Friday, March 13, 2015

၂ဝ၁၅ မတ်လလည်ထိရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁(မျိုးမြင့်ချို)

0 comments
၂ဝ၁၅ မတ်လလည်ထိရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁(မျိုးမြင့်ချို)
(တိုင်းပြည်အတွက်တဲ့လား)
ကောက်ကိုင်လူသတ်ပွဲဖြစ်ကာမှ “မင်းက တိုင်းပြည်အတွက် ဘာလုပ်ဖူးလို့လဲ”ဆိုပြီး အမေးခံရတာ ၁ဝ ကြိမ်ထက်တော့ မနည်းဘူး။
စစ်သားစစ်တိုက်တာ သူ့အသက်မွေးဝမ်းကြောင်း သူလုပ်တာပဲ မဟုတ်လား။ စစ်ကို သေသေချာချာ ကျကျနနတိုက်တတ်ဖို့၊ ခေတ်ပညာရော စစ်ပညာရောတတ်ဖို့၊ စစ်သား စစ်သားလို ကျင့်ကြံနေတတ်ဖို့ဆိုတာ တကယ့်ပရော်ဖက်ရှင်နယ်လ်စစ်သားစိတ်နဲ့ စစ်သားကောင်းအတွေးအခေါ်ရှိမှဖြစ်တာပါ။
စစ်သားဆိုတာ ယူနီဖေါင်းဝတ်ရတဲ့ နိုင်ငံသားပဲ။ ဒီ့ထက် ဘာပိုလိမ့်မလဲ။ စစ်သား စစ်သားအလုပ်လုပ်နိုင်အောင် သဏ္ဍန်မျိုးစုံနဲ့စည်းကြပ်ထားတဲ့ အခွန်အကောက်တွေဆောင်နေကြတဲ့ တိုင်းသူပြည်သားဆိုတာ တိုင်းပြည်တိုင်းရဲ့ကုန်ထုပ်စွမ်းအားစုဖြစ်သလို စစ်တပ်တိုင်းရဲ့ထမင်းရှင် စစ်သားတိုင်းရဲ့ကျေးဇူးရှင်တွေပဲမဟုတ်လား။ စစ်သားတွေရဲ့ အမိရင်းအဖရင်းတွေရော ပါနေတာပဲမဟုတ်လား။
လူတိုင်းလူတိုင်းဟာ မိမိတို့အသက်မွေးဝမ်းကြောင်းအတွက် မိမိတို့ဘဝအတွက် စားဝတ်နေရေးတွေလုံးပမ်းကြရသလို မိမိနေထိုင်ရာ လူ့အစုအစည်း လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးတွေပါလုပ်ရင်း တဦးနဲ့တဦး တစုစည်းနဲ့တစုစည်းပေါင်းပြီး လူ့အဖွဲ့အစည်းကြီးဖြစ်နေရတာမဟုတ်လား။
အဲ့ဒီ လူ့အဖွဲ့အစည်းကြီးမှာ လူတိုင်းကိုယ်စီ မိမိတို့အသက်မွေးဝမ်းကြောင်းတွေအတွက် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်လုပ်ကြရတာပဲမဟုတ်လား။ အသက်မွေး ဝမ်းကြောင်းကြတာချင်းအတူတူ ဘယ်သူက ဘယ်သူ့ထက်ပိုလုပ်ရတယ် ဘယ်သူကတော့ ပိုစွန့်လွှတ်ရတယ်ရယ်လို့ ရှိလို့လား။ မိမိထမင်းစားဖို့ မိမိဘဝကိုစွန့်ရတာဟာ တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက်မှ မဟုတ်တာ။
