်အဝတ်အစား ဝတ်ဆင်စေပြီး ကျနော့်နောက်လိုက်အဖွဲ့အဖြစ် လိုက်ပါစေသည်၊ ကျနော်မှာ ထိုအချိန်က ဗမာ့တပ်မတော်ဗိုလ်မှူးဖြစ်နေသည်၊ သခင်စိုးမှာ ခပ်ထွားထွားကြိုင်းကြိုင်း ဖြစ်သည်၊ ထိုအချိန်က ဗမာ့တပ်မတော်အရာခံဗိုလ်များမှာ ခပ်ထွားထွားကြိုင်းကြိုင်းများဖြစ်ကြသဖြင့် သခင်စိုး၏ ရုပ်ဖျက်မှုမှာ အံဝင်ခွင်ကျဖြစ်နေပေသည်၊

ကျနော်တို့လမ်းခရီးတွင် အစိုးရိမ်ရဆုံးနေရာမှာ “တွံတေးတူးမြောင်း”ဂိတ်ဝ ဖြစ်ပါသည်၊ ရန်ကုန်မြို့ကြီးမှ ဗမာပြည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့အဝင်အထွက်မှာ ၎င်းဂိတ်ဝမှဖြတ်သန်းရသဖြင့် ဂျပန်စစ်တပ်က ထိုနေရာမှာဂိတ်ဝထားပြီး ဂျပန်ကင်းစောင့်ချထား၍ အဝင်အထွက် လူအားလုံးကို စစ်ဆေးကြည့်ရှုသည်၊ မသင်္ကာလျှင် ဖမ်းဆီးထားပါသည်၊

ထိုဂိတ်ဝရောက်သောအခါ ကျနော်ကထွက်ပြီး ဂိတ်စောင့် ဂျပန်စစ်တပ်တပ်ကြပ်ကို ငါဟာ ပဲခူးမြို့က ဗမာ့တပ်မတော်တပ်ရင်းမှူး ဗိုလ်မှူး ဖြစ်ကြောင်းပြောပြရာ ၎င်းတို့သည် လေးစားသမှုဖြင့် ကျနော်တို့ကို ဖြတ်သန်းခွင့်ပြုသည်၊

ကျနော်တို့ ရန်ကုန်ရောက်သောအခါ သခင်စိုးတို့ကိုတနေရာမှာထားပြီး ကျနော်က ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့သွားပြီး သခင်စိုးတို့ရောက်ပြီ ကျနော်ဒီနေ့ပဲ ဘတ်စ်ကားဖြင့် ပဲခူးမြို့ ကျနော့်အိမ်ကိုခေါ်သွားမည်ဟု ပြောပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းက ဝမ်းမြောက်စွာဖြင့် ပဲခူးမြို့ ကျနော့်အိမ်သို့ ခေါ်သွားပါ၊ သူ (၁)ရက် (၂)ရက်အတွင်း ပဲခူးမြို့ကို လာအနားယူလည်ပတ်ရန်စီစဉ်ပြီး ထိုတည်းအိမ်မှ ကျနော့်အိမ်ကို နေ့စဉ် တနေကုန်လာပြီး ဆွေးနွေးမည်ဟုပြောပါသည်၊

ကျနော်နှင့် သခင်စိုးတို့ ပဲခူးမြို့ကျနော့်အိမ်သို့ရောက်ပြီး (၁)ရက် (၂)ရက်ကြာပြီးနောက် ပထမအစီအစဉ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဇနီးဒေါ်ခင်ကြည်နှင့်အတူ ပဲခူးမြို့ရှိသူတို့ အသိမိတ်ဆွေအိမ်တအိမ်သို့ အလည်အပတ် အနားယူသည့်အနေဖြင့် ရောက်လာပြီး ဗိုလ်ချုပ် အောင်ဆန်းတဦးတည်း သူ့ကားဖြင့် နေ့တိုင်းကျနော့်အိမ်သို့ သခင်စိုးနှင့်ဆွေးနွေးရန် နံနက် (၈)နာရီမှ ညနေ (၆)နာရီထိ လာရောက် ဆွေးနွေးပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းသည် ညစာထမင်းကို ကျနော့်အိမ်မှာစားသွားသလား သူတည်းခိုအိမ် ပြန်စားသလား ကျနော် မမှတ်မိချေ၊

သူတို့ဆွေးနွေးပွဲအကြောင်း သခင်စိုးပြောပြ၍သိရသည်မှာ ဗိုလ်ချုပ်အောင်ဆန်းသည် ဆွေးနွေးပွဲတွင် တတ်တတ်ကြွကြွရှိကြောင်း၊ သူတို့သည် ဖက်ဆစ်တော်လှန်ဖို့နှင့် ထိုတော်လှန်ရေးအတွက် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ နောင် ဖ ဆ ပ လ အဖွဲ့)ကို ဖွဲ့စည်းကြပြီးဖြစ်ကြောင်း အားရဝမ်းသာစွာပြောပြပါသည်၊

