Monday, March 23, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၁)
ဒုတိယပိုင်း

(၂၅)

၁၉၄၅ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင်ဗမာ့လွတ်လပ်ရေးသမိုင်း၏ မှတ်တိုင်တတိုင်ဖြစ်သော ရန်ကုန်မြို့ နေသူရိန် ပြည်သူ့ အစည်းအဝေးကြီးတွင် မျိုးချစ်တပ်မတော် တိုင်း(၄)တိုင်းမှူး ကျနော်ဗိုလ်မှူးကျော်ဇောက တတိုင်းပြည်လုံးလွတ်လပ်ရေး တိုက်ပွဲကြီးအတွက် နိုင်ငံရေးပါတီများ၊ ပုဂ္ဂိုလ်များ ညီညွတ်စည်းလုံးကြရန် အဆိုကိုတင်သွင်းခဲ့ပါသည်၊

၎င်းကျနော့်၏အဆိုမိန့်ခွန်းတွင် ၁၉၄၅ ခုနှစ် ကျနော်တိုဗမာပြည်သူများ၏ ဖက်ဆစ်တော်လှန်ရေး အရေးတော်ပုံအတွင်း ကျနော်တို့ဦးစီးသော စစ်တိုင်း(၄)မှ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ပုံများကို အတော်အတန်ပြည့်စုံစွာ ဖော်ပြထားပါသည်၊ ထိုအဆိုမိန့်ခွန်းကော်ပီ ကျနော်ထံတွင်ရှိနေရာ ထိုအထဲမှ အကျဉ်းထုတ်နုတ်ပြီး စစ်တိုင်း(၄)အတွင်း ၁၉၄၅ ခုနှစ်က ဖက်ဆစ်ဂျပန်ကိုတိုက်ခိုက်ခဲ့ပုံအချို့ကို ဖော်ပြ ပါမည်၊

“၁၉၄၅ ခုနှစ်၊ မတ်လ (၇)ရက်နေ့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပပါတယ်၊ ဒီကောင်စီက ကျနော့်ကို တိုင်း(၄)ကို တာဝန်ပေးပါတယ်၊ ပဲခူးဒေသရှိတပ်တွေကို စုရုံးဖွဲ့စည်းပြီး ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖာပွန်ခရိုင်၊ တောင်ငူတောင်ပိုင်းနယ် ဒေသတွေမှာ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ခိုက်ဖို့ ရက်ချိန်းနှင့်တကွ အမိန့်ပေးလိုက်ပါတယ်၊ အဲဒီကောင်စီကပဲ အောက်ဗမာပြည်အတွက် တော်လှန်ရန် တိုင်း (၇)တိုင်း ခွဲပေးပါတယ်၊”

“တိုင်း(၁) က သာယာဝတီနှင့် ပြည်၊ တိုင်း(၂) က မြစ်ဝကျွန်းပေါ်ရှေ့ပိုင်း၊ တိုင်း(၃) မြစ်ဝကျွန်းပေါ်အနောက်ပိုင်း၊ တိုင်း(၅) က တနင်္သာရီ တိုင်း၊ တိုင်း(၆) က ပျဉ်းမနား၊ မိတ္ထီလာနှင့် ရှမ်းပြည်နယ်၊ တိုင်း(၇) က အာလံ၊ သရက်၊ ရေနံမြေ ဖြစ်တယ်၊” “နောက် အထက်ဗမာပြည်တိုင်း ကိုတော့ ဗိုလ်မှူးဗထူးကိုတာဝန်ပေးပါတယ်၊” “တိုင်း(၄)က အထက်ဖော်ပြပါအတိုင်းဖြစ်ပြီး ကျနော်နှင့်အတူ နိုင်ငံရေးမှူးနှင့် လူထုစည်းရုံးရေး တာဝန်ခံအဖြစ် သခင်ချစ်ကိုတွဲဖက်တာဝန် ပေးလိုက်ပါတယ်၊”

