ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
အပိုင်း(၁) အခန်း(၁၉)
(၁၅)
ကျနော်တို့ဘီအိုင်အေတပ်ဖွဲ့များသည်
ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ၁၉၄၂ ခုနှစ်ဆန်းတွင် ဗမာပြည်အတွင်းသို့ မော်လမြိုင်စစ်ကြောင်း။
ထားဝယ်စစ်ကြောင်း။ ရေကြောင်းချီစစ်ကြောင်း။ အတွင်းသူပုန်တပ်ဖွဲ့စစ်ကြောင်း။ စစ်သည်စစ်ကြောင်းများဖွဲ့ပြီး
ချီတက်ဝင်ရောက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုဌာနချုပ်လည်း ဝင်ရောက်သွားပြီဖြစ်သည်။
ကျနော့်တပ်ခွဲသာ
နောက်ခံတပ်အဖြစ် နောက်ဆုံးမှ ဗမာပြည်တွင်းဝင်ရောက်ရပေသည်။
ထိုင်းနိုင်ငံမှ
၃ - ၄ ရက်ခရီး ဗမာပြည်တွင်းဝင်ပြီးနောက်တနေ့တွင် ကျနော့်ကိုယ်ရံ ရဲဘော်ကိုထွန်းတင်က
ကျနော့်ကို အထူးသတင်းတခု ပြောလို၍ဟုဆိုပြီး လူရှင်းသောတနေရာခေါ်သွားပြီးပြောသည်မှာ ကျနော့်တပ်ဖွဲ့မှ
လူတော်တော်များများကသိကျွမ်းသော ထိုင်းလူမျိုး တပ်စုမှူးသည် ကျနော့်တပ်မှ အခြားထိုင်း
ရှမ်းကပြားလူမျိုးတပ်စုမှူးတယောက်နှင့် တိုင်ပင်ဆွေးနွေးနေသောစကားများကို သူကြားသိသမျှ
ပြန်ပြောပြပါသည်။
ထိုင်းလူမျိုးတပ်စုမှူးကပြောတာက
လက်ရှိတပ်ဖွဲ့တွင် ဦးစီးနေသောတပ်မှူး (ကျနော်ဗိုလ်ကျော်ဇော)ဟာ မြန်မာလူငယ်ကလေး ခပ်ပိန်ပိန်လေးသာဖြစ်သည်။
ငါတို့သူကိုလုပ်ကြံပြီး ဒီတပ်ကိုအပိုင်စီးကာ ဒီနယ်စပ်ဒေသမှာ လုယက်တိုက်ခိုက် စားသောက်ရသော်
ငါတို့များစွာ ချမ်းသာကြီးပွားလာမည်ဟု ကြံစည်ပြောဆိုနေကြပုံကို ပြောပြပါသည်။ ကျနော့်မှာ
ထိုစဉ်က နယ်ချဲ့တော်လှန်ရေးစိတ်ဓာတ် များစွာတင်းမာနေသဖြင့် ထိုစကားကြားရသောအခါ များစွာစိတ်ဆိုးဒေါသထွက်မိသည်။
နောက်မှ မိမိတပ်ဖွဲ့တွင် မြန်မာလူမျိုးက
အနည်းစုကလေးသာဖြစ်သဖြင့် ထိုကိစ္စ ပညာသတိဖြင့်ဖြေရှင်းရမည်ဟုနားလည်လာပြီး ကျနော့်ကိုယ်ရံကို
ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လက်ဆွဲချီးကျူးလိုက်ပြီး ဆက်ပြီးမသိမသာ ထောက်လှမ်းသွားရန်ပြောကာ
