ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၁၂)
ဒုတိယပိုင်း
“မဟာမိတ်တပ်တွေ
ရန်ကုန်မြို့သိမ်းပြီးနောက် ရန်သူ့အခြေအနေဟာ ရန်သူစစ်မျက်နှာ (၂)ဘက်ရှိနေပါတယ်၊ စစ်မျက်နှာ
တဖက်က ပဲခူး - မန္တလေးရထားလမ်းရဲ့ အနောက်ဘက်ပဲခူးရိုးမဖြစ်တယ်၊ တခုကတော့စစ်တောင်းမြစ်ကမ်း
ဖြစ်ပါတယ်၊”
“ဗမာ့တပ်မတော်စစ်တိုင်းအသီးသီးဟာလည်း
ဒီရန်သူကိုသူတို့သက်ဆိုင်ရာနယ်တွေမှာ တိုက်ခိုက်နေကြပါတယ်၊ ကျနော်တာဝန်ကျတဲ့ တိုင်း(၄)စစ်နယ်အတွင်းမှာ
ဒီရန်သူစစ်မျက်နှာ ၂ ဘက်ကိုတိုက်ဖို့ တပ် (၅)တပ် ဖွဲ့တယ်၊ တတပ်ကိုအနောက်ဘက် ပဲခူးရိုးမက
ရန်သူတွေကိုမောင်းထုတ်ရန်၊ ကျန် (၄)တပ်ကို ပဲခူးရိုးမကစစ်တောင်းမြစ်ကိုဖြတ်ကျော်ပြေးတဲ့ရန်သူတွေကို
ချောင်းမြောင်းပြီးတိုက်ရန်နှင့် စစ်တောင်းမြစ်ကမ်းက အနောက်ဘက်ကိုကျော်လာပြီး ပဲခူးဘက်ကိုထိုးဖောက်နေတဲ့ရန်သူကို
တွန်းလှန်တိုက်ခိုက်ရေးကို ပြုခဲ့ရတယ်၊”
“ပဲခူးအနောက်စစ်မျက်နှာဆိုရင်
လှည်းကူးမြို့ကိုဖြတ်ဆင်းတဲ့ငမိုးရိပ်ချောင်းနဲ့ ပဲခူးမြို့ကိုဖြတ်ဆင်းတဲ့ ပဲခူးချောင်းဖျား
အကြားမှာရှိတဲ့ ရန်သူတွေကို ဇူလိုင် (၁)ရက်နေ့ကစပြီး ဇူလိုင် (၂၈)ရက်နေ့အထိ ငမိုးရိပ်ချောင်းကမ်းကနေ
တဖြည်းဖြည်း တောနက်ကြီးထဲမှ စတင်ရှင်းလင်း တိုက်ခိုက်ခဲ့တာ၊ ဇူလိုင် (၂၈)ရောက်တဲ့အခါ
ဒီချောင်းနှစ်ခုကြားမှာရှိတဲ့ရန်သူတွေဟာ ရှင်းလင်းသွားတာပဲ၊”
“အဲဒီလိုရှင်းသွားတယ်ဆိုရင်ပဲ
ဖောင်ကြီး၊ ထန်းတောကြီး၊ ဇောင်းတူ၊ ဇီးတောအစရှိတဲ့ ရွာအပေါင်းကလူတွေဟာ အင်မတန်ဝမ်းမြောက်
ကြပါတယ်၊ ပဲခူးကွင်းမှာလယ်လုပ်ဖို့အတွက် သစ်၊ ဝါး၊ ဓနိစတာတွေလည်းပဲဒီနယ်တွေကို သိမ်းလိုက်နိုင်တဲ့အတွက်ရခဲ့ပါတယ်၊
ဒီနယ်ထဲက လူတွေဟာ တပ်မတော်တနေရာရွှေ့မယ်လို့ အထုပ်အပိုးပြင်တယ်ဆိုရင် အူယားဖားယားပြေးလာကြပြီး
ငိုကြီးချက်မနှင့် မပြောင်းရွှေ့ကြရန် တောင်းပန်ကြတော့တာပဲ၊ ရဲဘော် တွေဟာ သူတို့မျက်နှာကြောင့်
