ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၁၄)
ဒုတိယပိုင်း
(
၂၆ )
ဖက်ဆစ်ဂျပန်
ဆန့်ကျင်တော်လှန်သောကာလများအတွင်းက ဖြစ်ပျက်ခဲ့တဲ့ မှတ်သားဖွယ်ရာအကြောင်းအချက် (၄)ခုကို
ကျနော်မှတ်မိနေ ပါသည်၊ ၎င်းတို့မှာ မှတ်သားဖွယ်ရာ၊ သိရှိဖွယ်ရာများဖြစ်၍ ကျနော်အကျဉ်းချုပ်၍
ပြန်လည်ရေးသားဖော်ပြပါဦးမည်၊
ပထမအကြောင်းကိစ္စ
၁၉၄၅ခု၊
မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးစခါနီး မတ်လ (၂၅)ရက်နေ့လောက်တွင် ကျနော်တို့တော်လှန်ရေးအတွက်
အလုပ်အလွန်များနေစဉ် ဂျပန်တွေက ကျနော့်ကို ထိုည (၈)နာရီလောက်မှာ သူတို့ထံ လာရောက်တွေ့ဆုံဖို့ခေါ်ပါသည်၊
ထိုကိစ္စမှာ အလွန်အရေးကြီးသဖြင့် တိုင်း(၄)စစ်ကော်မတီဝင်များ အစည်းအဝေးထိုင်ပါသည်၊ စစ်ကော်မတီဝင်များမှာ
ကျနော်၊ သခင်ချစ်၊ ဗိုလ်သိန်းတန်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေတို့ငါးဦး ဖြစ်ပါသည်၊ ကျနော်မှလွဲ၍
ကျန် (၄)ဦးက ကျနော် ဂျပန်တွေထံမသွားရန် အတင်းပြောပါတော့သည်၊ ဒါဟာ ဖမ်းဆီးလုပ်ကြံသတ်ဖြတ်နိုင်တဲ့ကိစ္စဖြစ်တယ်၊
သူတို့က လာပြီးဖမ်းရင် ရုတ်ရုတ်ရက်ရက်တွေဖြစ်နိုင်လို့ခေါ်တာပဲဟု ဝိုင်းပြောကြသည်၊ အထူးသဖြင့်
သခင်ချစ်နှင့်ဗိုလ်ဗတင်က မသွားရန်အတင်းပြောကြသည်၊
ကျနော်က
ဒီလိုခေါ်တာဟာ ကျနော်တို့တော်လှန်ရေးကိစ္စတစွန်းတစသိလို့ တော်လှန်ရေးပျက်အောင် ကျနော့်ကိုလုပ်ကြံသတ်ဖြတ်ဖို့
ခေါ်တယ်လို့ ကျနော်မထင်ကြောင်း၊ ဘယ်ကမှ သတင်းအစအနထွက်တာမရှိကြောင်း၊ ဖြစ်နိုင်တာက ကျနော်ဟာ
ဂျပန်တွေနဲ့ဆက်ဆံရေးမှာ လေးလေးစားစား အရိုအသေပေးသင့်သလောက်မပေး၊ ခပ်တည်တည်ဆက်ဆံတတ်မှုကြောင့်
ဒီစိတ်ဓာတ်ကိုချိုးနှိမ်ချင်လို့ ဖြစ်ဟန်ရှိကြောင်း၊ ဒါကြောင့် ကျနော်သွားပြီး သူတို့ကိုလေးစားကြောင်း
ပြသမယ်၊ ကျနော်မသွားရင်တော့ နက်ဖန် ကျနော့်ကို အတိအလင်းလာဖမ်းနိုင်ပြီး ကျနော်သာမက
တခြားတပ်မှူးအချို့ပါ အဖမ်းခံရနိုင်ကြောင်း၊ ဒါကြောင့် တော်လှန်ရေးကြီးမထိခိုက်အောင်
ကျနော်သွားမယ်ဟု ပြောပါသည်၊
ကျနော်တို့
အတန်ကြာငြင်းခုန်ကြပါသည်၊ သို့သော် ကျနော်မှာ တိုင်း(၄)စစ်ကော်မတီဥက္ကဌလည်းဖြစ်၊ ကာယကံရှင်လည်းဖြစ်သဖြင့်
နောက်ဆုံး ကျနော်၏စကားအတည်ဖြစ်သွားပြီး ကျနော်သွားဖို့ အားလုံးသဘောတူညီ ကြရပါတော့သည်၊
နောက်ဆုံး
ကျနော်ပြောခဲ့တာက ကျနော်တော်လှန်ရေးကြီး မထိခိုက်အောင်သွားမယ်၊ အကယှု၍များ ခင်ဗျားတို့ထင်သလို
ကျနော့်ကိုလုပ်ကြံ သတ်ဖြတ်ဖမ်းဆီးတဲ့ကိစ္စပေါ်လာရင် ချက်ချင်းဘာမှ ဆူဆူပူပူမလုပ်ကြဘဲ
ရက်နည်းနည်းသည်းခံပါ၊ တပြည်လုံးတော်လှန်ရေးရက် အချိန် ရောက်သည်အထိ သည်းခံစောင့်ဆိုင်းပြီး
တော်လှန်ရေးကြီးကို ထိထိရောက်ရောက်ဆောင်ရွက်ကြပါ၊ ကျနော့်အစား စစ်တိုင်းမှူးအသစ် ရွေးချယ်ပြီး
တော်လှန်ရေးနေ့မှာတော်လှန်ကြပါဟု မှာကြားခဲ့ပါသည်၊
အားလုံး
စိတ်မကောင်းစွာနဲ့ ဘာမှပြန်မပြောနိုင်ကြတော့ပါ၊ ကျနော် ထိုည (၈)နာရီ မြင်းစီးပြီး ဂျပန်များထံသွားပါသည်၊
