Wednesday, March 18, 2015

တရုတ်နိုင်ငံကိုတောင်းပန်လျှင် ပြည်သူများကိုလည်း တောင်းပန်ဖို့လိုသည် (တူမောင်ညို)

0 comments
တရုတ်နိုင်ငံကိုတောင်းပန်လျှင်  ပြည်သူများကိုလည်း တောင်းပန်ဖို့လိုသည် (တူမောင်ညို)(၂ဝ၁၅ မတ်လ ၁၇ ရက်)
(ဗိုလ်)ဦးသိန်းစိန်အစိုးရအဖို့ ဒွေးရောဥပါဒ်ရော ဒေါင်လိုက်အလျားလိုက် ဝင်နေသည့်ကာလဟု ပြောရမည်။
“လက်ပံတောင်း၊ လောက်ကိုင်၊ လက်ပံတန်း” စသော ဗုဒ္ဓဟူးနံများ “ခိုက်”နေပုံရသည်။ ဘာပဲလုပ်လုပ် လုပ်သမျှ အရာရာနဲ့ အကြောင်းကြောင်း ပက်ကျိသွားသကဲ့သို့ဖြစ်နေသည်။

ယခုနောက်ဆုံးဖြစ်ပေါ်လာသည့်ကိစ္စမှာ မတ်လ ၁၃ ရက်နေ့က လောက်ကိုင်ဘက်တွင် မိုက်မိုက်ကန်းကန်းဗုံးကြဲသည့်ကိစ္စ၌ ဗုံးဆံသည် တရုတ်ပြည်ပိုင်နက်ထဲ ကျသွားသည်။ ကြံစိုက်ခင်းထဲမှ တရုတ်ပြည်သား ၅ ဦးသေပြီး၊ ၈ ဦးဒဏ်ရသည်။ ထိုကိစ္စကို တရုတအစိုးရက တောင်းပန်ရမည်၊ လျော်ကြေးပေးရမည်၊ တာဝန်ရှိသူကိုထုတ်ဖော်အရေးယူပေးရမည်ဟု တောင်းဆိုသည်။

မတ်လ ၁၅ ရက်နေ့က   ပဏာမတောင်းပန်စာ ထွက်လာသည်။
ယင်းနောက် ဆက်တိုက်ဆိုသလို လောက်ကိုင်ဘက်တွင် တာဝန်ထမ်းဆောင်နေသည့်တပ်မမှူး ၃ ဦးကို လက်ရှိတာဝန်မှ ထုတ်ပယ် ရွေ့ပြောင်းလိုက်သည်ဟု သိရသည်။ လောက်ကိုင်ပြဿနာသည် ဦးသိန်းစိန်အစိုးရအဖို့ ထင်သည်ထက်ပိုဆိုးနေပြီ။

ပထမတော့ တရုတ်ကြေးစားစစ်သားတွေပါသလိုလို၊ အချုပ်အခြာအာဏာထိပါးသလိုလို၊ ပြည်ပကျူးကျော်စစ်ပဲ တိုက်နေသလိုလို အသံကျယ်ကျယ် ဟစ်သည်။ နောက်တော့ ထိုအသံ တိုးတိမ်ပျောက်ကွယ်သွားသည်။ ဖုန်ကြားဆင်း ကိုးကန့်ဘက်မှ (UWSA) ‘ဝ’တပ်ဖွဲ့ ပါဝင်ကူညီတိုက်ခိုက်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူက ဗြောင်သတိပေးသည်။ တာဝန်ယမည်ဟု ခြိမ်းချောက်သည်။ နောက်တော့ အခြား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ယင်းသို့ပြောကြားသည်မှာ မှားယွင်းကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းထံတောင်းပန်သည်။ ရလဒ်က ထိုကိစ္စအပေါ်အကြောင်းပြုပြီး (UWSP)နှင့် ဆက်ဆံရေးအပေါ်လွှာ တင်းမာသွားသည်။

ယခုအခါ လောက်ကိုင်ကိစ္စသည် တပ်ဗိုလ်တပ်သား အကျအဆုံးအထိအခိုက်များသည်သာမက၊ တပ်မမှူး ၃ ဦး ထုတ်ပယ်ရသည့် အနေအထားသို့ တဆင့်တက်သွားခဲ့ပြီ။ ဤသို့ တပြိုင်ထဲ တပ်မမှူး ၃ ဦးထုတ်ပစ်ရခြင်းသည် ပထမဆုံးနှင့်အများဆုံးဖြစ်ဖွယ်ရှိပါသည်။ ဤသည်မှာ ကြည်းတပ်ဖက်ကသာဖြစ်သည်။ ဗုံးကြဲလေတပ်က မည်သူတွေ ဖြုတ်ထုတ်ခံကြရဦးမည်မသိ။ ထို့အပြင်သေဆုံးသူ၊ ဒဏ်ရသူများအတွက် လျော်ကြေးမည်မျှပေးရမည်ကိုမူ မသိရသေး။ လျော်ကြေးမည်မျှပေးရသည်ကို ပြည်သူများသိရှိအောင် ထုတ်ပြန် ပေးဖို့လိုသည်။

