ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၇)
ဒုတိယပိုင်း
၁၉
ကျနော်သည်
သခင်စိုးကို ၁၉၄၄ ခုနှစ်ကုန်ခါနီး ဒေးဒရဲကိုလိုက်ပို့ပြီးသည့်နောက် ကျနော့်လူမှုရေးဘဝလည်း
အပြောင်းအလည်းလုပ်ရန် စိတ်ကူးလာပါတော့သည်၊ ကျနော် ယခင်က ကျနော့်အိမ်ထောင်ရေးကိစ္စကို
ဗမာပြည်လွတ်လပ်ရေးရပြီးမှ အိမ်ထောင်ပြုလက်ထပ်မည်ဟု ဆုံးဖြတ်ထားရာ သခင်စိုးနှင့်ကျနော်
အိမ်ထောင်ရေးဆွေးနွေးရာမှ ထိုမျှအထိ မသေချာမရေရာစောင့်ဆိုင်းမနေဘဲ၊ ယခုဂျပန်ခေတ်-ဘီဒီအေ
တပ်မတော်ကာလတွင်ပင် လက်ထပ်လိုက်ရန်ဆုံးဖြတ်လိုက်ပါသည်၊ ကျနော့် အသက်လည်း ၂၅-၂၆ ရှိနေပေပြီ
ဖြစ်သည်၊
ထို့ကြောင့်
ကျနော်ပထမဆုံး ကျနော့်တော်လှန်ရေးရဲဘော်များဖြစ်သော ကိုကြီးမြင့်နှင့်ကိုထွန်းစိန်တို့အား
ပြောပြပါသည်၊ သုံးဆယ်မြို့တွင် ကျနော့်ငယ်ရီးစားရှိသည်ဆို၍ သူတို့က အံ့သြကြပါသည်၊ ကျနော့်ဇနီးလောင်းမှာ
သာယာဝတီအရေးပိုင်ရုံးအုပ်စာရေးကြီး၏ တဦးတည်းသော သမီးအဖြစ် ချမ်းချမ်းသာသာနေထိုင်လာခဲ့ရာမှ
ကွန်မြူနစ်တော်လှန်ရေးသမားတဦး၏ဇနီးအဖြစ် နောင်အခါ ဆင်းဆင်းရဲရဲနေထိုင်နိုင်ပါ့မလား
ဟုလည်း သူတို့စိတ်ပူကြပုံရသည်၊ ထို့ပြင် ကျနော့်ဇနီးမှာ ပညာတတ်တဦးမဟုတ်၍ နိုင်ငံရေးတွင်
ကျနော့်အတွက် အကူအညီရပါ့မလား ဟုလည်း စိတ်ပူကြပုံရပါသည်၊ ကိုထွန်းစိန်မှာလူပျိုဖြစ်ပြီး
ကိုကြီးမြင့်သာ အိမ်ထောင်ရှိသည်၊ ကိုကြီးမြင့်ဇနီးမှာ စီးပွားရေးချောင်လည် သော်လည်း
ပညာတတ်အမျိုးသမီး မဟုတ်ပေ၊ သို့သော် သူတို့ဇနီးမောင်နှံမှာ ငယ်ရီးစားများဖြစ်ကြပြီး
တဦးနှင့်တဦး အတော်ချစ်ခင်မြတ်နိုး ကြသည်၊ ကျနော့်ဇနီးလောင်းမှာလည်း ကျနော်နှင့် ငယ်ရီးစားများဖြစ်နေသည်ကိုတော့
သူတို့က သဘောကျကြသည်၊ ကိုကြီးမြင့်ကိုယ်တိုင် လည်း ကျနော့်ဇနီးလောင်းနေထိုင်ရာ သုံးဆယ်မြို့သို့သွားရောက်ပြီး
လေ့လာကြည့်ရှုပေးပါသည်၊
ကျနော်တို့
လက်ထပ်ရန်ကိစ္စ ကျနော့်ဇနီးလောင်း၏မိဖများကို တောင်းရမ်းစေ့စပ်ရေးကို စဉ်းစားပါသည်၊