ကျနော်မြင်းပေါ်တွင် ထိုင်လိုက်ပါလာရင်း ဂျပန်များ ငါ့ကိုလုပ်ကြံသတ်ဖြတ်မှာလားဟု စိတ်ပူပန်ကြောက်လန့်မိသည်၊
သို့သော် ထိုစဉ်က ဤကဲ့သို့ဆုံးဖြတ်တာဟာ အမှန်ဆုံးဟုတွေးမိပြီး စိတ်သက်သာရာ ရမိသည်၊
သို့ဖြင့်
ကျနော်မှာ ဂျပန်များနေသည့်အိမ်သို့ ရောက်သွားပါသည်၊ ကျနော်တို့အကြံပေးဂျပန်များမှာ
ဂျပန်စစ်တပ်က ဂျပန်များနှင့်အတူမနေ သီးသန့်အိမ်တွင် နေကြပါသည်၊ ၎င်းတို့မှာ ကျနော်မှတ်မိသလောက်
ကပ္ပတိန်ဗိုလ်ကြီးတယောက်၊ လက်ဖတင်နင်ဗိုလ်တယောက်နှင့် တပ်ကြပ်သုံးယောက်ခန့်ဟု ထင်ပါသည်၊
ကျနော်ရောက်လျှင်
သူတို့က ကောင်းစွာဧည့်ခံ ကြိုဆိုကြပါသည်၊ နောက်စားစရာများချပေးကာ ဧည့်ခံပြီးနောက် သူတို့ခေါ်ရသော
အကြောင်းကို ပြောပြပါသည်၊ ကျနော်တို့တပ်တွင်း ဖြစ်နေသောအကြောင်းကိစ္စတခုဖြစ်ပါသည်၊ ထိုအကြောင်းအရာကိုတော့
ယခု ကျနော် မေ့နေပါသည်၊
ကျနော်က
သူတို့ပြောပြသောအကြောင်းအရာအပေါ် ကျနော်၏ထင်မြင်ချက်ကို တင်ပြလိုက်ပါသည်၊ နောက် အပြန်အလှန်
ထိုကိစ္စကို ဆွေးနွေးကြပြီး အတော်ကြာတော့ ကျနော်တို့သဘောတူညီမှု ရပါသည်၊ ကျနော်တို့ စကားပြောဆိုရာတွင်
တဦးနှင့်တဦး ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ပင်ပြောဆိုခဲ့ကြပါသည်၊
ကျနော်
စိတ်လက်ပေါ့ပါးစွာနဲ့ စခန်းသို့ပြန်လာပါသည်၊ စခန်းရောက်တော့ တိုင်း(၄)စစ်ကော်မတီဝင်လူကြီးများအားလုံး
ကျနော့်ကို စောင့်နေကြရာ အားလုံးဝမ်းသာအားရ ဖြစ်ရပါသည်၊
နောက်
ကျနော်က ဂျပန်တို့နှင့် ဆွေးနွေးခဲ့ရသောကိစ္စများကို ပြန်ပြောပြပါသည်၊ ကျနော် ထပ်ပြောပြတာက
သူတို့ကျနော်ထင်တဲ့အတိုင်း ကျနော်က မလေးစားဘူးထင်ပြီး ကျနော့်စိတ်ဓာတ်ကိုဦးချိုးတာဖြစ်နိုင်ကြောင်း
ပြောပြပါသည်၊ သို့သော် ကျနော်တို့ ဘာမျှဘေးအန္တရာယ် မဖြစ်သဖြင့် အားလုံးစိတ်ချမ်းသာကြရပါသည်၊
ထို့အပြင် ဂျပန်များ ကျနော်တို့တော်လှန်တော့မည်ဆိုသည်ကိုလည်း လုံးဝမသိဟု ယူဆရှု ကျနော်တို့
ပိုဝမ်းသာကြရပါသည်၊
ဒုတိယအကြောင်းကိစ္စ၊
ဒုတိယအကြောင်းကတော့
၁၉၄၅ ခုနှစ် ကျနော်တို့ ဖက်ဆစ်တော်လှန်ရေးစခါစက ဖြစ်ပါသည်၊ ကျနော်တို့ ဗမာ့တပ်မတော်မှ
တပ်စုတစု စစ်တိုင်း(၄)အတွင်းက ရွာတရွာတွင် ဆိုက်ရောက်စခန်းချစဉ်ဖြစ်ခဲ့ပါသည်၊ အနားရွာတရွာမှ
ရွာသားတဦးက စခန်းချထားသော တပ်မတော် သားများအား လာရောက်ပြောကြားသည်မှာ သူ့အိမ်မှာ ဂျပန်နှစ်ယောက်တည်းခိုနေကြောင်း၊
နက်ဖန်တွင် ထိုဂျပန်တွေကို လှည်းနဲ့တနေရာ လိုက်ပို့ရမှာဖြစ်ကြောင်း၊ လမ်းခရီးမှာ တောစပ်ကလေးတခုရှိကြောင်း၊
အဲဒီတောစပ်အတွင်းမှ တပ်မတော်သားများက ချောင်းမြောင်းပြီး ပစ်ခတ်သတ်ဖြတ်ရင်ဖြစ်နိုင်ကြောင်း
ပြောပြပါသည်၊
တပ်မတော်သားများလည်း
ဝမ်းသာတက်ကြွစွာဖြင့် ထိုကိစ္စကိုအသေးစိတ်အစီအစဉ်ကို ထိုရွာသားနှင့် တိုင်ပင်ညှိနှိုင်းပြီး
ထိုရွာသားကို ပြန်လွှတ်လိုက်ပါသည်၊
နောက်နေ့
