Monday, March 23, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁ဝ)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁ဝ)
ဒုတိယပိုင်း
(၂၄)
           
ကျနော်သည် ထိုမတ်လ (၂၇) ရက် ညဦး (၇)နာရီတွင် ပဲခူးဒေသရှိ စစ်ရေးပြကွင်းတွင် တပ်အားလုံးတပ်ထွက်ရန် အသင့်တန်းစီစုဝေးစေပြီး ယခုအချိန်ကစ၍ ဗမာပြည်သူများနှင့် ဗမာ့တပ်မတော်တရပ်လုံးက ဖက်ဆစ်ဂျပန်တို့ကို စတင်တော်လှန်တိုက်ခိုက်ကြပြီဟုကြေညာပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်တပ်အပေါ်စစ်ကြေညာစာတမ်းကိုဖတ်ပြကာ စကားအနည်းငယ်ပြောပြီး တပ်အသီးသီးက တော်လှန်ရန်ကြိုတင် စီစဉ်ထားသော နေရာဒေသအသီးသီး သို့ လူစုခွဲ၍ချီတက်သွားကြပါတော့သည်၊

ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်တော်လှန်ရေး စတော့မည်ဆိုသောအခါ ဖက်ဆစ်တော်လှန်ရေး နိုင်ငံရေးသဘောတရားများကို အထူးသဖြင့် ဗမာ့တပ်မတော် တပ်မှူး၊ တပ်ကြပ်များနားလည်သိရှိလာစေရန် ဗမာပြည်ကွန်မြူနစ်ပါတီမှကေဒါများကို တပ်မတော် တပ်အသီးသီးသို့ဝင်စေပြီး နိုင်ငံရေးသင်တန်းများ ပေးစေခဲ့သည်၊ ထို့ကြောင့်တပ်မတော်နှင့်ကွန်မြူနစ်ပါတီတို့ ဆက်ဆံရေးလည်း များစွာ တိုးတက်ကောင်းမွန်လာသည်၊ ထို့အပြင်ဘီအိုင်အေကာလတွင် စည်းကမ်းလျော့ရဲ နံမည်ပျက်စပြုနေသော ဗမာ့တပ်မတော်လည်း စည်းကမ်း သေဝပ်ပြီး ခိုင်မာတောင့်တင်းလာပါတော့သည်၊ ထို့ကြောင့် ဖက်ဆစ် တော်လှန်ရေးကြီး စတင်လာသောအခါ ဗမာ့တပ်မတော်သည် ရဲရင့် ပြောင်မြောက်စွာ ရှေ့တန်းမှတိုက်ခိုက်ကြပေသည်၊

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တော်လှန်ခါနီးတွင် သူကိုယ်တိုင် ဖက်ဆစ်တော်လှန်ရေးသဘောတရား အမိန့်စာတမ်းများလည်း ထုတ်ပြန်ခဲ့သည်၊

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ရန် ဗမာ့တပ်မတော်တပ်အသီးသီးကို တော်လှန်တိုက်ခိုက်မည့် စစ်တိုင်း အသီးသီးသို့ ကြိုတင်တပ်ဖြန့်ရာတွင် အင်္ဂလိပ်တပ်များဝင်လာလျှင် ဗမာ့တပ်မတော်မှ ခုခံတိုက်ခိုက်ရန်ဟု ဂျပန်များကိုလှည့်ဖြားပြောဆို တိုင်ပင်ပြီး တပ်အသီးသီးကို အင်္ဂလိပ်တိုက်မည့်ဟန်နှင့် တပ်ဖြန့်ရသည်၊ ဂျပန်များကယုံကြည်ပြီး များစွာကျေနပ်ကြသည်၊ ဗိုလ်ချုပ်သည် ထို တပ်ဖြန့်အမိန့်တုများလည်း ထုတ်ပြန်ခဲ့ရသည်၊

ကျနော်သည် ဖက်ဆစ်တော်လှန်ရေးအတွင်း ကျနော့်ဇနီးကို ဦးလေးခန့်ထံအပ်နှံထားရာ ဦးလေးခန့်က သူမကို သုံးဆယ်မြို့အနီးရွာတရွာရှိ
သူ့ သူငယ်ချင်းအိမ်တွင်သွား၍ ဝှက်ထားလေသည်၊

