Monday, March 2, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း။ အခန်း(၁)
ဒုတိယပိုင်း
ဖက်ဆစ်ဂျပန်တော်လှန်ရေး
(၁၆)
ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဘီအိုင်အေတပ်မတော်ကို ပြန်လည်ဖွဲ့စည်းပါသည်။ ဘီအိုင်အေတပ်မ (၁)ကို ဗိုလ်မှူးကြီးဇေယျကို ဦးစီးစေ၍လည်းကောင်း။ တပ်မ (၂)ကို ဗိုလ်မှူးကြီးနေဝင်းကို ဦးစီးစေ၍လည်းကောင်း။ တပ်မ(၂)တပ်ဖွဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုဌာနချုပ်ကဦးစီးပြီး အထက်ဗမာပြည်သို့ ဆုတ်ခွာထွက်ပြေးနေသောအင်္ဂလိပ်တပ်များကို ဂျပန်စစ်တပ်နှင့်ပူးပေါင်းပြီး လိုက်၍တိုက်မည်၊ ရန်ကုန်တွင် ကျနော်၏တပ်သာချန်ထားပြီး အောက်ဗမာပြည် ဘီအိုင်အေတပ်ဖွဲ့များကို အုပ်ချုပ်ထိန်းသိမ်းရန်နှင့် ရန်ကုန်တွင် ကျနော်က ဗိုလ်သင်တန်းတခုဖွင့်ပြီး စစ်ဗိုလ်လောင်းများကို သင်တန်းပေး၍ နောင်တပ်သစ်များဖွဲ့ရာတွင် ဗိုလ်လောင်းများရရှိအောင် စုဆောင်းထားရန် တာဝန်ပေးပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေတပ်ဖွဲ့များ ဗိုလ်မှူးကြီးဇေယျနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ဦးစီးသောတပ်မ (၂)တပ်တို့ အထက်ဗမာပြည်သို့ အင်္ဂလိပ်တပ်များနောက်သို့ လိုက်တိုက်ရန်ချီတက်ကြပါသည်။

ကျနော်သည် ကျနော့်တပ်ကို ရန်ကုန်မြို့ကြည်မြင်တိုင်လုံခြုံရေးကိုကာကွယ်ရန် တပ်စွဲရပါသည်။ အောက်ဗမာပြည်ဘီအိုင်အေရုံးကို ရန်ကုန်တွင်ဖွင့်လှစ်ပြီး တဖက်က ဂေါ်ရာကုန်းတွင် ဗိုလ်သင်တန်းဖွင့်ပြီးသင်ကြားရပါသည်။ ထိုအချိန် ဂျပန်ဗိုလ်မိုးကြိုး(ဆူဇူကီး)တို့လည်း ရန်ကုန်တွင် ရှိနေပါသည်။

ထိုအချိန်က ကျနော်အလုပ် အလွန်များပါသည်။ နံနက်ပိုင်းတွင် စစ်ဗိုလ်လောင်းသင်တန်းတွင် ကိုယ်တိုင်သင်တန်းပေးပြီး နေ့လည်နှင့် ညနေတွင် အောက်ဗမာပြည် ဘီအိုင်အေတပ်များအုပ်ချုပ်ရေးတာဝန်ကို ဘီအိုင်အေရုံးဖွဲ့ပြီးလုပ်ကိုင်ရသည်။ ညအခါတွင် နောက်နေ့ ဗိုလ်သင်တန်းတွင်သင်ရန် မှတ်စုများပြင်ဆင်ရခြင်းနှင့် အလုပ်ကြွေးများကိုလုပ်ရခြင်းဖြင့် မအားမလပ်တာဝန်တွေ များပြားလှပါသည်။

ထိုကာလအတွင်းမှာ အောက်ဗမာပြည် မြစ်ဝကျွန်းပေါ်ဒေသတွင် ဘီအိုင်အေတပ်များက ကရင်များကိုသတ်ဖြတ်ခြင်းဆိုတဲ့ကိစ္စဖြစ်ပေါ် လာခဲ့ပါသည်။ ထိုကိစ္စ ကျနော်မှတ်မိသလောက် ယခုပြန်ပြီးရေးသားပါမည်၊