ထိုစဉ်က သခင်ချစ်မှာ ဦးဗဆွေ - ဦးကျော်ငြိမ်းတို့၏ နောင်ဆိုရှယ်လစ်ပါတီဖြစ်လာမည့် ပြည်သူ့အရေးတော်ပုံပါတီမှ ဖြစ်ပါသည်၊ သခင်ချစ် သည် နောင်ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပြောင်းပြီးနောက်ပါတီ၏ အတွင်းရေးမှူးအဖြစ်ထမ်းဆောင်ရင်း အစိုးရနှင့်တိုက်ပွဲတပွဲတွင် ၁၉၇၅ ခုနှစ် ပဲခူးရိုးမ ကျဆုံးသွားရသော ထင်ရှားသော တော်လှန်ရေးအမျိုးသားခေါင်းဆောင်ကြီးတဦး ဖြစ်ပါသည်၊

“ကျနော်နှင့်သခင်ချစ်တို့ (၂)ယောက် အမိန့်ရရချင်း ပဲခူးကိုပြေးပြီး ကျနော်က စစ်တပ်တွေကို တိုက်ဖို့ပြင်ဆင် သခင်ချစ်က ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်တွေနှင့် တော်လှန်ရေးမှာတပ်မတော်နှင့် ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ရှင်းပြစိုင်းပြင်း ကြတယ်၊”

ကျနော်တို့တိုက်ပွဲတွင် အထူးဂရုစိုက်သည့်အချက်တခုမှာ ကျနော်တို့တပ်မတော်သည် ဖက်ဆစ်ရန်သူကိုတိုက်လျှင် ပြည်သူများ၏ရွာထဲမှ နေပြီး ဘယ်တော့မှ မတိုက်ရဖြစ်သည်၊ ထိုသို့တိုက်မိလျှင်နောင်ဂျပန်ဖက်ဆစ်တို့က ရွာကိုဝင်ပြီးဖျက်ဆီးကာ ပြည်သူတွေကိုသတ်ဖြတ် နိုင်သည်၊ ကျနော်တို့သည် လူထုကိုကာကွယ်ရမည်ဖြစ်သည်၊

တိုင်း(၄) တွင် ဗမာ့တပ်မတော်က တပ်ရင်း (၉)ရင်း ရှိနေရာ ၎င်းကို တပ်ရင်းသစ်၊ နာမည်သစ်များပေးပြီး ဒေသ (၉)ခု ခွဲကာ တော်လှန်ရန် စီစဉ်သည်၊
မိမိတို့တပ်ရင်းတရင်းတွင် အင်အား ၅ဝဝ မှ ၁ဝဝဝ အကြားရှိပါသည်၊ ၎င်းထဲတွင် ရပ်ရွာဒေသမှပြောက်ကျားတပ်များ မပါပါ၊
            တိုင်း(၄)နယ်တွင် တပ်ရင်း (၉) ခု တပ်ဖြန့်ထားပုံမှာ -
            (၁) ၁ဝ၁ - တပ်ရင်း - ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်
            (၂) ၁ဝ၂ - တပ်ရင်း - ပဲခူးချောင်းဖျား၊ သနပငြ်၊ ဝေါနှင့် စစ်တောင်း
            (၃) ၁ဝ၃ - တပ်ရင်း - ပဲခူး ကဝနယ်နှင့် ဟံသာဝတီအရှေ့
            (၄) ၁ဝ၄ - တပ်ရင်း - သထုံခရိုင်
            (၅) ၁ဝ၅ - တပ်ရင်း - စစ်တောင်းမြစ် အရှေ့ဘက်ကမ်း
            (၆) ၁ဝ၆ - တပ်ရင်း - ပဲခူးမြို့ကိုစီးနင်းတိုက်ခိုက်ရန် ပဲခူးအနောက်တောင်ခြေမှာ ဖြန့်ထားပါသည်၊
            (၇) ၁ဝ၇ - တပ်ရင်း - (၈) ၁ဝ၉ တပ်ရင်း ၂ ရင်းကို မော်လမြိုနယ်နှင့် တနင်္သာရီခရိုင်တို့မှာ တိုက်ပွဲဝင်ဖို့ကြိုတင်ပြီးစေလွှတ်ရာ ခက်ခက်ခဲခဲဖြင့် ကုန်းလမ်းရေလမ်းခရီးများဖြင့် သွားကြရပါသည်၊ တချို့ထိုနယ်များသို့မရောက်ဘဲလမ်းတွင် အဖမ်းအဆီးခံရသည်ဟု ကြားရပါသည်၊
            (၉) ၁ဝ၈ - တပ်ရင်း - ဘီးလင်းနှင့် ဖာပွန်လမ်းမှာ တိုက်ခိုက်ဖို့ ဖြန့်ထားပါသည်၊

