Saturday, March 21, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၈)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၈)
ဒုတိယပိုင်း

နောက်ရက်သိပ်မကြာမီ ကျနော်တို့အိမ်သို့ ဗိုလ်မှူးဗထူးလာ၍ လည်ပတ်ပါသည်၊ ဗိုလ်မှူးဗထူးမှာ နယ်တွင်တာဝန်ကျနေသူဖြစ်၍ ကျနော့် လက်ထပ်ပွဲ မတက်နိုင်ခဲ့ပါ၊ ယခုမှရန်ကုန်ကို တာဝန်ဝတ္တရားနှင့်ရောက်ရှိလာစဉ် လာလည်ပတ်ခြင်းဖြစ်ပါသည်။ ကျနော့်ဇနီးမှာ ဗိုလ်ဗထူး၏အမည်ကို စောစွာကပင်ကြားသိပြီးဖြစ်၍ အိမ်ရောက်လာသည့်အခါ ချက်ချင်းပင်လေးလေးစားစား ဧည့်ဝတ်ပြုပါသည်၊ ကျနော်တို့အတော်ကြာ ရင်းရင်းနှီးနှီးစကားပြောကြပြီးနောက် ဗိုလ်မှူးဗထူးပြန်သွားပါသည်၊

ပြန်ခါနီးဗိုလ်မှူးဗထူးသည် ကျနော့်ဇနီးထံချဉ်းကပ်ပြီး သူအရေးအကြောင်းရှိက သုံးစွဲဖို့ဆောင်ထားဟန်ရှိသော ရွှေလက်ကောက်လေး ၂ ကွင်း ၃ ကွင်း(တကွင်း ပုံစံတမျိုးစီရှိ)ကို လက်ဖွဲ့လက်ဆောင်အဖြစ် အတင်းထိုးပေးသွားပါသည်၊

ကျနော့်မှာဤအကြောင်းအရာတွေကို ရေးနေစဉ်ကွယ်လွန်ကြပြီဖြစ်သော ရဲဘော်ဟောင်းကြီးများဖြစ်ကြသော ဗိုလ်ရန်အောင်၊ ဗိုလ်မြင့်အောင်၊ ဗိုလ်ဗထူး စသူတို့ကို သတိရပြီးလွမ်းဆွတ်ကြေကွဲနေမိပါသည်၊ သူတို့သည်တိုင်းပြည်တာဝန် ကျေပြွန်ခဲ့ကြသူများ ဖြစ်ပါသည်၊ ထို့အတူ ကွယ်လွန်ကုန်ကြပြီ ဖြစ်သောကျနော့် မိဖနှစ်ပါး၊ ဇနီးသည်နှင့် သားငယ်ထွန်းအေးကျော်ဇောတို့ကိုလည်း သတိရလွမ်းဆွတ်မိပါသည်၊

ကျနော်ကိုယ်တိုင်လည်း ဤစာရေးနေသည့် ၂ဝဝ၃ ခုနှစ်တွင် ကျနော့်အသက် (၈၄)နှစ်ပြည့်ရန် ရက်ပိုင်းလောက်သာ လိုတော့သည်ဖြစ်၍ ကွယ်လွန်ကုန်ကြပြီဖြစ်သော ရဲဘော်ကြီးများနောက်သို့ မကြာခင်လိုက်ရတော့မည်ဖြစ်ပါသည်၊

ကျနော်တို့သည် စီးပွားရေးအရမြန်မာပြည်သူတို့ ချမ်းသာဝပြောစေရန်လည်းကောင်း၊ နိုင်ငံရေးအရ ဒီမိုကရေစီထွန်းကား လွတ်မြောက် စေရန်လည်းကောင်းအားထုတ်လုံးပန်းခဲ့ရာ ယခုထိမအောင်မြင်နိုင်သေးသဖြင့် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပေသည်၊ ယခုအထိ စစ်အာဏာရှင်အစိုးရကို ဆက်ပြီးတိုက်ပွဲဆင်နေရတုန်း ဖြစ်ပါသည်၊ မြန်မာပြည်သူတို့သည် ဆင်းရဲခြင်းမှလွတ်မြောက်ပြီး ချမ်းသာဝပြော လာရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုမှလွတ်မြောက်လာရေးသည် ရှေ့တွင်ဖြစ်လာမည်ဟု ကျနော်တို့လုံးဝယုံကြည်ပါသည်၊