လူချင်းခွဲလိုက်သည်။
ကျနော့်တပ်ဖွဲ့တွင်
လက်နက်အပိုအသစ် ၁ ဒါဇင်မျှလည်း သေတ္တာ ၂ လုံးနှင့်ထည့်ပြီး သယ်ယူလာကြသည်။ နောက်တပ်တိုးချဲ့သောအခါ
သုံးရန်ဖြစ်သည်။ ထိုလက်နက်များကိုပါ သူတို့လိုချင်နေပုံရသည်။
ကျနော်သည်
ထိုကိစ္စမဆိုင်းမတွ မိမိကလက်ဦးအောင်လုပ်မှဖြစ်မည်ယူဆပြီး ထိုတပ်စုမှူး ၂ ဦးကို နောက်နေ့တွင်
ဖမ်းဆီးလိုက်သည်။ မိမိတပ်ဖွဲ့ကို ပုန်ကန်ရန်ကြံစည်၍ဖြစ်သည်ဟုလည်း ကြေညာလိုက်သည်။
နောက်နေ့တပ်ချီတက်၍
ညနေခရီးဆုံးခါနီး သစ်ပင်နှစ်ပင်ကို ကျနော့်ကိုယ်ရံရဲဘော်အားပြထားပြီး ညကျလျှင် ဖမ်းထားသူတွေကို
ချည်နှောင်ထားရန်အတွက်ဟု မှာထားပါသည်။
ထိုညဦးပိုင်းတွင်
ဖမ်းထားသောတပ်စုမှူး (၂)ယောက်ကို လုပ်ကြံသတ်ဖြတ်ပစ်ရန် စီမံပြုလုပ်ထား၏၊ ထို (၂)ဦးက
တပ်တွင်းပုန်ကန်ရန် ကြံစည်သဖြင့် ငါတို့တပ်မှ လုံးဝထုတ်ပစ်ပြီး အနီးဆုံးထိုင်းရွာတရွာသို့ပို့ထားခဲ့မည်ဟုကြေညာပြီး
ညဦးပိုင်းတွင် ထိုင်းရွာတရွာသို့ ပြန်ပို့ရန် အစီအစဉ်ဖြင့် နောက်ပိုင်းသို့ အချုပ်ဖြင့်ပြန်ခေါ်သွားစေပါသည်။
ကျနော်နှင့်ကျနော့်တပ်မှ တပ်မှူးတချို့က နောက်ပိုင်းမလှမ်းမကမ်းအကွာမှ တိတ်တဆိတ် မှောင်ထဲမှလိုက်သွားခဲ့ပါသည်။
အချုပ်နှင့်ခေါ်သွားသူတို့မှာ
ကျနော်စီစဉ်ထားသည့်အတိုင်း လမ်းခရီးသစ်ပင် (၂)ပင်သို့ရောက်သောအခါ ထိုညဒီမှာပဲ ခေတ္တအိပ်နားမည်ဆိုပြီး
တပ်စုမှူး (၂)ဦးကို ကျနော်ညနေကပြထားသော သစ်ပင် ၂ ပင်တွင် ကပ်ပြီး ကြိုးဖြင့်ချည်နှောင်စေကာ
အိပ်ဖို့လုပ်ကြပါသည်။
ထိုစဉ်အတွင်း
နောက်ကလိုက်လာသောကျနော်က သူတို့လက်ဆွဲမီးအိမ် မီးရောင်အတွင်းဝင်ရောက်လိုက်ရာ အကျဉ်းသား
(၂) ယောက်မှာ သူတို့၏ကံကြမ္မာကိုရိပ်မိပြီး စိုးရိမ်ကြောက်ရွံ့စွာ အော်ဟစ်ကြပါတော့သည်။
ကျနော်က
မှန်အိမ်မီးရောင်အောက်တွင် သူတို့အား သေဒဏ်ပေးသောအမိန့်စာကို ဖတ်ပြပါသည်။ “သင်တို့သည်