ဒီကိစ္စတွင် ကျနော်ဗိုလ်ကျော်ဇော တာဝန်မကင်းခဲ့ပါ၊ ဖြစ်ပွားတဲ့နေရာဟာ ဗမာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ် မြောင်းမြခရိုင် အတွင်းဖြစ်သည်။ ကာလက ၁၉၄၂ ခုနှစ် အလယ်လောက်မှာဖြစ်ပြီး အင်္ဂလိပ်တပ်များက ဂျပန်တပ်နှင့်ဘီအိုင်အေတပ်တို့ရဲ့ထိုးစစ်ကြောင့် အိန္ဒိယသို့ အပြင်းဆုတ်ခွာနေချိန်ဖြစ်ပါသည်။ ၎င်းတို့က သူတို့ရဲ့ဆုတ်ခွာမှုကိုအထောက်အကူပြုစေရန်ဝါဒဖြန့်ခဲ့တာက တို့မတတ်သာလို့ ဆုတ်ခွာရတယ်၊ (၃)လအတွင်း ပြန်လာကြမယ်၊ ဒီအတွင်း မင်းတို့ ဂျပန်ကိုတတ်နိုင်သလောက် ဆန့်ကျင်တိုက်ခိုက်ကြဟု လှုံ့ဆော်ခဲ့ကြ သည်။ လက်နက်တချို့ကိုလည်း ထုတ်ပေးထားခဲ့သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် ဗြိတိသျှတို့ကို လိုလားအားကိုးကြသော ကရင်အမျိုးသားအများရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်ပုန်ကန်မှုစတင်ဖြစ်ပွားခဲ့သည်။ သူပုန်ခေါင်းဆောင်က ကရင်အမျိုးသား ရွှေထွန်းကြာ ဖြစ်ပါသည်။

ထိုစဉ်က ရွှေထွန်းကြာတို့ ကရင်သူပုန်တပ်ဖွဲ့ဟာ လက်နက်ကိုင် (၁ဝဝ)ခန့်လောက်သာ ရှိသေးသည်ထင်ပါသည်။ မြောင်းမြမြို့မှာ ဂျပန်တပ် မရှိပါဘူး၊ ဒေသခံဘီအိုင်အေတပ်ကလေးသာ ရှိပါသည်။ သူတို့ ကရင်သူပုန်သွားတိုက်ရာ မနိုင်ပါ၊ ဗမာရွာတချို့လည်း အတိုက်ခံရမှာ ကြောက်ရွံ့နေကြသည်။ နောက်ပိုင်း မြောင်းမြမြို့မှာပင် မြန်မာအများ ကရင်လာတိုက်မှာပူပန်နေကြသည်။ မြို့ပေါ်ရှိ ကရင်အနည်းစုကလည်း မြန်မာတွေက သူတို့ကိုလာတိုက်မှာ စိုးကြသည်။ မြောင်းမြ ဘီအိုင်အေအုပ်ချုပ်ရေးတာဝန်ခံတွေကရော စစ်ဘက်တာဝန်ခံတို့ကပါ ကျနော့်ထံ အကူအညီတောင်းကြသည်။