ကျနော့် ဇနီးလောင်း၏မိခင်ဖြစ်သူ ဒေါ်တင်မှာ စိတ်သဘောထားနူးညံ့ကောင်းမွန်သော အမျိုးသမီးကြီးဖြစ်သည်၊
ကျနော့်အဖေ၏အဒေါ်တော်စပ်ပြီး အဖေ့အပေါ်လည်း လေးစား ချစ်ခင်သည်၊ ကျနော်ကိုလည်း ခင်မင်ပုံရသည်၊
ကျနော်နှင့် သူ့သမီးကို သဘောတူနိုင်ပုံရသည်၊ ဖခင်ဖြစ်သူဦးဘအုံးမှာ ကျနော်တို့နှင့်
ဒေါ်တင်လောက် မကျွမ်းသော်လည်း သမီးကိုအလွန်ချစ်သူဖြစ်သဖြင့်လည်းကောင်း၊ ကျနော့်တွင်
ဘာအပြစ်မှမရှိ၍လည်းကောင်း သမီးဆန္ဒအတိုင်း သဘောတူမည်ထင်ရပါသည်၊
ထို့ကြောင့်
ကျနော့်လက်ထပ်ရေးအတိုင်း တောင်းဆိုနားဖောက်ပေးမည့်သူကိုစဉ်းစားရာ ကျနော့်အဖေ၏ညီအရင်းဦးလေးခန့်ကို
ရွေးချယ် လိုက်ပါသည်၊ ဦးလေးခန့်မှာ ကျနော့်ကို ငယ်စဉ်ကတည်းကစပြီး အလွန်ချစ်ခင်ပါသည်၊
မိုးရာသီတွင်း သူ့လယ်ယာလုပ်ငန်းပြီးသောအခါ ညနေ ထမင်းစားပြီးချိန်များ၌ ဦးလေးသည် ကျနော်တို့အိမ်သို့လာပြီး ကျနော့်ကို သုံးဆယ်မြို့သို့ခေါ်သွားကာ
တရုတ်စိန်ဝင်းရှပ်ဆိုင်တွင် မုံ့နှင့်ကော်ဖီများတိုက်ကျွေးပြီး ရုပ်ရှင်ပြတတ်ပါသည်၊
ရုပ်ရှင်ပြပြီးနောက် “ရွာမ”ရှိ သူ့အိမ်တွင် ကျနော့်ကို တညသိပ်ပြီးမှ နံနက်စာကျွေးမွေး
ကာ ၅ ဖာလုံခန့်ဝေးသော ကျနော့်အိမ်ကို ပြန်လွှတ်တတ်သည်၊ နောက် ဦးလေးခန့်မှာ ကျနော့်ဇနီးလောင်းအိမ်သို့လည်း
သွားလာဝင်ထွက် နေသူလည်း ဖြစ်ပေသည်၊ ထို့ပြင် ဦးလေးခန့်မှာ ကျနော်တို့နှစ်ဦး မေတ္တာရှိနေသည်ကိုလည်းသိပြီး
များစွာလိုလားသူလည်း ဖြစ်ပါသည်၊
ထို့ကြောင့်
ဦးလေးခန့်ကို ကျနော့်ဇနီးလောင်း၏မိဖများထံသို့
သမီးကို တောင်းရမ်းစေ့စပ်ပေးရန်ပန်ကြားဖို့ စေလွှတ်ရပါသည်၊
ဦးလေးခန့်ကလည်း
သူတို့တွေ မင်းနှင့်သဘောတူကြမှာပါပဲ၊ အဆင်ပြေပါလိမ့်မယ်ဟုပြောပါသည်၊
ထို့နောက်
ဦးလေးခန့်သည် ကျနော့်ဇနီးလောင်း၏မိဘများထံသွား၍ ကလေးချင်း မေတ္တာရှိနေပြီဖြစ်ရာ ကလေးတွေကို
လက်ထပ် ထိမ်းမြန်းခွင့်ပြုရန် တောင်းရမ်းနားဖောက်ပါတော့သည်၊