မိမိအသက်မွေးမှုအတွက်မဟုတ်ပဲ ကိုယ့်ထမင်းကိုယ်ရှာစားပြီး လူ့အဖွဲ့အစည်း ကောင်းရာမွန်ရာအတွက် မိမိဘဝကို ပေးဆပ်သူတွေအတွက်တော့ “စွန့်လွှတ်တယ်တို့ တိုင်းပြည်အတွက်လုပ်တယ်”တို့ပြောလို့ရပါတယ်။ ဥပမာ-ဗမာ့ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွေအတွက် ထောင်တန်းအကျခံရ ကြိုးစင်တက်ကြရတာမျိုး၊ တော်လှန်ရေးလုပ်ရင်း ကျဆုံးကုန်တာမျိုးဆိုရင်တော့ တိုင်းပြည်အတွက်လုပ်တယ် လူ့အဖွဲ့အစည်းအတွက် လုပ်ကြတယ်လို့ပြောရင်ရပါတယ်။
ထမင်းစားဖို့ တနည်းပြောရရင် မိမိအသက်မွေးမှုအတွက် စစ်သားဘဝကိုရွေးချယ်ပြီး စစ်ထဲလိုက် စစ်တိုက်တာကြ ဘယ့်နှယ်လို့ တိုင်းပြည်အတွက်လုပ်တယ်လို့ ပြောနိုင်မတဲ့တုန်း။
စစ်သား စစ်သာတိုက်ပါ။ အာဏာရှင်အတွက်ပဲတိုက်တိုက် လူထုအတွက်ပဲတိုက်တိုက် တိုက်စရာရှိ တိုက်ပါ။ စစ်သားဘဝရွေးချယ်သမို့ စစ်တိုက်ရတယ်လို့မှတ်ပါ။ တိုင်းပြည်တွက်တိုက်တယ်တို့ စွန့်လွှတ်နေတယ်တို့ဆိုပြီး အမြင်မှောက်မှားလိုက်တာနဲ့ တကယ့်စစ်သားပီသတဲ့ စစ်သားကောင်းဘဝ ပရော်ဖက်ရှင်နယ်လ်စစ်သားဘဝကို ခင်ဗျားရဖို့အကြောင်း မရှိတော့ဘူး။ အခိုင်းခံဘဝ တလက်ကိုင်တပ်ရဲ့ ကြေးစားဘဝကို ခင်ဗျားရောက်သွားပြီလို့ မှတ်ပါ။
(အာဂလူ)
မနေ့က ခုတလောခေတ်ထနေတဲ့ စစ်တိုင်းအမှတ်တံဆိပ်လေး ပရိုဖိုင်လ်ပြောင်းတင်လိုက်သူတယောက်က “ဒေါ်စုကို အမေ ခေါ်ရအောင် ငါ့အဖေမယားမှ မဟုတ်တာ”တဲ့။ ကျနော့်ကို ချက်ဘောက်စ်ကနေပြောတယ်။
ကျနော်က “ကျနော်လည်း တခါမှတော့ သူ့ကို အမေမခေါ်ဖူးပါဘူး။ အဖေ့မယားမဟုတ်လို့ မခေါ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ခေတ်တုန်းကတော့ အန်တီလို့ခေါ်ခဲ့ကြတာပဲ။ ခု ဒီဘက်ပိုင်းကြ သူ့ကိုအမေခေါ်ကြတာက အသက်အရွယ်အရရော မြန်မာဆန်လိုမှုကြောင့်ရော အမေအရင်းလိုချစ်ခင်အားကိုးပြီး ဂါဝရပြုချင်တာကြောင့်ရောနေမယ် ထင်တယ်ဗျ။ သူကိုယ်တိုင်ကလည်း တခါတခါကြရင် အမေက အမေကနဲ့ပြောသံ ကြားတာပဲ။ သူလည်း နှစ်သက်ပုံပဲဗျ”လို့ ပြန်ပြောဖြစ်တယ်။