ထိုရွာသားက ဂျပန်နှစ်ယောက်ကိုလှည်းပေါ်တင်ပြီး မောင်းလာပါသည်၊ သူတို့ချိန်းဆိုထားသည့်
တောစပ်ကလေးအတွင်း လှည်းဝင်လာပြီး ပစ်ခတ်ရမည့်နေရာသို့ရောက်လာပါသည်၊ ထိုအချိန်တွင် ချိန်းဆိုထားသည့်အတိုင်း
တပ်မတော်ဘက်မှ ဂျပန်ကိုပစ်ခတ်မှု မလုပ်သေးပါ၊ ထို့ကြောင့် ထိုရွာသားစိတ်ဆိုးပြီး လှည်းပေါ်ကခုန်ချကာ
တောစပ်ဘက်လှည့်ပြီး “ဘာလို့ ဂျပန်တွေကို မပစ်သေးတာလည်း၊ မင်းတို့အဖေတွေမှတ်လို့လား၊
ပစ်ပါတော့လား” ဟု အော်ဟစ်ပြောဆိုပါသည်၊
ခြုံခိုပုန်းအောင်းနေသောတပ်မတော်သားများမှာ
ဖက်ဆစ်ဂျပန်တော်လှန်ကာစတွင် ကောင်းစွာမပစ်ရဲ၊ မခတ်ရဲ၊ လက်ရွံ့တွန့်ဆုတ် ဖြစ်နေ ကြရာ
ထိုရွာသား ဆူပူကြိမ်းမောင်းတော့မှသတိဝင်လာကြပြီး ထိုဂျပန်နှစ်ယောက်ကို ပစ်သတ်ကြပါတော့သည်၊
ထိုအဖြစ်မှာ
ထိုကာလက လူတွေက ဗမာ့တပ်မတော်အပေါ် ရယ်စရာလှောင်ပြောင်စရာ ဖြစ်ခဲ့ပါသည်၊
တတိယအကြောင်းကိစ္စ၊
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီးကာစ
၁၉၄၅ ခုနှစ် နှောင်းပိုင်းတွင် ထင်ပါသည်၊ ကျနော်တည အိပ်ပျော်နေစဉ် လူတယောက်က ကျနော့်ခြေမကိုကိုင်လှုပ်သဖြင့်
လန့်နိုးပြီး လက်တဖက်က ကာဘိုင်သေနတ်ကိုချက်ချင်းကိုင်ကာ လက်တဖက်က လက်နှိပ်ဓာတ်မီးဖြင့်
ခြေရင်းတွင်ရပ်နေသော လူတယောက်မျက်နှာကို ထိုးကြည့်လိုက်ပါသည်၊ ထိုသူမှာ ရဲဘော်တယောက်ဖြစ်နေပြီး
သူ့လက်တဖက်ကို ဆန့်ထုတ်ကာ လက်ဖဝါးပေါ်တွင် “စိန်တုံး” တွေဖြစ်ဟန်ရှိသော လက်လက်အလုံး
သုံးလုံးလောက်ကိုထိုးပေးလိုက်ပြီး သူက - ကျနော် ဂျပန်တယောက်သတ်ပြီး ဒီစိန်တုံးတွေရလာတယ်၊
ကျနော် နက်ဖန် တပ်ကထွက်ပြီးပြန်တော့မယ်၊ ဗိုလ်မှူးဟာသိပ်အလုပ်များပြီး၊ သိပ်လည်း ဆင်းရဲတယ်၊
တော်လှန်ရေးပြီးနောက် ဗိုလ်မှူးအပြင်ရောက်ရင် ဆင်းဆင်းရဲရဲမနေရအောင် ကျနော်ရတဲ့စိန်တုံးတွေထဲက
တချို့ခွဲပေးခဲ့ တာပါလို့ပြောပြီး လက်သန်းထိပ်၊ လက်ညှိုးထိပ်လောက်ရှိတဲ့ “စိန်တုံး”
၃ တုံး ကျနော့်လက်ထဲထည့်ပေးခဲ့ပြီး လှည့်ထွက်သွားပါတော့သည်၊
ကျနော်မှာ
ဘာမှမပြောနိုင်တော့ဘဲကျန်ရစ်ပြီး စိန်တုံးတွေကို ကျနော့်ခေါင်းအုံးအောက်ထားကာ ဆက်အိပ်လိုက်ပါသည်၊
နောက်နေ့
မိုးလင်းသောအခါ ကျနော်သည် တိုင်း(၄)စစ်ကော်မတီလူကြီးများအားခေါ်ပြီး ညကရရှိထားသောစိန်တုံးများကိုပြပြီး
လွန်ခဲ့သော ညက စိန်တုံးများပေးခဲ့သောရဲဘော်၏ပြောပြချက်များကို ပြောပြကာ ကျနော်စဉ်းစားထားသောအကြံတခုကိုလည်း
တဆက်တည်း ပြောပြ ပါသည်၊
ထိုအကြံမှာ
စိန်တုံးတွေကို ကျနော်တို့ရဲဘော်တွေ အစားအသောက်ဆင်းရဲလှသဖြင့် ကျနော့်အတွင်းရေးမှူး
ဗိုလ်ထွန်းစိန်ကိုပေးပြီး ရန်ကုန်ဆင်း ထုခွဲရောင်းချစေရန်နှင့် ဗိုလ်ထွန်းစိန်က ရောင်းချရသောငွေအချို့နှင့်
ရဲဘော်တွေစားဖို့ ငပိ၊ ကုလားပဲများ ဝယ်ပြန်လာရန်နှင့် ကျန်ငွေများကို စစ်တိုင်း(၄)ထောက်ပံ့ရေးဌာနသို့
ပေးအပ်ရန်ပင် ဖြစ်ပါသည်၊
ထိုအကြံကို
စစ်တိုင်း(၄)ကော်မတီလူကြီးများအားလုံး အားရဝမ်းသာစွာသဘောတူကြပြီး ဗိုလ်ထွန်းစိန်ကို
