Monday, March 23, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၉)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၉)
ဒုတိယပိုင်း
(၂၃)

အထက်ပါအစည်းအဝေး၏ နောက်ဆုံးနေ့တွင် ဗမာပြည်ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် အောက်ပါအတိုင်း စစ်တိုင်းများဖွဲ့ရန် ဆုံးဖြတ် ကြသည်၊
တိုင်း (၁) ပြည်၊ သာယာဝတီ၊ အင်းစိန်နှင့် ဟင်္သာတအရှေ့ခရိုင်များ
တိုင်း (၂) ဟံသာဝတီ၊ ဖျာပုံနှင့်မအူပင်ခရိုင်များ
တိုင်း (၃) ပုသိမ်၊ ဟင်္သာတ(အနောက်)နှင့် မြောင်းမြခရိုင်များ
တိုင်း(၄)ပဲခူး၊ ရွှေကျင်၊ သထုံနှင့်တောင်ငူတောင်ပိုင်းခရိုင်များ
တိုင်း (၅) မော်လမြို၊ ထားဝယ်နှင့်မြိတ်ခရိုင်များ
တိုင်း (၆) မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့်တောင်ပိုင်းရှမ်းပြည်ခရိုင်များ
တိုင်း (၇) သရက်၊ အာလံ၊ မကွေး၊ မင်းဘူးခရိုင်များ
ထိုစစ်တိုင်း (၇)တိုင်းအပြင် နောက်ထပ် စစ်တိုင်း (၃)တိုင်း ထပ်ဖွဲ့သည်၊
(၁) ရခိုင်တိုင်း၊
(၂) အထက်ဗမာပြည်တိုင်း၊
(၃) ရန်ကုန်တိုင်း (ရန်သူသိမ်းပိုက်ထားရာဒေသ)ဟူ၍ ထပ်မံခွဲခြားသတ်မှတ်ပါသည်၊ (သခင်တင်မြ၏ တိုင်းကြီး(၁ဝ)တိုင်း၊ နှာ ၄၃)
ထိုဖက်ဆစ်တော်လှန်ရေးစစ်တိုင်းများကို ခေါင်းဆောင်သွားကြမည့် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို အစည်းအဝေးက တာဝန်ခွဲပေး လိုက်သည်၊
တိုင်း                  စစ်ရေးခေါင်းဆောင်                       နိုင်ငံရေးခေါင်းဆောင်
(၁)                    ဗိုလ်ချုပ်အောင်ဆန်း                      သခင်ဗဟိန်း
(၂)                    ဗိုလ်မှူးကြီးနေဝင်း                          သခင်စိုး
(၃)                    ဗိုလ်မှူးကြီးစောကြာဒိုး                     မရှိ
(၄)                    ဗိုလ်မှူးကျော်ဇော                           သခင်ချစ်
(၅)                    ဗိုလ်ကြီးတင်ထွန်း                          သခင်ဗသိန်းတင်
(၆)                    ဗိုလ်မှူးရဲထွဋ်                                ဦးကျော်ငြိမ်း
(၇)                    ဗိုလ်မှူးအောင်                               သခင်တင်မြ
ဗိုလ်မှူးကြီးလက်ျာက တိုင်း(၂)နှင့် တိုင်း(၃)ကို ဆက်သွယ်ရေးတာဝန်ယူရန် အထူးဒေသများဖြစ်သောတိုင်း (၃)တိုင်းတွင်လည်း အောက်ပါ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို တာဝန်ပေးခဲ့ပါသည်၊
တိုင်း                              စစ်ရေးခေါင်းဆောင်                                   နိုင်ငံရေးခေါင်းဆောင်
ရခိုင်တိုင်း                        ဦးညိုထွန်း                                               ဦးညိုထွန်း
အထက်ဗမာပြည်              ဗိုလ်မှူးဗထူး                                             ကိုစံညွန့်
ရန်ကုန်တိုင်း                    ဗိုလ်မှူးခင်ညို                                ကိုကျော်ငြိမ်း (အာအီးတီ)
(ကိုဗဆွေက ရန်ကုန်တာဝန်ခံအဖြစ် ဆောင်ရွက်ရန်)၊
နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံဖြစ်သော သခင်သန်းထွန်းက တိုင်း(၆)ဒေသအတွင်းရှိ ဖြူးမြို့နယ်သို့သွားရောက်၍ မဟာမိတ်စစ်ဌာနချုပ်မှ ပို့ပေးမည့်တပ်ဖွဲ့(၁၃၆)ဆက်သွယ်ရေးတာဝန်ခံ မေဂျာကရူးနှင့် ပူးပေါင်း၍ဆောင်ရွက်ရန် ဖြစ်ပါသည်၊
မှတ်ချက်(၁) သခင်ဗဟိန်းကို တိုင်း(၁)နိုင်ငံရေးမှူးအဖြစ်ရာထားခဲ့သော်လည်း တိုင်း(၁)စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်မှူးမောင်မောင် (ကာနယ်မောင်မောင်- နောင် ဗိုလ်မှူးချုပ်)ကို တာဝန်ပေးလိုက်သောအခါ သခင်ဗဟိန်းကို တိုင်း(၁)သို့ မခေါ်ယူတော့ဘဲ တောင်ငူနယ်တွင်ပင် တာဝန်ပေးလိုက်သည်၊
မှတ်ချက်(၂) တိုင်း(၆) တာဝန်ကျသောဦးကျော်ငြိမ်းကို တိုင်း(၆)သို့မပို့တော့ဘဲ ရန်ကုန်တွင်ကို ဗဆွေနှင့်တွဲဘက်တာဝန်ပေးသည်၊ တိုင်း(၆) နိုင်ငံရေးမှူးအဖြစ် သခင်တင်ထွန်း(နောင် -တောခို ကွန်မြူနစ်ပါတီမှ)ကို တာဝန်ပေးသည်၊(သခင်တင်မြ၏ တိုင်းကြီး(၁ဝ)တိုင်း၊ နှာ - ၄၄ )
မှတ်ချက်(၃) ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်းဘယ်နေရာကိုမှ တာဝန်မယူခဲ့၊ ပထမ တိုင်း(၄)နိုင်ငံရေးမှူးတာဝန်ရာထားရာကိုလည်းမသွား၊ နောက် တိုင်း(၆)နိုင်ငံရေးမှူးတာဝန်ကိုလည်းသွားမယူဘဲ၊ တနေရာလုံခြုံရာတွင် မိမိဘာသာပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံသွား၍ ပူးပေါင်းနေခဲ့သူဖြစ်သည်၊
မှတ်ချက်(၄) ၁၉၅၂ ခုနှစ်တွင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဝန်ကြီးအဖြစ်ဦးကျော်ငြိမ်းသည် အနောက်နိုင်ငံအချို့သို့ လှည့်လည်လေ့လာ ကြည့်ရှုရေးအဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ရာတွင် ကျနော်လည်း ထိုအဖွဲ့တွင်ပါဝင်လိုက်ပါသွားရာ အင်္ဂလန်လန်ဒန်မြို့တွင် ကျနော်တို့လူချင်းလည်း ရင်းနှီးနေ၍ ကျနော်က ဖက်ဆစ်တော်လှန်ရေးတွင်ကျနော်ဦးစီးသော တိုင်း(၄)တွင် ခင်ဗျားပထမနိုင်ငံရေးမှူးတာဝန် ကျရာသို့မလာဘဲဘာကြောင့် သခင်ချစ်ကို လွှတ်ရသလဲဟုမေးရာ ဦးကျော်ငြိမ်းက ခပ်ပြောင်ပြောင်ပင် ခင်ဗျားကြီးကိုကြောက်လို့မလာတာဟု ပြောသည်၊ အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကိုဖိတိုက်ရင် ဂျပန်ကကျနော်တို့ကို ပြန်တိုက်မည်၊ ထိုဒဏ်ကိုသူမခံနိုင်လို့ မလာသည့်သဘော ဖြစ်သည်၊ ဦးကျော်ငြိမ်းမှာ အနာမခံလိုသောနိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်၊