“အဲဒီတပ်တွေ သက်ဆိုင်ရာနယ် ဒေသတွေရောက်ဖို့အတွက် ဂျပန်တွေရဲ့မျက်စိအောက်မှာ ဘယ်လိုသွားရတယ်ဆိုတာပြောရရင် အလွန် ကြောက်မက် စိုးရိမ်စရာကောင်းတဲ့အချက်တွေ အများကြီးပါ၊ ပြောလို့မဆုံးပါဘူး၊ တချို့ပင်လယ်ထဲမှာလှိုင်းလေလွင့်ပြီး တပ်ကွဲသွားတာ တွေလည်းရှိတယ်၊ တချို့ ရည်မှန်းချက်နေရာမရောက်မီ ရန်သူကဖမ်းမိပြီး သတ်ဖြတ်လိုက်တာတွေလည်းရှိတယ်၊ လမ်းခရီးမှာ ဒုက္ခအဖုံဖုံကို ဖြတ်ကျော်ခဲ့ရတာပါ၊”

“တချို့ဖျားနာလို့ ပဲခူးဒေသမှာဝှက်ထားခဲ့လို့ ကျန်ရစ်ခဲ့တဲ့ရဲဘော်တွေနဲ့ ခွင့်ရက်စေ့လို့ ပဲခူးပြန်လာတဲ့ရဲဘော်တွေ စုစုပေါင်း (၅ဝ)လောက်ကို ဂျပန်ကင်ပေက ခြေရာခံလိုက်ဖမ်းပြီး ပထမထမင်းအငတ်ထား၊ အမျိုးမျိုးနှိပ်စက်၊ နောက်ဆုံးကမ်းပါးထိပ်မှာ ကြိုးတုပ်ပြီးလှံစွပ်ထိုးသတ်၊ ရေထဲပစ်ချခဲ့တယ်၊ တချို့မသေမရှင်နဲ့ သွေးတွေယိုစီးပြီး ချောင်းထဲကျကာ မရှုနိုင်၊ မရှိုက်နိုင်၊ မချိမဆန့်နဲ့ မရှုမလှအသေဆိုးနဲ့ သေခဲ့ကြ ရတယ်၊”

“ကျနော်တို့ ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်တိုက်ခိုက်မယ့်ရက်ဟာ ၁၉၄၅ ခုနှစ် မတ်လ (၂၇)နေ့ ဖြစ်တယ်၊ ဂျပန်တပ်ကလည်း ကျနော်တို့ လှုပ်ရှားမှုကိုစောင့်ကြည့်နေကြတယ်၊ မတ်လ (၂၃)ရက်ကစပြီး ကျနော်တို့တပ်မှူးတွေဟာ ဘယ်သူမှ ညမအိပ်ရဘူး၊ မိမိတို့ရဲ့ တော်လှန်ရေးရက် မရောက်မီ ဂျပန်လက်ဦးမှာစိုးလို့ အမြဲအသင့်ပြင်ထားရတယ်၊ ဒီတုန်းကသာ တဦးတယောက်က သစ္စာဖောက်လိုက်လျှင် ဘယ်လောက် ဆိုးဝါးသွားမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်၊”

“ကျနော်တို့ဟာ အင်္ဂလိပ်ကိုတိုက်ဖို့ တပ်ထွက်တော့မယ့်ဟန်ဆောင်ပြီး တပ်ထဲမှာ တော်လှန်ရေးရက်နီးလာတော့ ပွဲတခြိမ့်ခြိမ့် ညစဉ်ခံနေ ရတယ်၊ နောက် မတ်လ (၂၈)ရက်နေ့မှာ တပ်ထွက် နှုတ်ဆက်ထမင်းစားပွဲကြီးတခုကျင်းပရန် ဟန်ပြစီစဉ်ခဲ့ရသေးတယ်၊” (စစ်ကြီးပြီးပြီး ကျနော် စစ်တပ်အပြင်ရောက်မှ ထိုစဉ်က ထမင်းစားပွဲကြီးအတွက် ဟန်ပြစီစဉ်ခဲ့ရာမှာ ကုန်ကျခံခဲ့ရတဲ့ရဲဘော်ကြီးတယောက်က ကျနော့်ထံ လာပြီးကြွေးတောင်းလို့ ကျနော်ကတောင်းပန်ပြီး ငွေအနည်းငယ်စိုက်ထုတ်ပေးခဲ့ရသည်ကို ကျနော်မှတ်မိနေပါသည်၊)