(၂၁)
ဖက်ဆစ်ဆန့်ကျင်ရေး အပိုင်း (၁)
ဖက်ဆစ်ဝါဒကို ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ (၃)နိုင်ငံပေါင်းထူထောင်ခဲ့ကြပြီး ၁၉၄၁ ခုနှစ်တွင် ဂျာမဏီဖက်ဆစ်တို့က ဥရောပအနောက်ပိုင်း တပိုင်းလုံး ပြင်သစ်ပြည်ကြီးအပါသိမ်းပိုက်ခဲ့ကြသည်၊ ဗြိတိန်ကျွန်းသာ ပင်လယ်ခြားနေ၍မသိမ်းပိုက်နိုင်ဘဲ လေကြောင်းကသာ အကြီး အကျယ် တိုက်ခိုက်ခဲ့သည်၊ ၎င်းဂျာမဏီဖက်ဆစ်တို့ဟာ ဆိုဗီယက်ရုရှားပြည်ကြီးကိုဆက်ပြီး ၁၉၄၁ ခု၊ ဇွန်လက စဝင်တိုက်ရာတွင် သုံးနှစ်အတွင်း ဆိုဗီယက်ရုရှားမှ စတာလင်ခေါင်းဆောင်ပြီးခုခံလို့ ဂျာမန်တွေအတော်အထိနာသည်၊ ၁၉၄၃ ခုနှစ်တွင်အပြင်းဆုံးဖြစ်သည်၊ ဆိုဗီယက်ရုရှားတွေက တဖြည်းဖြည်းခံစစ်မှ ထိုးစစ်သို့စတင်ပြောင်းပြီးတိုက်ရာ ဂျာမန်ဖက်ဆစ်တွေကို ရုရှားမှမောင်းထုတ်လိုက်နိုင်ပြီး ဥရောပအတွင်းပိုင်းအထိ နောက်ကထပ်ချပ်လိုက်ကာတိုက်သည်၊ ထိုအချိန်တွင် အမေရိကန်-အင်္ဂလိပ်မဟာမိတ်တပ်ဖွဲ့ကြီးက ၁၉၄၄ ခုနှစ်၊ ဇွန်လ (၆)ရက်တွင် ပြင်သစ် နော်မန်ဒီကမ်းခြေသို့တက်ပြီး ဂျာမန်တို့ကို တိုက်ပွဲကြီးဆင်နွှဲပါတော့သည်၊ သို့ဖြင့် ရုရှားပါပေါင်းကာ ဖက်ဆစ်တို့ကိုတိုက်ရာ ဥရောပတွင်ဂျာမန်ဖက်ဆစ်နှင့် အီတလီဖက်ဆစ်တို့အရေးနိမ့်ပြီး လက်နက်ချရတော့သည်၊

နောက်အာရှတိုက်တွင်လည်း ဂျပန်ဖက်ဆစ်တို့က မြန်မာအပါ တိုင်းပြည်အများကို တိုက်ခိုက်သိမ်းပိုက်ထားရာ မဟာမိတ်တွေက ပြန်တိုက် လာသည်၊ ဆိုဗီယက်ရုရှားကလည်း တိုက်ပွဲပြီးသွားသော ဥရောပကသူ့တပ်တွေကို အာရှတိုက်ဘက်သို့ရွှေ့ယူလာပြီး ဂျပန်ဖက်ဆစ်တို့ကို ဦးတည်ပြီးတိုက်ခိုက်ရာ နောက်ဆုံး ဂျပန်ပြည်မပေါ်ကမ်းတက်ပြီးတိုက်တော့မည့်အခြေအနေသို့ ဆိုက်နေပေသည်၊ ထိုအတွင်းအမေရိကန်က ဂျပန်ပြည်ဟီရိုရှီးမားနှင့် နာဂါစကီးမြို့တွေကို ၁၉၄၅ ခု သြဂုတ်လ ၆ ရက်နှင့် ၉ ရက်နေ့မှာ အနုမြူဗုံးများကို ပထမဆုံးချလိုက်သည်၊ ဂျပန်တို့လည်း ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် လက်နက်ချလိုက်သဖြင့် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခြင်းသို့ ရောက်လေသည်၊
           
(၂၂)
ဖက်ဆစ်ဆန့်ကျင်ရေး အပိုင်း(၂)
           
“ဗမာပြည်ဖက်ဆစ်ဆန့်ကျင်ရေး”ကို စတင်အကောင်အထည်ဖော်ခြင်းမှာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်မှ ၇ ရက်အကြာ ပဲခူးမြို့ ကျနော် ဗိုလ်ကျော်ဇောအိမ်တွင် ၁၉၄၂ ခုနှစ်ကတည်းက ဖက်ဆစ်တော်လှန်ရေးကို စည်းရုံးလုပ်ကိုင်နေသူ ဗမာပြည်ကွန်မြူနစ်ပါတီမှသခင်စိုးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ သုံးရက်ကြာလျှို့ဝှက်ဆွေးနွေးပွဲမှ စတင်ကြခြင်းဖြစ်ပေသည်၊ ၎င်းတွင်ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ နောင် ဖဆပလ)ကို စတင်ဖွဲ့စည်းကြသည်၊ ထိုစဉ်ဖက်ဆစ်ဆန့်ကျင်ရေး စခါစတွင်အဖွဲ့ (၄)ဖွဲ့ ပါဝင်ပါသည်၊ ၎င်းတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ(ဆိုရှယ်လစ်ပါတီ)၊ အာရှလူငယ်အဖွဲ့တို့ ဖြစ်ပါသည်၊ ထိုဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှအပ ကျန်အဖွဲ့တို့၏ကိုယ်စားလှယ် ဖြစ်ပါသည်၊