ဗမာပြည်ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် ရက်သတ်မှတ်ခြင်း

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ရက်သတ်မှတ်ရန် တော်လှန်ရေးကောင်စီက ဗိုလ်ချုပ်အောင်ဆန်းကိုတာဝန်ပေးထားရာ ဗိုလ်ချုပ်အောင်ဆန်းက အရပ်ရပ်အခြေအနေများကို လေ့လာထောက်ထားပြီး ပထမတော်လှန်ရန်ရက်ကို ၁၉၄၅ ခုနှစ် မတ်လ(၂၅)ရက်၊ ည (၆)နာရီဟု သတ်မှတ်လိုက်သည်၊ မိမိတို့တပ်များ ထိုရက်အတွင်း တော်လှန်ရန်အသင့်ဖြစ်နေရန် ဖြစ်သည်၊ သို့ရာတွင် ဗိုလ်ချုပ်သည် ထိုအတွင်း ဂျပန်ဘက်မှ အခြေအနေပြောင်းလဲမှုတခုကြောင့် တော်လှန်ရန်ရက်ကို (၁၉၄၅)ခုနှစ် ဧပြီလ(၂)ရက်နေ့ ည (၇)နာရီတွင် စတင် တော်လှန်ရန် ရက်ကိုရွှေ့လိုက်သည်၊