ကျနော်တို့ ဂျပန်ကို ဤသို့ ပရိယာယ်များဆင်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် တပြည်လုံး အောင်မြင်စွာဆင်နွှဲခဲ့ကြပါတယ်၊

“ကျနော်တို့ဟာ ဗမာ့လွတ်လပ်ရေးအတွက် မသေမချင်းတိုက်ခိုက်ပါမည်ဟု ကျမ်းသစ္စာ တပြိုင်တည်းဆိုကြပါတယ်၊ နောက် တန်ဖြုတ်ပြီး တပ်ဖွဲ့အသီးသီးဟာ တာဝန်ကျရာနယ်မြေကို ချီတက်ကြတယ်၊ အဲဒီနေ့ဟာ တန်ခူးလပြည့်နေ့ဖြစ်ပြီး လဟာထိန်နေတာပဲ၊ လသာထဲမှာ လယ်ပြင်တွေဖြတ်ပြီးချီတက်သွားတဲ့ ကျနော်တို့တပ်တွေ မြင်းတွေကိုတွေ့မြင်ခဲ့ရတာဟာ တသက်မေ့နိုင်မယ် မဟုတ်တော့ပါ၊”

“အဲဒီလို ချီတက်သွားတဲ့တပ်တွေနဲ့ ကြိုတင်လွှတ်ထားတဲ့တပ်တွေပေါင်းပြီး စတင်တော်လှန်တဲ့ မတ်လ (၂၇)ရက်ညကစပြီး အနှံ့အပြား တိုက်ခိုက်ခဲ့ကြပါတယ်၊ ပျမ်းမျှခြင်းအားဖြင့်ကြည့်မယ်ဆိုရင် ၂၄ နာရီ - တရက်အတွင်းဧရိယာ ၁ဝ စတုရန်းမိုင်အတွင်းမှာ တိုက်ပွဲတပွဲ အနည်းဆုံး ဖြစ်လျက်ရှိတယ်၊ အဲဒီတိုက်ပွဲတွေဟာ များပြားလွန်းလှပါတယ်၊ ကျနော်တို့ရဲ့တပ်စိတ်၊ တပ်စုကလေးတွေဟာ နေရာအနှံ့ အပြားက အချိန်မရွေးတိုက်ခိုက်လျက်ရှိတယ်၊”

“ဥပမာပြောရရင် စတင်တော်လှန်တဲ့ မတ်လ (၂၇) ရက် ညတညထဲမှာပဲ -
(၁) ဒိုက်ဦးမြို့ကို (၁ဝ၁) (က) တပ်က ဝင်စီးတယ်၊
(၂) ၁ဝ၁ (င) တပ်ဟာ ဖောင်တော်သီနဲ့ ပုရွက်ရွာကိုဝင်စီးတယ်၊ ဂျပန် (၈) ယောက် ကျတယ်၊ (၂) ယောက် ဒဏ်ရာ ရတယ်၊
(၃) အမှတ် ၁ဝဝ နှင့် ၁ဝ၈ (က) တပ်ဟာ မြစ်ကျိုးအုတ်ဖိုကိုဝင်စီးတယ်၊
(၄) ၁ဝ၈ (ဂ) တပ်ဟာ ရွှေကျင်ကိုဝင်စီးတယ်၊ ဒီတပ်ဟာ ၁ဝ ရက် လုံးလုံးရွှေကျင်ကို သိမ်းထားနိုင်ခဲ့တယ်၊
(၅) ၁ဝ၃ တပ်ရင်းဟာ ဒီညမှာပဲ အုံးနှဲနဲ့ ကဝကိုဝင်စီးတယ်၊ နောက် ဒါးပိန်တယ်လီဖုန်းရုံးကိုဝင်ရောက်စီးနင်း မီးရိ_့လိုက်တယ်၊”