ဒီတော့ သူက “အိုဗျာ ကျုပ်ကတော့ ကိုယ့်အမေအရင်းလည်းမဟုတ် ကိုယ့်အဖေရဲ့ နောက်မယားလည်းမဟုတ်တဲ့ ဘယ်မိန်းမကိုမှ အမေမခေါ်နိုင်ဘူး”တဲ့။ ဒါနဲ့“မခေါ်ချင်လည်း မခေါ်နဲ့ပေါ့ဗျာ။ မခေါ်မနေရမှ မဟုတ်တာ”လို့ ကျနော်ပြန်ပြောရင်း အတွေးပေါက်လာတာနဲ့ “ဒါနဲ့ နေပါဦး ဟိုနေ့က ဗိုလ်ချုပ်အောင်ဆန်းရာပြည့်တွေ တခြိမ်းခြိမ်းနဲ့ ပဲပြုတ်နံပြားတွေအုံးအုံးထတော့ ခင်ဗျားလည်း ဖခင်ဗိုလ်ချုပ်တို့။ တပ်မတော်ဖခင်ကြီးတို့ခေါ်တာပဲလေ။ သူလည်း ခင်ဗျားအဖေ ဒါမှမဟုတ် ခင်ဗျားအမေ့လင်မှ မဟုတ်တာဘဲ။ ဘာလို့ ဖခင်တွေဘာတွေ ခေါ်ရတာတုန်းဗျ“ လည်းဆိုရော
“ငါ-ိုးမသား ခြေပြတ် ဒုက္ခိတကောင်” လို့ပြောပြီး Block သွားတယ်ဗျာ။ တကယ့်လူ။

(အစိုးရဖွဲ့မယ်ပြောသလား)
နေပါဦး ကျောင်းသားတွေက အစိုးရဖွဲ့မယ်တို့။ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့၊ သိန်းစိန်အစိုးရ အလိုမရှိတို့၊ သိန်းစိန်စစ်အစိုးရထွက်ပေးတို့ဘာတို့တွေများ ပြောနေလို့လား။
သူတို့ပြောနေတာ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသားထုတရပ်လုံးနဲ့ဆိုင်တဲ့အရေး၊
ကျောင်းသားမိဘတိုင်းနဲ့ဆိုင်တဲ့အရေး၊ တမျိုးသားလုံးတတိုင်းပြည်လုံးရဲ့အနာဂတ်နဲ့ဆိုင်တဲ့အရေး၊
ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့အရေးလို့ပြောနေတာ။ ဒါ့ကြောင့်မို့ ဒါကိုပြင်လို့ပြောနေတာ။
ပြင်တဲ့နေရာမှာလည်း ကျောင်းသားထု၊ ဆရာဆရာမများ၊ NNER အပါအဝင် ပညာရေးပါရဂူများ၊ လွှတ်တော်၊ အစိုးရ စတာတွေပါ ပါရမယ်။ အားလုံးရဲ့သဘောထားကိုထင်ဟပ်ပြီး အများစု လက်ခံနိုင်မယ့်ဥပဒေဖြစ်ရမယ်လို့ပြောနေတာ။
စစ်လွှတ်တော်ဝင် အမတ်တွေ တက်တက်ကြွကြွထောက်ခံရေးဆွဲ အတည်ပြုပြဌာန်းခဲ့တဲ့ ဒီပညာရေးဥပဒေကို ဖျက်ပစ်လို့တောင်ပြောနေတာမဟုတ်ဘူး။ ပြင်ဆွဲ၊ ပြင်ရေး၊ လိုတာဖြည့်၊ မလိုတာတွေဖြုတ်လို့ပြောနေတာ။
တနည်းပြောရရင် စစ်အုပ်စုကြီးစိုးတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဌာနစတာတွေရဲ့ တည်ရှိမှုကိုဇွတ်ငြင်းပြီး တို့ဘာသာတို့လုပ်မယ် မင်းတို့ဝင်မပါနဲ့လို့ တဘက်သတ်ပြောနေတာ တောင်းဆိုနေတာမဟုတ်ဘူး။ အစိုးရထွက် လွှတ်တော်ဖျက်လို့ပြောနေတာ မဟုတ်ဘူး။
