Friday, March 13, 2015

၂ဝ၁၅ မတ်လလည်ထိရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မတ်လလည်ထိရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)
(ဗကပနဲ့ ဗသက)
ဗမာပြည်မှာ နိုင်ငံရေးပါတီတွေ အသင်းအပင်းအဖွဲ့အစည်းတွေ မြောက်များစွာပေါ်ခဲ့တယ်။ တချို့လည်း အာဏာလက်ရှိလူက ပေါ်စေဆိုတဲ့အချိန်မှာပေါ်ပြီ
ပျောက်စေဆိုတဲ့အချိန်မှာပျောက်ကြတယ်။
တချို့ကတော့ အတွင်းအပြင်ပဋိပက္ခတွေကြောင့်
ပျောက်သွားတာ ချိနည့်အားနည်းသွားတာတွေရှိတယ်။
တချို့ကြတော့ မူလအမည်နဲ့မဟုတ်ပဲ အခြားအမည်သစ်တခုခုနဲ့ အသက်ဆက်နေကြတာမျိုးလည်းရှိတယ်။
အဲ့ဒီအထဲမှာ အာဏာရှိသူက ပေါ်စေပျောက်စေအတိုင်း
လိုက်ရပေါ်ရပျောက်ရတာမျိုးလည်းမရှိ၊
မူလအမည်နဲ့မူလရည်ရွယ်ချက်ကနေလည်း တလက်မမှသွေဖည်မသွား၊
အမည်လည်းမပြောင်း၊
အတွင်းအပြင်ပဋိပက္ခ ၂ စလုံးကိုရင်ဆိုင်ရင်း အားကြီးတဲ့အခါကြီး
အားနည်းတဲ့အခါနည်း
ချိနည့်တဲ့အခါနည့် အားကောင်းမောင်းသန်ဖြစ်တာအခါဖြစ်အနေအထားနဲ့
အလံအလှဲမခံပဲ အလံလည်းမလှဲတဲ့ အဖွဲ့အစည်းဟာ ၂ ခုပဲရှိတယ်။
အဲ့ဒါကတော့ ဗကသနဲ့ ဗကပ ပဲ။