ထိုဆွေးနွေးပွဲအတွင်း တညတွင် သခင်စိုးက ကျနော့်ကို ခင်ဗျားဒီလိုပဲ လူပျိုကြီးလုပ်နေတော့မှာလား၊ အိမ်ထောင်မပြုတော့ဘူးလားဟု မေးပါသည်၊ ကျနော်က ကျနော့်ငယ်ရည်းစား ကျနော့်ဇာတိသုံးဆယ်မြို့တွင် ရှိပါသည်၊ ကျနော်တို့ ဗမာပြည်လွတ်လပ်ရေးရပြီးမှ လက်ထပ်ကြဖို့ပြောထားပါသည်၊ ကျနော်တို့ ဂျပန်တော်လှန်ရေးကို လွတ်လွတ်လပ်လပ် လုပ်သွားလို၍ဖြစ်ပါသည်ဟု ပြောပါသည်၊

ဒီတော့ သခင်စိုးက ဟာ ခင်ဗျားဟာ လက်ထပ်ဖို့စဉ်းစားတာ သာမန်လူတွေလိုစဉ်းစားတာပဲ၊ သာမန်လူတွေက လက်ထပ်ဖို့စဉ်းစားတဲ့အခါ သူတို့တည်တည်ငြိမ်ငြိမ် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်မယ့်အချိန်ကို ရွေးချယ်စောင့်ဆိုင်းတတ်ကြတယ်၊ ကျနော်တို့ ခင်ဗျားတို့ဟာ သာမန်လူတွေမဟုတ်ဘူး။ တော်လှန်ရေးသမားတွေ ဖြစ်တယ်၊ တော်လှန်ရေးသမားတွေဆိုတာဟာ သူတို့မှာတည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနေထိုင်နိုင်တဲ့ကာလရယ်လို့ မရှိနိုင်ဘူး၊ အမြဲတမ်း တော်လှန်ရေးအတွက်လှုပ်ရှားနေရတာဖြစ်တယ်၊ ဒါကြောင့် တော်လှန်ရေးသမား တွေဟာ လက်ထပ်ဖို့သင့်တဲ့အရွယ်မှာ အတော်အတန်သင့်တော်တဲ့အခြေအနေရှိရင် လက်ထပ်ကြရတာပဲဟု ပြောပါသည်၊ ဤတွင် ကျနော့်စိတ်ကို တော်တော်လှုပ်ရှားသွားစေပါသည်၊ ဗိုလ်ချုပ်အောင်ဆန်း တခါက ပြောဖူးသည်ကိုလည်း မှတ်မိနေပါသည်၊ ဗိုလ်ချုပ် ပြောတာက အိမ်ထောင်ပြုပြီးနောက်မှ တော်လှန်ရေးတို့ဘာတို့ဖြစ်လာရင်လည်း မိမိဇနီးကို တော်လှန်ရေးနယ်ထဲခေါ်သွားရမှာပဲဟု ပြောဖူးထားသည်၊ ထိုစဉ်ကတော့ ကျနော့်စိတ်တွင် ဗိုလ်ချုပ်က သူအိမ်ထောင်ပြုပြီးသော်လည်း တော်လှန်ရေးတို့ နိုင်ငံရေးတို့မှာ မပျက်ကွက်စေရပါဘူးဟု ကျနော်တို့သိရန်ပြောသည်ဟု ထင်မြင်ခဲ့ပါသည်၊

ထိုကိစ္စမှာ ကျနော့်စိတ်ကို များစွာလှုပ်ရှားလာပါတော့သည်၊ ကျနော့်လက်ထပ်ရေးကို လွတ်လပ်ရေးရပြီးမှဟု အချိန်အရှည်ကြီးမဆွဲတော့ဘဲ ယခုကာလမှာပင် ကျနော် လက်ထပ်ချင်လျှင်လက်ထပ်နိုင်ပြီဟု ယူဆလာပါတော့သည်၊

ကျနော့်ပဲခူးမြို့အိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်စိုးတို့ တွေ့ဆုံဆွေးနွေးနေမှုကို ကျနော်တို့ကို ထမင်းချက်ပြုတ်ကျွေးမွေးနေသော ကျနော့် ကိုယ်ရံရဲဘော် ကိုပါဟူသောကုလားကပြားကလေးသာ သိပေသည်၊ ထို ကိုပါမှာ အလွန်ပါးနပ်လိမ်မာပြီး ကျနော့်အပေါ် အလွန် သစ္စာရှိသောရဲဘော်ကလေး ဖြစ်သည်၊ ကိုပါမှာ သခင်စိုးကိုတော့ ဘယ်သူမှန်းမသိချေ၊
           