ယင်းတွင်
မထင်မှတ်သောကိစ္စ ကြုံရပါတော့သည်၊ ကျနော့်ဇနီးလောင်း၏ဖခင်ဦးဘအုံးက ပြန်ပြောသည်မှာ “သူတို့လက်ထပ်ရေးကိုတော့
တို့ကသဘောတူပါတယ်၊ ဒါပေမယ့် ဒီစစ်ကြီးပြီးမှ လက်ထပ်စေချင်တယ်၊ စစ်ပြီးတဲ့နောက် မောင်ရွှေ(ကျနော့်ငယ်နာမည်)ဘယ်ဘဝပဲဖြစ်ဖြစ်
သဘောတူမှာပဲ၊ ငါက ဆီးပြီး ပုဆိုးဆင်ပေးရ ပေးရပဲ၊ လက်ထပ်ပေးမှာပဲ၊ စစ်ကြီးအတွင်းတော့သဘောမတူနိုင်ဘူး၊
ငါ့သမီးလေး ဘယ်တော့ မုဆိုးမ ဖြစ်မလည်းဆိုတာ နေ့တိုင်းပူပန်နေရတဲ့ဘဝတော့ ငါမရောက်ချင်ဘူး”လို့
ဆိုပါတော့သည်၊
ဦးကြီးဦးဘအုံးမှာ
သမီးကိုအလွန်ချစ်သူဖြစ်သည်၊ သမီးကို စစ်အတွင်း စစ်သားတယောက်နှင့်လက်ထပ်ပေးပြီး ထိုစစ်သားနောက်
ထည့်လိုက်ရမှာကို ပူပန်ခြင်းဖြစ်ဟန်ရှိနေပေသည်၊ ဦးလေးခန့်လည်း စိတ်ပျက်ပြီး ပြန်လာကာ
အကျိုးအကြောင်းတွေ ပြောပြပါသည်၊ ကျနော်လည်း စိတ်ပျက်ပြီး ဘာဆက်လုပ်ရမည်မသိ၊ အချိန်ရှည်လျားစွာစောင့်ရမည့်သဘော
ဖြစ်နေပါတော့သည်၊
၂ဝ
ကျနော်သည်
ရန်ကုန်မြို့ ဦးဝိစာရလမ်းတွင် နံနက်တိုင်းစောစောထပြီး ၂ မိုင်ကျော်မျှ လမ်းလျှောက်နေကျဖြစ်ရာ၊
ယခုတလော လမ်း မလျှောက်ဖြစ်တာ တပတ်ကျော်လောက်ရှိသွားပြီး၊ ယနေ့မှ ထလမ်းလျှောက်မိပါသည်၊ လမ်းလျှောက်မှအပြန် အိမ်ရောက်ခါနီးတွင် ဦးလေးခန့်တယောက်
လမ်းအတိုင်း မိမိဆီ လျှောက်လာတာတွေ့ရ၍ ဘာများဖြစ်ပြန်ပြီလည်းဟု စိတ်ပူသွားမိပါသည်၊
တွေဆုံမိတော့ ဦးလေးကပြောသည်မှာ ကျနော့်ဇနီးလောင်းစိန်စိန် သူ့အိမ်မှထွက်လာပြီး ငါ့အိမ်ရောက်လာကာ
မင်းဆီကိုလိုက်ပို့ပေးဖို့ပြောလို့ ငါခေါ်လာပြီ၊ အခု မင်းဒေါ်လေးစောအိမ်တွင် ထားခဲ့သည်၊
မင်းကိုပြောပြဖို့ငါလာတာပဲဟု ဆိုပါသည်၊
ကျနော်က
ဦးလေးခန့်ကို ပြန်နှင့်ပါ၊ ကျနော်အဝတ်အစားလည်းပြီး ချက်ချင်း ကားနှင့်လာခဲ့ပါမယ်၊ ကျနော်တို့မှာ
သူမကိုစောင့်ရှောက်ရမယ့် ဝတ္တရားရှိပါတယ်၊ ကျနော်ဝတ္တရားအတိုင်းလုပ်မှာပါဟုပြောပြီး ဦးလေးကို
ပြန်လွှတ်လိုက်ပါသည်၊