ဗမာပြည်ဖက်ဆစ်ဆန့်ကျင်ရေးစတင်သူတို့မှာ ရခိုင်တိုင်းကဖြစ်ပြီး ၁၉၄၄ ခုနှစ်ကုန်လောက်မှ စတင်ခဲ့ရာ အောင်မြင်မှုရခဲ့ကြပါသည်၊ ၁၉၄၅ ခုနှစ် ဇန္နဝါရီပထမပတ်မှစ၍ ရခိုင်တိုင်းတွင်ဦးပညာသီဟ၊ ဦးစိန္ဒာနှင့် ကိုညိုထွန်း၊ ဗိုလ်ကြာလှအောင်တို့ဦးဆောင်၍ မဟာမိတ်စစ်တပ်များနှင့် တွဲဖက်ကာ ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်၍တော်လှန်တိုက်ခိုက်ခဲ့ကြသည်၊

တပြည်လုံး ဖက်ဆစ်တော်လှန်ရေးအတွက် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် (နောင် ဖဆပလ)ခေါင်းဆောင်များသည် ၁၉၄၅ ခုနှစ် မတ်လ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ရန်ကုန်မြို့ပတ်လမ်း (ယခု နတ်မောက်လမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင် ဖက်ဆစ် တော်လှန်ရေးအတွက် စုဝေးတိုင်ပင်ကြလေသည်၊

ထိုအစည်းအဝေးသို့ တက်ရောက်သူများမှာ - (၁)ဗိုလ်ချုပ်အောင်ဆန်း၊ (၂)ဗိုလ်မှူးကြီးလက်ျာ၊ (၃)ဗိုလ်မှူးကြီးနေဝင်း၊ (၄)ဗိုလ်မှူးကြီးဇေယျ၊ (၅)ဗိုလ်မှူးစောကြာဒိုး၊ (၆)ဗိုလ်မှူးကျော်ဇော၊ (၇)ဗိုလ်မှူးဗထူး၊ (၈)ဗိုလ်မှူးရန်အောင်၊ (၉)ဗိုလ်မှူးရဲထွဋ်၊ (၁ဝ)ဗိုလ်မှူးဖိုးကွန်း၊ (၁၁)ဗိုလ်အောင်ကြီး၊ (၁၂)ဗိုလ်မောင်မောင်၊ (၁၃)ဗိုလ်စိန်မှန်၊ (၁၄)ဗိုလ်ခင်မောင်ကလေး၊ (၁၅)သခင်စိုး၊ (၁၆)သခင်သန်းထွန်း၊ (၁၇)ဦးဗဆွေ၊ (၁၈)သခင်ချစ်၊ (၁၉)ဦးကျော်ငြိမ်း၊ (၂ဝ)ဦးလှမောင်၊ (၂၁)သခင်တင်မြတို့ ဖြစ်သည်၊ (သခင်တင်မြ၏ တိုင်းကြီး(၁ဝ)တိုင်း စာမျက်နှာ -၃၇)

ထိုအစည်းအဝေးမှ အရေးကြီးသောဆုံးဖြတ်ချက်များမှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့အား ဗမာပြည်တဝှမ်းလုံးတွင် တပြိုင်တည်းတော်လှန်တိုက်ခိုက်ကြမည်၊ မဟာမိတ်စစ်ဌာနချုပ်နှင့် သဘောတူချက်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့အား လက်နက်ကိုင်တော်လှန်ရေး တပြည်လုံးစတင်ပြုလုပ်ရန် စသည်တို့ကို ဆုံးဖြတ်ခဲ့ကြသည်၊