(မတ်(၁ဝ)လက်ပံတန်းအကြမ်းဖက်မှု)
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံရသူအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့တောင်းဆို လှုပ်ရှားကြမယ်။ ရေးသားလှုံ့ဆော်တိုက်တွန်းကြမယ်။ အင်တာနက်အွန်လိုင်းတွေမှာလည်း အချင်းချင်းကြား သတင်းတွေဖြန့်တာချိတာ ဝေတာငှတာတွေ ဆထက်ထမ်းပိုးလုပ်ကြမယ်။ ရောက်တဲ့နိုင်ငံတွေက နီးစပ်တဲ့ နိုင်ငံခြားမီဒီယာတွေကိုလည်း ဆက်သွယ်တာ သတင်းပို့ပေးတာ အဆက်အသွယ်လုပ်ပေးတာတွေလုပ်ကြမယ်။ လွတ်မြောက်နေတဲ့သူတွေကို ဖမ်းတာဆီးတာမလုပ်ဖို့နဲ့ လောလောဆယ်သူတို့တိမ်းရှောင်နေရချိန်မှာ တတ်နိုင်သလောက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ဖေးမကြဖို့တွေလည်းလုပ်ကြမယ်။
လက်ပံတန်းကိစ္စဟာ ငြိမ်းချမ်းစွာဆန္ဒပြချီတက်နေကြတဲ့ ကျောင်းသူကျောင်းသားများ ပါဝင်ပံ့ပိုးသူများ ကူညီဝန်းရံသူများအားလုံးအပေါ် စစ်အစိုးရကျူးလွန်တဲ့ နောက်ဆုံးအကြမ်းဖက်မှုဖြစ်တယ်။ ဆန့်ကျင်ရှုတ်ချပွဲတွေ ဒီထက်မကလုပ်ကြမယ်။ ဒီအစိုးရဟာ အရင်အစိုးပဲဆိုတာ ပွင့်ကျသထက်ကျအောင် ရောက်တဲ့နေရာကရတဲ့နည်းနဲ့ ဖွင့်ချကြမယ်။
နောက်တချက်က ရဲကိစ္စ။ ရဲတပ်ဖွဲ့ဆိုတာ အစိုးရယန္တယားဆိုတာလည်းမှန်တယ်။ ခိုင်းရင်လုပ်ရတာပဲဆိုတာလည်းမှန်တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ရဲတချို့ဟာ သိစိတ်ရှိရှိ စိတ်ပါလက်ပါ အငြိုးအာဃာတကြီးကြီးနဲ့ စိတ်လိုလက်ရ အကြမ်းဖက် ရိုက်နှက်ဖျက်ဆီးတာတွေ အထောက်အထားတွေမှာ အထင်အရှားတွေ့ရတယ်။
တရုတ်ပြည်လွတ်မြောက်သွားပြီးတဲ့အခါ ချန်ကေရှိတ်အစိုးရလက်ထက်က တာဝန်ရှိသူအတော်များများကို လက်ရဖမ်းမိတယ်။ သူတို့ တိုင်းပြည်နဲ့လူထုအပေါ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တရားစီရင်ဖို့လုပ်တော့ ဥက္ကဌမော်နဲ့တိုင်ပင်ညှိုနှိုင်းကြတယ်။ ဒီမှာ မော်စီတုန်းက "Policy Makers and Decision Makers ဆိုတဲ့ မူချသူနဲ့ဆုံးဖြတ်ချက်ပေးသူတွေကို တစုခွဲပါ။ ကိုယ်ထိလက်ရောက်ဖိနှိပ်သူတွေကို တစုခွဲပါ။ ကိုယ်ထိလက်ရောက် အကြမ်းဖက်သူတွေထဲကမှ မလွဲသာမရှောင်သာလို့လုပ်ရသူနဲ့ ကိုယ်တိုင်စိတ်လိုလက်ရ စိတ်ပါလက်ပါလုပ်သူကို သေသေချာချာစိစစ်ပြီးခွဲထုတ်ပါ။
မူချသူနဲ့ဆုံးဖြတ်ချက်ပေးသူအတွက်ကတော့ ကြီးလေးတဲ့ပြစ်ဒဏ်တွေဖြစ်ပြီး ကိုယ်တိုင်စိတ်လိုလက်ရ စိတ်ရှိလက်ရှိ စိတ်ပါလက်ပါကျူးလွန်သူတွေအတွက်လည်း မပေါ့တဲ့ပြစ်ဒဏ်တွေစီရင်ပါ။ မလွဲသာမရှောင်သာ လုပ်ခဲ့သူတွေအတွက်တော့ ပြစ်ဒဏ်ပေါ့ပေါ့ပေးတန်တာပေး လွှတ်တန်တာလွှတ်တွေ လုပ်ရင်သင့်မယ်"လို့သဘောရတဲ့ သူ့သဘောထားပေးဖူးတာကို အမှတ်ရမိတယ်။ (စကားလုံးတွေကတော့ ခုပြောခဲ့သလို အတိအကျမဟုတ်နိုင်ပါဘူး။ ဖတ်ခဲ့ဖူးတာလည်း ကြာ၊ ကိုးကားရမယ့်စာအုပ်လည်း အနားမှာမရှိဆိုတော့ မှတ်မိသလိုပြန်ရေးရတာပါ)
ရဲတွေကိစ္စပြန်ဆက်ရရင် ခု လက်ပံတန်းအကြမ်းဖက်မှုမှာ မူချသူတွေ ဆုံးဖြတ်ချက်ပေးသူတွေနဲ့ တတန်းတည်းပြစ်ဒဏ် မလျော့သောပြစ်ဒဏ် စီရင်ရမယ့်သူတွေပါတယ်။ ဒါကို ကျနော်တို့လောလောဆယ်မှာ မလုပ်နိုင်သေးဘူး။ လုပ်လို့မရနိုင်သေးဘူး။ ကျနော်တို့လုပ်လို့ရတာက ဆဲဗင်န်းဂျူလိုင်ကအစ၊ ၈၈ အရေးတော်ပုံအလည် လက်ပံတန်းအဆုံး စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှုတွေ(လူမျိုးစုဒေသတွေမှာ စစ်တပ်ကကျူးလွန်တာတွေအပါအဝင်) ရသမျှသတင်းအချက်အလက်တွေ ဓာတ်ပုံတွေ ဗီဒီယိုကလစ်တွေ စုဆောင်းသိမ်းဆည်းထားကြဖို့လည်း လုပ်ရမယ်တွေးပါတယ်။ အပြစ်ပေးနိုင်တဲ့အခွင့်အာဏာ လူထုလက်ထဲရောက်တဲ့အခါ သက်ရှိထင်ရှားရှိသေးရင် ရှိသူကိုတရားစီရင်ပြီး မရှိတော့သူတွေကိုတော့ ပြတိုက်တွေမှာ မှတ်တမ်းပြပွဲတွေလုပ်တာမျိုးတွေလုပ်ဖို့ပါပဲ။
ကျနော့်အတွေးတင်ပြတာပါ။