သူတို့သွားနေတဲ့ရည်ရွယ်ချက်ကို သူတို့မျက်ခြေမပြတ်ဘူး။ သူတို့အကန့်အသတ် သူတို့သိတယ်။ အထွေထွေသပိတ်ကြီးတို့ တပြည်လုံးအုံကြွမှုဖြစ်လာမယ်တို့ ဖြစ်အောင်လုပ်မယ်တို့ တခွန်းမှ မပြောဘူး။ အစိုးရ အကိုင်အတွယ်မတတ်လို့ အခြားအခြားသော အတန်းအစားတွေ အလွှာတွေရဲ့ မကြေနပ်မှုတွေ နာကျည်းမှုတွေပေါင်းစည်းမိပြီး ပိုကြီးတဲ့လှုပ်ရှားမှုကြီးတွေဖြစ်လာမယ် အစိုးရအာဏာကိုခြိမ်းခြောက်လာမယ်ဆိုရင်တောင် ဒါ အစိုးရရဲ့ အကိုင်အတွယ်မတတ်မှုနဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်မှာလို့ပြောနေတာ။
အထွေထွေသပိတ်ကြီးတွေ တော်လှန်ရေးတွေဆိုတာ ဘယ် လူတစုအလွှာတခုခုကမှ ဖန်တီးလို့ လုပ်ယူလို့မရဆိုတာ ကျောင်းသားတွေသိတယ်။ လူထုကိုယ်တိုင်ပါဝင်ပြီး လူထုကိုယ်တိုင်ဖန်တီးမှ အဲ့ဒီ လူမှုတော်လှန်ရေးကြီးတွေ အောင်မြင်ထမြောက်တယ်ဆိုလည်း သူတို့သိတယ်။
သူတို့ပြောနေဆိုနေတာတွေ နားထောင်ကြည့်ရင် သူတို့ ဘယ်လောက် ပါးပါးနပ်နပ် ကျင်ကျင်လည်လည် တွေးခေါ်မြော်မြင်နိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းတယ်ဆိုတာ မုချတွေ့ရမယ်။ ဒါကို မသိကျိုးကျင်ပြုပြီး စစ်အုပ်စုလေသံလိုက်နင်းပြီး အဆုံးအစွန်ဆုံးတိုက်ပွဲတိုက်မှာလားတို့၊
ကျောင်းသားတွေက အစိုးရဖွဲ့နိုင်လို့လားတို့ပြောပြီး ကျောင်းသား ကျောင်းသားထုကြား၊ လူထုနဲ့ကျောင်းသားထုကြား သွေးမကွဲကွဲအောင် ရည်ရွယ်ချက်ပါပါ စစ်အုပ်စုအလိုကြပြောနေတာကို ဆန့်ကျင်တယ်။
ကျောင်းသားဘဝဆိုတာ၊ ကျောင်းသားဘဝနိုင်ငံရေးလှုပ်ရှားမှုဆိုတာ နိုင်ငံရေးအာဏာယူဖို့ မဟုတ်ဘူး၊ အစိုးရဖွဲ့ဖို့မဟုတ်ဘူး။ အစိုးရထဲ ဝင်ပါဖို့မဟုတ်ဘူး။ အစိုးရလုပ်ဖို့မဟုတ်ဘူး။
အေး တခုတော့ရှိတယ် မြဲမြဲမှတ်ထား မတရားတဲ့အစိုးရ လူထုမကြိုက်တဲ့အစိုးရ လူထုဆန္ဒနဲ့ဆန့်ကျင်တဲ့ အစိုးရဆိုရင်တော့ ဖြုတ်ချဖို့ ခေတ်တိုင်းမှာ တပ်ဦးကရှိတယ်။ သေစရာရှိရှေ့ဆုံးကသေတယ်။ နာစရာရှိ ရှေ့ဆုံးက အနာခံတယ်။ အာဏာငမ်းဖမ်းတဲ့အပြုအမူ လှုပ်ရှားမှု အာဏာရမက်ဇော ဘာတခုမှမပါတဲ့ ခု ဆင်နွှဲနေတဲ့ ကျေင်းသားသပိတ်ဟာ အစိုးရလုပ်ဖို့မဟုတ်ဘူး။