သခင်စိုးက ကိုပါအပေါ် အလွန်စိတ်ဝင်စားနေသည်ဟု ယူဆရ၍ ကိုပါအကြောင်း သခင်စိုးကိုနည်းနည်းပြောပြရသည်၊ ကျနော်ပြောပြသည်မှာ ဗမာ့တပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)မှ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပြောင်းဖွဲ့သောအခါ ယခင်က ရန်ကုန်တွင် ကျနော်၏ ဆရာဖြစ်သင်တန်း ကျောင်းနေဘက်သူငယ်ချင်းဖြစ်ပြီးနောက် ကျနော်တို့၏ မြေအောက်တော်လှန်ရေးအဖွဲ့ဝင်ဖြစ်လာသူ ကုလားကပြား ကိုအောင်ကြီးဆိုသူက ယခုကုလားကပြားကလေး ကိုပါကို ကျနော့်ထံခေါ်လာပြီး အပ်ပါသည်၊ ကိုပါမှာ ကျနော့ထက် (၇)နှစ်ခန့်မျှ ငယ်မည်ထင်ပါသည်၊

ကိုအောင်ကြီးက အပ်၍ပြောသည်မှာ ကိုပါ၏ မိဘနှစ်ပါးစလုံးကွယ်လွန်ကြပြီ သူ့ကိုခင်ဗျားအနီးတွင် ကိုယ်ရံအဖြစ်ထားလျှင် အလွန်သစ္စာရှိစွာ စောင့်ရှောက်ပြုစုသွားပါလိမ့်မည်ဟူ၍ ဖြစ်ပါသည်၊ ကိုပါကို ကျနော့်အိမ်တွင် ထားပါသည်၊ သူက ထမင်းဟင်းချက်တတ်သဖြင့် ကျနော့်ကို ထမင်းဟင်းချက်ပြီး ကျွေးမွေးပြုစုပါသည်၊ နောက် ကိုပါသည် ကိုအောင်ကြီးပြောသလို အိမ်ရှင်မကောင်းတယောက်လို ကျနော့်ကို ဂရုစိုက်ပြုစုပြီး ယုံကြည်စိတ်ချရသောသူ ဖြစ်လာပါသည်၊

ကျနော့်လခများကိုလည်း တခါတရံ ၎င်း ကိုပါကိုပင် ထုတ်ခိုင်းရပြီး ကျနော့်ငွေကြေးအားလုံးကိုလည်း ၎င်းကိုပဲအပ်ထားပြီး ကျနော်သူ့ထံက တောင်းသုံးပါသည်၊

တဖြည်းဖြည်းနှင့် ၎င်းကိုပါကို  ကျနော့်တပ်မှ တပ်မှူး၊ တပ်သားများက ကျနော့်ကို ပြုစုစောင့်ရှောက်နေသော ကျနော်၏ယုံကြည်ရသော ကိုယ်ရံရဲဘော်ကလေးဖြစ်ကြောင်းသိရှိလာကြပြီး အားလုံးကလည်း ဝိုင်းပြီး သူ့ကိုလေးစားချစ်ခင်လာကြပါသည်၊ သူလည်း ဒီလိုနှင့် ကျနော်တို့နှင့် ပျော်ရွှင်စွာ ပြုစုနေထိုင်ပါသည်၊ ကျနော်လည်း သူ့ပညာရေးကို ဂရုမပြုနိုင်ပါ၊ သူစာတတ်သဖြင့် မင်း ငါ့စာအုပ်စင်က နိုင်ငံရေးစာအုပ်တွေထဲက ကြိုက်ရာစာအုပ်တွေကိုယူပြီး အားချိန်မှာဖတ်ပါ၊ မသိတာ ငါ့လာမေးဟုသာ ပြောထားရပါသည်၊ သူလည်း အားချိန်မှာ စာဖတ်နေတာတွေ့ရပါသည်၊ အထူးသဖြင့် ညအချိန်များတွင် ဖြစ်သည်၊ သူဒီလိုနှင့် ပျော်ရွှင်စွာနေထိုင်နေကြောင်း၊ စာရိတ္တလည်း ကောင်းမွန်ကြောင်းတို့ကို သခင်စိုးအား ကျနော်ပြောပြပါသည်၊ သူနှင့်ပတ်သက်၍ အဖြစ်အပျက်တခုကိုလည်း ပြောပြပါသေးသည်၊ တခါက ကျနော့်တွင် ပစ္စည်းတခုလို၍ရှာဖွေနေရာ နောက်ဆုံး ကိုပါ့အခန်းရောက်သွားပြီးရှာဖွေရာ သူ့ခေါင်းအုံးအောက်တွင် သူ့ဒိုင်ယာရီ စာအုပ် ကလေးတွေ့ရှိလို့ သူဘာတွေများရေးထားသလည်း သိလို၍ လှန်လှောကြည့်ရာ ယနေ့ ဗိုလ်မှူးဘယ်သူနှင့်တွေ့သည် စသည်ဖြင့် ကျနော့် အကြောင်းတွေသာ ရေးထားသည်၊ တနေရာတွင် ယနေ့ဗိုလ်မှူးပန်းကန်ဝက်လောက် စားသည်၊ ကြက်သားတဖဲ့ ကုန်သည်၊ တနေရာတွင် ငါးတကောင်ကုန်သည်ဟု ရေးထားသည်၊ ကျနော်မကျန်းမာစဉ်က ရေးသားပုံရသည့်အကြောင်းလည်း ပြောပြရသည်၊ သခင်စိုးလည်း ကျေနပ် သဘောကျပုံရပါသည်၊


0 comments:

Post a Comment