(လေးပွင့်ဆိုင်ကို ဖျက်ဆီးခြင်း)
ရဲထွဋ်က လေးပွင့်ဆိုင်သဘောတူညီချက်က ပျက်သွားပြီပြောတာ အလကားမဟုတ်။ ခုဖမ်းထားတဲ့ထဲက ခေါင်းဆောင်ပိုင်းတွေကို ထောင်ချဖို့နဲ့ လွတ်နေသေးသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ပဲ။ နောက်တချက်က ဇေယျာလွင်တို့လို ပဲ့ထွက်ကလေးတွေကိုကိုင်ပြီး ပညာရေးဥပဒေပြင်တယ်ဆိုပြီး လွှတ်တော်ထဲမှာစိတ်ကြိုက်ကစားနိုင်အောင်ပဲ။ NNER ကတော့ ဘာပြောမယ် ဘယ်လိုရပ်ခံမယ် မပြောတတ်သေးဘူး။ သေချာတာကတော့ ဖမ်းပြီးသားကျောင်းသားခေါင်းဆောင်တွေကို ရာဇဝတ်မှုလိုပုဒ်မတွေနဲ့ထောင်ချမယ်။ လွတ်နေသူတွေကိုဖမ်းဝရမ်းထုတ်မယ်။ အနိမ့်ဆုံး ခံဝန်လိုဟာမျိုးကို မလိမ့်တပတ်နဲ့ထိုးပြီးလွှတ်လိုက်တာမျိုး လုပ်လာနိုင်တယ်။ ခု လွှတ်ပေးလိုက်တယ်ဆိုတဲ့သူတွေကိုရော ခြွင်းချက်မရှိလွှတ်တာဟုတ်မဟုတ် သိဖို့လိုတယ်။ စစ်အုပ်စုဟာ အာဏာနဲ့ပတ်သက်ရင် ပြတ်တယ်။ ဘယ်မျက်နှာမှမထောက်ဘူး။ နေဝင်းလိုလူကိုတောင် ပြန်ကိုင်ထည့်လိုက်တာသာကြည့်။

(ကာဒီနယ်လ်ချားလ်စ်မောင်ဘို)
ဗက်တီကန်က ကက်သလစ်ရဟန်းချားလ်စ်ဘို ကို ကာဒီနယ်ခန့်လိုက်တာ အလကားမဟုတ်။ ပုပ်ရဟန်းမင်းဂျွန်ပေါလ်ဟာ အရှေ့ဥရောပက ကွန်မြူနစ်တွေ ဘုန်းဘုန်းလဲဖို့ အနောက်နဲ့ ရောမက ရွှေ့တဲ့ဇယားပဲ။ သူ့ထက် အောင်မြင်ပေါက်ရောက်တဲ့ ပုပ်ရဟန်းမင်း ရာစုနဲ့ချီ ရှိလို့လား။ ရောမသာသနာဟာ နိုင်ငံရေးပါ။ ကျောင်းတော်မှာ နိုင်ငံရေး ပါပါတယ်။ ကျနော်ကတော့ ချားလ်စ်ဘို ကို ကာဒီနယ်ခန့်တာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဘာသာရေးလွတ်လပ်ခွင့်အတွက် အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဝါဒီတွေကိုဟန့်တားဖို့အတွက် အကန့်အသတ်နဲ့ အပြတ်အသတ်ထောက်ခံတယ်။ ခုပဲကြည့် ကာဒီနယ်လ်ချားလ်စ်ဘို ပညာရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ မျိုးစောင့်ဥပဒေကိစ္စတွေမှာ စစ်အစိုးရကို အတိအလင်းဆန့်ကျင်ပြောနေပြီ။ လူထုဘက်က ရပ်နေပြီ။ စစ်အာဏာရှင်ကို ဆန့်ကျင်နေပြီ။