“နောက် ဒီပြင်တပ်ရင်းတွေလည်း တညထဲမှာပဲ ဒီလို ဆိုင်ရာဆိုင်ရာနယ်တွေမှာ ဝင်စီးကြတယ်၊ ဒီအချိန်မှာ အောက်ဗမာပြည်တပြည်လုံး ဒီလိုပဲတိုက်နေကြတာပဲ၊ အဲဒီအချိန်ကစပြီးနောက် ၁၂ ရက်လောက်အထိ ရန်သူဟာအငိုက်မိတုန်း၊ ကျနော်တို့တပ်တွေဟာ တရုံးရုံး တိုက်စစ်ဆင်နေတယ်၊”

“သထုံနယ်မှာဆိုရင်လည်း ကျိုက်ထို၊ အပေါင်စတဲ့ မြို့ကြီးတွေကိုဝင်စီးကြတယ်၊ ကျိုက်ထိုမှာ ကျနော်တို့ရဲ့အကြီးဆုံးအောင်ပွဲတခုက ၁ဝ၄ (ခ) တပ်က မီးရထားလမ်းကို ဖျက်ထားတယ်၊ ရန်သူဂျပန် အပြည့်ပါလာတဲ့မီးရထားကို လက်ပစ်ဗုံးနဲ့ တောင်ပေါ်ကနေ ဆီးပစ်တယ်၊ စက်သေနတ်တွေနဲ့လည်းပစ်လို့ ဂျပန်တွေ အတုံးအရုံးသေကျေကုန်တယ်၊ ဒီသတင်းဟာ အဲဒီတုန်းက အတော်ပဲပျံ့နှံ့ခဲ့တယ်၊”

“အဲဒီရက်အတွင်း ပဲခူးနှင့် ပဲနွယ်ကုန်းအကြား စစ်တောင်းနှင့်မုတ္တမအကြား မီးရထားလမ်းနှင့် မော်တော်ကားလမ်းကိုအဓိကထားပြီး တိုက်ခိုက်ခဲ့တယ်၊ မိုင် ၂ဝ အတွင်း ကျနော်တို့တပ်တွေဟာ မီးရထားလမ်းနှင့် တယ်လီဖုန်းကြိုးတွေကိုဖျက်၊ မော်တော်ကားကိုချောင်းပစ်၊ အဲဒီ (၃)မျိုးစလုံး တနေ့တကြိမ် မှန်မှန်လုပ်ကြတယ်၊ နောက် အဲဒီကားလမ်းများနှင့် မီးရထားလမ်းများကို မသုံးရဲအောင်ဖြစ်သွားတော့တယ်၊”

“နောက် ဧပြီလလယ်ကစလို့ ဂျပန်တွေ ပရမ်းပတာနဲ့ဆုတ်ခွာတဲ့အထိ ကျနော်တို့တိုက်ပွဲတွေဟာ အလွန်ခက်ခဲလာပါတယ်၊ အထူသဖြင့် ပဲခူး  နယ်ဟာ ဂျပန်တွေ နောက်ဆုံးဆုတ်ခွာမယ့် လမ်းကျတဲ့နေရာဖြစ်လို့ ကျနော်တို့တပ်တွေက အလုံးအရင်းနှင့် ထိုဒေသမှာ ဖိပြီးတိုက်ရပါတယ်၊ ပဲခူး၊ စစ်တောင်းနယ်ဟာ ပုလင်းလည်ပင်းနဲ့တူနေပါတယ်၊ တပြည်လုံးကဂျပန်တွေ ဆုတ်ခွာရာမှာ ထိုဒေသကို အားလုံးဖြတ်သန်းဆုတ်ခွာ ရပါတယ်၊ ဒီကြားထဲက ကျနော်တို့တပ်တွေဟာ တနေ့မှ တိုက်ပွဲမပြတ်ခဲ့ပါဘူး၊ ကျနော်တို့တပ်တွေဟာ ပဲခူး -မန္တလေးနှင့် ပဲခူး -မော်လမြိုင် မီးရထားလမ်းများနှင့် မီးရထားတွေကို ဂျပန်တွေမသုံးနိုင်အောင် ဖျက်ဆီးပစ်ကြတယ်၊”