ကျနော့်မှာလည်း တပ်မဟာဆိုပေမယ့် တပ်ရင်း (Battalion) တရင်းသာရှိသည်။ ကျနော့်တပ် အားလုံးနီးပါးမှာလည်း ထိုင်းနယ်စပ်က ဖွဲ့လာသည့် ထိုင်းရှမ်းနှင့်ထိုင်းဗမာမျိုးဆက်တွေဖြစ်ပြီး မြန်မာစကား အားလုံးလိုလိုမတတ်ကြ၊ တပ်ခွဲမှူးများသာ မြန်မာစကားတတ်ကြသည်။ တပ်ကူလွှတ်သင့် မလွှတ်သင့်စဉ်းစားနေစဉ် ထိုကာလက ကျနော့်ရုံးကို မကြာခဏလာတတ်ပြီး ကျနော့်ကို အကူအညီများ။ အကြံဉာဏ်များ ပေးနေတတ်သည့်သခင်ဗိုလ်ဆိုသော သခင်ခေါင်းဆောင်နှင့်တွေ့စဉ် ထိုကိစ္စတိုင်ပင်ကြည့်တော့ “ဒီတပ်မျိုးတွေ မလွှတ်နှင့် ဒီကိစ္စငြိမ်းချမ်းစွာ ဖြေရှင်းတာကောင်းတယ်၊ ရန်ကုန် သရက်တောဘုန်းကြီးကျောင်းတိုက်မှာ ကရင်ဘုန်းကြီးဦးပ္ဂဝ ဆိုတာရှိတယ်၊ သူဟာ နိုင်ငံရေးလည်း နားလည် ကရင်အမျိုးသားလည်းဖြစ်ပြီး ကရင်တွေအပေါ်လည်း အတော်သြဇာရှိတယ်၊ ထိုဆရာတော်ကိုကာကွယ်ဖို့ တပ်နည်းနည်းပေးပြီး ထိုဒေသအတွင်းလှည့်ပြီး ငြိမ်းချမ်းရေးတရားဟောပြောနားချရင် ငြိမ်းချမ်းနိုင်တယ်”လို့ အကြံပြုပါသည်။ ထိုစဉ်သခင်ခေါင်းဆောင်များ ထောင်ထဲရောက်နေသော်လည်း သခင်ဗိုလ်ဟာ နံမည်သိပ်မကြီးသေးလို့ အပြင်မှာကျန်ရစ်ပြီး လုပ်စရာရှိတာလုပ်နေရာမှာ ကျနော် တာဝန်ကြီးမှန်းသိလို့ မကြာခဏအကူအညီတွေပေးနေတာ ဖြစ်ပါသည်။ (ကျနော် ၁၉၉ဝ လောက်မှာသိရတာက သခင်ဗိုလ်ဟာ ၁၉၃၉။ သြဂုတ်လမှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ခေါင်းဆောင် ၄ ။ ၅ ဦးနှင့် စတင်ဖွဲ့စည်းရာမှာပါဝင်ခဲ့သည့်ပုဂ္ဂိုလ် ဖြစ်ပါသည်)

ကျနော်သည် ကျနော့်တပ်မှ သင့်တော်မည့်တပ်စု (လူသုံးဆယ်ခန့်)တစုကိုဆွဲထုတ်ပြီး ကျနော်၏ ဗိုလ်သင်တန်းမှ အတော်မွန်ရည် ပျော့ပျောင်းတဲ့ တက္ကသိုလ်ကျောင်းသားတဦးကို လက်ဖတင်နင် ဗိုလ်ရာထူးပေးပြီး တပ်စု၏အကြီးအကဲခန့်ကာ သခင်ဗိုလ်အစီအစဉ်အတိုင်း ဆရာတော်ဦးပ္ဂဝနှင့် ထိုကရင်ဒေသများသို့ လွှတ်လိုက်ပါသည်။ ရွာတွေလှည့်ပြီး တရားဟောကြသည်။ ဒီကြားထဲ သူပုန်ခေါင်းဆောင် ရွှေထွန်းကြာက တပ်မှူးနှင့်စကားပြောလိုကြောင်းခေါ်၍ တပ်သားနှစ်ယောက်လွှတ်လိုက်ရာ သတ်ပစ်ခြင်းခံရပါသည်။ နောက်တကြိမ် တဦးလည်း ဒီလိုပဲအသတ်ခံရပါသည်။ ဆရာတော်က စိတ်မပျက်ဘဲ ဆက်ဟောပြောနေသည်။ ထို့ကြောင့် အခြေအနေ အတော်အေးချမ်း လာစပြုလာသည်။