မပြောင်းရွှေ့ရက်တော့ဘဲ အမျိုးမျိုးသောငှက်ဖျားရောဂါနှင့် ငတ်မွတ်ခေါင်း ပါးတဲ့ဘေးဒုက္ခတွေကို
ခံနေကြရတယ်၊ ဒီတိုက်ပွဲတွေမှာ သယ်ယူပို့ဆောင်ဖို့လမ်းဟာ အင်မတန်ခဲယဉ်းတယ်၊ ရိက္ခာတွေကိုသထုံကရလာတဲ့
ဆင်၊ မြင်းတွေနဲ့ပို့ရတယ်၊ တချို့ ရန်သူကလမ်းကဖြတ်တိုက်လို့ ရဲဘော်တွေ အငတ်ငတ်အပြတ်ပြတ်ဖြစ်ခဲ့ရတယ်၊
ရဲဘော်တွေချီတက်ရတဲ့ လမ်းဟာ ချောင်းမြောင်းတွေကြားကချီတက်ရလို့ ရေလည်ပင်းလောက်ကို မျှော့၊
ကျွတ်တွေဒဏ်ခံရင်း ပြောက်ကျားခုခံနေတဲ့ ရန်သူတွေကို လည်းရှင်းလင်းရင်း ဒီတောကြီးတွေကို
နင်းကျော်ခဲ့ရတယ်၊ ကျနော်တို့တပ်တွေမှာ ခြင်ထောင်မရှိလို့ ရဲဘော်တွေ ညအိပ်တဲ့အခါ တယောက်ကအိပ်နေရင်
တယောက်ကယပ်ခတ်ပေးရတယ်၊ ရွာတရွာသိမ်းပြီဆိုရင်လည်း ရန်သူကဖျက်ဆီးမီးရှို့သွားပြီးဖြစ်လို့
နေစရာတဲမရှိ၊ မိုးရွာကြီးထဲမှာ အမိုးမရှိ သစ်ပင်၊ ဝါးပင်အောက် ဖြစ်သလိုနေခဲ့ရတယ်၊”
“ဒီလိုဒုက္ခအပေါင်း ပြည့်နှက်နေတဲ့စစ်မြေပြင်မျိုး ဘယ်စစ်တပ်မျိုးမှ အခုခေတ်မှာ တိုက်ကြမှာမဟုတ်ဘူး၊
ကျနော်တို့အဖို့ကတော့ကြီးမားတဲ့ယုံကြည်ချက်ကြောင့် တိုက်ခဲ့ရတယ်၊”
“စစ်တောင်းစစ်မျက်နှာကို
ပြောပါဦးမယ်၊ ကျနော်တို့တိုက်ခဲ့ရတဲ့ စစ်တောင်းစစ်မျက်နှာမှာ ရန်သူဘက်မှစစ်ကြောင်း
(၃)ကြောင်းဖြန့်ပြီး ခုခံတာ တွေ့ရတယ်၊”
“ပထမစစ်ကြောင်းဟာ
မြစ်ကျိုး၊ ဒုတိယစစ်ကြောင်းဟာ ညောင်ခါးရှည်၊ တတိယစစ်ကြောင်းဟာ ရေလ၊ ချောင်းကြီး၊ ကွမ်းယားရှည်၊
တံခွန်တိုင်၊ ဝဲပြန်စတဲ့နေရာတွေ ဖြစ်တယ်၊”
“ရန်သူ့ရည်ရွယ်ချက်ဟာ
မဟာမိတ်ယန္တရားတပ်တွေ စစ်တောင်းမြစ်ဖြတ်ပြီး သထုံနယ်ထဲဝင်မလာနိုင်အောင် စစ်တောင်းမြစ်အနောက်ဘက်
ကမ်းက အထက်ပါသုံးနေရာကခုခံတာပါပဲ၊”
“ပထမမြစ်ကျိုးစစ်ကြောင်းရဲ့
ရည်ရွယ်ချက်ကတော့မြစ်ကျိုးဟာ ပဲခူး - မန္တလေးမော်တော်ကားလမ်းကနေပြီး မြစ်ကျိုးထိအောင်
ဖောက်လုပ် ထားတဲ့ ရေကာတာကြီးဆုံရာ နေရာဖြစ်တယ်၊ အဲဒီရေကာတာကြီးဟာ မဟာမိတ်မော်တော်ကားတွေ
ချီတက်သွားနိုင်တယ်၊”
“နောက်