(မယုံလို့ လမ်းလျှောက်တာ)
ကျောင်းသားတွေ သပိတ်မလှန်ဘူး ရန်ကုန်အထိဆက်ချီတက်မယ်ဆိုတာရဲ့အဓိကအကြောင်းက စစ်အုပ်စုထားတဲ့ကတိကိုမယုံလို့ပဲ။
ဒီစစ်အုပ်စုဟာ ထွေးပြီးသားတံတွေးပြန်မြိုတာလောက်မပြောနဲ့ ယိုပြီးသားမစင်တောင် ပြန်စားမယ့်အမျိုးအစားပဲ။
စစ်အုပ်စုကို ခင်ဗျားတို့ယုံသလို လိုက်မရုံရကောင်းလားအမြင်နဲ့ ကျောင်းသားထုစည်းလုံးမှုကို ကူပြီး ဖျက်မယ်တော့မကြံလေနဲ့။ နိုင်ငံရေးဆိုတာ မျက်တောင်တဆုံးကိစ္စမဟုတ်ဘူး။ သမိုင်းကိစ္စ။
လမ်းပေါ်တက်မလာစေချင်ရိုးမှန်ရင် စကတည်းက စစ်အုပ်စုနဲ့ပင်းပြီး လွှတ်တော်ထဲမှာ ဒီဥပဒေကို မဲတင်းပေးစရာမလိုဘူး။ ပညာရေးနဲ့ကျောင်းသားထုနောက်ကျောကို ဓါးကူထိုးခဲ့ကြပြီး ခုမှ နိုင်ငံရေးကလိန်ခြုံဉာဏ်နဲ့ မသိချင်ယောင်လိုလို ရူးချင်ယောင်လိုလို ဆောင်မရဘူး။
သပိတ်လှန်ဖို့အတွက် ခင်ဗျားတို့ယုံတဲ့စစ်အုပ်စုပေးတဲ့ကတိတည်အောင် နိုင်ငံရေးအရ ခင်ဗျားတို့ဘာများ ကူစွမ်းဆောင်ပေးနိုင်မှာတုန်း။ ကိုယ်တောင် အကြိမ်ကြိမ် ကတိအဖေါက်ခံရတာမို့မစွမ်းနိုင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပြီး ကင်းကင်းနေတာ နိုင်ငံရေးသီလတည်ရာ ဖြစ်နိုင်ဦးမယ်။


(တရားမှားနဲ့ မနိုင်တဲ့စစ်)
လောက်ကိုင်မှာ ဖုန်ကြာရှင်န်းတို့ကိုးကန့်အစုနဲ့တွေ့တော့ အောက်ခြေထု စစ်ဗိုလ်စစ်သားလေးတွေရဲ့ဘဝနဲ့အသက်တွေကို ပစ်ကြွေး ချ စတေးပြီး စစ်ဗိုလ်ကြီးများကောင်းစားရေး စစ်တပ်ကိုင်ပြီး ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝရေး ဓနဥစ္စာစုဆောင်းရေးလုပ်နေတာမှန်း နိုင်ငံရေးအသိ နှမ်းစေ့လောက်ရှိသူတောင်မြင်တယ်။
ခုမှမဟုတ်ဘူး ဒီစစ်အာဏာရှင်တွေဟာ ပြည်တွင်းစစ်ထောင်ပြီး ကြီးပွားချမ်းသာကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို ဆွေစဉ်မျိုးဆက်လည်း ထားစရာမရှိအောင် ကျိကျိတက် ကုဋေကြွယ်သူဌေးကြီးများဖြစ်ကြပြီ။