“ဂျပန်တွေ ပရမ်းပတာဆုတ်ခွာသည့်အချိန်မှာ ကျနော်တို့ အောင်ပွဲတွေဆင်ခဲ့ပါတယ်၊ ကျနော်တို့က ပဲခူး-မန္တလေးလမ်း၊ ပဲခူး-စစ်တောင်း လမ်းကို ဖြတ်တောက်လိုက်တော့ ကျနော်တို့ထင်တဲ့အတိုင်း ဂျပန်တွေဟာ လမ်းရိုးရိုးက မဆုတ်နိုင်တော့ဘဲ ရောက်တဲ့နေရာက စစ်တောင်းမြစ်ကိုဖြတ်၊ နောက် မော်လမြိုင်ကို ဆုတ်ရလိမ့်မယ်လို့ရည်ရွယ်တယ်၊ သူတို့ဆုတ်လမ်းဟာ ပဲခူး-မုတ္တမလမ်း၊ ဖာပွန်- ဘီးလင်း လမ်း၊ နောက် စစ်တောင်းမြစ်ရိုးတလျှေက်တလမ်း ဆုတ်ကြတယ်၊ ကျနော်တို့က ဒီအချက်ကိုကြိုတင်မြင်လို့ သထုံနယ်ကမိမိတပ်တွေကို ဒီလမ်း (၃)လမ်းမှာ အသင့်ချထားတယ်၊ မဟာမိတ်တွေပဲခူးသိမ်းပြီးလောက်တဲ့အချိန်မှာ ဂျပန်တွေ ဒီလမ်း (၃)လမ်းက ကျနော်တို့ထင်တဲ့ အတိုင်း ပရမ်းပတာဆုတ်ခွာတဲ့အချိန်ပဲ၊ ဒီအချိန်မှာ စောင့်နေတဲ့ကျနော်တို့တပ်တွေက နေ့ညမစဲ ဒလစပ်တိုက်ခိုက်ကြတော့တာပဲ၊ တိုက်ပွဲတွေဟာ များလှပါတယ်၊ ပြောမဆုံးပါ၊ ဒီအထဲကတိုက်ပွဲသဏ္ဍန်သာဓက တခုကိုပြောပါ့မယ်၊”

“ဘီးလင်း-ဖာပွန်လမ်း ဆည်တော်ရွာအနီးတိုက်ပွဲမှာ ရန်သူဂျပန် (၁၅ဝ)မျှ လှည်း ၃ စီး၊ မြင်း ၆ ကောင်နှင့် စက်သေနတ်ကြီးတွေနဲ့ ဆုတ်လာကြပါတယ်၊ တောစပ်နှစ်ဘက်တောင်စောင်းပေါ်က အသင့်စောင့်နေတဲ့ ကျနော်တို့တပ်တွေက ပစ်ကွင်းသတ်ကွင်းထဲ ဝင်လာတာနဲ့တပြိုင်နက် လက်ပစ်ဗုံး၊ ရိုင်ဖယ်၊ စက်သေနတ်ကလေး၊ နောက်တော်မီဂန်းစတဲ့ ရှိသမျှလက်နက်ခဲယမ်းမီးကျောက်တွေကို စုပြုံပြီး တခဲနက်ပစ်သွင်းလိုက်တာပဲ၊ အင်မတန်ကံကောင်းတဲ့ ရန်သူ (၁ဝ)လောက်ပဲ လွတ်သွားတယ်၊ အားလုံးအတုံးအရုံး စုပုံသေကျန်ရစ်တာပဲ၊”

အဲဒီတိုက်ပွဲတွေမှာ ကျနော်တို့တပ် တိုက်ပုံခိုက်ပုံတွေကိုလိုက်ကြည့်ရှုသည့် မဟာမိတ် ၁၃၆ လေထီးဆင်းတပ်မှ မဟာမိတ်တပ်မှူးများသည် ကျနော်တို့တပ် တိုက်ခိုက်ကြပုံကို ချီးကျူးပါတော့သည်၊ (ဤသည်များကို တွေမြင်သိရှိခဲ့ကြသည့် ဗြိတိသျှတို့သည် ဗမာ့လွတ်လပ်ရေး တိုက်ပွဲကို စစ်ပွဲဖြင့် ဆက်၍မဖိတော့ဘဲ ဆွေးနွေးပြီးပေးခဲ့ရတာ ဖြစ်ပါသည်၊)