ပဲခူး စစ်တောင်းတူးမြောင်းဆုံရာ နေရာလည်းဖြစ်တယ်၊ ဒိုက်ဦးကိုဖြတ်ပြီးစီးလာတဲ့ ခမုံချောင်းဆုံနေရာလည်းဖြစ်တယ်၊
အဲဒီလမ်း (၃)လမ်းက မဟာမိတ်ယန္တရားတပ်တွေဟာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ခရွဲဆိုတဲ့နေရာကို
ကူးနိုင်တယ်၊ ဒါကြောင့်ရန်သူဟာ ဒီလမ်း (၃)လမ်း ဆုံတဲ့ မြစ်ကျိုးဆိုတဲ့နေရာကို မရရအောင်သိမ်းထားတာပဲ၊”
“ဒုတိယစစ်ကြောင်းကတော့
ပဲခူး - မော်လမြိုင်လမ်း စစ်တောင်းမြစ်ကိုဖြတ်တဲ့နေရာပဲ၊ စစ်တောင်းတံတားကြီးကျိုးနေပေမယ့်
မဟာမိတ် ယန္တရားတပ်တွေဖြတ်ကူးမှာစိုးလို့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းမီးရထားလမ်းပေါ်မှာရှိတဲ့
ညောင်ခါးရှည်ဆိုတဲ့နေရာကိုရန်သူဟာ အရသိမ်းပိုက်ထားပြီး ရှေ့ကိုစစ်မျက်နှာတိုးချဲ့နေတယ်၊”
“တတိယစစ်မျက်နှာကတော့
ဗမာ့ပြောက်ကျားတပ်တွေ သထုံနယ်ထဲဝင်လာနိုင်တဲ့လမ်းဖြစ်လို့ ပိတ်ဆို့တားဆီးထားတယ်၊ နောက်
စစ်ကြောင်း (၃)ကြောင်းမှာ ရန်သူ့ရည်ရွယ်ချက်တခုလည်းရှိသေးတယ်၊ အဲဒါကအနောက်ဘတ်ကမ်းမှာရှိတဲ့ရွာကြီးတွေက
အရှေ့ဘက်ကမ်း မှာရှိတဲ့တပ်တွေအတွက် ရိက္ခာ ရဖို့ပဲ၊”
“အဲဒီစစ်ကြောင်း
(၃)ကြောင်းမှာ တကြောင်းစီမှာ ရန်သူအင်အားအနည်းဆုံး (၁၅ဝဝ)ရှိတယ်၊ ကျနော်တို့ဘက်ကတော့
လူ (၄ဝဝ)မျှစီနဲ့ တိုက်ရတယ်၊ ရန်သူဟာ လေးရက်တပတ်၊ ငါးရက်တပတ် လူလည်းပြောင်းပေးနိုင်တယ်၊
ကျနော်တို့ဘက်က တခါမှမပြောင်းနိုင်ဘူး၊ အဲဒီစစ်ကြောင်း (၃)ကြောင်းလုံးရဲ့ မြေအခြေအနေဟာ
ရေဖုံးလွှမ်းလျက်ရှိတယ်၊ ရွာတွေကိုရေဝိုင်းလျက်ရှိတယ်၊ မြွေပွေးနဲ့မျှော့လည်း အင်မတန်ပေါတယ်၊
ခြင်အလွန်ကိုက်တယ်၊ တိုက်ခိုက်ရတဲ့တိုက်ပုံတိုက်နည်းကလည်း ရန်သူရှိတဲ့ရွာတရွာကို တိုက်တော့မယ်ဆိုရင်
ရန်သူ့နေရာဟာ ရေပတ်လည်ဝိုင်းနေတဲ့ကုန်းမြင့်ရွာထဲမှာ သေချာစွာခုခံဖို့ပြင်ဆင်ထားတဲ့မြေကတုတ်၊
အဲဒီကနေရန်သူကလှမ်းပစ်တာ ကျနော်တို့က အကာအကွယ်မရှိ ရေထဲမှာမတ်တတ်ရပ်ပြီး အသေခံတိုက်ရတယ်၊