ရန်ကုန်မြို့သို့ စိန်များထုခွဲရန် စေလွှတ်လိုက်ပါသည်၊
ဗိုလ်ထွန်းစိန်မှာ
၎ - ၅ ရက်နဲ့ ပြန်မရောက်လာဘဲ တပတ်ကျော်ကြာမှ ခေါင်းစုတ်ဖွားနဲ့ပြန်ရောက်လာပါသည်၊ တိုင်းကော်မတီလူကြီးများ
အားလုံး ဗိုလ်ထွန်းစိန်ကိုဝိုင်းပြီး အကျိုးအကြောင်းမေးကြပါသည်၊ ဗိုလ်ထွန်းစိန်ပြောပြသည်မှာ
ကျနော်တို့ရဲ့စိန်တွေကို စိန်ဆိုင်ကြီးတဆိုင်က ကုလားကြီးတဦးကိုသွားရောင်းတယ်၊ ကုလားကြီးက
စိန်တွေကိုသေသေချာချာကိုင်ကြည့် နောက်မှန်ဘီလူးနဲ့ကြည့်ပြီးမှ ရယ်မောပြီး ဒါတွေ စိန်မဟုတ်ဘူး၊
ဘာတန်ဖိုးမှမရှိတဲ့သလင်းတုံးတွေလို့ပြောပြီး ပြန်ပေးတယ်၊ နောက်တဆိုင်သွားပြလည်း ဒီလိုပဲပြောတယ်၊
ဒါကြောင့် ကျနော် စိတ်ပျက်ပြီးပြန်လာပါတယ်ဟု ပြောပြပါသည်၊
တိုင်းကော်မတီလူကြီးအားလုံး
စိတ်ပျက်ဝမ်းနည်းသွားကြရပါတော့သည်၊
နောင်
နှစ်အတော်ကြာပြီးနောက် ကျနော် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်မှူးဖြစ်လာပြီး ကျနော့်တွင်
အဆုတ်တီဘီရောဂါ စဖြစ်လာသောအခါ တပ်မတော်ဆေးမှူးချုပ် ဗိုလ်မှူးကြီးမောင်မောင်ကြီးက မိတ္ထီလာသို့
ဆေးခွင့်နှင့်သွားနားရန် စေလွှတ်ခဲ့ပါသည်၊ ထိုစဉ် မိတ္ထီလာမှာ ထိုဂျပန်တော်လှန်ရေးကာလက
စိန်များပေးသွားခဲ့ဖူးသည့်ရဲဘော်မှာ သင်္ကန်းဝတ်နဲ့ရောက်လာပြီး ကျနော်နဲ့တွေ့ဆုံပါသည်၊
သူမြင်းခြံမှာ ရဟန်းဘဝနဲ့နေကြောင်း ပြောသွားပါသည်၊ သူ့ကြည့်ရသည်မှာ ခပ်ကြောင်ကြောင်ရူးတူးတူးဖြစ်နေပုံရသည်၊
ကျနော်လည်း သူ့ဘဝကို များစွာ ကြင်နာသနားမိသည်၊
စတုတ္ထအကြောင်းအရာ
ဖက်ဆစ်တော်လှန်ရေးအပြီးတွင်
ထင်ပါသည်၊ ကျနော်ရန်ကုန်မြို့ကို ပြန်ရောက်လာပါသည်၊ ထိုစဉ် ရုံးတရုံးရှေ့လမ်းမပေါ်တွင်
ဗိုလ်မှူးချုပ် စောကြာဒိုးကို လှမ်းမြင်လိုက်မိပါသည်၊ ဗိုလ်ကြာဒိုးကလည်း ကျနော် လမ်းပေရပ်နေတာလှမ်းမြင်လိုက်ပြီး
ကျနော့်ထံ ကပျာကယာ လျှောက်လာပါသည်၊ တွေ့တာနဲ့ ကျနေည့်လက်ကိုဆွဲနှုတ်ဆက်ပြီး ခင်ဗျားဗိုလ်ကျော်ဇောနော်
- မသေသေးဘူးနော်ဟု ပြောပါသည်၊ ကျနော်က ဟုတ်ကြောင်းပြောတော့ သူကျနော့်ကို ဖက်လှဲတကင်းလုပ်ပြီး၊
ဝမ်းသာလိုက်တာဗျာဟု အားရပါးရပြောပါသည်၊ သူ၏ပြုမူပုံတို့မှာ နည်းနည်းထူးဆန်းနေ၍ ကျနော်အံ့အားသင့်နေပါသည်၊
ဒီတော့မှ
ဗိုလ်မှူးချုပ်ကြာဒိုးက ဒီလိုဗျဟု အဖြစ်အပျက်ကို ပြောပြပါသည်၊ တော်လှန်ရေးကာလအစောပိုင်းက
ဂျပန်စစ်ဗိုလ်တယောက် မြန်မာအလံတခုကိုင်ပြီး သူ့အခန်းထဲဝင်လာကာ - ဒါဘယ်သူ့အလံလည်းဟု
အလံကိုပြပြီးမေးပါသည်၊ ဗိုလ်ကြာဒိုးမပြောတတ်ဖြစ်နေစဉ် ဟိုဂျပန်ကပင် “ဒီအလံဟာ ဗိုလ်ကျော်ဇောအလံပေါ့၊
ကျနော်တို့ရခဲ့တာ”ဟုပြောပြီး ဆက်ပြောတာကတော့ “ဒါပေမယ့် ဗိုလ်ကျော်ဇော ကတော့ သတ္တိပြောင်ပါပေတယ်၊”
ဟုပြောပြီး ထိုဂျပန်ထွက်သွားပါသည်၊ (မှတ်ချက်၊ ဂျပန်စစ်တပ်၏ထုံးစံမှာ မိမိ၏အလံကို မိမိကျဆုံးမှသာ
ရန်သူ့လက်ထဲအရောက်ခံရသည်၊)
ထို့ကြောင့်
