Saturday, March 21, 2015

ဇစ်မြစ်လိုက်မယ့် မျိုးဆက် (မျိုးမြင့်ချို)

0 comments
ဇစ်မြစ်လိုက်မယ့် မျိုးဆက် (မျိုးမြင့်ချို)
English for Second Language ခေါ် ESL သင်ကြားခွင့်လက်မှတ်အတွက် သင်တန်းတက်နေစဉ်ကဖြစ်၏။ ယဉ်ကျေးမှုကိစ္စများ စကားစပ်ရင်း အာဖရိကနိုင်ငံတခုမှ ဒုက္ခသည်အဖြစ်ရောက်လာပြီး ဖို့တ်ဝိန်းရှိ လူမှုအေဂျင်စီတခု၌ အလုပ်လုပ်နေသူအမျိုးသမီးက
“တို့သားသမီးတွေက တို့ဘာသာစကား၊ တို့ယဉ်ကျေးမှု၊ တို့အနေအထိုင်အစားအသောက်တွေကို မကြိုက်သလိုလိုနဲ့ ပြောပြလည်းစိတ်မဝင်စား နားလည်းမထောင်ကြဘူး။ ဒါ့ကြောင့် နေ့ရှိသရွေ့ စိတ်ဆင်းရဲနေရတာပဲ”ဟုဆို၏။ ဤတွင် သင်တန်းဆရာမက “ဒီကိစ္စ ငါလည်း ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘူး၊ ကဲ ခုတော့ အလျဉ်းသင့်ပြီ၊ ပြောကြတာပေါ့ဟု”ဆို၏။ သူကား ဘာသာဗေဒဆိုင်ရာပါရဂူဘွဲ့ရထားပြီး အိုင်ပီအက်ဖ်ဒဗလျူတွင် ပါမောက္ခလုပ်နေသူ။
“ငါ့အဖိုးနဲ့အဖွား အိမ်ထောင်သက် ၈ နှစ်ကျော်လောက်မှာ ကလေး ၂ ယောက်နဲ့အတူ ဒီကို ဒုက္ခသည်အဖြစ်နဲ့ရောက်လာကြတယ်။ သားလေးက ငါ့အဖေဖြစ်လာမယ့်သူပဲ။ အဖိုးက အင်္ဂလိပ်လို သေစာရှင်စာတတ်ပေမယ့် အဖွားက နကန်းတလုံးတောင်နားမလည်ဘူး။ အဖိုးဟာ သူတတ်သလောက်အင်္ဂလိပ်စကားနဲ့ ဘဝကိုရအောင်တည်ဆောက်ပြီး မိသားစုလက်ရည်တပြင်စီးနေခဲ့ကြတာပဲ။ ဒါပေမယ့် စိတ်ချမ်းသာသလားဆိုတော့ မချမ်းသာဘူး။ နေ့ရှိသမျှ စိတ်ဆင်းရဲခဲ့ကြတာပဲ။
သူတို့က သူတို့သားသမီးတွေကို အိမ်မှာ မိဘနဲ့ရော မောင်နှမအချင်းချင်းရော ကိုယ့်စကားနဲ့ အားရပါးရပြောစေ့ချင်တယ်။ ရိုးရာအစားအသောက်တွေ မြိန်ရည်ရှက်ရည်စားစေ့ချင်တယ်၊ ကိုယ့်ယဉ်ကျေးမှု၊ စာပေအနုပညာစတာတွေကို အနည်းဆုံးတီးမိခေါက်မိရှိစေ့ချင်တယ်၊ ဒါပေမယ့် သူတို့ဖြစ်စေ့ချင်တာ ဘာတခုမှ ဖြစ်မလာဘူး။ ကျောင်းစတက်ပြီးကတည်းက ကလေးတွေက အိမ်မှာ မောင်နှမချင်းတွေ အင်္ဂလိပ်လိုပဲပြောတယ်။ ကျောင်းမှာအပြင်မှာလည်း အင်္ဂလိပ်လိုပဲပြောတယ်။ အင်္ဂလိပ်က First Language ဖြစ်သွားတော့ သူတို့အတွက် ပြောရပိုလွယ်သွားတာကိုး။ အဖိုးအဖွားတွေစကားကို ပြောပြန်ရင်လည်း အမြီးအမောက်မတည့်တွေများတယ်။ ‘သင်လည်း သင် သင်ပဲရှိတာ၊ စိတ်မဝင်စားကြဘူး’လို့ အဖိုးကပြောဖူးတယ်။
အစားကြတော့လည်း အမေရိကန်စာတွေကို ပိုခံတွင်းတွေ့ကြတယ်။ အိမ်မှာ မတတ်သာလို့သာ ရိုးရာစာတွေစားရပေမယ့် အနံ့အရသာအစပ်အဟပ်တွေက ခံတွင်းမလိုက်ကြဘူး။ အဖေ့ညီမဆို ခုထိ ရိုးရာအစားအစာတွေ လက်ဖျားနဲ့တောင်မတို့ဘူး။ အဖွားအိမ်အလည်သွားလို့ ချက်ပြုတ်နေချိန်နဲ့ကြုံရင် နှာခေါင်းပိတ်တာတို့ အပြင်ထွက်ထိုင်တာလို့လုပ်တုန်း။