“အဲဒီလမ်း ၃ လမ်းမှာ ဂျပန်နဲ့ဖြစ်တဲ့တိုက်ပွဲတွေဟာ တနင်္ဂနွေ ၂ ပတ်အတွင်း ရန်သူဂျပန် (၈ဝဝ - ရှစ်ရာ)လောက်ကို သတ်ဖြတ်နိုင်ခဲ့တယ်၊ ၂၇၁ ယောက်ကို ဒဏ်ရာအကြီးအကျယ် ရစေတယ်၊ ဒီအထဲမှာ ဂျပန်ဘုရင်ရဲ့ သူရဲကောင်းတံဆိပ်ရတဲ့ဗိုလ်မှူးကြီး(ကာနယ်)တယောက် ပါဝင်တယ်၊ မော်တော်ကားတွေလည်း အများအပြားဖျက်နိုင်ခဲ့တယ်၊”
“အဲဒီလို ကျနော်တို့က ထိုးစစ်ဆင်ပြီးနောက်မှာ ဂျပန်တို့ကပြန်ပြီး တိုက်စစ်ဆင်လာတယ်၊ ဂျပန်တို့ထင်မြင်ချက်ဟာ မဟာမိတ်တပ်တွေ ရန်ကုန်သိမ်းပြီးတဲ့နောက် မဟာမိတ်တပ်တွေအနေနဲ့ သထုံ၊ မော်လမြိုင်တို့ကို ဆက်ပြီးထိုးလာမယ်ထင်ပြီး ဂျပန်ဟာမော်လမြိုင်ကို တောက်လျှောက်ဆုတ်ခွာခဲ့တယ်၊”

“ဒါပေမယ့် ဆက်မလိုက်လာမှန်း သိရတာကတကြောင်း၊ ပဲခူးရိုးမမှာကျန်နေတဲ့ ဂျပန်နှစ်သောင်းခန့်ကို စစ်တောင်းမြစ်ကိုဖြတ်ကူးနိုင်ရန် အတွက် တကြောင်း၊ စစ်တောင်းမြစ်ကမ်းတဝိုက်ကရှိနေတဲ့ ကျနော်တို့တပ်မတော်ကို ချေမှုန်းပစ်ဖို့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရောက်နေတဲ့ သူတိုရဲ့ (၁၈)နံပါတ်တပ်မနဲ့ (၅၃)နံပါတ်တပ်မ - ဒီဝီဇံတပ်မကြီး၂ တပ်ကို မော်လမြိုင်ကပြန်လွှတ်ပြီး ပထမဆုံး စစ်တောင်းမြစ် ကမ်းရှိ ကျနော်တို့တပ်ကို ချေမှုန်းတော့တာပဲ၊ အဲဒီတုန်းက ကျနော်တို့အင်အားဟာ စစ်တောင်းမြစ်ကမ်းပေါ်မှာ စုစုပေါင်း (၅ဝဝ)လောက်သာ ရှိပြီး ရန်သူ့အင်အားဟာ တစ်သောင်းလောက်ရှိလိမ့်မယ်၊ ကျနော်တို့တပ်တွေဟာ ဒီလောက်အင်အားကြီးမားတဲ့ ရန်သူ့အင်အားအလယ်မှာ ပိတ်ဆို့တာခံနေရပါတယ်၊”

“တနေရာမှာတော့ စစ်တောင်းမြစ်ကမ်းနှင့် ဘီးလင်း-ဖာပွန်လမ်းအကြားရှိ တောနက်ကြီးထဲမှာ (၁ဝ)ရက်ကျော်ကျော် အငတ်အပြတ်ခံပြီး ရန်သူရဲ့ပိတ်ဆို့ခြင်းကို ခံနေရပါတယ်၊ ဒီတုန်းက ရဲဘော်တွေ မိုးရွာကြီးထဲမှာ မိုးကာမရှိ ဆန်နည်းနည်းနဲ့ တောထဲမှာရှိတဲ့ သစ်ရွက်အချို့ ရောပြုတ်စားခဲ့ရတယ်၊ ဒီတောနက်ထဲမှာ မျှော့ခြင်တို့ရဲ့ဘေး၊ ငှက်ဖျားရောဂါထူထပ်တဲ့ဘေးတွေကိုလည်း ခံခဲ့ရတယ်၊”