သေနတ်ပစ်ရင်လည်း မတ်တတ်ရပ်ပစ်ရတယ်၊ စက်သေနတ်ကလေးခြေထောက် ချစရာမရှိလို့ ရဲဘော်တယောက်က
ရှေ့ကအသေခံပြီး စက်သေနတ်ခြေထောက်ကိုင်ပေးပြီး တိုက်ခိုက် ချီတက်ရတယ်၊ လက်နက်ချင်း စာလိုက်ရင်လည်း
ကျနော်တို့မှာ ရှေ့ကတက်တဲ့ရဲဘော်တွေကို ကာကွယ်ပေးနိုင်တဲ့ အပေါ်ကျော်ပစ်ပေးနိုင်တဲ့
အမြောက်၊ စိန်ပြောင်းလုံးဝမရှိဘူး၊ ရှေ့တည့်တည့်သာပစ်နိုင်တဲ့ သေနတ်ကလေးများနဲ့သာတိုက်ရတယ်၊
အဲဒီသေနတ်တွေဟာလည်း တချို့ဟာ ဂျပန်လက်နက်တွေဖြစ်လို့ ဂျပန်ကျည်ဆံမရှိတဲ့အတွက် ချွေတာပြီးပစ်ရတယ်၊
ရန်သူဘက်ကဆိုရင် မြေကတုတ်ထဲကလည်း ပစ်တယ်၊ စက်သေနတ်အားလည်း ကျနော့်တို့ထက်များတယ်၊ ကျော်ပစ်တဲ့စိန်ပြောင်းကိုလည်းသုံးတယ်၊”
“မြစ်ကျိုးစစ်မျက်နှာမှာဆိုရင်
ပထမကျနော်တို့ဘက်က လူ (၁ဝဝ)မျှသာရှိတဲ့ တပ်တတပ်နဲ့ မဟာမိတ်တပ်ရင်တတပ်သာ မြစ်ကျိုးမှာချ
ရပ်ထားတယ်၊ ဇူလိုင်လဆန်းလောက်မှာ ရန်သူတွေဟာ မြစ်ကျိုးကိုသိမ်းဖို့ သုံးဘက်သုံးတန်က
အင်အား (၁၅ဝဝ)နဲ့ တိုက်စစ်ဆင်ကြတယ်၊ မဟာမိတ်တပ်နဲ့ ကျနော်တို့တပ်ဟာ ရန်သူအင်အားကြီးမားတဲ့အတွက်
မြစ်ကျိုးကနေ ဇူလိုင်လ (၁ဝ)ရက်နေ့မှာ ဆုတ်ခွာပေးခဲ့ရတယ်၊ မဟာမိတ်တပ် အရင်ဆုတ်သွားပြီးနောက်
ကျနော်တို့မဆုတ်သေးဘဲ မြစ်ကျိုးက စစ်ဘေးဒုက္ခသည်မျာ အပြီးအပိုင်ပြောင်းရွှေ့နိုင်သည့်
တိုင်အောင် ခုခံကာကွယ်ပေးထားရတယ်၊ အရေးကြီးတဲ့ ဆန်၊ စက်ကရိယာတွေ၊ အခြားပစ္စည်းတွေဖြုတ်၊
ဖျက်၊ ဝှက်ပြီးမှ ရန်သူကို ဖောက်ထွင်းပြီး ဆုတ်ခဲ့ရတယ်၊ ဒါပေမယ့် ကျနော်တို့တပ်ဟာ မြစ်ကျိုးနဲ့
(၆)ဖာလုံလောက်သာဝေးတဲ့ လေးအိမ်စုရွာမှာအခြေစိုက်ပြီး ရန်သူများ မြစ်ကျိုးကရှေ့ကိုမတက်နိုင်အောင်အမျိုးမျိုးခဲခဲယဉ်းယဉ်းနဲ့
အနှောင့်အယှက်ပေးရတယ်၊ ဒီအတွင်းကျနော်တို့ဘက်က (၁ဝ၄) တပ်ရင်းကို မြစ်ကျိုးနောက်ဘက်သို့
စစ်ကူလွှတ်ရတယ်၊ ရန်သူရဲ့အလုံးအရင်းဟာ မြစ်ကျိုးကိုအခြေမစိုက်နိုင်အောင် အမျိုးမျိုးအနှောင့်
အယှက်တွေပေးပြီး တိုက်ခိုက်ဖို့ပဲ၊”
“ကျနော်တို့