ထိုအချိန်မှာ ဗိုလ်မိုးကြိုးတို့ရဲ့ မီနာမီကီကန်မှဂျပန်တွေ ထိုကိစ္စသိသွားပြီး ဒီငြိမ်းချမ်းရေးကိစ္စကို သူတို့လုပ်မည်ဆိုကာ ဆရာတော်မပါတော့ဘဲ (ဟိုင်နန်ကျွန်းမှာ ကျနော်တို့ဆရာမဟုတ်ခဲ့တဲ့) စစ်တပ်ရာထူး လက်ဖတင်နင်ဗိုလ်နှင့် ဘီအိုင်အေတပ်ရာထူး (ဗိုလ်မှူးကြီး)ကာနယ်ဖြစ်သူ (နံမည်ကောင်းစွာမမှတ်မိ) “အီဂျီမား”ထင်သည်။ သူကိုယ်တိုင်ခေါင်းဆောင်ပြီး ကျနော့်တပ်စုကလေးနှင့် ငြိမ်းချမ်းရေးတရားဟောဖို့ ဆရာတော်သွားတဲ့ဒေသတွေဆီ ထွက်သွားပါသည်။

(၁၉၄၂) မေလဆန်း တညမှာ ကျနော်အိပ်ပျော်နေစဉ် မီနာမီကီကန်မှဗိုလ်မိုးကြိုးက လွှတ်လိုက်သည့်ဂျပန်နှစ်ယောက် ကျနော့်အိမ်ကင်းကို အတင်းဆွဲလာပြီး ကျနော့်ကိုနှိုးပြီး ပြောပြသည်မှာ - မြောင်းမြဒေသမှာ လှည့်လည်သွားနေတဲ့ကာနယ်အီဂျီမား ကျဆုံးသွားပြီ။ နယူးဒေလီ ရေဒီယိုက ဂျပန်တပ်တတပ်ကို ဗြိတိသျှလိုလားသောကရင်ပျောက်ကြားတွေက ချုံခိုတိုက်ခိုက်ရာ ဂျပန်ကာနယ်တဦးကျဆုံးသွားကြောင်း အသံလွှင့်လို့ တိုကျိုက သက်ဆိုင်ရာကတဆင့် ကာနယ်ဆူဇူကီး (ဗိုလ်မိုးကြိုး)ကို အမြန်ဒီကိစ္စ အရေးယူခိုင်း၍ မနက်ဖန် ဗိုလ်မိုးကြိုး ဒီဒေသ သွားမယ်၊ ခင်ဗျားပါလိုက်ရမယ်၊ ခင်ဗျားတပ်တွေ ချက်ချင်း နက်ဖန်ထွက်နိုင်အောင်လုပ်ရမယ်ဆိုလို့ ကျနော့်တပ်ခွဲသုံးခွဲကျော်လောက် တပ်ပြင်ပြီး နောက်နေ့ဗိုလ်မိုးကြိုးနဲ့ လိုက်ရပါသည်။

မြောင်းမြသွားပြီး တိုက်ပွဲဖြစ်ရာနေရာကို သွားကြည့်ပါသည်။ ကျဆုံးသွားသော ဂျပန်ကာနယ်၏အလောင်းကို ရှာဖွေရယူပြီး မီးသဂြိုဟ်ကာ အရိုးအိုးကိုယူပါသည်။ ထိုနောက် ဗိုလ်မိုးကြိုးသည် ကရင်သူပုန်များအခြေစိုက်ရာဒေသရွာများကို လက်စားချေတိုက်ခိုက်ရန် နှစ်ပတ်မျှ ချီတက်သွားလာခဲ့ပါသည်။ ထိုအတွင်း ငြိမ်းချမ်းရေးလုပ်နေသော ကျနော့်တပ်စုကလေးသည် အတော်အထိနာပြီး ခေါင်းဆောင် ဗိုလ်ကလေးလည်း ကျဆုံးသွားပြီထင်ပါသည်။