ဗိုလ်ကြာဒိုး၏စိတ်တွင် ဗိုလ်ကျော်ဇောကို သူတို့သတ်ပစ်လိုက်ကြပြီဟုယူဆနေမိခဲ့သဖြင့်
ယခုလို အသက်ရှင်လျှက် ပြန်တွေ့ ရသော အခါ ဝမ်းသာအားရဖြစ်မိခြင်းဖြစ်ပါသည်၊
ပဉ္စမအကြောင်းအရာ
ကျနော်အထက်ပါ
အဖြစ်အပျက်များကိုရေးရင်း နောက်အကြောင်းအရာတခုကိုထပ်ပြီး မှတ်မိသတိရလာ၍ ထပ်ပြီးရေးလိုက်ရပါသည်၊
ထိုအကြောင်းမှာ
ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးကာစ ၁၉၄၅ ခုနှစ်ကုန်ခါနီးကာလဟု ထင်ပါသည်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်းက
သခင်သန်းထွန်းတို့၏ဖက်ဆစ်ဂျပန်တော်လှန်ရေး ဌာနချုပ်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် အကူအညီတောင်းသဖြင့်
ကျနော့်တပ်မှ တပ်စုငယ်တစုကို ပေးပို့ထားပါသည်၊
ထိုတပ်စုမှူးမှာ
ဗိုလ်တိုးလွင်ဆိုသူ ဒုတိယဗိုလ်ကလေးဖြစ်ပါသည်၊ နောင်ဗမာ့တပ်မတော်တွင် ဗိုလ်မှူးကြီးအထိဖြစ်လာသည်
ထင်ပါသည်၊ ၎င်းသည် အလွန်ဖျတ်လတ်သွက်လက်ပြီး အမြဲတက်တက်ကြွကြွရှိနေတတ်သူ ထားဝယ်သားမျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်ပါသည်၊
၎င်းဗိုလ်တိုးလွင်သည်
၁၉၄၅ ခုနှစ်ကုန်ခါနီးတနေ့ ကျနော့်ထံရောက်လာပြီး မျက်ရည်များဝဲကာ ပြောပြလာတာကတော့- သူ့တပ်စု
သခင်သန်းထွန်းတို့ဌာနချုပ်က ပြန်လာချင်ပါပြီဟူ၍ပင် ဖြစ်သည်၊ ကျနော်က အကျိုးအကြောင်းမေးကြည့်တော့
သူပြောပြတာက- သခင်သန်းထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မကောင်းတာတွေ၊ ဆိုးဝါးတာတွေကို၊
ဗိုလ်ချုပ်အတင်းတွေကို တခြားလူနှစ်ယောက်ကို ပြောပြနေတာ သူတဖက်ခန်းကအကုန်ကြားရသည်၊ ဒီလူကြီးအပေါ်
ကျနော်စိတ်ပျက်နေပြီ၊ ထို့ကြောင့် ကျနော်ပြန်လာပါရစေဟု ဆိုလာ ပါသည်၊ ကျနော်လည်း ထိုအကြောင်းကြားလိုက်ရသဖြင့်
သခင်သန်းထွန်းအပေါ် စိတ်ပျက်သွားမိသည်၊
သို့သော်
ကျနော်တို့ဘက်မှရုပ်မပျက်ရန် ဗိုလ်တိုးလွင်ကိုနားချဖို့လိုမည်ဟု ကျနော်ချက်ချင်းယူဆမိပြီး
ဗိုလ်တိုးလွင်ကို ကျနော်နားချပါသည်၊
သခင်သန်းထွန်းတို့
ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဗမာပြည်တော်လှန်ရေးကို ဟိုရှေးတုန်းကတည်းက အတူဆောင်ရွက်လာကြတဲ့
လူဟောင်း ခေါင်းဆောင်ကြီးများဖြစ်ကြောင်း၊ လူဆိုတာ ကိုယ်နဲ့မသင့်မြတ်ရင် တယောက်အကြောင်းတယောက်
မကောင်းဘူးထင်တာတွေကို မိမိတို့ အချင်းချင်းအတွင်း ပြောတတ်ကြကြောင်း၊ ကောင်းတော့မကောင်းပေမယ့်
သိပ်လည်းအရေးမကြီးလှကြောင်း -သူတို့အစကတည်းက ဒီလိုပဲ တွဲလုပ်လာခဲ့တာဖြစ်ကြောင်း ပြောပြနားချပါသည်၊
ကျနော်ကဆက်ပြီး
ပြောသည်မှာ- ဒီလူကြီးတွေ ဗမာ့တော်လှန်ရေးတာဝန်မကျေပွန်ရင် သူတို့ထိုက်နဲ့သူတို့ခံကြရမှာပဲ၊
မိမိတို့အဖို့ကတော့ မိမိတာဝန်မိမိကျေပွန်ဖို့ အရေးကြီးတယ်၊ ဒါ့ကြောင့် ပြန်မလာဘဲဆက်နေပါ၊
နောက်ထပ် ဗိုလ်ချုပ်အကြောင်းတွေ ဘာဆက်ပြောသလဲလည်း နားစွင့်နေပါဟု ဖျောင်းဖျနားချပြောဆိုရာ
အတော်ကြာတော့ ဗိုလ်တိုးလွင်မှာ စိတ်မချမ်းမသာစွာနှင့်ပြန်သွားပါတော့သည်၊