စစ်သားစစ်တိုက်ရင်းသေတာ ကျိုးတာပြတ်တာကန်းတာ ဘာမှမဆန်းပေမယ့် ဘယ်စစ်အတွက် တိုက်ရင်း သေရ ကျိုးရကန်းရပြတ်ရသလဲဆိုတာကတော့ သေချာဃဏသိဖို့လိုသလို စကားလုပ်ပြောရမယ့်ကိစ္စလည်းဖြစ်တယ်။
စစ်သားမှမဟုတ်ဘူး လူအချင်းချင်း ဘယ်သူက ဘယ်သူ့သတ်လို့ ဘယ်သူသေသေ ဝမ်းသာစရာကိစ္စမဟုတ်သလို ဂုဏ်ယူရမယ့်အကြောင်းလည်းမဟုတ်ဘူး။
ခု လောက်ကိုင်မှာ အသက်အသေခံနေကြတဲ့ စစ်သားတွေကြတော့ စစ်ပွဲမှာကျဆုံးတယ်ဆိုတာထက် စစ်အာဏာရှင်အကျိုးစီးပွားအတွက် လူသတ်ကွင်းထဲ နောက်ကျောသေနတ်တေ့ မောင်းအသွင်းခံရလို့ အသေဆိုးနဲ့သေကြရတဲ့အဖြစ်ပဲ။ ဒီ့ထက်မပိုဘူး။ ဘာ တိုင်းပြည်အတွက် ဘာနိုင်ငံအတွက်မှ အသက်ပေးကာကွယ်နေကြရတာ မဟုတ်ဘူး။ စစ်အုပ်စုအကျိုးစီးပွားကို အသေခံပြီး ဘဝတွေ ရင်းစားပေးနေကြရတာပဲ။
တဘက်ကိုကြတော့လည်း စစ်တိုက်နေတာမဟုတ်ဘူး။ လူလိုက်သတ်ပေးနေရတာ။ စစ်တိုက်ရင် လူသေတာမှန်ပေသိ စစ်တိုက်တာနဲ့လူသတ်တာ မတူဘူး။ ခုက စစ်တိုက်နေတာ မဟုတ်ဘူး လူသတ်ပေးနေရတာ။ ကျဆုံးနေတာမဟုတ်ဘူး အသေဆိုးနဲ့ သေပွဲဝင်ပေးနေကြရတာ။
တိုက် သေအောင်တိုက်။ ဘယ်တော့မှ ဒီပြည်တွင်းစစ်ကို နိုင်အောင်တိုက်မရဘူးမှတ်ပါ။ မှားတဲ့တရား မှားတဲ့နိုင်ငံရေးကိုင်စွဲထားသရွေ့ ဒီစစ်အာဏာရှင်တပ် ကြိုက်သလောက်ကြီး ကြိုက်သလောက် လက်နက်ကောင်း ကြိုက်သလောက် စစ်သားသစ်တွေစုဆောင်းနိုင် စုဆောင်းနိုင်၊ ဘယ်တော့မှ နိုင်အောင်တိုက်မရဘူး။
မှားတဲ့တရားဆိုတာက စစ်တပ်ဆိုတာ အမျိုးသားရေးကိုဦးဆောင်ရတယ်ပြောပြီး အာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်တာပဲ။ မှားတဲ့နိုင်ငံရေးဆိုတာ တို့တာဝန်အရေး ၃ ပါးပြောပြီး အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲဖျက်ဆီးတာပဲ။
နိုင်ငံရေးအာဏာစောင်မန်ခုတ် ကယ်တင်ရှင်လုပ်ပြီး အမျိုးသားသွေးစည်းညီညွတ်ရေး အသိုက်ဖျက်တဲ့စစ်တပ်ဟာ ဒီပြည်တွင်းစစ်ကို ဘယ်နည်းနဲ့မှ နိုင်အောင်တိုက်မရဘူးမှတ်ပါ။


0 comments:

Post a Comment