ယင်းလျော်ကြေးအတွက် ခရိုနီကုမ္မဏီများထံမှ အလှူငွေကောက်ခံမည်ဟုကြားရသည်။ ဒါမျိုးဆိုလျှင် ဒေါ်စန္ဒာဝင်းတို့မိသားစုက လက်နှေးမည်ဟု မထင်။ “ချစ်သော တပ်မတော်ကြီး”အတွက် လုံးကနဲ၊ ခဲကနဲ လှူနိုင်ကြလိမ့်မည်။ ဦးတေဇ၊ ဦးဇော်ဇော်တို့ကလည်း လက်ပိုက်ကြည့်နေကြမည်မဟုတ်ပါ။

ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ လူမင်း၊ ဇာဂနာ စသော တက်ကြွသူများကလည်း သူတို့အနုပညာဖြင့် ရန်ပုံငွေရှာပေးကြပေလိမ့်မည်။ လူမှုအဖွဲ့အစည်းများမှ  လယ်သမားအရေးဆောင်ရွက်နေသူ မစုစုနွေးတို့ကလည်း မနှေးပါဝင်ကြလိမ့်မည်ဟု ထင်မြင်ရပေသည်။ လောက်ကိုင်အရေးမှာသူတို့သည် “နိုင်ငံတော်နှင့်တပ်မတော်ကြီးနှင့်”တသွေးထဲ၊ တသားထဲရှိခဲ့ကြသူများမဟုတ်ပါလော။ သို့ပါ၍ ယခုလို လျော်ကြေးငွေလိုအပ်နေချိန်တွင် သူတို့သည် မသိဟန်ချင်ဆောင်နေကြလိမ့်မည်မဟုတ်ပါ။

ယင်းသို့ ပြည်ပ( တရုတ်နိုင်ငံ)နိုင်ငံတစ်ခု၏ ထိခိုက်နစ်နာရမှုကကို အချိန်မဆိုင်းပဲ ဝန်ချတောင်းပန်နိုင်လျှင် ပြည်တွင်း၌ မိမိ ပြည်သူများ အပေါ်ပြုမူခဲ့သည့် အကြမ်းဖက်ဖိနှိပ်ခဲ့သည့်လုပ်ရပ်များအတွက်  ဝန်ချတောင်းပန်နိုင်ရမည်။ သေဆုံးခဲ့ရသူများ၊ ထိခိုက်ခဲ့ရသူများအတွက် နစ်နာကြေး၊ လျော်ကြေးများ ပေးနိုင်ရမည်။ အကြမ်းဖက်မှုများတွင် ကွပ်ကဲအမိန့်ပေးခဲ့သူများ၊ လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသူများ ကိုလည်း ဖော်ထုတ်၍ ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရမည်။

အိမ်နီးချင်းကောင်းပီသမှုပဲဆိုဆို၊ ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးပဲပြောပြော ပြည်ပနိုင်ငံတစ်ခုအပေါ်အရေးထားမှု၊ လေးစား သမှု၊ လိုက်လိုက်လျောလျောပြုမူနိုင်သည်ဆိုလျှင် အမိအဖသဖွယ်ဖြစ်သော ပြည်တွင်းပြည်သူများအပေါ် ပို၍အလေးထားနိုင်ရမည်သာဖြစ်သည်။  
သို့ပါ၍ ပဏာမအဆင့်အနေဖြင့် ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ကျောင်းဆရာမလေးနှစ်ဦးကိစ္စနှင့် လတ်တလော ဟိုးလေးတကျော်ဖြစ်ခဲ့သည့် “မတ်လ ၅ ရက်၊ ၁ဝ ရက် အကြမ်းဖက်မှုမျာ”၊ ကျောင်းသားများအပေါ်၊  ပြည်သူများအပေါ်အကြမ်းဖက်မှုများ၊ “အောင်တံခွန်- ၃” သင်္ဘောနစ် မြုပ်မှုစသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍  တောင်းပန်မှု၊ လျော်ကြေးပေးမှု၊ တာဝန်ရှိသူများကိုထုတ်ဖော် အပြစ်ပေးအရေးယူမှုများကို ဦးသိန်းစိန်အစိုးရအနေဖြင့် ထိထိရောက်ရောက် ပြုလုပ်သင့်ပါသည်။


0 comments:

Post a Comment