ဗိုလ်မိုးကြိုးက သူပုန်ရှိသည်ဟုယူဆရသောရွာများကို အတင်းတက်သိမ်းပိုက်ခိုင်းပြီး ခုခံရင် အားလုံးကိုတိုက်ခိုက်သတ်ဖြတ်ဖို့ ကျနော့် တပ်မှူးတွေကို တိုက်ရိုက်အမိန့်ပေးသည်။ တခါတရံ ကျနော်ကတဆင့် အမိန့်ပေးသည်။

ဒီလိုနဲ့တပတ်လောက်ကြာအောင် တိုက်ခိုက်သတ်ဖြတ်ပွဲတွေ ဖြစ်ပါတော့သည်။ ကျနော်က ခုခံတဲ့ရွာသားတွေကိုသာတိုက်ခိုက်ဖို့ မခုခံရင် တရားဟောပြီး လက်နက်တွေအပ်ခိုင်း သိမ်းခဲ့ဖို့ တပ်မှူးတွေကို ပြောပါသည်။
တိုက်ခိုက်သတ်ဖြတ်မှုများ သိပ်များလိမ့်မည်ဟု ကျနော်မထင်ခဲ့ပါ၊ နောက်ရန်ကုန်ပြန်ရောက်ပြီး လအချို့ကြာမှ ရွာသားများ အတော် သေကြေကြောင်း ကြားရပါသည်။

ထိုသို့ဖြစ်ရသည်မှာ ဗိုလ်မိုးကြိုးအမိန့်ကြောင့်ဖြစ်ရသော်လည်း ထိုစဉ်က ကျနော့်တပ်အားလုံးနီးပါး မြန်မာစကားမတတ်ကြဘဲ အတွေ့အကြုံ အလေ့အကျင့်လည်း သိပ်မရှိသေးလို့ ပိုဆိုးရသည်ဟုထင်ပါသည်။

ထိုစဉ်က ဗိုလ်မိုးကြိုးက တပ်မှူးကြီးဖြစ်ပြီး ကျနော်က သူ့ရဲ့စစ်ဦးစီးအဖြစ်မျိုးဆောင်ရွက်ခဲ့ရတာ ဖြစ်ပါသည်။ သူသည် ထိုစဉ်က ဘီအိုင်အေ တပ်ရဲ့ စစ်သေနာပတိချုပ်လည်းဖြစ်ပါသည်။ ကျနော်သည် ထိုနှစ် (၅ဝ)ကျော်ကာလက အသက် (၂၃)နှစ်အရွယ် ကျောင်းသားမျိုးချစ် တော်လှန်ရေးစစ်သားတဦးမျှသာ ဖြစ်ပါသည်။ စစ်သားအဖြစ် အမိန့်နာခံရေးသာ အဓိကထားခဲ့ရပါသည်။

သို့သော် ကျနော့်တာဝန် မကင်းခဲ့ပါ၊ ထိုစဉ်က ကျနော်သာ နိုင်ငံရေးအသိတစုံတရာသာရှိပါက ထိုကိစ္စကို အတော်ရှောင်နိုင်မည်ဖြစ်သည်။ ခုခံတဲ့ရွာသားတွေကို သတ်ဖြတ်တဲ့အထိမရောက်စေဘဲ ဗိုလ်မိုးကြိုးကျေနပ်အောင် ရွာအချို့မီးရှို့ပြတာလုပ်ပစ်လျှင် ပြီးနိုင်မည်ဖြစ်သည်။

ဤကား ကရင်အမျိုးသားများ မြစ်ဝကျွန်းပေါ်တွင်သတ်ဖြတ်ခံရသည့်ကိစ္စ ဖြစ်ပါသည်။ ကျနော်ထိုစဉ်က တပ်မတော်ဗိုလ်မှူးရာထူးနှင့် ဖြစ်ပါသည်။ 