ဥတိလေးနဲ့ကိုကျော်သူ)
ဒေါ်ရွှေဇီးကွက်ကို ယုံယုံရဲရဲစိတ်ပြတ်ပြတ်နဲ့ထောက်ခံလို့ရပေမယ့် ဦးကျော်သူကြတော့ စဉ်းစားရသေးတယ်။ မတော် လက်ပံတန်းကိစ္စရှုတ်ချကြပြောနေရင်း ရဲလေးတွေသနားပါတယ်ဆိုပြီး ဗြမ္မာစိုရ်တရားတွေဟောလာရင် မခက်ပါလား။

(သီရိလင်္ကာမဟုတ်ပါ)
တရုတ်ရန်လက်ညှိုးထိုးပြီး အပစ်အခတ်ရပ်စဲရေးလုပ်လို့မရဘူး။ ပိုဆိုးတာက ပြည်တွင်းငြိမ်းချမ်းရေးစကားပြောလို့မရဘူး။ တရုတ်က ရန်မဟုတ်ဘူး။ ရန်က စစ်အာဏာရှင်စနစ်မှန်း လူတိုင်းသိပြီးသား။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မကလို့ စကြာဝဠာငြိမ်းချမ်းရေးနဲ့ ဖျားယောင်းလည်း လည်မထွက်သွားဘူး။ အပစ်ရပ်မရတာ စစ်တပ်ကြောင့်မှန်းသိသိနဲ့ ပင်းရိုက်မယ့်အကွက်ကို သေနတ်နဲ့လုပ်တဲ့နိုင်ငံရးသမားတိုင်း နောကြေပြီးသား။လည်မထွက်တဲ့အထဲမှာ မူတူးဆေးဖိုးတို့လည်း ပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်နက်စွန့်ပါလို့ မူတူးကိုပြောကြည့် စောဘဦးကြီးမူဆိုပြီး ကရင့်ကားပါမစ်ရော ကရင့်လက်နက်ရော ကရင့်လက်ထဲရှိတယ်ပြောမှာ။ ခု ကချင်ကို အရင်လိုလုပ်ပြန်ပြီ။ လုပ်လည်း လုပ်လုပ်ပဲ။ ဘယ်လူမျိုးစုမှ ဗမာလူမျိုးကြီးဝါဒီတွေထက် မညံ့ဘူး။ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ နော်ဝေ ဘာခေါင်းစဉ်နဲ့ဝင်ဝင် သီရိလင်္ကာလို လုပ်မရဘူး။

(စစ်နိုင်တဲ့ကျောင်းသား)
စစ်ဆိုတာ နိုင်ငံရေးပဲ။ တရားမှားရင် နိုင်ငံရေးမှားရင် ဘယ်စစ်မှနိုင်အောင်တိုက်မရ။ တရားမှန်ရင် စစ်နိုင်တယ်၊ နိုင်ငံရေးနိုင်တယ်၊ တရားနိုင်တယ်။ စစ်အစိုးရအဆက်ဆက် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်မရတာ တရားကိုက အမှားကြီး။ တရားအမှားနဲ့ ဘယ်စစ်ကို ဘယ်တော့မှ နိုင်အောင်တိုက်မရ။ တိုက်ပွဲရှူံးတာနဲ့ စစ်ရှူံးတာ သီးခြားကိစ္စဖြစ်တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးဟာ စစ်ပွဲကြီးပဲ။ ပညာရေးသပိတ်ဟာ စစ်ကြီးတပွဲလုံးထဲက တိုက်ပွဲလေးတခုပဲ။ ခု အဲ့ဒီတိုက်ပွဲလေးမှာ ရှူံးတာပဲ။ ဒါပေမယ့် ရန်သူ အနိုင်မရလိုက်ဘူး။ စိတ်ဓာတ်နဲ့အတွေးအခေါ်ရေးအရ ရပ်ခံယုံကြည်ရမှာက “တိုက်တယ် ရှူံးတယ်။ ထပ်တိုက်တယ် ထပ်ရှူံးတယ်။ ထပ်တိုက်တယ် ထပ်ရှူံးတယ်။ နောက်ဆုံးမှာ အောင်ပွဲဟာ ဒို့လက်ထဲရောက်တယ်”ဆိုတာပဲ။ ထပ်တိုက်ရဦးမှာပဲ။ ထပ်ရှူံးရဦးမှာပဲ။ အရှူံးကို ရဲရဲခံပြီး အဆုံးသတ်အောင်ပွဲအထိ ချီတက်ရမှာပဲ။ လက်ပံတန်းဟာ စစ်ရှူံးတာမဟုတ်ဘူး၊ တိုက်ပွဲတခု မနိုင်လိုက်တာ။