သခင်သန်းထွန်းက
ဗိုလ်ချုပ်အောင်ဆန်းအပေါ် မကောင်းပြောသည့်ကိစ္စ ကျနော်နောင်မှ စဉ်းစားဆင်ခြင်မိသည်မှာ၊
သခင်သန်းထွန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှအကြီးအကဲဖြစ်သည်၊ ကွန်မြူနစ်ပါတီဆိုသည်မှာ
မိမိတို့နှင့် ဆက်ဆံရသည့်လူပုဂ္ဂိုလ်တွေအကြောင်း သူတို့သီးသန့် အဝန်းအဝိုင်းအတွင်း
(ဥပမာ- ကလာပ်စည်း သို့မဟုတ် ပါတီကော်မတီအတွင်း) အဆိုးအကောင်းအားလုံးကို ဝေဖန်သုံးသပ်ဆင်ခြင်ကြပြီး
တော်လှန်ရေးအတွက် ကောင်းအောင်လုပ်ကြရစမြဲဖြစ်သည်၊ ယခုလည်း သခင်သန်းထွန်းက ဗိုလ်ချုပ်အပေါ်
သူ၏ဝေဖန်သုံးသပ်ချက်ကို သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေတာသာ ဖြစ်သည်၊ အပြင်အပသို့
တစုံတရာပြောကြားတာမဟုတ်ဟု ယူဆရပါသည်၊ ထို့ကြောင့် သခင်သန်းထွန်းအပေါ်တွင် သိပ်အပြစ်ရှိသည်မထင်ပါ၊
သူတို့ပါတီတွင်းလူကြီးများအတွင်းသာ ဝေဖန်ဆွေးနွေးကြခြင်း ဖြစ်ပုံရပါသည်၊ ဒါကိုလည်း
ကျနော်နောင်မှ စဉ်းစားတွေးတောဆင်ခြင်မိခြင်း ဖြစ်ပါသည်၊
သို့ရာတွင်
ဗမာပြည်ဖက်ဆစ်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ထံမှလွတ်လပ်ရေးတိုက်ပွဲဝင်နေစဉ် အောင်ပွဲရခါနီးတွင်
ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်သခင်စိုးက အများပြည်သူလူထုကိုဟောပြောရာတွင်၊ ဗိုလ်ချုပ်အပေါ်
ပုဂ္ဂိုလ်ရေးအရ ဆိုးဆိုးဝါးဝါးထိုးနှက်တိုက်ခိုက်မှုများဖြင့် အကြီးအကျယ်ရှုတ်ချဝေဖန်ပြောဆိုခဲ့သည်ဟု
ကျနော်တို့သိရပါသည်၊
ကျနော်တို့အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းအပေါ် အများပြည်သူတို့ရှေ့တွင် ပုဂ္ဂိုလ်ရေးရှုတ်ချပြစ်တင်မှု အပုပ်ချမှုများ
မပြုလုပ်သင့်ပေ၊ ဤသို့ပြုလုပ်သဖြင့် သခင်စိုးမှာ ကြီးမားလှသောနိုင်ငံရေးပြစ်မှုကျူးလွန်သူ
ဖြစ်သွားပေသည်၊ ပြည်သူများအပေါ်လည်း မလေးမစားရာရောက်ပေသည်၊ ထို့အပြင် ဤကဲ့သို့သော သခင်စိုး၏ပြောဆိုမှုများကြောင့်
ဗိုလ်ချုပ်နှင့်ကွန်မြူနစ်ပါတီလည်း ဝေးသွားရခြင်း ဖြစ်ပုံရသည်၊
ဗိုလ်ချုပ်အောင်ဆန်းမှာ
သာမန်ခေါင်းဆောင်မဟုတ်ပေ၊ ဗမာပြည်လွတ်လပ်ရေး အရေးတော်ပုံတွင်၊ ဗမာပြည်သမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး
လွတ်လပ်ရေးတိုက်ပွဲအတွက် ဗမာ့အမျိုးသားလက်နက်ကိုင်စစ်တပ်ရှိဖို့လိုအပ်လာပြီဟု သမိုင်းကတောင်းဆိုလာသောအခါ၊
၆ လက်မ ဓားတောင်ကိုင်ဆောင်ခွင့်မရသော မြန်မာအမျိုးသားတို့အဖို့ စစ်တပ်ထောင်ရန် မစဉ်းစားနိုင်အောင်
ခက်ခနေပေသည်၊
ထိုစဉ်
ထိုသို့သမိုင်း၏လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဘဝကိုစွန့်ပြီး
ရဲဘော်သုံးကျိပ်ကိုဦးဆောင်ကာ ဂျပန်ပြည်သွား၍ စစ်ပညာတွေသင်ခဲ့သည်၊ ထို့နောက် “ထိုင်း”နယ်စပ်ကနေပြီး
ခေတ်သစ်ဗမာ့တပ်မတော် စစ်တပ်ကို ထူထောင်ဖွဲ့စည်း ခဲ့သည်၊
ထို့နောက်