ကျနော်သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ညဦး ပဲခူးဒေသရှိ မိမိတပ်ဖွဲ့အသီးသီးစုဝေးစေပြီး မိမိတို့သည် ယနေ့မှစ၍ ဖက်ဆစ်ဂျပန်ကို တတိုင်းပြည်လုံးတွင် ဆန့်ကျင်တိုက်ခိုက်ကြပြီဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်စစ်ကြေညာချက်ကို ဖတ်ပြပြောဆိုပြီးနောက် ဖက်ဆစ် တော်လှန်ရေးအတွင်း ပထမ တိုင်း(၄)စစ်ဌာနချုပ်အခြေစိုက်မည့် ပဲခူးခရိုင် အရှေ့မြောက်ရှိ “မြစ်ကျိုး” ဒေသသို့ မိမိတို့တပ်များနှင့်အတူ ချက်ချင်းပင် ထွက်ခွာချီတက်ပါတော့သည်၊

မိမိတို့တပ်ဖွဲ့များ မိမိတို့တော်လှန်ရေးတာဝန်ကျရာ ဒေသအသီးသီးသို့ ချီတက်ကြပါပြီ၊ ကျနော့်မှာ ထိုညကို တန်ခူးလပြည့်ညဟု ကောင်းစွာ မှတ်မိနေပါသည်၊ လရောင်အောက်တွင် မြင်းပေါ်တွင်ထိုင်လိုက်သွားရင်း စိတ်တွင် များစွာပေါ့ပါးရွှင်မြူး ပျော်ရွှင်နေပါသည်၊ ကျနော်တို့သည် ယခုတလော ဖက်ဆစ်ဂျပန်ကိုတိုက်ခိုက်မည့်သတင်းပေါက်ကြားပြီး ဂျပန်ဘက်ကြိုတင်လက်ဦးမှုရယူကာ အရေးယူဆောင်ရွက်လိုက်လျှင် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးထိခိုက်ကာ ဖရိုဖရဲဖြစ်သွားမှာကို အလွန်စိုးရိမ်ပူပန်ကြောင့်ကြနေကြရာမှ ယခုကျနော်တို့က လုံးဝလက်ဦးမှု ရပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို အစီစဉ်ရှိစွာ ကျကျနနဆောင်ရွက်နိုင်ကြပြီဖြစ်၍ နှစ်အချို့ကြိုတင်စီစဉ်ခဲ့ရသော အရေးတော်ပုံကြီး အတွက် များစွာကြည်နူးဝမ်းသာရတော့သည်၊

နံနက်မိုးလင်းသောအခါ ကျနော်တို့ တိုင်း(၄)ဌာနချုပ်တပ်ဖွဲ့မှာ ပဲခူးခရိုင်ဝေါမြို့ကလေးသို့ ရောက်ပါသည်၊ စောင့်ကြိုနေသော ဝေါဒေသ မြေအောက်တာဝန်ခံရဲဘော်တင်ရီ (ထိုစဉ်က ပဲခူးနေဝင်း)ကို တွေ့ရပါသည်၊ ရဲဘော်တင်ရီမှာ နောင်အခါဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို လူကြီးတဦးဖြစ်လာပြီး ယခုအခါတွင်တရုတ်ပြည် စစ်ချွမ်ပြည်နယ် ချင်တူးမြို့တွင် အနားယူနေထိုင်လျက်ရှိပါသည်၊

ကိုတင်ရီ၏ပြောပြချက်အရဝေါမြို့ သူကြီးအိမ်တွင် ဂျပန် (၂)ယောက် ရောက်နေကြောင်းနှင ဝေါဘူတာရုံတွင် ဂျပန်(၃)ယောက်ရောက်ရှိ နေကြောင်း ဝေါတွင်ဂျပန်ထိုမျှသာရှိကြောင်း ပြောပြပါသည်၊ ထိုဂျပန်များကိုတိုက်ခိုက်ရန် စီစဉ်ရပါတော့သည်၊
            တိုင်း(၄)စစ်ဌာနချုပ်ရုံးအဖွဲ့တွင် လူ (၂ဝ)ကျော်မျှ လိုက်ပါလာရာ ထိုမှတိုက်ခိုက်ရေးနှင့်သင့်တော်မည့်ရဲဘော်အချို့ကိုရွေးချယ်ပြီး သူကြီးအိမ် မှဂျပန် (၂)ယောက်ကို သွားရောက်သတ်ဖြတ်တိုက်ခိုက်ရန် ရဲဘော် (၃)ယောက်ကို ရွေးပြီးလွှတ်လိုက်ပါသည်၊ နောက်ထပ် ရဲဘော် (၄)ယောက်ကိုရွေးပြီး ကျနော်ကိုယ်တိုင်ဦးဆောင်ကာ ဘူတာရုံရှိဂျပန် (၃)ယောက်ကို သတ်ဖြတ်ရန်သွားပါတော့သည်၊