တပ်မတော်ကို ပုန်ကန် သစ္စာဖောက်ရန် လုပ်ကိုင်ကြသည်။ ဤသည်မှာ မြန်မာပြည်သူတို့၏ နှစ်ပေါင်းများစွာကြိုးစားခဲ့သော
အင်္ဂလိပ်တို့အောက်မှလွတ်မြောက်ရေး။ အင်္ဂလိပ်တော်လှန်ရေးကြီးကို ပထမဆုံး သစ္စာဖောက်လိုက်ရာကျပေသည်။
သင်တို့ (၂)ယောက်ကို ဗမာ့တော်လှန်ရေးကောင်စီကိုယ်စား ကျွန်ုပ်က သေဒဏ်ပေးလိုက်သည်” ဟုဆိုပြီး
ကျနော်နှင့်ပါလာသော ကျနော့်တပ်မှူးများရှေ့မှောက်တွင် အစောင့်ရဲဘော်တယောက်ထံမှ လှံစွပ်တပ်ထားသောသေနတ်တလက်ကို
ဆွဲယူလိုက်ပြီး ဒေါသနှင့်ကျနော်အော်ဟစ်ပြီးပြေး၍ တပ်စုမှူးပထမခေါင်းဆောင်ကို လှံစွပ်ဖြင့်
၂ ချက် ၃ ချက် ဆင့်ထိုးပြီး သတ်ဖြတ်လိုက်သည်။
ဤတွင်
၎င်းပထမတပ်စုမှူးပျော့အိပြီး သစ်ပင်တွင်ကပ်လျက် တွဲလောင်းကျသွားတော့မှ မနီးမဝေးရှိအော်ဟစ်နေသော
ဒုတိယတပ်စုမှူးရှိရာကို ကျနော်ထပ်သွားပြီး လှံစွပ်ထိုးသတ်ဖြတ်လိုက်ပါသည်။ သတ်ပြီးသူ့အလောင်းကို
အနီးရှိရေမြောင်းတခုထဲ ဆွဲယူပစ်ချစေပါသည်။
ပထမတပ်စုမှူးအလောင်းကိုလည်း
အလားတူသစ်ပင်မှခွာယူပြီး ရေမြောင်းထဲပစ်ချရန်သွားရာ ထိုတပ်စုမှူးမှာ သစ်ပင်တွင်မရှိတော့ဘဲ
သူ့ကိုချည်ထားသောကြိုးသာ တွဲလောင်းကျန်နေပါသည်။
ဤတွင်ကျနော်သည်
အနည်းငယ်လန့်ဖြန့်သွားပြီး ထိုလွတ်သွားသောတပ်စုမှူးကို နာရီဝက်ခန့် အနီးတဝိုက်တွင် ရှာဖွေကြသော်လည်း
မတွေ့ရတော့ပါ၊
ထိုတပ်စုမှူးမှာ
လှံစွပ်ဒဏ်ရာဖြင့် ပျော့ကျသွားစဉ် ချည်ထားသောအုန်းဆံကြိုးရှည်ထွက်လာပြီး ကြိုးကွင်းရှည်ဖြစ်လာရာမှ
မျောနေသော တပ်စုမှူး သတိရပြီး ကြိုးကွင်းမှလျှိုထွက်ပြီး သွေးရူးသွေးတန်းထွက်ပြေးသွားပုံရသည်။
ကျနော်တို့သည်
ထိုတပ်စုမှူး တနေရာတွင်သေနိုင်သည်ဟုယူဆပြီး ကျနော်၏ သေဒဏ်အမိန့်ကို ထပ်ပြီးဖတ်ပြလိုက်ကာ
တပ်ဖွဲ့သို့ ပြန်လာကြသည်။
နောက်တနေ့
တပ်ဆက်လက်ခရီးချီတက်ပြီး ညနေနားပြီး၍ ညစာစားကြရာတွင် ကျနော့်တပ်မှူးငယ်များ ခါတိုင်းလို
ကျနော်တို့ထမင်းဝိုင်းသို့ ဝင်မစားကြတာတွေ့ရသဖြင့် ကျနော်က သူတို့ဘယ်မှာစားကြသလည်းမေးမြန်းတော့မှ