ဗိုလ်ချုပ်အောင်ဆန်းသည် သူထူထောင်ခဲ့သောဗမာ့တပ်မတော်ကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းပြီး
ဗမာပြည်ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲခဲ့သူဖြစ်သည်၊
ထို့အပြင်
ဗိုလ်ချုပ်သည် ဗြိတိသျှတို့ထံမှလွတ်လပ်ရေးရဖို့ ဆက်ပြီးတိုက်ပွဲဝင်နေစဉ် ဗမာပြည်လွတ်လပ်ရေးတံခါးဝရောက်ခါနီးမှ
နယ်ချဲ့ ဗြိတိသျှတို့လက်ချက်ဖြင့် ကျဆုံးကွယ်လွန်သွားရသော အမျိုးသားခေါင်းဆောင်ကြီးလည်း
ဖြစ်ပေသည်၊
ဗိုလ်ချုပ်သည်
ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ဝါဒကိုလည်းဆန့်ကျင်သူမဟုတ်ပေ၊ ဗြိတိသျှတို့က ဗိုလ်ချုပ်ကိုလုပ်ကြံသတ်ဖြတ်ရသော
အကြောင်းရင်းမှာပင် ဗိုလ်ချုပ်သည် နောင်ကွန်မြူနစ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုယူဆ၍
လုပ်ကြံရခြင်းဖြစ်ပေသည်၊
ဗိုလ်ချုပ်သည်
ကွန်မြူနစ်ဆန့်ကျင်ရေးသမားမဟုတ်ရုံသာမက ၁၉၃၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သော
ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပေသည်၊
ထို့ကြောင့်
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူအများ၏ရှေ့မှောက်တွင် ဝေဖန်ရှုတ်ချမှုမပြုသင့်ပေ၊
လူဆိုသည်မှာ
မည်မျှပင်ကြီးမြတ်သောပုဂ္ဂိုလ်ပင်ဖြစ်ပါစေ၊ အမှားအယွင်းချို့ယွင်းချက်များမှ လုံးဝကင်းစင်သူဆိုသည်မှာ
မရှိနိုင်ပေ၊
ယခုကျနော်သည်
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအကြောင်းနှင့် ၎င်းနှင့်ဆက်နွယ်နေသော အကြောင်းအရာအချို့ကိုရေးသားခဲ့ပါသည်၊
ဖက်ဆစ်တော်လှန်ရေးတွင်
နောက်ဆုံးရေးစရာတခု ကျနော်မှတ်မိနေတာကတော့- ဖက်ဆစ်တော်လှန်ရေးတွင် ကျနော်တို့ရန်သူကို
ဖိတိုက် နေစဉ်ကာလက ကျနော့်အပေါ်လည်း လူထုကကျေနပ်ကြပြီး၊ ကျနော်နှင့်ပတ်သက်ပြီး သူတို့စိတ်ကြိုက်သတင်းတွေ
ထင်ရာမြင်ရာပြောကြ၊ လွှင့်ကြသည်၊ ၎င်းမှာ- ဟေ့ ဗိုလ်ကျော်ဇောဆိုတာ သာမန်လူမဟုတ်ဘူး၊ တန်ခိုးရှိသူဖြစ်တယ်၊
ဗိုလ်ကျော်ဇောဟာ တိုင်ကိုကွယ်လိုက်ရင် လူတောင်ပျောက်သွားနိုင်တယ် စသည်ဖြင့် ပြောဆိုခဲ့ကြပါသည်၊
ဤသို့ဖြင့်
ဗမာပြည်သူတို့သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲခဲ့ကြသည်၊ ဂျပန်တို့က
သြဂုတ်လ (၁ဝ)ရက်တွင် စစ်ပြေငြိမ်းရန်တောင်းဆိုပြီး (၁၄)ရက်တွင်လက်နက်ချသည်၊ တရားဝင်လက်နက်ချမှုကို
ဂျပန်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာ (၂)ရက်နေ့ တွင် ပြုလုပ်ခဲ့သည်၊ သို့ဖြင့် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားခဲ့လေပြီ၊
မြန်မာပြည်သူတို့်၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲမှာ လအနည်းငယ် အတွင်း ဂျပန်နှစ်သောင်းကျော်ကျဆုံးပြီးနောက်
အောင်ပွဲကြီးရခဲ့ပေသည်၊
၎င်းဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲကြီးသည်
ဗမာပြည်သူတို့၏လွတ်လပ်ရေးတိုက်ပွဲအောင်ပွဲအတွက် အဆုံးအဖြတ်ပေးသည့် ဗမာ့ သမိုင်းဝင်အောင်ပွဲအတွက်အဆုံးအဖြတ်ပေးသည့်