ထိုအတွင်း ဗမာ့တပ်မတော်တပ်မှူးအများက ဂျပန်တော်လှန်တော့မည်ဖြစ်သဖြင့် မိမိအိမ်ထောင် သားသမီးဇနီးတို့ကို ရန်ကုန်မြို့သို့ ပို့ကြတာတွေရှိလာသည်၊

ထိုအကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့နှင့် ပဲခူးမြို့လူထုအတွင်း ဗမာ့တပ်မတော်က ဂျပန်တို့ကိုတော်လှန်တိုက်ခိုက်တော့မည့် သတင်းအစအနများ ပျံ့နှံ့လာသည်၊ ထိုသတင်း တိုင်း(၄)စစ်ကော်မတီက သိရှိလာသောအခါ တိုင်း(၄)စစ်ကော်မတီများဖြစ်ကြသော ကျနော်၊ သခင်ချစ်၊ ဗိုလ်သိန်းတန်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေ (ယခု NLD)တို့ ချက်ချင်းအစည်းအဝေးထိုင်၍ ဘယ်လိုလုပ်ကြမလဲ တိုင်ပင်ကြသည်၊
အစည်းအဝေးတွင် အားလုံးက တော်လှန်မည့်ရက် ဧပြီလ(၂)ရက်နေ့မတိုင်မီ  ဂျပန်ကိုတော်လှန်မည့်သတင်း ပေါက်ကြားနိုင်သည်ဟု ယူဆလာကြသည်၊

သတင်းပေါက်လျှင် ဂျပန်ကလက်ဦးမှုယူပြီး ဗမာ့တပ်မတော်စစ်ခေါင်းဆောင်များကို ချက်ချင်းဖမ်းဆီးခြင်းနှင့် ဗမာ့တပ်မတော်အချို့ကိုဝိုင်းပြီး လက်နက်ဖြုတ်ခြင်းများ လုပ်နိုင်သည်၊ ဂျပန်ဖက်ဆစ်တော်လှန်ရေးကြီးကို များစွာထိခိုက်သွားနိုင်သည်၊ ဖရိုဖရဲဖြစ်သွားနိုင်သည်၊
ဂျပန်၏သေနင်္ဂဗျူဟာအရန်တပ်ဖွဲ့မှာ ရန်ကုန်အနီး “အင်းတိုင်”စသည်တွင်ချထားရာ ရန်ကုန် ပဲခူးဒေသတဝိုက်မှ ဗမာ့တပ်မတော်များ အရင်ဆုံးဖမ်းဆီးခြင်း၊ လက်နက်ဖြုတ်ခြင်းခံရမည် ဖြစ်သည်၊ ဂျပန်ကလက်ဦးမှုရလျှင် တော်လှန်ရေးကြီးထိခိုက်နိုင်သည်ဟု ယူဆကြသည်၊
           
ထို့ကြောင့်တော်လှန်ရက်ကို ဧပြီလ ၂ ရက်ထက်စောပြီး ဗိုလ်ချုပ်အောင်ဆန်းထံနှင့်တပ်ဖွဲ့အသီးသီးသို့ သတင်းအစောဆုံးအရောက်ပို့နိုင်မည့် ရက်တွင် စတင်တော်လှန်ရန်ယူဆလာကြပါသည်၊
ထိုအစောဆုံးဖြစ်နိုင်မည့်ရက်မှာ ၁၉၄၅ ခုနှစ်၊ မတ်လ(၂၇)ရက်ဖြစ်နိုငှု ထိုမတ်လ(၂၇)ရက်နေ့ ည (၇)နာရီတွင် စတင်တော်လှန်ရန်ဆုံး ဖြတ်သည်၊ ကျနော်မှာ နောင်ဗိုလ်ချုပ်အောင်ဆန်း၏အပြစ်တင်ခံရမည်ကို စိုးရွံ့နေ၍အင်တင်တင်ဖြစ်နေရာ နောက်ဆုံးအစည်းအဝေး တက်သူအားလုံးနှင့်သဘောတူလိုက်ရပါသည်၊

ကျနော်သည်ချက်ချင်းပင် ထိုသို့ရက်ရွှေ့သည့်ကိစ္စကို ဗိုလ်ချုပ်နှင့်တပ်ဖွဲ့အသီးသီးသို့အကြောင်းကြားရန် ဆက်သားများနှင့် ကျနော့်စာကို ပို့ပေးရန်စီစဉ်ရတော့သည်၊

သို့ဖြင့်မြန်မာပြည်သူတို့၏ သမိုင်းတွင်သော ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးမှာ ၁၉၄၅ ခုနှစ်၊ မတ်လ(၂၇)ရက် ည (၇)နာရီတွင် တပြည်လုံး မိမိတို့ကလက်ဦးမှုရှိစွာ အောင်မြင်စွာ စတင်နိုင်ကြတော့၏၊


0 comments:

Post a Comment