Friday, March 6, 2015

အနာဂတ်နဲ့ ကျောင်းသားလူငယ်တွေဘက်မှ ရပ်တည်ပါ (တူမောင်ညို)

0 comments
အနာဂတ်နဲ့ ကျောင်းသားလူငယ်တွေဘက်မှ ရပ်တည်ပါ (တူမောင်ညို)
၂ဝ၁၅ ခုနှစ်၊ မတ်လ ၅ ရက်

လက်ပံတန်းမှာ ပိတ်ဆို့၊ တားဆီးနှောင့်ယှက်တာခံနေရတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းအခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ လူတိုင်းသိလိုကြတယ်၊ စိတ်ဝင်စားကြပါတယ်၊ စိတ်ဝင်စားမှုက သပိတ်မှောက်ကျောင်းသားလူငယ်တွေအပေါ် အထင်ကြီးလေးစားမှု၊ စာနာ ထောက်ထားမှုတွေနဲ့ယှဉ်တဲ့၊ သားသမီးချင်း၊ ညီအစ်ကိုမောင်နှမချင်းဆိုတဲ့ ဂရုဏာနဲ့ယှဉ်တဲ့စိတ်ဝင်စားမှုဖြစ်ပါတယ်။
             
အုပ်စိုးသူ (ဗိုလ်)ဦးသိန်းစိန် စစ်တပိုင်းအစိုးရဘက်ကတော့ ကျောင်းသားတွေကို  “အကြမ်းမဖက်ပါဘူး”လို့ ကတိပေးမထားပါဘူး။ အကယ်၍ “အကြမ်းမဖက်ပါဘူး”လို့ ရဲ အစရှိတဲ့ အစိုးရအာဏာပိုင်များဘက်က ပြောဆိုလာတယ်ဆိုရင်လည်း ယုံကြည်နိုင်စရာ လုံးဝ အကြောင်း မရှိပါဘူး။ ဒါဟာ အလစ်အငိုက်ယူဖို့အတွက် ပရိယာယ်ဝေဝုစ်သာလျှင်ဖြစ်ပါလိမ့်မယ်။

အစိုးရအာဏာပိုင်တွေအကြမ်းဖက်လို့ ကျောင်းသားလူငယ်များသွေး မြေကျရပြီဆိုလျှင် နံပတ်တစ်တရားခံဟာ(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဖြစ်ပြီး။ သွယ်ဝိုက်တာဝန်ရှိသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ပါလိမ့်မယ်။

ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ပညာတတ်တရားပြမှု/တရားချမှု တစ်ခုထဲနဲ့ဆန့်ကျင်တိုက်ဖျက်၍မရနိုင်ပါ။ တစ်ဖက်သတ် ပြန်လည်သင့်မြတ်ရေးတရားဟောနေရုံမျှနဲ့လည်း ထင်ရှားတဲ့အပြောင်းအလဲဖြစ်မလာနိုင်ပါ။ ဒီချုပ်ပါတီ က “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”အတွက် ပြည်သူလက်မှတ် ၅ သန်းနီးပါးကို ကောက်ယူခဲ့တာဟာ “လွှတ်တော်တွင်းအခြေခံဥပဒေပြင်ဆင်ရေး”ကို ဖိအား ပေးတာပါ။ လူထုအင်အား၊ လူထုဖိအားကိုအသုံးမပြုဘဲ၊  ဘယ်ကပ်ကမ္ဘာမှာမှ နိုင်ငံရေးအပြောင်းအလဲကိုဖန်တီးနိုင်ရိုး မရှိခဲ့ပါ။

ကျောင်းသားသပိတ်လှုပ်ရှားမှု အစကနေ ယနေ့အထိဖြစ်စဉ်ကို ဘယ်နေရာကနေပဲကြည့်ကြည့် ကြည့်လိုက်ပါ။ ကျောင်းသားတွေဘက်က လွန်တာတခုမျှ မရှိပါ။ အစိုးရဘက်မှပြုလုပ်နေတဲ့ ယုတ်မာရမ်းကားမှုမျိုးစုံကို တွေ့မြင်ရပါလိမ့်မယ်။
           
ကျောင်းသားသပိတ်လှုပ်ရှားမှုဆိုတာ စတင်ပေါ်ပေါက်လာကတည်းက ငြိမ်းချမ်းစွာ၊ လူကြီးလူကောင်းပီသစွာပေါ်ပေါက်လာတာပါ။ အုပ်စိုးသူအစိုးရဘက်က တုန့်ပြန်လာမှုက  “စကတည်းယဉ်သကို”ဆိုသလိုပါပဲ။ “ နောက်ကွယ်မှာ ကြိုးကိုင်တဲ့လူတွေရှိတယ်၊ အချုပ်အခြာ အာဏာထိပါးတယ်” တဲ့။ ကျောင်းသားတွေတောင်းဆိုမှုကို အလေးမထားသလို၊ အရေးမစိုက်ခဲ့ပါဘူး။ ကျောင်းသားလူငယ်တွေက  ငြိမ်းချမ်းစွာချီတက်လာတဲ့အခါမှသာ အကြမ်းဖက်ဖိနှိပ်မှုကို အဓိကပင်တိုင်ထားပြီး ကောက်ကျစ်ယုတ်မာလှတဲ့၊ မကြံအပ်၊မစည်အပ်တဲ့ ဖြိုခွဲရေး အောက်လမ်းနည်းပေါင်းစုံကို သွေးရူးသွေးတန်း လုပ်ကြံလုပ်ဆောင်လာခဲ့ကြတယ်။ လုပ်ဆောင်နေဆဲလည်းဖြစ်တယ်။