ဗမာ့သမိုင်းဝင်အောင်ပွဲကြီးဖြစ်ခဲ့ပေတော့သည်၊
ကျနော်ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း
အဖြစ်အပျက်တချို့ သတိထပ်ရလာသဖြင့် ထပ်ရေးရပါအုံးမည်၊
ကျနော်ရန်ကုန်မှာရှိနေစဉ်က
ဖက်ဆစ်တော်လှန်ရေးအကြောင်း ကျနော့်သားသမီးအိမ်သားများကိုပြောပြရာ အပြီးတွင် နိဂုံးချုပ်ချက်တခုကို
ရုတ်တရက်မြင်လာပြီးပြောမိသည်မှာ- တို့ဖက်ဆစ်တော်လှန်ရေးကြီး ဒီလောက်မြန်မြန်ပြီးမသွားဘဲ
နောက်ထပ် ၄-၅-၆ လ ဆက်တိုက်ရရင် ဆိုရှယ်လစ်စတဲ့ အချောင်သမားတေ ထွက်ပြေးတိမ်းရှောင်ကြမှာမို့
တို့ဗမာပြည်မှာ အချောင်သမားတွေအတော်နည်းသွားမှာပဲ၊ ဗမာပြည် နိုင်ငံရေးလည်း အတော်ကောင်းသွားမှာ-
ဟု ပြောမိသည်ကိုသတိရလာသဖြင့် ထပ်ရေးလိုက်ရပါသည်၊
ကျနော်ဘာ့ကြောင့်
ထိုကဲ့သို့ထင်မြင်ရသနည်း၊ အကြောင်းများ ရှိပါသည်၊ ထိုအထဲတွင် ကျနော်စွဲလမ်းမှတ်မိနေသောအကြောင်းတခု
ရှိပါသည်၊
၁၉၄၅
ခုနှစ် ကျနော်တို့၏ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပြီးခါနီးလောက်တွင်
(နောက်ပိုင်း ဆိုရှယ်လစ် ပါတီ အကြီးအကဲတဦးဖြစ်လာပြီး အတော်အသင့်လည်းရိုးသားကာ ပွင့်ပွင့်လင်းလင်းပြောတတ်သည့်)
ဗမာ့တပ်မတော်ဗိုလ်ကြီးတဦးက ကျနော် ကြားနိုင်လောက်တဲ့နေရာကနေပြီး တခြားလူတယောက်ကိုပြောနေတာကတော့-
ဖက်ဆစ်တော်လှန်ရေးမှာ ငါ့တို့ကိုခိုင်းတာတွေ ကြည့်ရှု စဉ်းစားပြီးမှ ခိုင်းသင့်ပါတယ်၊
ငါတို့ဟာ သူတို့လို ရာနှုန်းပြည့်မျိုးချစ်ကြီးတွေမဟုတ်ဘူးဆိုတာ သူတို့နားလည်ဖို့ကောင်းပါတယ်ဟု
ငြီးတွား ပြောဆိုဖူးပါသည်၊ ထိုအကြောင်းများရှိခဲ့သောကြောင့် ကျနော်အထက်ပါမှတ်ချက်ကို
ချမိခြင်းဖြစ်ပါသည်၊
နောက်
ကျနော်မှတ်မိနေတာတခုလည်း ရှိပါသေးသည်၊ ၎င်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဗိုလ်ချုပ်သတ်မှတ်သော
ဧပြီလ (၂)ရက်နေ့မှ ကျနော်တို့တိုင်း(၄) အခက်အခဲကြောင့် မတ်လ (၂၇)ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ်
ကျနော်က ရွှေ့ပြောင်းစီစဉ်ရသဖြင့် ဗိုလ်ချုပ်က ကျနော့်အပေါ်အပြစ်တင်မည်လားဟု စိုးရိမ်နေမိပါသည်၊
သို့ရာတွင် ဖက်ဆစ်တော်လှန်ရေးပြီးကာစ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်နှင့်ကျနော် တွေ့သောအခါ
ဗိုလ်ချုပ်က “တော်လှန်ရေးရက်ဟာ အားလုံးဟန်ကျကြပြီး အားလုံးအံကိုက်ဖြစ်သွားတာပဲ” ဟုပြောပါသည်၊
“အံကိုက် ဖြစ်သွားတာပဲ”ဆိုသည့်စကားကို ကျနော် ယခုထိ ကြားယောင်နေပါသည်၊ ကျနော့်မှာ ထိုစကား
ဗိုလ်ချုပ်ထံမှကြားရသဖြင့် အလွန်ဝမ်းသာ သွားပါသည်၊ ထိုအဖြစ်ကို ကျနော်ယခုအထိ မှတ်မိနေပါသည်၊
အထက်ပါအကြောင်းအရာတို့မှာ
၁၉၄၅ ခုနှစ် ဗမာပြည် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတော်လှန်ရေးကြီးတွင် အဓိကအားဖြင့် ကျနော်ပါဝင်
လှုပ်ရှားခဲ့ပုံတို့ကို ကျနော်မှတ်မိသတိရသလောက် ပြန်လည်ရေးသားချက်မျာဖြစ်ပါသည်၊
0 comments:
Post a Comment