ဝတ်တာကြတော့လည်း ဒီကအတိုင်းပဲ ဝတ်ကြတာကိုး။ အဖိုးအဖွားတွေရဲ့ စာပေအနုပညာနဲ့ဆို ပိုတောင်ဝေးကြသေးတယ်။ ပိုဆိုးတာက သူတို့အဖေအမေတွေ ဒီကို ဒုက္ခသည်အဆင့်အတန်းနဲ့ ရောက်လာကြတာဆိုတာကို လူသိမခံချင်ကြတာပဲ။ ရှက်ကြတာပဲ။ သိသွားမှာ သေမလောက် ကြောက်ကြတာပဲ။ အိမ်ကို ကျောင်းကဆရာ ဆရာမတွေ၊ သူငယ်ချင်းတွေလာလည်မှာ တော်တော်စိုးကြတယ်။ အပြင်လူတွေရှေ့မှာ မိဘတွေက အင်္ဂလိပ်အသံထွက်မပီမသကြီးတွေနဲ့များပြောရင် ရှက်လို့မပြီးတော့ဘူး။ ကျောင်းမှာ ပွဲတွေဘာတွေရှိလို့ မိဘတွေခေါ်လာရမယ်ဆိုတဲ့အခါ “ဟိုကြရင် ဘယ်သူနဲ့မှ ဘာစကားမှ မပြောနဲ့နော်”လို့ ကြိုပိတ်ပြီးမှခေါ်သွားတာ။ မတော် တယောက်ယောက်နဲ့တခုခုပြောရင်း သူတို့ ဘဝအမှန်ပေါ်သွားမှာကို သိတ်ကြောက်ကြတာ။ ကုန်ကုန်ပြောရရင် သူတို့ဟာ ဒီလို မိဘမျိုးရဲ့သားသမီးဖြစ်ရတာ ရှက်လို့မဆုံး၊ သိမ်ငယ်လို့မဆုံး၊ မျက်နှာပူလို့မဆုံး ခံစားနေရတာပဲ။
အပျိုလူပျိုဖြစ်လာလို့ ရည်းစားသနာတွေရှိလာ၊ အိမ်လာလည်တာ အပြင်အတူထွက်တာမျိုးတွေကိုမကြိုက်လို့ မိဘတွေကဆုံးမရင် ‘ချုပ်ချယ်တယ်၊ တင်းကျပ်တယ်၊ ခေတ်မမီဘူး၊ ယဉ်ကျေးမှုနားမလည်ဘူး’ ဘာညာနဲ့ ကက်ကက်လန်အောင် ပြန်ပြောကြတာပဲ။ ပြောလိုက်တိုင်း ‘ဒါအမေရိကန် ဒါအမေရိကန်’ဆိုတာပါတယ်တဲ့။ ချုပ်ပြောရရင် မိဘတွေရဲ့ဘဝ၊ ဘာသာစကား၊ အစား အသောက်၊ ဝတ်ပုံဆင်ပုံ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ ဘာတခုကိုမှအထင်မကြီးဘူး။ မိဘတွေကို အထင်မကြီးဘူးဆိုတာထက် အထင်ပါသေးတာ။ စဉ်းစားကြည့်ပေါ့ ငါ့အဖိုး အဖွားတွေ ဘယ်လောက်စိတ်ထိခိုက်ကြ စိတ်ဆင်းရဲကြ၊ စိတ်လက်မချမ်းမသာ ဖြစ်ကြရမလဲလို့။
အေး အခု နင်တို့ ဖြစ်နေတာလည်း ဒါပဲ မဟုတ်လား။ အဲ့ဒါကိုပဲ Cultural Shock တွေထဲက တခုလို့ တို့အခု ပြောကြတာမဟုတ်လား။ ဒါပေမယ့် မပူပါနဲ့။ ဒါတွေက ဒီလောက်ကြီး ပူရမယ့်ကိစ္စတော့လည်း မဟုတ်ပါဘူး။ ကိုယ့်ဘက်ကသာ တတ်နိုင်သလောက် ကိုယ့်ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု စတာလေးတွေ ရသလောက်ပြောပြောပြ၊ ပွဲတွေလမ်းတွေရှိတဲ့အခါ လိုက်မယ်ဆိုခေါ်သွား၊ ကိုယ့်လူမျိုးအသိုင်းအဝိုင်းနဲ့ သိတ်ကြီးမကင်းကွာအောင်ထား။ ဒါပေမယ့် ဇွတ်ကြီး အတင်းအကျပ်ကြီးတော့မလုပ်မိစေနဲ့။ သူတို့က