(ကျောင်းသားမသတ်နဲ့စစ်ဗိုလ်)
ကချင်လေးတယောက်ပဲ။ သူ့အဖေက တပ်ထွက်။ တပ်ကြပ်ကြီးလား အရာခံဗိုလ်လား တခုခုပဲ။ ထောက်ကြန့် ရဲစုရပ်ကွက်အစွန်အဖျားမှာ ခြံလေးဝယ်ပြီး ကြက်လေးဝက်လေးမွေး၊ ကန်ပွန်းချဉ် ဆူးပုပ်နဲ့ ကွမ်းလေးဘာလေးစိုက်ကြတယ်။ သူ့အမလည်း ဘွဲ့ရ မူလတန်းပြဆရာမလေးပဲ။ ၂ ယောက်လုံး ၁ဝ တန်းတက်တော့ အင်္ဂလိပ်စာကို ကျနော့်အကိုကြီးဆီမှာ ကျူရှင်တက်ကြတာ။ ၈၈ ဖြစ်တော့ ချာတိတ်က ၁ဝ တန်းတက်နေတုန်း။ ဘယ်အထဲမှ မပါဘူး။ အမကတော့ ဆရာမအနေနဲ့ ကျောင်းဆရာဆရာမများသမဂ္ဂမှာပါပြီး ဒို့အရေးဒို့အရေးအော်တယ်။ ဒီလောက်ပဲ။အာဏာသိမ်းပြီးတော့ မောင်က ၁ဝ တန်းအောင် ဗိုလ်သင်တန်းပါသွားတယ်။ နောက်တော့ ကျနော်လည်း ထောင်ထဲရောက်သွားတယ် ဘာတွေဖြစ်လို့ဖြစ်ကြမှန်း မသိတော့ဘူး။ အဆက်ပြတ်သွားတယ်။ ထောင်ကလွတ်တော့ အမေကပြောတယ် “အဲ့ဒီကလေး ဗိုလ်ဖြစ်ပြီးစမှာပဲ တိုက်ပွဲကျသွားတယ်။ သူ့အဖေအမေတွေ ငိုကြတာမှ သနားစရာပဲ။ သူ ဗိုလ်သင်တန်းဆင်းပြီး ယူနီဖေါင်းနဲ့အိမ်လာပြီး မင်းအကိုကြီးကိုကန်တော့ တော့ အကိုကြီးကပြောတယ် မင်းလည်း အခု စစ်ဗိုလ်ဖြစ်ပြီ အရင်ကတော့ကျောင်းသားပဲ။ မင်းသူငယ်ချင်းကျောင်းသားတွေကို သတ်တာဖြတ်တာမျိုးတော့ရှောင်ကွာလို့ပြောတော့ သူက ဆရာကြီး သူတို့အေးအေးဆေးဆေးနေရင် ကျနော်တို့လည်း ပစ်စရာဘာမှမရှိပါဘူးလို့ပြန်ပြောတော့ မင်းအကိုကြီး တွေပြီး သူ့ကိုကြည့်နေတယ် ဘာမှပြန်မပြောဘူး။ သူကန်တော့တော့လည်း သာဓုတော့ခေါ်တာပဲ။ နောက် သိတ်မကြာဘူး ကရင်ပြည်နယ်မှာ တိုက်ပွဲကျသွားတယ်။ ခုတော့ သူ့မိဘများ ဘယ်မှာဆိုလား မြေကွက်တွေဘာတွေရပြီး စီးပွားရေးတွေ လုပ်နေကြတယ်လို့ပြောတယ်။ သူ့အမလည်း ဆရာမ မလုပ်တော့ဘူးတဲ့”။ အဲ့ဒါ အမေပြောတဲ့ ကျနော်သိတဲ့ ကျနော့်အကိုကြီးတပည့် ထောက်ကြန့်က ကချင်စစ်ဗိုလ်လေးတယောက်ရဲ့ကောက်ကြောင်း။ မနက်ကြမှ ချာတိတ်နံမည် အမေ့ မေးကြည့်ဦးမယ်။ SK တန်မိုင်လို့ထင်တာပဲ။ မျက်နှာမှာ ဝက်ခြံလေးတွေ ထူထူပိန်းပိန်းနဲ့။
သူ့အမ နံမည်ကတော့ ဘောက်ဂျာဆိုလားမသိဘူး။