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမိန့်အရ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ဖောက်ထွင်းဆုတ်ခွာဖို့ တသောင်းသောရန်သူတွေအကြားက ခဲခဲ ယဉ်းယဉ်း ဖောက်ထွက်လာခဲ့ရတယ်၊ တချို့ရဲဘော်တွေဖျားနာပြီး ဒီတောထဲမှာပဲ ပိုးစိုးပက်စက် သေကျေကျန်ရစ်ခဲ့တာလည်းရှိပါတယ်၊”

“ဒီတိုက်ပွဲတွေမှာ နောက်ခံတပ်အဖြစ်ကျန်ရစ်ခဲ့တဲ့ သထုံနယ်ဒုတိယစစ်ခေါင်းဆောင် ဗိုလ်အောင်ဇေယျဟာ တိုက်ပွဲမှာ မချိမဆန့်ဒဏ်ရာနဲ့ ရန်သူ့လက် ပါသွားရရှာပါတယ်၊”

“တခြားတနေရာဖြစ်တဲ့ ကျိုက်ထိုနှင့်မုတ္တမအကြားမှာရှိတဲ့ ကျနော်တို့တပ်သား (၂ဝဝ)ကျော်ဟာ ဒီလိုရန်သူတွေအကြားကအခု ကျနော်စကား ပြောနေချိန်အထိ ဖောက်ထွင်းမထွက်နိုင်သေးဘဲ အမျိုးမျိုးသောဒုက္ခတွေကိုခံနေရလျှက် ရှိပါတယ်၊ တချို့ရုပ်ဖျက်ပြီး မထင်မရှားနေခဲ့ရတယ်၊”

“ကျနော်တို့ရတဲ့သတင်းအရ တချို့ရန်သူဖမ်းမိသွားပြီး ရက်ရက်စက်စက် လှံစွပ်နဲ့ကစား၊ ဓားနဲ့ကစားခံရပြီးမှ အပိုင်းပိုင်းအစိတ်စိတ် သေကျေ ကြရပါတယ်၊ သထုံနယ်မှာ ကျုပ်တို့ရဲ့ရဲဘော်တွေသာမက ပြည်သူပြည်သားတွေပါ ရက်ရက်စက်စက် သတ်ဖြတ်နှိပ်ကွပ်ခြင်းခံရလို့ တခါမှ မကြုံဖူးတဲ့ လူသတ်ပွဲ၊ လုယက်ပွဲ၊ ကာမဓားပြပွဲတွေဟာ မကြားဝံ့အောင်ဖြစ်ခဲ့ပါတယ်၊ ဒါတွေကိုကြားရတော့ သထုံနယ်ကပြန်ဆုတ်လာတဲ့ တပ်သားတပ်မှူးတွေဟာ ငါတို့ တာဝန်ကျတဲ့နယ်မှာ ငါတို့တာဝန်မကျေလို့ အခုလိုကျန်ရစ်ခဲ့တဲ့ပြည်သူပြည်သားတွေ ရဲဘော်တွေ ဒုက္ခရောက်ရတယ်ဆိုပြီး ယူကြုံးမရ ဖြစ်ကြရပါတယ်၊”

“ဒီအကြောင်းအရာတွေဟာ ကျနော်တို့တပ်တွေနဲ့ မဟာမိတ်တပ်တွေ မတွေ့ဆုံရသေးခင်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေပါ၊ နောက် မဟာမိတ်တပ်တွေနဲ့ ကျနော်တို့တပ်တွေ တွေ့ဆုံပြီးနောက် ပူးပေါင်းပြီးတိုက်တဲ့တိုက်ပွဲတွေကိုလည်း အကျဉ်းချုံးပြီးနည်းနည်း ပြောလိုပါတယ်၊”


0 comments:

Post a Comment