ကျနော်အိမ်အမြန်ပြန်
အဝတ်အစားလည်းပြီးကားဖြင့် ကျနော့်အဒေါ်အိမ်ကိုလိုက်သွားကာ သူမနှင့်တွေ့ဆုံပါသည်၊ ကျနော့်ဇနီးလောင်း
စိန်စိန်က ပြောပြသည်မှာ ကျမဟာ မောင်လက်ထပ်နိုင်မယ့်ရက်ကို အကြာကြီးစောင့်နေခဲ့ရပါပြီ၊
အခုမောင်က လက်ထပ်နိုင်ပြီ ပြောပြန် တော့လည်း အဖေကမသေမချာမရေမရာနဲ့ စစ်ပြီးမှလက်ထပ်ပေးမယ်လို့
ပြောပြန်တယ်၊ အခုတော့ကျမက မောင်ခေါ်တဲ့အတိုင်း မောင်နောက်လိုက်ခဲ့ပြီလို့ မျက်ရည်များနှင့်
ကျနော့်ကို ပြောပြပါသည်၊
ကျနော်က
-မင်းဘာမှမပူနဲ့၊ မင်းကိုငါစောင့်ရှောက်မှာပါ၊ တို့မကြာခင်ဒီရန်ကုန်မှာပဲ လက်ထပ်ကြတာပေါ့၊
အခုတော့ ဒေါ်လေးအိမ်မှာပဲ ခေတ္တ နေခဲ့ပါဟုပြောခဲ့ပြီး ဒေါ်လေး -ဦးလေးတို့နှင့် ခေတ္တတွေ့ဆုံအပ်နှံကာ
ကျနော့်အိမ်ကိုပြန်ခဲ့ပါသည်၊
ကျနော်တို့လက်ထပ်ဖို့အတွက်
ကျနော်ငွေရှာဖို့လိုပါသည်၊ ကျနော့်တွင် ယခင်ဘီအိုင်အေခေတ်ကတည်းက ကျနော်စီးနေသော မော်တော်
ဆိုင်ကယ်တစီး အတော်အသင့်ကောင်းမွန်စွာ ရှိပါသည်၊ ယခုကျနော်စစ်ဝန်ကြီးရုံး လေ့ကျင့်ရေးဌာနချုပ်မှူးကြီးဖြစ်လာ၍
စစ်ဝန်ကြီးရုံးက ကျနော်စီးဖို့ ကိုယ်ပိုင်ကားတစီး၊ ဒရိုင်ဘာရဲဘော်နှင့်တကွပေးထားသဖြင့်
ထိုမော်တော်ဆိုင်ကယ်ကို ကျနော်တ နေရာတွင်သိမ်းထားပါသည်၊
ထိုမော်တော်ဆိုင်ကယ်ကို
စစ်ဝန်ကြီးရုံး ထောက်ပံ့ရေးဌာနသို့ ကျနော်ရောင်းချရန်စီစဉ်ပါသည်၊ စစ်ဝန်ကြီးရုံးထောက်ပံ့ရေးမှူးည
ဗိုလ်မှူး ဗိုလ်ဝင်းထံသွားတွေ့ပြီး ကျနော်လက်ထပ်ဖို့ငွေလိုသဖြင့် ကျနော့်မော်တော်ဆိုင်ကယ်ကို
ရောင်းလိုကြောင်းပြောပြရာ သဘောတူကြပြီး ကျနော့်မော်တော်ဆိုင်ကယ်ဖိုး မြန်မာငွေကျပ်ငါးသောင်း
ဗိုလ်မှူးဝင်းက ပေးပါသည်၊ ထိုစဉ်ကမြန်မာငွေတန်ဖိုးလည်း အသင့်အတင့်ရှိနေ၍ လက်ထပ်စားရိတ်အတွက်
ကောင်းစွာလုံလောက်နိုင်ပါသည်၊
ကျနော်ချက်ချင်းပင်
ထိုငွေငါးသောင်းကိုယူပြီး ကျနော်တို့ကိုလက်ထပ်ပေးဖို့ ဦးလေး -ဒေါ်လေးတို့ကိုပြောပြီး
ထိုငွေများကို အပ်ပေးလိုက် ပါသည်၊