(ပျောက်တဲ့အောင်မင်း)
အောင်မင်းတကောင် ပျောက်နေပါလား။ ကျန်းမာရေးမကောင်းများ ဖြစ်ပေးနေရသလားမသိ။ စစ်သရဏံကို ယောင်ပြီး ဂစ္ဆာမမိလိုက်လို့ တောင်းပန်ထားရတာလည်းရှိ။ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့တဲ့ပွဲမှာလည်း ရုပ်ပျက်ဆင်းပျက် အရှက်တကွဲအကျိုးနည်းကလည်း ဖြစ်သွားရတယ်။ ကေအိုင်အေကို မင်းအောင်လှိုင်နဲ့သိန်းစိန်ကတွေ့မယ်ဆိုပဲ။ နောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနေ့လည်း တိုနီဘလဲယားတို့ဘာတို့တောင် လာမှာတဲ့။ အောင်မင်း နေမကောင်းရင် အမ်ပီစီလည်း ခွက်ပျောက်ပြီ။ ဒီကြားထဲ IPeace ဆိုပြီး လုပ်စားနောက်တသင်းက တက်ထောင်လာတယ်။

(ထောင်ဟာထောင်ပဲ)
အိပ်ယာမဝင်ခင်၊ တရေးနိုးတိုင်းနဲ့ အိပ်ယာကနိုးနိုးခြင်းအတွေးဟာ "ကလေးတွေ ခုချိန်ဆို ထောင်ထဲမှာ ဘယ်လိုနေရှာမလဲ"ဖြစ်နေတယ်။ ကိုယ်တိုင် ထောင် (၃)ကြိမ် အဝင်အထွက်လုပ်ခဲ့သူဆိုတော့ ထောင်ဆိုတာဘာမှန်း ပြက်ပြက်ထင်ထင်
သိတယ်။ ဘာတွေဘယ်လိုပြောင်းတယ်ပြောပြော ထောင်ဟာ ထောင်ပဲ။ အစိုးရယန္တယားရဲ့ လူတန်းစားဖိနှိပ်ရေးကိရိယာပဲ။

(ဗုံးစာမိမယ့်လွှတ်တော်)
လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နဲ့ထုသလို၊ လက်ပန်းတောင်းတောင်က လူနဲ့သံဃာတွေကို မီးလောင်ဗုံးနဲ့ပစ်သလို၊ မြို့တော်ခန်းမရှေ့မှာ လက်ပတ်နီတွေပတ်ပြီး ဝါးရင်းတုတ်နဲ့ဝင်ရိုက်သလို၊ လက်ပံတန်းမှာကျောင်းသားတွေကို နံပတ်တုတ်နဲ့ ရက်ရက်စက်စက်နှက်သလို ခေါင်းဆောင်အမည်ခံသူတွေနဲ့ အရပ်ဝတ်စစ်လွှတ်တော်အမတ်တွေရဲ့ငယ်ထိပ်ပေါ် အမြောက်ဆံကျမယ့်နေ့၊ မျက်နှာမီးသင့်မယ့်နေ့၊ ဂုတ်ပိုးမှာဝါးရင်းတုတ်စာမိမယ့်နေ့၊
နံပတ်တုတ်ကျောပေါ်ကျမယ့်နေ့ဟာ မဝေးတော့ဘူးမှတ်တယ်။