မြစ်ကျိုးကိုလက်မလွှတ်နိုင်တဲ့အကြောင်းရင်းကတော့ ရန်သူအလုံးအရင်းဟာ မြစ်ကျိုးကို ပိုင်ပိုင်နိုင်နိုင်သိမ်းထားနိုင်ရင်
“ကပင်” ရေကာတာနဲ့ “ပဂိုင်”ရေကာတာနှစ်ခုကို ရန်သူကချိုးဖောက်လိုက်ရင် ပဲခူးတနယ်လုံးရေလွှမ်းပြီး
လူတွေသိန်းချီ ဒုက္ခရောက်ကြမှာကြောင့် ကျနော်တို့တပ်တွေဟာ ရှိစုမယ့်စုအင်အားကလေးနဲ့
ခုခံနေရတာပါ၊”
“ဒီလိုခုခံမှုကြောင့်
ရန်သူဂျပန်တို့ဟာ ရှေ့မတက်နိုင်ဘဲ မြစ်ကျိုးတွင်ပဲအခြေစိုက်ကာ သူတပြန်ငါတလှည့်တိုက်နေရကာ
နောက်ဆုံး ဂျပန်စစ်တပ်ကြီးလက်နက်ချတဲ့အချိန်ထိ ဖြစ်ခဲ့ရပါတယ်၊”
“အဲဒီမြစ်ကျိုးတိုက်ပွဲတွေမှာဆိုရင်
သထုံနယ်တိုက်ပွဲတွေမှာ နာမည်ကောင်းကျော်ကြားခဲ့တဲ့ကျနော်တို့တပ်မှူး (၂)ယောက် ဒီရေကာတာ
ကြီးပေါ်မှာ ကျဆုံးခဲ့ရပါတယ်၊ နေ့စဉ်လိုလို ဒီရေကာတာကြီးအနားမှာ မပြတ် ကင်းထောက်တိုက်ပွဲလေးတွေ
ဖြစ်ခဲ့ရတယ်၊ ကျနော်တို့ တပ်ဟာ ဒီရေကာတာကြီးတလျှောက် နေ့ညမပြတ် မျက်ခြည်မပြတ်အောင်
စောင့်ရှောက်ခဲ့ရတယ်၊ ကျနော်တို့အဖို့ ဒီရေကာတာကြီး ရန်သူတွေလက် မရောက်ခဲ့ရအောင် ထိန်းသိမ်းတိုက်ခိုက်နိုင်တဲ့အတွက်ဘယ်တော့မှ
မေ့နိုင်မယ်မဟုတ်ပါ၊”
“ရန်သူဟာ
ကျနော်တို့ တပ်စခန်းတွေကို အမြောက်နဲ့လှမ်းပစ်၊ စိန်ပြောင်းနှင့်ပစ်၊ စစ်သေနတ်တွေနဲ့ပစ်သော်လည်း
ကျနော်တို့ နောက်မဆုတ်ဘဲ တွန်းလှန်နိုင်ခဲ့တဲ့အတွက် မြစ်ကျိုးရေကာတာကြီးဟာ ကျနော်တို့လက်ထဲမှာ
နောက်ဆုံးအချိန်ထိရှိခဲ့ပါတယ်၊ အဲဒီတိုက်ပွဲမှာ ကျနော်တို့နဲ့ရန်သူဟာ တဖက်နဲ့တဖက် အနီးကပ်ဆုံးမျက်နှာချင်းဆိုင်ဖြစ်နေခဲ့တယ်၊”
“ဒုတိယစစ်ကြောင်းဖြစ်တဲ့
ညောင်ခါးရှည်မှာဆိုရင်လည်း မဟာမိတ်တွေနဲ့ပူးပေါင်းပြီး လက်ဝဲတောင်ပံက ကျနော်တို့တာဝန်ယူတိုက်ခဲ့ရတယ်၊
ဒီစစ်ကြောင်းဟာ ရန်သူအပြင်းတိုက်ခဲ့တဲ့စစ်ကြောင်းပါ၊ တနေရာမှာ ကျနော်တို့တပ်ခွဲတခွဲကို
နှစ်ဆမျှရှိတဲ့ရန်သူဟာ သုံးရက်တိတိဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်၊