နောက်
ကျနော်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်လက်ျာထံသွားပြီး ကျနော့်ဇနီးလောင်း လိုက်လာသောအခြေအနေကိုပြောပြကာ
မကြာခင် ရန်ကုန်တွင်ပင် လက်ထပ်တော့မည့်အကြောင်း ပြောပြပါသည်၊ နောက် ဗိုလ်လက်ျာနှင့်
လက်ထပ်မည့်အစီအစဉ်များ ဆွေးနွေးတိုင်ပင် ကြပါသည်၊ ဗိုလ်လက်ျာမှာ ကောင်းစွာမကျန်းမာ၍
ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေသောကာလ ဖြစ်ပါသည်၊
၁၉၄၅
ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်နေ့တွင် ကျနော်တို့လက်ထပ်ကြပါသည်၊ လက်ထပ်ပွဲကို ဗိုလ်လက်ျာစီစဉ်ပေးသည့်အတိုင်း
ခေါင်းဆောင်ကြီး သာယာဝတီသခင်မြအိမ်တွင် ပြုလုပ်ပါသည်၊ လက်ထပ်ပေးသူများမှာ ထိုအချိန်က
နိုင်ငံခြားရေးဝန်ကြီးဖြစ်ဟန်ရှိသော သခင်နုတို့ ဖြစ်ပါသည်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက
မင်္ဂလာသြဘာစကား ပြောကြားချီးမြှင့်ပါသည်၊ လက်ထပ်ပွဲမှာ ခပ်ကျဉ်းကျဉ်းဖြစ်သော်လည်း သိုက်သိုက်မြိုက်မြိုက်
ဖြစ်ပါသည်၊ ကျနော်တို့၏ခေါင်းဆောင်လူကြီးများ၊ မိတ်ဆွေများ၊ ရဲဘော်များ တက်ရောက်ကြပါသည်၊
ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဒေါ်ခင်ကြည်ဇနီးမောင်နှံလည်း တက်ရောက်လာပါသည်၊ ဗိုလ်ချုပ်တို့ကျနော်တို့နှစ်ယောက်ထံလာပြီး
လက်ဆွဲ နှုတ်ဆက်ကာ ဗိုလ်ချုပ်က နောက်ပြောင်စကားများ ဆိုပါသည်၊ ဘာမှန်း ကျနော်မမှတ်မိတော့ပါ၊
လက်ထပ်ပွဲသို့ ဆေးရုံတက်နေသော ဗိုလ်လက်ျာတဦးတည်းသာ မလာဖြစ်ပါ၊ ကျနော့်ဇာတိ သုံးဆယ်မှ
ကျနော့်မိဘများနှင့် ဆွေမျိုးအချို့လည်း လာကြပါသည်၊ စိန်စိန်၏အဒေါ် ဒေါ်ကြည်လည်း သုံးဆယ်မြို့မှလာပြီး
တက်ရောက်ပါသည်၊ မင်္ဂလာပွဲမှာ အားလုံးချောချောမောမောနှင့် ပြီးဆုံးသွားပါသည်၊
ကျနော့်လူပျိုရဲဘော်ကြီးများဖြစ်သော
ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မြင့်အောင်တို့မှာလည်း များစွာပျော်ရွှင်ကြပြီး ကျနော့်ကိုဝိုင်းကာ