ဝေါမြို့ဘူတာရုံအနား ရောက်သောအခါ မမျှော်လင့်ဘဲဂျပန်စစ်သား ၄ - ၅ ယောက်က ဘူတာရုံပလက်ဖောင်းပေါ်တွင် ပစ္စည်းတွေ ချလိုက် စီလိုက်လုပ်နေတာ တွေ့ရပါသည်၊ ကျနော်သည် တိုက်ပွဲဆက်တိုက်ရန်ဆုံးဖြတ်လိုက်ပြီး ကျနော်နှင့်ပါလာသူရဲဘော် (၄)ယောက်မှ ခေါင်းဆောင်အဖြစ်သတ်မှတ်ထားသောသူကို အနားသို့ခေါ်လိုက်ပြီးကျနော်က ပလက်ဖောင်းပေါ်က ၄၊ ၅ ယောက်ကို ငါကကပ်ပြီးပစ္စတိုနဲ့ ပစ်ပြီး ဓားနဲ့လည်းခုတ်သတ်မယ်မင်းတို့က ဘူတာရုံက ဂျပန် (၃)ယောက်ကိုသွားသတ်ကြဟု အမိန့်ပေးလိုက်ပါသည်၊

သို့သော် ချက်ချင်းလိုပင် ထိုရဲဘော် ကျနော့်ဘက်ပြန်လှည့်လာကာ ကျနော့်ကို တနေရာသို့မေးထိုးပြပါသည်၊ ကျနော်သူပြရာသို့ ကြည့်လိုက်ရာ ဘတ်စ်ကား (၃)စီးလောက် ဘူတာရုံအနားရပ်ထားရာ ထိုဘတ်စ်ကားပေါ်တွင် ဂျပန်တပ်ခွဲတခွဲစာလောက် ထိုင်နေသည်ကို တွေ့ရသည်၊ ထိုအတွင်း သူကြီးအိမ်ဘက်မှ သေနတ်သံတွေ ပေါ်ထွက်လာသည်၊ ကျနော်တို့ရဲဘော်တွေသူကြီးအိမ်က ဂျပန် (၂)ယောက်ကို သတ်ဖြတ်နေဟန်ရှိပါသည်၊

ထိုအတွင်း ဂျပန်အရာရှိတဦးသည် ထိုင်နေသောကားပေါ်မှဆင်းလာကာ အရာရှိအဝတ်အစားနှင့်ပင်ရှိနေသေးသောကျနော့်ထံ အမြန်ချဉ်း ကပ်လာပြီး သေနတ်သံကြားရာနေရာသို့လက်ညှိုးညွှန်ပြီး ဘာဖြစ်တာလည်းဟုမေးပါသည်၊ ကျနော်ကရုတ်တရက်ပင် “ကြိုယင်” (စစ်လေ့ကျင့်နေတာဟု အဓိပ္ပါယ်ရသည့် ဂျပန်စကား)ဟု ပြောလိုက်တော့မှ ပြန်တက်သွားသည်၊

ကျနော်သည်ဂျပန်ကများနေ၍ ဝေါမြို့လုပ်ကြံမှုကို ဆက်လုပ်ရန်မသင့် အမြန်ဆုတ်ခွာမှဖြစ်မည်ဟု စဉ်းစားမိသည်၊ ဂျပန်တပ်ခွဲတခွဲ လွန်ခဲ့တဲ့ညက ဝေါကိုရောက်နေတာ ကိုတင်ရီ မသိ၍ဖြစ်မည်ဟုယူဆပြီး မူလတပ်စုရာနေရာသို့ အမြန်ပြန်ဆုတ်ပြီးကျနော်၏ တိုင်း(၄) စစ်ဌာနချုပ်ကို မူလရည်ရွယ်သော မြစ်ကျိုးဒေသသို့အမြန်ဆုတ်ခွာလာရပါတော့သည်၊ ကျနော်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေး ပွဲဦးထွက်တွင် တိုင်း(၄)စစ်ဌာနချုပ်က တိုက်ပွဲကလေးတပွဲ ဖော်ရန်ရည်ရွယ်ချက်မှာ အထမမြောက်ခဲ့ပေ၊

ဤသည်တို့မှာ ၁၉၄၅ ခုနစ် မတ်လ ၂၇ ရက်နေ့ ဗမာပြည်ဖက်ဆစ်တော်လှန်ရေး စတင်ရာတွင် စစ်တိုင်း(၄)၏ အဖြစ်အပျက်အချို့ပင်တည်း၊

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်သောဗမာပြည်ဖက်ဆစ်ဂျပန်ဆန့်ကျင်တော်လှန်သော အရေးတော်ပုံတွင်စစ်တိုင်း(၄)မှ တော်လှန် တိုက်ခိုက်ခဲ့ပုံများကို ရေးသားရပါတော့မည်၊

0 comments:

Post a Comment