(ညိုညိုသင်းတွေလိုနေတယ်)
လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် NNER အဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းရဲ့ လူထုနဲ့တိုင်းပြည်အပေါ်၊ ကျောင်းသားထုနဲ့အနာဂတ်ပညာရေးအပေါ်ထားတဲ့ စိတ်စေတနာကောင်းဟာ သာဓုအကြိမ်ကြိမ်ခေါ်ထိုက်သလို၊ အတိုက်အခံအမည်ခံ လွှတ်တော်ဝင် အခြားအခြားသောအမတ်ဖိုအမတ်မတွေအတွက်လည်း ရှက်တတ်ရင်လဲသေလို့ရပြီး နိုင်ငံရေးသိက္ခာရှိရင်အမတ်အဖြစ်ကနေ နှုတ်ထွက်ဖို့ထိအောင်ကို တွန်းအားဖြစ်စေမှာပါ။ အရပ်သားစစ်လွှတ်တော်အမတ်တွေဟာ ဒေါက်တာညိုညိုသင်းဆီကနေ သင်ယူလိုစိတ်သာရှိပြီး သင်လည်းသင်ယူကြမယ်ဆို အင်မတန်ကောင်းတဲ့ရတောင့်ရခဲ့အခွင့်အလမ်းကြီးတခု ကံကောင်းထောက်မစွာ ရလိုက်ကြပြီ။ သင်ယူလိုစိတ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။

(ဟောင်ကောင်ထီးနဲ့ဗမာ့မီး)
ဟောင်ကောင်အရေးလွှတ်တော်ထဲမှာ ကဖျက်ယဖျက်ဆွေးနွေးဖို့လည်းလုပ်ရော ကျောင်းသားလှုပ်ရှားတောင်းဆိုမှုထောက်ခံတဲ့အနေနဲ့ အတိုက်အခံအမတ်တချို့က ထီးတွေဖွင့်ဆောင်းပြီး လွှတ်တော်ထဲကထွက်ခဲ့ကြသတဲ့။
ဗမာပြည် အမျိုးသားပညာရေးဥပဒေပြုပြင်ရေးကျောင်းသားသပိတ်က တောင်းဆိုကြတော့ မတိုက်အခံအမတ်တွေက ၁ဝ သိန်းတန် ချက်လက်မှတ်ကြီးတွေ အငမ်းမရ အိပ်ထဲထည့်ပြီး ငုတ်တုတ်ကြီးတွေ ထိုင်နေကြသတဲ့။
အနာဂတ်အပေါ်မြင်တဲ့အမြင်ကျယ်မှု တိုင်းပြည်နဲ့လူထုအပေါ်ထားတဲ့ စိတ်စေတနာတွေမှာ ကွာကြပုံများပြောပါတယ်။