ဗိုလ်လှဖေက သူတို့ တပ်မှူးကြီးဗိုလ်ကြီးကို ကြောက်ရွံ့ သဖြင့် ထမင်းအတူမစားရဲတော့ဘဲ
တနေရာမှာစားကြတာပါဟုပြောသည်။
သည်နောက်နေ့များတွင်
ကျနော့်တပ်ဖွဲ့ငြိမ်းချမ်းစွာ ဗမာပြည်တွင်းသို့ချီတက်ကြပါတော့သည်။
နာက်တနေ့
ကျနော်တို့ခရီးဆက်ထွက်ရာ မကြာမီလမ်းတွင် ဗိုလ်စောနောင်၏တပ်ခွဲနှင့် ဆုံစည်းမိပါသည်။
သူ့တပ်ထဲတွင် ကောင်းစွာ မကျန်းမာသဖြင့် ရှေ့တန်းဗဟိုတပ်ဖွဲ့နှင့်မလိုက်နိုင်သော ဗိုလ်စကြာလည်း
ပါလာပါသည်။ နောက် ဂျပန်တပ်များနှင့်ဆက်သွယ်ရန် ဘီအိုင်အေ တပ်မတော် ဗိုလ်ကြီးရာထူးပေးထားသော
ဂျပန်တပ်ကြပ်တဦးလည်း ပါလာပါသည်။
ကျနော်တို့ကို
၎င်းဂျပန်တပ်မှူးတိုက်တွန်းသည့်အတိုင်း တပ် (၂)တပ်ကို ကော်လံတပ်ဖွဲ့တခု ဖွဲ့စည်းပါသည်။
လက်တွေ့ ကျနော်ကပင် ဦးဆောင်ပါသည်။
ကျနော်သည်
ဖြစ်ပျက်ခဲ့သော သေဒဏ်ပေးလိုက်သော တပ်စုမှူး(၂)ဦး၏ အဖြစ်အပျက်ကို ဗိုလ်စင်္ကြာအားပြောပြရာ
ဗိုလ်စကြာက ထိုထွက်ပြေးသူတပ်စုမှူးဟာ မုချပင်သေဆုံးရမည်။ သွေးရူးသွေးတန်းထွက်ပြေးရာမှ
လည်းပြိုပြီး ပြန်မထနိုင်ဘဲသေဆုံးရမည်ဟု ပြောပါသည်။ ဗိုလ်စကြာမှာ ဆေးကျောင်းသားဆရာဝန်လောင်းတဦးဖြစ်၍
ကျနော်လည်း ပိုမိုယုံကြည်မိပါသည်။
ကျနော်တို့
ဆက်လက်ချီတက်ကြရာ ဗမာပြည်အတွင်းပိုင်း သံလွင်မြစ်အရှေ့ဘက်ရောက်လာကြ၏၊ ကျနော်တို့၏ ရှေ့ဘက်မလှမ်းမကမ်းတွင်
အင်္ဂလိပ်တို့၏တပ်ဖွဲ့တခုရောက်နေကြောင်း ရွာသားများကတဆင့်သိကြရာ ကျနော်တို့က များစွာ
တိုက်ခိုက်လို၍အမြန်လိုက်ကြသည်။ အင်္ဂလိပ်တပ်မှာ ကျနော်တို့တပ်ဖွဲ့သတင်းကြားကာ ကြောက်ရွံ့သဖြင့်အတင်းဆုတ်ခွာပြီး
ဗမာပြည်အတွင်းပိုင်းသို့ ပြန်ပြေးတာမြန်ဆန်သဖြင့် မမီလိုက်၍ မတိုက်လိုက်ရပါ၊
မတိုက်လိုက်ရသော်လည်း
ကျနော်တို့တပ်ဖွဲ့မှာ စိတ်အားတက်ကြွလျက်ရှိပါတော့သည်။ ကျနော်တို့တပ်ဖွဲ့မှလူများက
ကျနော်တို့ကို လူပင် ငယ်သော်လည်း ရဲစွမ်းသတ္တိရှိသောတော်လှန်ရေးတပ်မှူးများ ဖြစ်သည်။