ဤနေရာတွင် ထိုကာလအဖြစ်အပျက် တခုကို သတိရလာ၍ ပြောပြချင်ပါသေးသည်။
ဗိုလ်ဇေယျက သူကွန်မြူနစ်ပါတီဝင်မဖြစ်မီကကိစ္စတခုကိုပြောပြသည်မှာ သူသင်္ဘောနှင့်တနေရာခရီးထွက်ရာ မျက်နှာချင်းဆိုင်မှလာနေသော သင်္ဘောတစီးပေါ်တွင် ဂျပန်စစ်ဗိုလ်တဦးကိုတွေ့ရာတွင် ထိုစစ်ဗိုလ်ကိုကြွားပြသည့်အနေနှင့် မိမိသင်္ဘောပေါ်ရှိ အငြိမ့်မင်းသမီးကိုဆွဲပြီး ခါးကို ဖက်ပြလိုက်သည်။ သင်္ဘောချင်းဖြတ်မိတော့မှ သူ ဂျပန်စစ်ဗိုလ်ဟုထင်သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေသဖြင့် သူချောက်ကျသွားကြောင်း ကျနော့်ကို ပြောပြဖူးပါသည်။

ဗိုလ်ဇေယျမှာ ကွန်မြူနစ်ပါတီမဝင်ခင်က ဤသို့ ပျော်ပျော်ပါးပါးနေထိုင်လာခဲ့သူဖြစ်သည်။ နောက် ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဖြစ်လာပြီးနောက် သူ့ဘဝ အကြီးအကျယ်ပြောင်းလည်းကောင်းမွန်သွားသည်။ ဗမာပြည်ကွန်မြူနစ်ပါတခေါင်းဆောင်တယောက်အဖြစ် ပါတီ၏ညွှန်ကြားချက်အရ ၁၉၄၈ ခုနှစ်တွင် တောခိုပြီးနောက် အစိုးရစစ်တပ်များနှင့်တိုက်ပွဲဖြစ်ရာတွင် ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဗမာပြည်တောတွင်းတနေရာတွင် ကြေကွဲစွာ ကျဆုံးသွားရသော ပြည်သူတို့၏ခေါင်းဆောင်တဦး ဖြစ်ပါသည်။

ကျနော်တို့ ၁၉၄၃ ခုနှစ်လောက်က ပျဉ်းမနားမြို့တွင်နေထိုင်နေကြစဉ် ဗိုလ်မြင့်အောင်ကြီးလည်း လေယာဉ်ပစ်စက်အမြောက် တပ်ရင်းမှူး အဖြစ်ရှိနေရာ တနေ့တွင် ဗိုလ်မြင့်အောင်ထံသို့ သူ့မိခင်ကြီးလာ၍ လည်ပတ်နေသည်ဟု ကျနော်ကြားရသည်။ ဗိုလ်မြင့်အောင်က ယခင်က သူ့မိခင်အကြောင်းလည်း ကျနော့်အားပြောထား၍ သူ့မိခင်အကြောင်းကျနော်သိနေရာ ထိုသားအမိကို ကျနော်က ညစာထမင်းစားပွဲ ကျွေးလိုသဖြင့် ကျနော့်ကို တလျှောက်လုံးစောင့်ရှောက်ပြုစုကျွေးမွေးနေသော ကိုပါကို ထမင်းတနပ် ကောင်းစွာကျွေးရန်ညွှန်ကြားပြီး ဗိုလ်မြင့်အောင်တို့သားအမိကို ကျနော်က ထမင်းစားဖိတ်ကာညစာကျွေးမွေးပါသည်။

ထမင်းစားပွဲတွင် ကျနော်က ဗိုလ်မြင့်အောင်မိခင်ကို ကျနော်နှင့်ဗိုလ်မြင့်အောင်မှာ အလွန်ရင်းနှီးသောမိတ်ဆွေကြီးတွေဖြစ်ကြောင်း ပြောပြသည်။ မိခင်ကြီးကလည်း သူသိနေကြောင်းပြောပြသည်။ ထမင်းစားပွဲတွင် အားလုံးပျော်ပျော်ပါးပါး စားသောက်ကြသည်။ သူတို့သားအမိ အတော်ချစ်ခင်ကြပုံရသည်။ ဗိုလ်မြင့်အောင်မိခင်မှာ ကျေးလက်သူဖြစ်သော်လည်း အသားအရည်ဖြူပြီး ဝဝဖြိုးဖြိုးနှင့် အရပ်အမောင်းလည်းကောင်းသည်။ စကားပြောရာတွင်လည်း မွန်မွန်ရည်ရည်ရှိသည်။