ဒုတ်/ဒိုင်းကိုင် ရဲ၊ မီးသတ်ကား၊ သေနတ်၊ အချုပ်ကား၊ စွမ်းအားရှင်စတဲ့ အကြမ်းဖက် လက်ယဉ်နေသူတွေကို နယ်တိုင်းမြို့တိုင်းမှာ စုစည်းထားထားပြီး အင်အားပြခြိမ်းချောက်စေပါတယ်။ ဒါ့အပြင် မိဘနဲ့ကျောင်းသား၊ ကျောင်းသားအချင်းချင်း၊ ကျောင်းသားနသံဃာ၊ ကျောင်းသားနဲ့ကျောင်းဆရာ/မ စသဖြင့် သွေးခွဲရန်တိုက်မှုမျိုးစုံ လုပ်ခဲ့တယ်။ သတင်းစာကပင် ဒီလိုသွေးခွဲမှု၊ သရုပ်ဖျက်မှုတွေကို အတိုင်အဖောက်ညီညီ လုပ်ကြံလီဆယ်ခဲ့ကြတယ်။

“ပညာရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ” မှာလည်း ကျောင်းသားတွေဘက်က၊ (NNER) ဘက်က နိုင်ငံရေးအမြော်အမြင်ရှိရှိ၊ ဒီမိုကရေစီယဉ်ကျေးမှု ဖြင့် အပြန်အလှန်လေးစားစွာ၊ လူကြီးလူကောင်းဆန်စွာ ညှိနှိုင်း၊ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ အုပ်စိုးသူတွေဘက်မှ ရတဲ့အကွက်၊ ရတဲ့နည်းနဲ့ အောာက်တန်းကျပြီး အရှက်ကင်းမဲ့လှတဲ့ညစ်ကွက်တွေနဲ့ လုပ်ကြံခဲ့ကြတယ်။

ကျောင်းသား/သူ တစ်ဦးချင်းကိုရော၊ ကျောင်းသားသပိတ်လှုပ်ရှားမှုတစ်ခုလုံးကိုပါ သရုပ်ဖျက်ခဲ့ကြတယ်၊ ပုတ်ခတ်ရေးသားခဲ့ကြတယ်၊ ရွံ့ပုတ်တွေနဲ့ ဝိုင်းပက်ခဲ့ကြတယ်။ ကျောင်းသားဆိုတဲ့ဂုဏ်ကျက်သရေကို ညစ်နွမ်းသွားအောင် အသရေဖျက်ခဲ့ကြတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင် နွံမှာနှစ်လည်း မညစ်ဆိုတဲ့စကားလိုပါပဲ။ ရွံပုတ်နဲ့ပက်သူတွေလက်မှာသာ ရွံ့ပုတ်တွေပေကျံပြီး ဘယ်သူ လူညစ်ပတ်လည်း၊ လူယုတ်မာလည်းဆိုတာ ပေါ်လွင်သွားပါတယ်။ အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေပင် ပါဝင်နေပါတယ်။

အုပ်စိုးသူအစိုးရရဲ့ “ကောက်ကျစ်ညစ်ပတ်ယုတ်မာမှု ဆွမ်းကြီးလောင်းပွဲ” မှာ “သင်္ကန်းဝတ်ညစ်ပတ်သူ”ကိုယ်တော်တချို့က ကျောင်းသားတွေနဲ့ ကျောင်းသားလှုပ်ရှားမှုကို သရုပ်ဖျက် ဖိအားပေးအကြပ်ကိုင်တဲ့တရားဟောပြီး စာတိုစာရှည်ရေးကာ ပါဝင်နေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။“သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့”တယ်လို့ဆို မလား။ “ခေတ်သစ် ဒေဝဒတ်ကိုယ်တော်တွေနဲ့ ခေတ်သစ် အဇာတသတ်တွေ”ရဲ့ ဆရာဒကာညီညွတ်မှုလို့ဆိုဆို၊ ဆိုချင်ရာဆိုနိုင်တဲ့အနေအထားဖြစ်သွားပါပြီ။ ငရဲနဲ့ချောက်နေသူတွေကိုယ်တိုင်က ငရဲမကြောက်တော့မှတော့ ကျနော်တို့ပြည်သူတွေကလည်း ငရဲဆို ဂျိုနဲ့လားလို့ မေးဖို့သာ ရှိပါတော့တယ်။