ကျင်လည်နေရတဲ့ယဉ်ကျေးမှုထဲမှာ အသားကျသွားပြီ။ ကိုယ်က မကျနိုင်တာ။ သူတို့က ဒါကိုပဲ ယဉ်ကျေးမှုလို့သတ်မှတ်လက်ခံ လိုက်ကြပြီ။ ကိုယ်က ရင်ခံနေကြတာ။ ထားလိုက်ပါ။ ကိုယ်နိုင်သလောက်လေးလုပ်ပေးရင်း စိတ်ချမ်းသာအောင်သာနေပါ။ ဒီတဆက်ကတော့ ဒီအတိုင်းသွားမှာပဲ။ ဒီမျိုးဆက်ထဲမှာ ယဉ်ကျေးမှု ကျီးမမြည်ကြက်မမြောက် တွေရှိကိုရှိရမှာပဲ။
ဒီကို ဒီလိုဘဝတွေနဲ့ရောက်လာတဲ့မိသားစုတိုင်းလိုလိုရဲ့ ဒုတိယမျိုးဆက်မှာ ဖြစ်တတ်တဲ့သဘာဝပဲ။ နောက်တော့ တတိယမျိုးဆက်လာပါလိမ့်မယ်။ အဲ့ဒီမျိုးဆက်ကြတော့မှ ‘ငါတို့ ဘာလို့ တချို့တွေနဲ့ ဆံပင်၊ အသား အရောင်၊ အဆက်အပေါက် စတာတွေ မတူရတာလဲ၊ ငါတို့ဟာ ဘာလဲ၊ ဘယ်က လာတာလဲ၊ ဘယ်ပုံ ဒီကိုရောက်လာကြသလဲ၊ ငါတို့ဇစ်မြစ်ကဘာလဲ’စတဲ့မေးခွန်းတွေ ကိုယ့်ဖာသာ ထုတ်ကြတော့တာပဲ။
ဒီတော့မှ ဇစ်မြစ်ကိုလိုက်ရင်း အဖိုးအဖွားတွေဘက် ပြန်လည်တော့တာပဲ။ အဖိုးအဖွားတွေ ဘာသာရေး၊ စာပေ၊ စကား၊ အစားအသောက်၊ အနေအထိုင်၊ သမိုင်းနောက်ခံ၊ ယဉ်ကျေးမှုတွေအထိ သူတို့သိချင်လာကြပြီ။ သူတို့ စူးစမ်းလာကြပြီ။ အဖိုးအဖွားတို့ လာခဲ့ရာတိုင်းပြည်ကို၊ ယဉ်ကျေးမှုကို၊ သမိုင်းကို အထင်ကြီးရမှန်းအလေးထားရမှန်းသိလာပြီ၊ အဲ့ဒီအချိန်ကြ အဖိုးအဖွားတို့ဇာတိမြေကို သွားလည်ကြ၊ ပညာရပ်နယ်ပယ်တွေမှာလည်း အဲ့ဒီအကြောင်းတွေကို ဆည်းပူးကြ ဖြန့်ချိကြနဲ့ ပညာတတ်တွေဖြစ်ကြတာပါပဲ။
ငါ့အဖိုးအဖွားတွေရဲ့ဘာသာစကားနဲ့ ငါ ဘာသာဗေဒပါရဂူဘွဲ့ ယူခဲ့တာပဲ။ ခုဆို ငါ့အဖိုးအဖွားတွေနဲ့ ရိုးရာအစားအသောက်တွေ အတူတူစားကြရင်း တို့ဘာသာစကားနဲ့ အားရပါးရပြောနေကြတာပဲ။ သူတို့လည်း စိတ်တွေချမ်းသာပြီး ငါနဲ့များစကားပြောရင် တပြုံးပြုံးနဲ့ကိုနေတာပဲ။ တတိယမျိုးဆက်ဟာ ဇစ်မြစ်ကိုပြန်လှန်မယ့်၊ ဇစ်မြစ်ကိုဂုဏ်ယူရကောင်းမှန်းသိတဲ့မျိုးဆက်ပဲ။ ဆိုတော့ နင်တို့လည်း တတိယမျိုးဆက်ကိုသာ မျှော်ပါ။ သူတို့နဲ့ အတူပျော်နိုင်မယ့်နေ့ကိုတွေးပြီး စိတ်လက်ချမ်းသာအောင်နေပါ”ဆို၍ တောက်လျှောက် တသီတတန်းကြီးပြောချသွား၏။
ကျနော်အဖို့လည်း တွေးစရာတွေတပုံတပင်ရလိုက်၏။ အမေးရှင် အာဖရိကန်သူလည်း အတန်ငယ် စိတ်လက်ချမ်းသာရာရသည်ထင်၏။ ပြုံးနေ၏။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂ဝ၁၅
(အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့ထုတ် New Burma Monthly ရဲ့ ဖေဖော်ဝါရီအစ်ရှူးမှာဖော်ပြတဲ့ ကျနော့်စာစုဖြစ်ပါတယ်)

0 comments:

Post a Comment