စစ်ပညာလည်းတတ်သူတွေ။ မျိုးချစ်ပုဂ္ဂိုလ်တွေ။ သေမှာမကြောက်သော တော်လှန်ရေးသမားကြီးတွေဟု
ုံကြည်ယူဆပြီး လေးစားအသိအမှတ်ပြုခြင်း ခံလာရသည်။
ဗိုလ်စကြာက
ခင်ဗျားတို့တပ်ဖွဲ့ဟာ မနေ့ကအင်္ဂလိပ်တို့၏တပ်နှင့် မတိုက်လိုက်ရသော်လည်း တကယ်တိုက်မည့်ပုံသဏ္ဍန်
အမြန်ပြင်ဆင် လိုက်ရသဖြင့် များစွာအတွေ့အကြုံရှိသွားပြီဟု ပြောပါသည်။
ကျနော်တို့တပ်ဖွဲ့သည်
ဖာပွန်အောက်မှ တဖြည်းဖြည်း ဗမာပြည်တွင်းသို့ချီတက်လာရာ နောက်ဆုံးစစ်တောင်းမြစ်ကမ်းပေါ်ရှိ
“ကွင်းဆိပ်” ဟူသော မြန်မာရွာကြီးသို့ ဆိုက်ရောက်ပါသည်။ ပထမဆုံးတွေ့ရသော မြန်မာရွာကြီးဖြစ်သဖြင့်
ကျနော်တို့ များစွာပျော်ရွှင်ကြပါသည်။ ရွာသားများကလည်း ကောင်းစွာကြိုဆို ချက်ပြုတ်ကျွေးမွေးကြပါသည်။
အချို့လည်း ကျနော်တို့တပ်သို့ တပ်သားအဖြစ်ဝင်ရောက်ကြပါသည်။ ကျနော်တို့ ထိုမြန်မာရွာကြီးတွင်
တရက်မျှအနားယူကြပါသည်။ အင်္ဂလိပ်တပ်များလည်း ဗမာပြည်မှ အထက်ဗမာပြည်နှင့် အိန္ဒိယပြည်ဘက်သို့
ဆုတ်ခွာနေကြသည်။
ကျနော်တို့တပ်ဖွဲ့
နောက်နေ့တွင် ပဲခူးမြို့ဘက်ဆက်လက်ချီတက်ရာ နောက်နေ့တွင် ပဲခူး မန္တလေးကားလမ်းပေါ်ရှိ
“တာဆုံ” ဟူသော ရွာကြီးသို့ဆိုက်ရောက်ပြီး ပဲခူးသို့ ဆက်လက်ချီတက်ကြပါသည်။
ကျနော်တို့တပ်မှာ
လာခဲ့သောလမ်းတွင် “လား” တကောင်ကိုဖမ်းမိရာ ကျနော်စီးဖို့ပြင်ဆင်ပေးသဖြင့် ခရီးလမ်းအတော်များများမှာ
ကျနော် မပင်ပန်းတော့ချေ၊
ကျနော်တို့တပ်ဖွဲ့
ပဲခူးသို့ရောက်သောအခါ လွန်ခဲ့သောနေ့က ဗိုလ်ဗလနှင့် ဂျပန်ဗိုလ်ကဝါရှီးမာတို့တပ်ဖွဲ့
ပဲခူးတွင် တရက်ဝင်နားပြီး ရန်ကုန်ဘက်ကို ဆက်ပြီးချီတက်ကြသည်ဟု ဝမ်းမြောက်စွာကြားသိရပါသည်။
အင်္ဂလိပ်တပ်ဖွဲ့များလည်း ရန်ကုန်မှာ မခုမခံတော့ဘဲ အထက်ဗမာပြည်မှ အိန္ဒိယသို့ဆုတ်ခွာရန်
ချီတက်နေကြပြီဟု သိရပါသည်။
ကျနော်တို့တပ်ဖွဲ့
ပဲခူးတွင်ညအိပ်ပြီး နောက်နေ့ဆက်လက်ပြီး ခြေလျင်ချီတက်ပါသည်။ ထိုအချိန်ဗမာပြည်တွင် စစ်ဖြစ်နေ၍