အရင်းစစ်လိုက်ရင် ဆန္ဒပြမှု၊သပိတ်မှောက်မှု၊ တော်လှန်မှုတို့ဆိုတာတွေက အကြောင်းမဲ့သက်သက် ပေါ်ပေါက်လာရတာတွေ မဟုတ်ပါဘူး။ အကြောင်းတရားဖြစ်သော  အုပ်စိုးသူအစိုးရများရဲ့မတရားမှု၊ ဖိနှိပ်မှု၊ သွေးစုပ်မှုတွေကြောင့် ဖြစ်ပွားပေါက်ပေါက်လာရတဲ့ တိုက်ရိုက် အကျိုးဆက်ရလဒ်တွေသာလျှင်ဖြစ်ပါတယ်။

လက်နက်မရှိတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူများဟာ ခြေဆုံးခေါင်းဆုံး လက်နက်တပ်ဆင်ထားတဲ့၊ ကောက်ကျစ်တဲ့ ဉာဏ်နီဉာဏ်နက်မျိုးစုံ သုံးတတ်တဲ့အုပ်စိုးသူများကို ဘယ်လိုမှ စတင်အကြမ်းဖက်ခြင်း မပြုနိုင်ပါဘူး။ ငြိမ်းချမ်းစွာ၊ ဒီမိုကရေစီနည်းလမ်းကြစွာ စုဝေးဆန္ဒပြကြတာကပဲ စတင်ကြပါတယ်။ အကြမ်းဖက်မှုနဲ့ မိုက်မဲကောက်ကျစ်တဲ့ သရုပ်ဖျက်မှုတွေကို အုပ်စိုးသူတွေဘက်ကသာ စတင်မြဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် လက်ပံတောင်းအကြမ်းဖက်မှု၊ မိကျောင်းကန်အကြမ်းဖက်မှု၊ ရွှေပြည်သာ အလုပ်သမားသပိတ်အကြမ်းဖက် ဖြိုခွဲမှုတွေမှာကြည့်ရင် ဘယ်သူကစပြီး အကြမ်းဖက်သလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။

မိုက်မဲကောက်ကျစ်တဲ့ သရုပ်ဖျက်မှု၊ အသရေဖျက်မှုတွေဆိုတာဟာ “အကြမ်းဖက်ဖိနှိပ်ရေး” နိုင်ရေးအတွက်  အုပ်စိုးသူများဘက်က အကွက်ချလုပ်ဆောင်နေတဲ့ ဆင်ခြေလိမ်တွေသာဖြစ်ပါတယ်။ အခင်းအကျင်းတွေသာဖြစ်ပါတယ်။

(ဗိုလ်)ဦးသိန်းစိန် စစ်တပိုင်းအစိုးရအပါအဝင် အုပ်စိုးသူအဆက်ဆက်ရဲ့ အဓိကလက်သုံးနည်းက အကြမ်းဖက်ဖိနှိပ်တာပဲဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းစဉ်ကစပြီး ယနေ့အထိ ပေါ်ပေါက်ခဲ့သမျှ  ကျောင်းသား၊ အလုပ်သမား ၊ လယ်သမား၊ သံဃာ စတဲ့ ပြည်သူများရဲ့သပိတ်မှောက်၊ အုံကြွမှုတွေကို အကြမ်းဖက်ဖိနှိပ်ခဲ့တာပဲဖြစ်ပါတယ်။

အကြမ်းဖက်မှုကို အဓိကကျင့်သုံးတာနဲ့တပြိုင်နက်ထဲမှာ အင်မတန်ညစ်ပတ် ကောက်ကျစ်ယုတ်မာသော ချော့/ခြောက် လှည့်ဖြားဖြိုခွဲတဲ့ နည်းကိုလည်း  တွဲဖက်ကျင့်သုံးလေ့ရှိပါတယ်။ သူတို့ချုပ်ကိုင်ထားတဲ့ မီဒီယာမျိုးစုံပေါ်ကနေ ပေါ်ပေါက်လာသမျှလှုပ်ရှားမှုတွေကို သေးသိမ် ယုတ်ညံ့သွားအောင် သရုပ်ဖျက်တယ်။ သွားပုပ်လေလွင့် ပြောဆိုရေးသားလေ့ရှိတယ်။ ပြည်သူတွေအချင်းချင်း အိုးမဲသုတ် ရန်တိုက် ပေးတယ်။ ဘာသာရေး၊လူမျိုးရေးပဋိပက္ခတွေ လုပ်ကြံဖန်တီပါတယ်။

တိုင်းရင်းသားပြည်သူများ၊ တာဝန်သိနိုင်ငံရေးသမားများ၊  နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအသီးသီးတို့က ကျောင်းသားသပိတ်ကို နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ဝန်းရံကြစေချင်ပါတယ်၊ အကာအကွယ်ပေးစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း “လွှတ်တော်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကိုသာ တည့်တည့်ရှု” နေရာကနေ ကျောင်းသားသပိတ်ဖက်ကို ခေတ္တခဏဖြစ်ဖြစ် မျက်နှာမူစေချင်ပါတယ်။ ဒါဟာ ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေရဲ့နှလုံးသားထဲက အလိုလားအတောင့်တဆုံး ဆန္ဒလည်းဖြစ်ပါတယ်။       


0 comments:

Post a Comment