ဒါပေမယ့် ကျနော်တို့တတွေဟာ တဖြည်းဖြည်း ရန်သူရဲ့စစ်မျက်နှာကို တွန်းလှန်နိုင်ခဲ့တယ်၊”
“တတိယစစ်ကြောင်းမှာဆိုလို့ရှိရင်
ရန်သူဟာပထမ ပဲခူး - ရန်ကုန်လမ်းနား အတွင်းကျကျရွာတွေထိအောင် နှောင့်ယှက်တိုက်ခိုက်နိုင်တယ်၊
အဲဒီမှာ တာဝန်ကျတဲ့ (၁ဝ၂) (၁ဝ၃)တပ်ရင်းများဟာ ရက် (၂ဝ)အတွင်း ဖိပြီးတိုက်ခိုက်ခဲ့တဲ့အတွက်
ရန်သူဟာပင်လယ်ကမ်းဘက်ကို တဖြည်းဖြည်းရွှေ့ပြီး နောက်ဆုံး ကုလားချောင်းကြီး၊ တခွန်တိုင်၊
ဝဲပြန်စတဲ့နေရာတွေမှာ ကြံ့ကြံ့ခံနေပါတယ်၊ ကျနော်တို့တပ်တွေဟာ ရန်သူနဲ့ အနီးကပ်ဆုံးနေရာအထိတပ်စွဲပြီး
မရပ်မနားတိုက်ခိုက်လေ့ရှိတယ်၊ ကျနော်တို့နဲ့ရန်သူဟာ အလွန်ဆုံး နှစ်ဖာလုံ - တမိုင်အတွင်းမှာ
မျက်နှာချင်းဆိုင်ပြီး တဦးအလစ်တဦး အမြဲတိုက်လေ့ရှိတယ်၊ ညဆိုရင်ဘယ်သူမှမအိပ်ရ။ မြေကျင်းထဲမှာ
အားလုံးရပ်စောင့်နေရတယ်၊ ညတိုင်း တဦးကမတိုက်ရင် တဦးကလာတိုက်တာ နှစ်ဘက်စလုံးတိုက်နေတဲ့
နေရာတွေဖြစ်တယ်၊ ဒါပေမယ့် ရန်သူဟာ ကျနော်တို့တပ်ထက် လူအင်အားငါးဆသာတယ်၊ ခဏခဏလည်း လူပြောင်းအနားပေးတယ်၊
လက်နက်လည်းကောင်းတယ်၊ ကျနော်တို့ ဘက်က လူအင်အားနဲ့ လက်နက်လည်းညံ့ တဖြည်းဖြည်းနဲ့ ဂျပန်ကျည်ဆံကလည်းကုန်၊
တပ်သားတွေကလည်း အနားမရ၊ အဝတ်အစား၊ ခြင်ထောင် ပြည့်ပြည့် စုံစုံမရှိ၊ တညလုံး ရွှံ့ဗွက်ရေအိုင်ထဲရပ်နေရတဲ့ဒုက္ခကလည်း
အလွန်ကျမ်းမာရေးထိခိုက်ပါတယ်၊ ဒါလောက် အနီးကပ်ရန်သူနဲ့နေနေရတာ နောက်ဆုတ်မယ်ဆိုရင်လည်း
ရန်သူကရှေ့တိုးလာပြီး ဒီလိုပဲအနီးကပ်အနှောက်အယှက်တွေလုပ်အုံးမှာပဲ၊ ဒီလိုနှောက်ယှက်ပြီးရင်
လူထုတွေ ရှိတဲ့ရွာတွေထဲ ရန်သူတွေဝင်လာနိုင်မှာပဲ၊ နောက်ဆုံး လူထုကြီးအန္တရာယ်ကျရောက်မှာကြောင့်
ကြိတ်မှိတ်ဒုက္ခခံပြီးရန်သူနဲ့ ယှဉ်ပြိုင်တပ်စွဲ နေခဲ့ရတာ ဖြစ်ပါတယ်၊” “ဒါပေမယ့် ကျနော်တို့တပ်တွေဟာ
မဟာမိတ်တပ်တွေရဲ့ဝါဒဖြန့်ချိမှုကို ထိုက်သလောက်မရတဲ့အတွက် ရဲဘော်တွေက အထူးပဲဝမ်းနည်းခဲ့ကြပါတယ်၊”
“အဲဒီစစ်မြေပြင်တခုလုံးကိုခြုံကြည့်ရင်