စနောက် ပြောင်နေပါတော့သည်၊
လက်ထပ်ပွဲပြီးနောက်
ကျနော်တို့အားလုံး တပျော်တပါးကြီး ကျနော်၏ဦးဝိဇာရလမ်းအိမ်သို့ ပြန်လာကြပါသည်၊ အလွန်ပျော်ရွှင်နေသော
ဗိုလ်မြင့်အောင်ကြီးက တို့သိပ်ပျော်တယ်၊ ဒီညဒီမှာပဲ ကြက်သားဟင်းချက်စားကြမယ်ဟုပြောဆိုကာ
စီစဉ်ကြပါတော့သည်၊ (ထိုစဉ်က ဗိုလ်မြင့်အောင်ကြီး မကွယ်လွန်သေးပါ) ကျနော်တို့က ကြက်ဝယ်ရန်စီစဉ်ရာ
ဗိုလ်မြင့်အောင်ကြီးက ဒီလိုညဟင်းဆိုတာ ဝယ်တဲ့ကြက်နဲ့ ချက်စားတာ မဟုတ်ဘူး၊ ခိုးရတဲ့ကြက်နဲ့ချက်စားမှ
အရသာရှိတာဗျဟု သူငယ်စဉ်ဘဝကအတိုင်း ပျော်ရွှင်စွာပြောလာပါသည်၊
ည
မိုးနည်းနည်းချုပ်လာသောအခါ ဗိုလ်မြင့်အောင်ကြီးက ကြက်သွားခိုးရန် ကျနော့်ကိုခေါ်ပြီး
မြေနီကုန်းရှိ ကုလားရပ်ကွက်သို့ သွားကာ ခြံတခြံကို ကျော်ဝင်ပါတော့သည်၊ ကျနော့်မှာ ဤသို့ခိုးဝှက်ရသည့်အလုပ်ကို
တခါမျှလုပ်ဖူးသူမဟုတ်သဖြင့် ထိတ်လန့်ပြီး ကြောက်ဒူးတုန် ရင်ခုန်နေသည်ကို ယခုတိုင်မှတ်မိနေပါသည်၊
ဗိုလ်မြင့်အောင်ကြီးသည် ရဲရဲတင်းတင်းပင် ကြက်တန်းရှိရာနေရာသို့ သွက်လက်စွာ လျှောက်သွားပါသည်၊
ကျနော်လည်း သူ့နောက်က ကြောက်ကြောက်ရွံ့ရွံ့နှင့် ဖြည်းဖြည်းလိုက်သွားပါသည်၊
ဗိုလ်မြင့်အောင်ကြီးသည်
ကြက်တန်းသို့ရောက်သောအခါ ကြက်တန်းပေါ်ရှိကြက်တကောင်အနီး သူ့လက်တဖက်ကို တင်လိုက်ပါသည်၊
ကြက်တကောင်က ပြောင်းရင်းရွှေ့ရင်း ဗိုလ်မြင့်အောင်ကြီးလက်ပေါ်သို့ ကြက်ခြေထောက်များရောက်လာသောအခါ
ဗိုလ်မြင့်အောင်ကြီးက တခြားလက်တဖက်ဖြင့် ထိုကြက်၏လည်ပင်းကို ဖြစ်ကိုင်လိုက်ပြီး မအော်နိုင်အောင်
ညှစ်သတ်လိုက်ပြီး ခြံအပြင်ကိုပြန်ထွက်လာပါသည်၊
ကျနော့်အိမ်
ပြန်ရောက်မှ ကျနော်ရင်တုန်ပြေပါသည်၊
ဗိုလ်မြင့်အောင်ကြီးက
ကြက်သားဟင်းချက်နေစဉ် ကျနော့်ကိုပြောသည်မှာ သူ ဗိုလ်ရန်အောင်ကြီးကို ခေါ်ထားပြီးဖြစ်သည်၊
ကျနော်က ဗိုလ်ရဲထွဋ်ကို ထမင်းစားရန်လှမ်းခေါ်ပါဟု ခိုင်းပါတော့သည်၊ ထိုစဉ်ကဗိုလ်ရဲထွဋ်မှာ
