စာတအုပ် လုပ်ခြင်း(မျိုးမြင့်ချို)
တချိန်ချိန်၌ ယခုခဲ့ကဲ့သို့ စာအုပ်လေးတအုပ် ထုပ်ထုပ်ထည်ထည်ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်မကူးမိခဲ့။ ကျနော်ပြောတာဖတ်ပြီး တအုပ်လောက်တော့ ကျန်အောင်လုပ်ပါလားဟု တိုက်တွန်းသူတချို့အား “စဉ်းတော့စဉ်းစားတာပဲဗျာ”ဟု မရေမရာချည်းသာပြန်ဖြေမြဲ။ ထိုသို့ ဖြစ်ရသည်မှာ “ဟ”ပေးထားသည့် စာပေလွတ်လပ်ခွင့်ထဲဝင်မျှောရမှာ စိတ်မလုံလိပ်ပြာမသန့်သလို ခံစားမိ၍ဖြစ်၏။ သို့သော် ထိုအဟအား ဘယ်မျှ ထိုးထည့် ရ/မရတော့သိချင်မိ၏။

မိမိက စာကို မရေးရမနေနိုင်သည့်အခါ
ရေးပြီး၊ နေနိုင်သည့်အခါ မရေးပဲနေသူ။ တခါတလေ ခေါင်းထဲအတွေးတခုခုဝင်လာလျှင်
မေ့မသွားအောင် တေးစာသဘောလေး
ရေးမှတ်ထားတတ်၏။ မိမိအတွေးစသည် အခြားသူတို့အဖို့ တွေးစရာအစလေးတခု ဖြစ်တန်ကောင်းရဲ့ဟုထင်လျှင် ထိုတေးစာမှာ ရေးစာဖြစ်သွား၏။ တခြား ထွေထွေထူးထူး ရည်ရွယ်ချက်တော့မရှိ။
ထို့ကြောင့် မိမိတွင် သီးခြားပရိသတ်မရှိသလို စောင့်ဖတ်မည့်လူလည်း မရှိ။ မျက်စေ့ရှေ့တွေ့လို့ကောက်ဖတ်သွားရင်း အကြိုက်ညီသူကလက်ခုပ်တီးပြီး အမြင်မတော်သူကဆုံးမကာ ဆန့်ကျင်ဘက်ကဆဲရေးတိုင်းထွာ၏။ မိမိက ဤသည်ကိုပင် လွတ်လပ်မှုဟုနှလုံးပိုက်ကာ ဘဝင်ကျနေ၏။ နောက်တချက်မှာ “အဖြစ်” ဘယ်လောက်ရှိမရှိ ကိုယ့်ဘာသာ သိနေတာလည်းပါ၏။

နောက်တခုက အပျင်းကိစ္စ။ အာရ်အက်ဖ်အေက
ကျနော့်အသံလွှင့်ဆောင်းပါးတွေစုပြီး အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် စာအုပ်လုပ်ရ
ကောင်းမလားစိတ်ကူးကို ထဲဝင်သူတဦးအားပြောပြတော့ ပရောဂျက်တင်ပါ၊ ငွေထုတ်ပေးမည်၊
အင်္ဂလိပ်ဘာသာ ပြန်မည့်သူရှိလျှင်လည်း ထိုသူ့ကို ပြန်ခပေးမည်၊ မရှိလျှင်လည်း
မိမိတို့လူဖြင့်ပြန်မည်၊ ISBN လုပ်မည်ဟုဆို၏။ သူ
ရှင်းပြသည့်ပရောဂျက်စည်းမျဉ်းထဲမှာ အချိန်ဇယားပါ၏။ ဤတွင် လုပ်လိုစိတ် ပြယ်သွား၏။
ထိုကစ၍ စာအုပ်ဆိုလျှင် နံမည်ပင်မကိုင်မိတော့။
မသီတာမြင့်ဆိုသည့် မိန်းကလေးငယ်သည်
ကျနော်ရေးတာတွေဖတ်ပြီး “စာအုပ်ထုတ်ပါ၊ စာအုပ်ထုတ်ပါ”နှင့် နံကြားကိုတံတောင်ဖြင့်
တွက်သလိုတွက်၏။ “တချို့ဟာလေးတွေရွေးပြီး မထူမပါးလေးတအုပ်လောက် လုပ်ပါလား”ဟု
ကိုရဲမော်ထူးကလည်း မကြာမကြာဆို၏။ ဤတွင် စာအုပ်ပိုးက ရွရွပြန်ထိုး၏။
စိတ်လုံ/မလုံနှင့် လိပ်ပြာသန့်/မသန့်တို့ကို ခနဘေးချပြီး ဟထားသည့်အဟထဲ
ဘယ်မျှထိုးထည့် ရ/မရကို ဇောင်းပေးတွေးရ၏။ အချိန်အတွက်က သိတ်ကိစ္စမရှိ။
စိတ်ပါသည့်အခါ ကိုယ်ရေးထားတာလေးတွေထဲ ရွေးလိုက်ထုတ်လိုက် တည်းဖြတ်လိုက်ကို
ဖြည်းဖြည်းချင်းလုပ်နေလို့ရ၏။ သို့သော် ထုတ်ဝေသူလို၏။ စာအုပ်ထုတ်ဝေရေးဆိုသည်က
စီးပွားရေးလုပ်ငန်းဖြစ်၏။ သို့သော် ထုတ်ဝေသူတို့သဘာဝ၌ ငွေကြေးမမြတ်သည့်တိုင်
နံမည်တင်ကျန်မည့်စာမျိုးဆို ထုတ်ဝေတတ်ကြစမြဲ။ မိမိက ၂ ခုလုံးအတွက် စွံမည့်
အလားအလာမရှိ။ သည်တော့ ထုတ်ဝေသူတယောက်ယောက်အား
ကျနော့်စာအုပ်ထုတ်ပေးပါဟုပြောဖို့နှုတ်မရဲ။
သည်လိုနေရင်း တနေ့ နှင်းဆီနီစာပေမှ
မတင်တင်ချိုနှင့်စကားစပ်မိ၏။ “အကို့စာအုပ် ကျမထုတ်ပေးမယ်လေ”ဟု အားတက်သရောပြော၏။
နှင်းဆီနီက ဘာတွေထုတ်နေဖြန့်ချိနေကို ကျနော်လည်းသိ၏။ စီးပွားရေးတော့ စီးပွားရေး။
သို့သော် ထုတ်သမျှတို့မှာ မကြီးပွားမည့်စာတွေချည်းလိုလိုဖြစ်၏။ ငွေကြေးသက်သက်အတွက်
လုပ်နေသူမဟုတ်သဖြင့် တပူတော့စိတ်အေးရ၏။ သို့သော် ကိုယ့်ဝန်တာ သူ့အပေါ် မပိစေချင်။
သည်တော့ သူ့ကိုထုတ်ဝေသူအဖြစ်အမည်ခံခိုင်းကာ ကိုယ့်ငွေဖြင့် ကိုယ်ထုတ်မည်။
ရှူံးလည်းမတတ်နိုင်။ သူ့အချိန်နှင့်လုပ်အားအတွက်တော့ ခံစားထိုက်သလောက်
ခံစားဖို့ပြောမည်။ မြတ်လျှင် အမြတ်အားလုံးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးကွန်ရက်နှင့်ဗကသကို တဝက်စီခွဲပြီး ရန်ပုံငွေအဖြစ်ထည့်မည်၊ ရှူံးလျှင်
စိုက်ထုတ်ငွေပြန်မယူတော့ပဲ ရောင်းရသလောက်စုပြီး ရန်ပုံငွေထဲထည့်မည်ဟု
ဆုံးဖြတ်လိုက်၏။ သဘောက မြတ်လျှင်အမြတ်သည်ရန်ပုံငွေ၊ ရှူံးလျှင် ပြန်ဝင်သမျှအရင်းသည်
ရန်ပုံငွေ။ ထိုကိစ္စ ကိုရဲမော်ထူးကိုပြောပြတော့ “ဒါဆို
ကျနော် တဝက်ထည့်မယ်အကို လုပ်ဖြစ်အောင်သာလုပ်ပါ”ဟု ဝမ်းပမ်းတသာဆို၏။
ကျနော် တဝက်ထည့်မယ်အကို လုပ်ဖြစ်အောင်သာလုပ်ပါ”ဟု ဝမ်းပမ်းတသာဆို၏။
ဒေါက်တာလှကျော်ဇောအား
အမှာစာရေးပေးရန်ပန်ကြားတော့ လှိုက်လှဲဝမ်းသာစွာဖြင့် “ကျမရေးပေးမယ်။ ဒါပေမယ့်
ကျမတို့အခြေအနေနဲ့ အထဲကအနေအထားက ကွာဟမှုတွေရှိတော့ ကိုမျိုးမြင့်ဖတ်ကြည့်ပြီး
ပြင်ချင်တဲ့နေရာရှိလည်းပြင်ပေါ့။ ဒါမှမဟုတ် တခုလုံးသုံးဖို့အခက်အခဲ
ရှိလည်းမသုံးပါနဲ့။ အားမနာပါနဲ့”ဟုပြောကာ တပတ်လောက်အတွင်း အမှာစာရေးပေး၏။
သူ့နှိမ့်ချစိတ်နှင့် အတွင်းကလုပ်နေသူတွေအပေါ် နားလည်ပေးနိုင်စွမ်းကိုကြည့်ပြီး
ကျနော့်အဖို့ အသိသစ်နှင့်အတွေးသစ်လည်းတိုး၏။
ဤသို့ဖြင့် မတင်တင်ချိုနှင့်
အသေးစိတ်လေးတွေပြောဖြစ်ကြ၏။ သူက “လုပ်သာလုပ်ပါ၊ တတ်နိုင်သလောက် အကုန်အကျသက်သာအောင်
လုပ်ပေးပါ့မယ်။ သူများတွေကို ယူတာထက်လည်း အစစအရာရာမှာလျှော့ယူပါ့မယ်။
အကို့ရည်ရွယ်ချက်လည်းသိနေတော့ အမြတ်အစွန်းမတွက်ပါဘူး”ဟုပြောတော့
ကျနော့်စိတ်တွင်လှိုက်ကနဲ၊ မျက်ရည်ကြည်တို့ဝေ့ကနဲဖြစ်ရ၏။ နှင်းဆီနီလည်း
အလုပ်မများအောင်၊ ငွေကုန်ကြေးကျလည်းနည်းအောင်၊ ကျနော့်စာအုပ်လေးမှာ
ကျနော့်လုပ်အားလည်းပါအောင် စာစီစာရိုက် ဖေါင့်ပြောင်းတာတွေ ကျနော့်ဘာသာလုပ်၏။
နောက်ဆုံးအပြီးသတ်တည်းဖြတ်တာပင် ကျနော်လုပ်ပါရစေဆိုကာလုပ်၏။ နည်းနည်းပမ်းသော်လည်း
စိတ်ပျော်၏။
လူလည်း ပေါ့ပါး လန်းဆန်းနေ၏။ ထိုကိစ္စအားလုံးသည် ၂ဝ၁၅ ခု ဇန်နဝါရီကတည်းက တည်ပြီးသားတွေချည်းဖြစ်၏။ အများသူငါကို ထုတ်မပြောသော်လည်း နီးစပ်သူများအား လက်တို့ထားခဲ့ပြီးလည်းဖြစ်၏။
လူလည်း ပေါ့ပါး လန်းဆန်းနေ၏။ ထိုကိစ္စအားလုံးသည် ၂ဝ၁၅ ခု ဇန်နဝါရီကတည်းက တည်ပြီးသားတွေချည်းဖြစ်၏။ အများသူငါကို ထုတ်မပြောသော်လည်း နီးစပ်သူများအား လက်တို့ထားခဲ့ပြီးလည်းဖြစ်၏။
ဤသို့ဖြင့် အပြင်လူရဲ့ဘားမားရုဒ်အမည်ဖြင့်
ကျနော့်စာအုပ်လေး ခု ထွက်လာ၏။ ဓာတ်ပုံဖြင့် ကျနော်မြင်ရပြီ စာအအုပ်လိုက်ကြီးကား
မျက်စေ့ဖြင့်မမြင်ရသေး၊ လက်ဖြင့်ကိုင်မကြည့်ရသေး။
မျိုးမြင့်ချိုမတ် ၂ဝ၁၅
မျိုးမြင့်ချိုမတ် ၂ဝ၁၅
0 comments:
Post a Comment