ကျနော်တို့တပ်တွေဟာ ဘယ်လောက်အခက်အခဲတွေ ကြားထဲမှာရှိနေတယ်ဆိုတာ တွေးကြည့်နိုင် ပါတယ်၊
အဲဒီတိုက်ပွဲတွေမှာ ကျနော်တို့ဘက်က အကျအဆုံးလည်းများပါတယ်၊ တပ်သားတွေရဲ့စိတ်ဓာတ်မှာ
ဒီလိုဆင်းရဲဒုက္ခနဲ့အသက်ဆံဖျား စွန့်ရတဲ့တိုက်ပွဲတွေကြောင့် စိတ်ဓာတ်တွေ အသွင်ပြောင်းလာပါတယ်၊”
“ရဲဘော်တွေမှာ
သတိထားတာက ဒီစစ်ကြီးပြီးရင်မကြာမီ လွတ်လပ်ရေးရလိမ့်မယ်လို့ယုံကြည်ခဲ့တယ်၊ ဒါပေမယ့်
သူတို့စိတ်ကိုထိခိုက်စေတဲ့ အကြောင်းကတော့ သတင်းစာတွေထဲမှာ ပါတီတွေ နိုင်ငံရေးခေါင်းဆောင်တွေ
အလျှိုအလျှိုပေါ်လာတာ တွေ့ရတဲ့အချက်ပဲ၊ သူတို့က ပြောတယ်၊ ဒီပါတီ၊ ဒီခေါင်းဆောင်တွေဟာ
ဂျပန်တော်လှန်ရေးတုန်းက ဘယ်သွားနေလည်း ကျုပ်တို့မသိဘူး၊ ကျုပ်တို့သိတာက ဂျပန်ကို စစ်ကြေညာတဲ့
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်၊ ဦးကျော်ငြိမ်း စတဲ့လူတွေသာသိတယ်၊
ကျုပ်တို့ရဲ့ လွတ်လပ်ရေး လမ်းမှာ ဒီလူတွေဝင်ရှုပ်ရင် ကျုပ်တို့လွတ်လပ်ရေး ရပါ့မလားစတဲ့
အချက်တွေပဲ၊”
“တိုက်ပွဲတွေကလည်း
အင်မတန်ခဲယဉ်းကြမ်းတမ်းတယ်၊ မိမိတို့ဟာနာရီပိုင်းအတွင်းသေသွားနိုင်တယ်၊ အဲဒီလိုအချိန်မျိုးမှာ
ရဲဘော်တွေရဲ့ စိတ်မှာ လွတ်လပ်ရေးရမှ ရပါ့မလား၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ ငါတို့အရိုးပုံပေါ်
ခေါင်းပေါင်းစထောင်ပြီး သစ္စာဖောက်ကြအုံးမှာလား၊ ဟိုတုန်းကလိုပဲလား စတဲ့အတွေးအခေါ်တွေဟာ
သူတို့ဦးနှောက်ထဲဝင်လာပြီး တိုက်ခိုက်မှုတွေကို ထိခိုက်လာပါတယ်၊”
“အချို့ရဲဘော်တွေ
စစ်တိုက်ထွက်သွားတယ်ဆိုရင်ပဲ ထွက်သွားခါနီးမှာ မချိမဆန့်စိတ်ဆင်းရဲစွာနဲ့ ကျန်နေရစ်တဲ့လူတွေကို
ရဲဘော်တို့ ပြောလိုက်ပါကွာ နိုင်ငံရေးခေါင်းဆောင်တွေ နောင်တခေတ်မှာ ငါတို့အရိုးပုံပေါ်
ခေါင်းပေါင်းစထောင်ပြီးသစ္စာဖောက်ခဲ့ရင် ဘဝဆက်တိုင်း ဆက်တိုင်း ဘာဖြစ်စေမယ်ညာဖြစ်စေမယ်
စသဖြင့် ပြောသွားတာတွေဟာ အလွန်စိတ်ထိခိုက်စရာ ကောင်းပါတယ်၊”
0 comments:
Post a Comment