ဗိုလ်ချုပ်အောင်ဆန်း၏အတွင်းရေးမှူးဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းအိမ်တွင် နေပါသည်၊ ဗိုလ်ချုပ်အိမ်ကိုဖုန်းဆက်လျှင်
ယေဘုယျအားဖြင့် အတွင်းရေးမှူးကသာ ပထမဖုန်းကိုင်တတ်ရာ ကျနော် ဖုန်းဆက်လျှင် ပထမဗိုလ်ရဲထွဋ်နှင့်သာတွေ့ရမည်ဟုယူဆပြီး
ဖုန်းဆက်လိုက်ပါသည်၊
သို့သော်
ပထမဖုန်းလာကိုင်သူမှာ ဗိုလ်ရဲထွဋ်မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖြစ်နေပါတော့သည်၊
ကျနော်လည်း ပထမတော့ စိတ်လှုပ်ရှားသွားပြီးနောက်မှ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်မိပါတော့သည်၊
ကျနော့်အိမ်တွင် ဗိုလ်မြင့်အောင်၊ ဗိုလ်ရန်အောင်တို့ ညဟင်း ကြက်သားဟင်းချက်စားနေကြကြောင်း၊
ဗိုလ်ရဲထွဋ်ကို ညဟင်းစားဖို့ ခေါ်ချင်ကြောင်းပြောလိုက်ရာ ဗိုလ်ချုပ်က ဗိုလ်ရဲထွဋ်ကိုခေါ်ပြီး
ဖုန်းကို ပေးလိုက်ပါသည်၊ ကျနော်လည်း ဗိုလ်ချုပ်ကိုအားနာစွာဖြင့် ဗိုလ်ရဲထွဋ်ကို ထမင်းစားဖိတ်ရပါတော့သည်၊
ဗိုလ်ရဲထွဋ်မကြာမီပင်
ကျနော့်အိမ်သို့သူကားလေးဖြင့် ရောက်ချလာပါသည်၊
ထိုညကျနော့်အိမ်တွင် ဗိုလ်မြင့်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ်၊ ကျနော်နှင့်ကျနော့်ဇနီးပါ
တပျော်တပါးကြီး ညဟင်းစားကြပါသည်၊ ကျနော့်ဇနီးမှာ ကျနော်တို့ရဲဘော်ကြီးများနှင့် နောက်ပိုင်းတွင်
တဖြည်းဖြည်းရင်းနှီးခင်မင်လာပြီး အားလုံးကိုချစ်ခင်လေးစား လာပါသည်၊ သို့သော်ဗိုလ်ရန်အောင်ကြီးအပေါ်တွင်
ကျနော့်ဇနီးကတဖက်က ချစ်ခင်လေးစားသော်လည်း တဖက်ကအစောပိုင်းတွင် ကြောက်ရွံ့စိတ်ရှိနေပါသည်၊
ထိုကဲ့သို့ ကြောက်ရွံ့စိတ်ရှိနေရသည့်အကြောင်းမှာ ဗိုလ်ရန်အောင်ကြီးမှာ ကျနော်တို့ကို
မြင်တွေ့လိုက်ရသည်နှင့်တပြိုင်နက်တည်း အလွန်အားရ ရွှင်လန်းစွာအော်ကြီးဟစ်ကျယ်နှင့် နောက်ပြောင်နှုတ်ဆက်တတ်၍
ဖြစ်ပါသည်၊ နောက်ပိုင်းကျမှတဖြည်းဖြည်း ရင်းနှီးလာပါသည်၊
0 comments:
Post a Comment