(အမေနဲ့ ဒေါက်တာအီက်ဗားလ်)
မနေ့က အမေ့အတွက် ဆေးရုံအပွိုင်မင်န်တခုလိုက်သွားတယ်။ စကားပြန်လုပ်ဖို့ပါ။ ဟိုရောက်တော့ ဆရာဝန်ကြီးက အမေ့အကြောင်း ကိုယ်ရေးအချက်အလက်တွေမေးရင်း တနေရာရောက်တော့ “အတန်းပညာ ဘယ်လောက်အထိသင်ဖူးသလဲ”မေးခွန်းပါလာတယ်။ အမေက ဖြေတယ်။ ပြီးတော့ ဆရာဝန်ကြီးက ဗမာစကားအပြင် အခြား ဘာစကားတွေ တတ်သေးလတဲ့။ အမေက “အာရဗစ်နဲ့အူရဒူကို ရေးနိုင်ဖတ်နိုင်ပြောနိုင်တယ်။ ဟိန္ဒူစတန်နီတော့ နည်းနည်းပြောတတ်တယ်”ဆိုလို့ ကျနော်က ဘာသာပြန်ပေးရတယ်။ ဆရာဝန်ကြီးက “ငါလည်း ပါကစ္စတန်လူမျိုးပဲ အူရဒူလိုလည်းပြောတာပဲ။ မင်းအမေနဲ့ အူရဒူလို တိုက်ရိုက်စကားပြောလို့ရမလား မေးကြည့်ပါ”ဆိုတော့ အမေက “ရပါတယ်”ပြောပြီး နှစ်ယောက်သား ပွားနေလိုက်ကြတာ။ အပြန်အလှန်မေးခွန်းတွေမေးလို့။ ပြုံးလို့ရွှင်လို့ ရီလို့မောလို့။ သူ့မြေးမ မရင်နှစ်ကို လက်ညှိုးတွေ ထိုးထိုးပြောလို့။ ကျန်းမာရေးကိစ္စတွေတင်မကဘူး ထွေရာလေးပါးတွေပြောနေကြပုံပဲ။ ကျနော်က တခွန်းမှသာနားမလည်တာ အမေဝမ်းသာနေမှန်းသိတော့ ပျော်တာပါပဲ။ ဆရာဝန်ကြီးလည်း အမေနဲ့ပြောရင်း “နောက်တခါဆို ငါ စကားပြန်မလိုတော့ဘူး။ မင်းဖြစ်ဖြစ် မင်းညီမဖြစ်ဖြစ် အဖော်အနေနဲ့ပဲလိုက်ခဲ့တော့။ ဒါနဲ့ တို့အခုပြောနေတာတွေ မင်းနားလည်လား” တဲ့။ “နားမလည်ပါဘူး”လို့ဖြေတော့ သူက အံ့သြသလိုကြည့်တယ်။ ဘာမှတော့မပြောဘူး။ အစ္စလာမ်အမည်ဘယ်လိုခေါ်သလဲနဲ့စလိုက်တဲ့ သူတို့စကားဝိုင်းဟာ အလ္လာဟ်အရှင်မြတ်ဂရုဏာတော်နဲ့ ကောင်းချီးမင်္ဂလာအဖြာဖြာ သင့်အပေါ် သက်ရောက်ပါစေနဲ့ဆုံးသွားတယ်။ ဒီရောက်ပြီး ၅ နှစ်မှာ အမေ့အတွက် ဒါ ပထမဆုံးအူရဒူလိုစကားပြောဖက်ရတာပဲမှတ်တယ်။ ပြီးတော့ ပညာတတ်လူယဉ်ကျေးလည်းဖြစ်နေတယ်။
အပြန်ကြတော့ လမ်းမှာ အမေက “အမေ့ဆုတောင်းကို အလ္လာအရှင်မြတ် လက်ခံဖြည့်ဆီးတော်မူတယ်”လို့ပြောတယ်။ ကျနော် နားမရှင်းတာနဲ့ ”ဘာလဲအမေ”ဆိုတော့ “သြော် အမေ့အပွိုင်မန်မှာ အစစအရာရာ အဆင်ပြေပါစေ လူကောင်းလူမြတ်ဆရာဝန်ကြီးဖြစ်ပါစေ။ အမေ့ကို စာနာနားလည် ကူညီနိုင်သူဖြစ်ပါစေ။ အမေ့အလိုပြည့်ပါစေလို့ မနေ့ကရော ဒီမနက်ထွက်ခါနီးရော ဆုတောင်းတာလေ။ ခု ပြည့်တာပဲ”လို့ပြောပြီး ပြုံးနေတယ်။ အရွယ်အို အရေးအကြောင်းတွေနဲ့မျက်နှာဟာ အပြုံးကြောင့် လင်းချင်းကြည်လင်ပြီး တောက်နေတယ်။ အမေ့အမူအယာဟာ ဖျတ်ဖျတ်လတ်လတ် လန်းလန်းရွှင်ရွှင်လည်း ပိုရှိလာသလိုပဲ။

(မတ်လမှာဖြစ်ခဲ့တာ)
မတ်လမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မီးရှူးသန့်စင်ဖွားမြင်တယ်။
မတ်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်လမ်းစဉ်ရွေးရတယ်။
မတ်လမှာ ဖက်ဆစ်တော်လှန်ရေး စခဲ့တယ်။
မတ်လမှာ ကိုဖုန်းမော်ကျပြီး ဒီမိုကရေစီအရေးတော်ပုံကြီး မီးတောက်တယ်။
မတ်လဟာ ငြိမ်းချမ်းရေးမွေး
မတ်လဟာ လက်နက်ကိုရွေး
မတ်လဟာ တော်လှန်ရေးစ
မတ်လဟာ ဒီမိုကရေစီ မီးတောက်
ငြိမ်းချမ်းရေး မတ်လ
လက်နက်ကိုင် မတ်လ
တော်လှန်ရေး မတ်လ
ဒီမိုကရေစီ မတ်လ
ခု
မတ်လ
လာပြန်ပြီ။


0 comments:

Post a Comment