ဖက်ဆစ်ဂျပန်တော်လှန်ရေးကို  ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်အနေဖြင့် အောင်မြင်ပြီးဆုံးသည်အထိ ဦးဆောင်သွားရန်အတွက် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ဦးစီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်၊ ပြင်ဆင်ဖွဲ့စည်း လိုက်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ဦးစီးအဖွဲ့မှာ -
(က) တပ်မတော်ကိုယ်စားလှယ် ၃ ဦး၊ (၁)ဗိုလ်ချုပ်အောင်ဆန်း၊ (၂)ဗိုလ်မှူးကြီးလက်ျာ၊ (၃)ဗိုလ်မှူးကြီးနေဝင်း
(ခ) ပြည်သူ့အရေးတော်ပုံပါတီ(ဆိုရှယ်လစ်ပါတီ) ကိုယ်စားလှယ် ၃ ဦး၊ (၄)ဦးဗဆွေ၊ (၅)ဦးကျော်ငြိမ်း၊ (၆)သခင်ချစ် (မှတ်ချက်၊  ၊ သခင်ချစ်မှာ နောင်ကွန်မြူနစ်ပါတီသို့ပြောင်းသည်၊)
(ဂ) ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ် ၃ ဦး၊ (၇) သခင်စိုး၊ (၈)သခင်သန်းထွန်း၊ (၉)သခင်တင်မြ၊ ပေါင်း (၉)ဦး ဖြစ်ပါသည်၊

ထိုဦးစီးအဖွဲ့ဝင်များထဲမှ အာဏာပိုင်ခေါင်းဆောင် (၃)ဦး ထပ်ပြီးရွေးကြပါသည်၊
နိုင်ငံရေးခေါင်းဆောင် သခင်စိုး
စစ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် သခင်သန်းထွန်း
မှတ်ချက် (၁)သခင်သန်းထွန်းသည် ကွန်မြူနစ်ပါတီ၏အတွင်းရေးမှူးချုပ်လည်း ဖြစ်သည်၊ (၂)ထိုအစည်းအဝေးတွင် မူလအမည်ဖြစ်သော “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်” ကို “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်”ဟု ပြင်ဆင်သည်၊
ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)ကို ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းနှင့်ဆီလျော်စေရန် “မျိုးချစ်ဗမာ့တပ်မတော်” (ပီဘီအက်ဖ်) အတိုကောက်အားဖြင့် “ဗမာ့တပ်မတော်”ဟု အမည်ပြောင်းလည်းရန် သဘောတူကြပါသည်၊

ထိုအစည်းအဝေးတွင် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်၍ စတင်တိုက်ခိုက်ရန်အတွက် ဗမာပြည်တဝှမ်းလုံးရှိတပ်မတော်တပ်ဖွဲ့များနှင့် ဖတပလအဖွဲ့ခွဲများသို့ ဖက်ဆစ်တော်လှန်ရေးညွှန်ကြားချက်များ ထုတ်ပြန်ရန်ဆွေးနွေးအတည်ပြုကြသည်၊

မှတ်ချက်၊  ၊ ဖက်ဆစ်ဂျပန်တော်လှန်တိုက်ခိုက်ရေးတွင် လက်နက်ကိုင်တပ်များအနေဖြင့် အသွင် (၂)မျိုးရှိသည်၊ တခုမှာ ဗမာ့တပ်မတော်က ဦးဆောင်သောတပ်ဖွဲ့များဖြစ်ပြီးနောက် အနည်းစုလက်နက်ကိုင်တပ်ဖွဲ့တမျိုးမှာ အဓိက ဗမာပြည်ကွန်မြူနစ်ပါတီ စသည်တို့က ဖွဲ့စည်းထားသော လူထုလက်နက်ကိုင်ပြောက်ကျားတပ်များ ဖြစ်သည်၊ ထို လူထုပြောက်ကျားတပ်များမှာ အသွင်အပြင်အားဖြင့် မှေးမှိန်သော်လည်း သူတို့၏တိုက်စွမ်းရည်မှာကြီးမားသည်၊ ထောက်လှမ်းရေး သတင်းအချက်အလက်များလည်းများစွာရရှိသဖြင့် အကျိုးပြုမှုကြီးသည်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတခုတွင်ပါသော ရန်သူဂျပန်တပ်မ (၅၄)၏ စစ်ဌာနချုပ်ကိုဝင်တိုက်ရသည့်တိုက်ပွဲတွင် ဂျပန်စစ်ဗိုလ်ချုပ် (၃)ဦးနှင့် ဂျပန်စစ်အရာရှိကြီးများကို သုတ်သင်တတ်ဖြတ်နိုင်ခဲ့သောတိုက်ပွဲမှာ ထိုလူထုပြောက်ကျားတပ်တတပ်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်၊ ထိုလူထုပြောက်ကျားတပ်များတွင် ကျေးရွာလူထုကိုယ်တိုင်က ရုတ်တရက် မိမိဘာသာ တပ်ငယ်လေးများ ယာယီဖွဲ့၍ ကွဲပြဲလာသောဂျပန်တပ်ကလေးများကို လိုက်တိုက်ခိုက်ချေမှုန်းသောတိုက်ပွဲများလည်း ပါဝင်သည်၊


0 comments:

Post a Comment