မော်တော်ကားပြေးဆွဲခြင်းများ မရှိသလောက်ဖြစ်နေပါသည်။ ကျနော်မှတ်မိသည်မှာ လမ်းတွင်
“လှည်းကူး” ဟူသော ကျေးလက်မြို့ ကလေးတွင် ကျနော်တို့တပ်ဖွဲ့ကို လူထုကကြိုဆိုချက်ပြုတ်
ကျွေးမွေးကြခြင်း ဖြစ်ပါသည်။
ကျနော်တို့နောက်နေ့
“လှည်းကူး”မှ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်ကြပါသည်။ နောက်ဆုံးကျနော်တို့ ရန်ကုန်ရောက်ပြီး
ကန်တော်ကြီး “ဘုတ်ကလပ်” တွင် ကျနော်တို့တပ်ဖွဲ့ တပ်စွဲပါတော့သည်။ ရန်ကုန်တွင် လူသိပ်မရှိ
ကျိုးတိုးကျဲတဲသာရှိပါသည်။
ကျနော်မှတ်မိတာတခုမှာ
ကျနော်တို့ လအချို့ရက်ပေါင်းများစွာ မြေကြီးပေါ်တွင်အိပ်ခဲ့ရပြီး ရန်ကုန်ဘုတ်ကလပ်ရောက်မှ
ခုတင်များနှင့် သန့်သန့်ရှင်းရှင်းအိပ်ရသောအခါ မအိပ်တတ်သလိုဖြစ်နေတာ မှတ်မိနေပါသည်။
ကျနော့်ရဲဘော်များက ဘုတ်ကလပ်ထဲဝင်ရှာကြဖွေကြပြီး တွေ့လာသည့် ခုတင်နှင့်မွေ့ရာများကိုယူလာပြီး
ကျနော့်အတွက်ခင်းကျင်းပေးခြင်း ဖြစ်ပါသည်။ တချို့ရဲဘော်များမှာ အင်္ဂလိပ်မများဝတ်သည့်
ဂါဝန်ရှည်ကြီးများ။ ငှက်မွေးနဲ့ဦးထုပ်များ စတာတွေ ရှာဖွေတွေ့ရှိကာ ဝတ်ဆင်လာတာများလည်းရှိ၍
ငိုအားထက် ရယ်အားသန်ရပါသည်။ အင်္ဂလိပ်များက မဆုတ်ခွာခင် ဘုတ်ကလပ်အနီး ကန်တော်ကြီးထဲမှာ
ချပြီးဝှက်ထားသည့် အရက်အကောင်းစားများ တချို့ကရှာတွေ့ပြီး မူးယစ်သောက်စားကြတာလည်း မှတ်မိနေပါသည်။
တချို့ရဲဘော်များက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်များကိုသွားရောက် ပစ်ခတ် ယူဆောင်လာပြီး ဟင်းချက်စားကြတာလည်း
ရှိပါသည်။
ကျနော်တို့
ဗမာပြည်မှ ၁၉၄၁ ခုနှစ် အလယ်လောက်က ဂျပန်သို့ စစ်ပညာသင်သွားခဲ့ရာ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သို့
မသေမပျောက် မထိမခိုက်နှင့် ကောင်းစွာပြန်ရောက်လာပြီဖြစ်လို့လည်း အလွန်ဝမ်းသာနေမိပါသည်။ ၊
အပိုင်း
(၁) ဆုံး၊
0 comments:
Post a Comment