၁၉၄၅ ခုနှစ်တွင်ဟု ယူဆရသည်။ ကျနော်တို့မိတ်ဆွေ ရဲဘော်ကြီးဗိုလ်မြင့်အောင်အတွက် အလွန်ကြေကွဲဖွယ်ရာကိစ္စ ဖြစ်ခဲ့ရသည်။ ဖြစ်ရပုံမှာ ဗိုလ်မြင့်အောင်ကြီးသည် သူငယ်စဉ်ဘဝက ပညာရေးမလိုက်စားနိုင်ခဲ့သဖြင့် တခါတရံသိမ်ငယ်စိတ်ဝင်ပြီး စိတ်မကောင်းဖြစ်ပုံရသည်။ ထို့ကြောင့် သူ အရက်နည်းနည်းမူးသည့်အခါ တစုံတရာအနာအဆာတွေ့ရလျှင် စိတ်ဆိုးပြီးဆူဆူပူပူလုပ်တတ်ရာ ရဲဘော်တွေ စိတ်ညစ် ရသည်။ ဗိုလ်လရောင်ကြီးရှိလျှင် ဗိုလ်လရောင်ကြီးက ဗိုလ်မြင့်အောင်ကိုချော့မော့ပြီး ပြေပြစ်စေရသည်။
တခါတွင် ဗိုလ်မြင့်အောင်ကြီးဤကဲ့သို့ စိတ်ဆိုးပြီးဆူဆူပူပူ လုပ်မိသည်။ ထိုကိစ္စ ဗိုလ်ချုပ်အောင်ဆန်းသိသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ထိုကိစ္စမျိုး ဗိုလ်မြင့်အောင်ကြီးမှပပျောက်သွားအောင်ရည်ရွယ်ပြီး ဗိုလ်မြင့်အောင်ကြီးအားခေါ်ကာ ပြစ်တင်ဆူပူလေသည်။ ဗိုလ်ချုပ်အောင်ဆန်းက ဤသို့ဆူပူဖူးသည်မရှိခဲ့ဖူးသဖြင့် အားလုံးကဝိုင်းပြီး ထိုကိစ္စသိကြသည်။

ဗိုလ်မြင့်အောင်ကြီးသည် သူများစွာကြည်ညိုလေးစားသောဗိုလ်ချုပ်အောင်ဆန်းက သူ့ကို ပထမဆုံးခေါ်ယူပြီး ပြစ်တင်ဆူပူသည်ကို များစွာ နာကြည်း များစွာရှက်သွားပုံ ရသည်။ မျက်ရည်တွေနှင့်ငုံ့ခံပြီး ဗိုလ်ချုပ်အခန်းမှထွက်လာသည်။

မကြာမီ ဗိုလ်မြင့်အောင်ကြီးအခန်းမှ သေနတ်သံကြားရ၍ ကျနော်တို့ပြေးဝင်သွားသောအခါ ဗိုလ်မြင့်အောင်ကြီးမှာ ဦးခေါင်းမှ သွေးတွေ ထွက်နေပြီး အားလျှားမှောက်သေဆုံးနေသည်ကို ကျနော်တို့ ဝမ်းနည်းကြေကွဲဖွယ်တွေ့ရတော့သည်။ ဗိုလ်မြင့်အောင်ကြီးသည် သူ့ခြောက်လုံးပြူးသေနတ်ကြီးဖြင့် သူ့နားထင်တေ့ပြီး သူ့ကိုယ်သူပစ်သတ်လိုက်ပုံရသည်။ ကျနော်တို့အားလုံး မျက်ရည်တွေနှင့် ယူကြုံးမရ ဝမ်းနည်းကြေကွဲရပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းလည်း အလွန်ကြေကွဲစွာနှင့် အခြားဘက်လှည့်ထွက်သွားပါသည်။ ထိုမှစပြီး ