Friday, March 27, 2015

လှံစွပ်ဖျားကနွေဦး (မျိုးမြင့်ချို)

0 comments
လှံစွပ်ဖျားကနွေဦး (မျိုးမြင့်ချို)
နွေဦးပေါက်တဲ့။ အိမ်တံခါးဖွင့် အပြင်ထွက် မြက်ခင်းပေါ်ကြည့်လိုက်တော့ မြက်တွေမှာ ရေခဲကပ်ပြီး လက်လက်ထ နေတယ်။ တချို့နေရာကြ မှုံဝါးဝါးနဲ့ မြက်လဲတွေမှ မြေပြင်ပေါ်အတုံးအရုံးဝါကျင်ကျင်နဲ့မြင်မကောင်းဘူး။ မြက်တွေ အအေးပိနေတာ။ မြက်တွေ နှင်းလောင်နေတာ။ ညက ကျထားတဲ့နှင်းစက်တွဲလွဲခိုနေတဲ့ မြက်ဖျားတွေမှာ ရေခဲတုံးလေးတွေ လေးလေးလံလံနဲ့ မနိုင်ဝန်ထမ်းထားရသလိုမျိုး ငိုက်လို့ ကိုင်းလို့ ကွေးလို့။ မြက်ဖျားနှင်းတွေခမျာ ခုတော့ ရေခဲသီးလေးတွေဘဝနဲ့ နေအလာမှာ ပျော်မကျ ပြုတ်မကျရအောင် စိုးရိမ်တကြီးနဲ့ မြက်ဖျားတိုင်းကို ကျစ်ကျစ်ပါအောင် တွယ်ကပ်နေကြလေရဲ့။
မြက်တွေပေါ် ခြေအချမှာ ကျိုးကျိုးကျွပ်ကျွပ်အသံလေးတွေ ပြိုင်တူထွက်လာတယ်။ နာလွန်းလို့ အသံပီပီမြည်မြည် မထွက်နိုင်ရှာတော့တဲ့ ငြီးတွားစုပ်သတ်သံတွေများလား။ နောက်တလှမ်း လှမ်းပြီး နောက်တချက်နင်းရမှာတောင် မနင်းရက်စရာ။ ဒါပေမယ့် နင်းရတာပါပဲ။ နင်းလိုက်လိုင်း အပေါ်ယံခဲနေတဲ့မြေသားမာမာဟာ ဂျိုင်းထောက်ဖျားတွေနဲ့ ခြေတဖက်ဖိအားကို အံကြိတ်ပြီးတင်းခံပေမယ့် တချို့နေရာတွေကျ ဂျိုင်းထောက်ကျွံ ခြေကျွံ ကျွံတာပါပဲ။ ဇိကနဲဇိကနဲ ကျွံကျတဲ့အချက်တိုင်း “အင့်”ကနဲ “အင့်”ကနဲ ထွက်လာတဲ့မြေအော်သံဟာ တိုင်မှာကြိုးတုပ်ပြီး ရင်ဝကို ဖက်ဆစ်လှံစွပ်နဲ့ တဇွပ်ဇွပ်အထိုးခံရတဲ့aတ်ာလှန်ရေးသမားရဲ့ နှုတ်ကထွက်လာတဲ့ မချိမဆန့် ကြိတ်မှိတ်ခံနေရတဲ့အသံလို ခြောက်ခြားတုန်လှုပ် သွေးပျက်ချင်စရာကြီး။
ကြက်အိမ်တံစက်မြိတ်ကြည့်လိုက်တော့ Icicle လို့ခေါ်တဲ့ ရေခဲပန်းဆိုင်းတွေ အတိုအရှည်မညီမညာနဲ့ တွဲရရွဲခိုလို့။ လင်းလို့ လက်လို့ ကြည်လို့။ မတော်တဆများ ကိုယ့်ခေါင်းနဲ့ သူတို့အဖျား သွားထိမိခတ်မိလို့ကတော့ သူတို့ပဲကျိုးကြသွားမလား ကိုယ့်ခေါင်းပဲ ပေါက်ပြဲပွန်းခြစ်ကုန်မလားလည်း စိုးရိမ်စရာ။
ကြက်ခြံတံခါးသွားဖွင့်တော့ ခွက်ထဲကရေတွေ ခဲနေပါရောလား။ ခဲတာမှ အပေါ်ယံကြောလေးတင်မဟုတ် အောက်ခြေထိပဲ။ ရေလဲဖို့ ခွက်အဖုံးဖွင့်တော့ ရေခဲနဲ့ကပ်ပြီးဖွင့်မရတာနဲ့ အနားရှိတဲ့ ဝက်အူလှည့်အကြီးကြီးနဲ့ ကလော်ကလပ်ဖွင့်ပြီးမှ အထဲကရေခဲတုန်းကြီးကို ခေါက်ချယူရတယ်။ ရေထည့်မယ်ဆိုပြီး အပြင်ပိုက်ဖွင့်တော့ ပိုက်တလျှောက်လုံး အတွင်းကလက်ကျန်ရေတွေခဲပြီး ရေပိုက်ပျော့က ရေခဲကျစ်အစာသွပ်ဝက်အူချောင်းလို မာတောင့်တောင့် အခွေလိုက်ကြီးခွေနေတယ်။ တကယ်လို့များ အထဲကရေခဲတွေ မကျိုးကြေအောင် ပိုက်သားကို ဖြည်းဖြည်းခြင်းခွဲကြည့်ရင် ရေခဲခွေကြီးတွေ့ရမယ်ထင်တာပဲ။ နည်းနည်း “မ”ရွှေ့ကြည့်တော့ အထဲကရေခဲကျိုးကြေသံ တဂျွပ်ဂျွပ်တွေထွက်လာတယ်။
ဒါနဲ့ အိမ်ထဲပြန်ဝင် လက်ဆေးကန်ကရေပူတွေယူပြီး ရေခွက်ထဲထည့်ပေးရတယ်။ တညလုံး ရေငတ်ထားတဲ့ကြက်မကြီးတွေ အငမ်းမရ ရေ ပြေးသောက်တော့ မစူးမစမ်းနဲ့ မှန်ရောင်ဟင်းချို ယောက်ချိုနဲ့ခပ်သောက်မိတဲ့လူလို ဝှူးကနဲ ရေပူတွေမှုတ်ထုတ်တာတွေ့တော့ အာခေါင်လေးတွေများ ရေနွေးပူလောင်ကုန်ပလားလို့ ရင်ထဲမကောင်းဖြစ်ရတယ်။ ဒါနဲ့ ခုန ကလော်ကလပ်ထုတ်ထားတဲ့ ရေခဲတုံးတွေ နည်းနည်းပြန်ကောက် ခွဲခက်ထည့်ပေးပြီး ရေ ခတ်နွေးနွေးလေးဖြစ်အောင် ပြန်စပ်ပေးရတယ်။ ဒီတော့မှ အဆင်ပြေသွားတယ်ထင်ရဲ့ သောက်လိုက်ကြတာမှ အလုအယက် သူ့ထက်ငါ အတိုးအဝှေ့။ ခုနက လောကြီးပြီးသောက်မိလို့ အပူလောင်ပုံရတဲ့ အမလေး ၂ ကောင်လည်း ပြန်လာသောက်တာ တွေ့တယ်။ စိတ်ထဲ နည်းနည်းတော့အေးသွားတယ် သူတို့ဘာမှမဖြစ်တန်ကောင်းပါဘူးဆိုပြီး။
၎ ပတ်သား မြီးကောင်ပေါက်တွေအိမ်ဘက် လှည့်ကြည့်တော့ အေးဆေးပဲ။ သူတို့ရေခွက်က အထဲထားတဲ့အပြင် အပူပေးမီးလေးနဲ့လည်း ခတ်နီးနီးထားတာဆိုတော့ လက်ကျန်ရေက မခဲသွားဘူး။ ဒါနဲ့ အစာသစ်လေးထည့်ပေးပြီး လေဝင်လေထွက်တံခါးလေး မ ပေးခဲ့တယ်။ ဒီမနက်ကစပြီး သူတို့စားနေကြ ကြက်ကလေးစာထဲမယ် ပြောင်းဆန် ရှစ်စိတ်ကွဲ ၄ ချိုး တချိုးရောပြီး စ စမ်းကျွေးကြည့်တာ။ ပြောင်းဆန်ကို စားလိုက်ကြတာမှ ကြိုက်လိုက်ကြတာမှ။ အကောင်နည်းနည်းကြီးတာတွေက စားနေကြအစာထက် ပြောင်းဆန်တွေချည်းရွေးကြိတ်တော့ အငယ်တွေခမျာ အကြီးတွေလုရင်းယက်ရင်း အောက်ကျလာတဲ့ပြောင်းဆန်လေးတွေပဲ စားရတယ်။ ပထမတော့ အကောင်ငယ်လေးတွေ စားရပါစေဆိုပြီး အကောင်ကြီးလေးတွေကိုဟန့်ဦးမလို့ပဲ။ နောက်တော့ “အင်း ဘယ်လောကဖြစ်ဖြစ် အားကြီးသူဟာ ဗိုလ်ကျတတ်စမြဲပဲမဟုတ်လား။ ဒါကို တိရိစ္ဆာန်စိတ်လို့ဆိုကြပေမယ့် လက်တွေ့လူ့ဘဝမှာ အဟိတ်တိရိစ္ဆာန်ထက်တောင် ပိုမိုက် ဗိုလ်ရက်စက်ကြမ်းကြုတ်ပြီး အာဏာနဲ့အစိုးတရလုပ်နေကြတာပဲမဟုတ်လား။ အဟိတ်တိရိစ္ဆာန်ကမှ တခါစာ အစာဝရင် ကြေနပ်ရောင့်ရဲနိုင်ပေမယ့် လူကြတော့ ဆွေးစဉ်မျိုးဆက် သားစဉ်မြေးဆက်အထိစံစားရအောင် အတ္တနဲ့လောဘဇောအတောမသတ် တိုက်ကြတာပဲလေဆိုပြီး” ဒီအတိုင်း ထားခဲ့တယ်။ ဒါပေမယ့် အစာခွက် နောက်တခွက်တော့ ထပ်တိုးပေးမှဖြစ်မယ်လို့ စိတ်ကူးလိုက်တယ်။
ကြက်ဆင်မောင်နှံကတော့ စောစောစီးစီး ချစ်တင်းနှောရင်း တကောင့်တကောင် ကလူကျီစယ်နေကြလေရဲ့။ အသံလေးတွေပြောင်းသွားပြီ။ နားထဲကြားရတာ တမျိုးပဲ။ သူတို့စကား နားမလည်ပေမယ့် အမူအယာနဲ့အသံလေးတွေမှာ ကြည်နူးချမ်းမြေ့စရာတွေစွက်နေမှန်းတော့ သိသာတယ်။ ၂ ကောင်လုံးလည်း ဖျတ်လို့လတ်လို့ တက်ကြွလို့ ဒီလောက် နွေဦးအေးကြီးထဲမှာ။
အီးပါသေးပေါက်ထုတ်ထားတဲ့ ခွေးလေး ၂ ကောင်ကြည့်တော့ မြက်မာမာမြေမာမာပေါ် ခုန်ပေါက်ပြေးလွှားရင်း အတော်အူမြူးနေပုံပဲ။ ခြံစည်းရိုးကျော်ထွက်လာတဲ့ကြက်ဖြူမလေးကို ပြန်မောင်းသွင်းပေးဖို့လုပ်နေတာတွေ့ရတယ်။ အထဲဝင်ရအောင်ခေါ်တော့ ပေကပ်ကပ်လုပ်နေကြတယ် ဝင်ချင်ပုံမပေါ်ဘူး။ ဒါနဲ့ ထားခဲ့တယ်။ သူတို့လည်း ဆောင်းရာသီမှာ အောက်ကနေတထပ်ပေါက်တဲ့ အမွှေးနုထူထဲထဲတွေကို စချွတ်နေကြပြီ မဟုတ်လား။ အိမ်ထဲမလည်း Winter coats လို့ခေါ်တဲ့ အဲ့ဒီအမွှေးနုဖတ်ဖတ်လေးတွေ ပွစာကြဲနေတော့တာပဲ။ တနေ့တနေ့ ဖုန်စုပ်စက်နဲ့ အမွှေးစုပ်ရတာလည်း အလုပ်တခု။ ဆောင်းမှာ ဒီအောက်ခံအမွှေးတထပ်က သူတို့အတွက် မဖြစ်မနေပေါက်ပေးရတာ မဟုတ်လား။ ဒါမှ အနွေးဒဏ်ခံနိုင်မှာမယ်လေ။ နွေကြ အဲ့ဒီအမွှေးရှိရင် ပူတာကိုး။ အညာ နွေလည်ကောင်မှာ အင်္ကျီ ၂ ထပ်ဝတ်ပြီး လမ်းထွက်လာသူလိုနေတော့မပေါ့။ သဘာဝတရားက သူတို့ကို အေးချိန်ကြနွေးအောင်၊ ပူချိန်ကြ အေးအောင် ဖန်တီးပေးထားသကိုး။ ခုလည်း မြက်တောထဲ လူးရင်းလှိမ့်ရင်း အမွှေးနုဖတ်ဖတ်တွေ ချွတ်ချနေကြတာပဲ ဖြစ်မယ်ထင်ပါရဲ့။
အိမ်ထဲပြန်ရောက်တော့မှ လူက နားရွက်ဖျားလက်ဖျားတွေ နှာခေါင်းဖျားတွေ အေးစက်ထုံကျင်နေမှန်း သိတော့တာ။ မီးဖိုဖွင့် မရှိမဲ့ရှိမဲ့လက်ဖျားလေးတွေ မီးလှုံပေးရင် အတွေးက မနှစ်က Fall မှာ မြေချထားပြီးသား ကြက်သွန်ဖြူခင်းဘက် ရောက်နေတယ်။ ခနနေသွားကြည့်ဦးမှ။ ကြက်သွန်ဖြူ မျိုးကောင်းကောင်းတွေ့တာနဲ့ ဝယ်ပြီး မနှစ် ရွက်ကြွေရာသီကတည်းက မြေချထားခဲ့တာပဲ။ တဆောင်းလုံး မြေခဲ ရေခဲ နှင်းခဲ နှင်းဖတ်တွေအောက်မှာ သူတို့ ဥတက်ဥမွှာတွေ ပွားနေကြရော့မယ်။ နေကလေးနည်းနည်းပွင့် ရာသီကလေးနည်းနည်းနွေးတာနဲ့ မြေအပြင်ပေါ် နေရောင်နဲ့အစာချက်ဖို့ နေလှုံဖို့ အမြိတ်ဖါးဖါးတွေ အားကောင်းမောင်းသန် တိုးထွက်လာကြတော့မယ်။
အင်း ဧပြီ ဒုတိယပတ်လောက်ဆို နွေးတန်ကောင်းရဲ့။ မြေအော်သံနဲ့ မြက်ငိုသံတွေ တိတ်တန်ကောင်းပါရဲ့။

0 comments:

Post a Comment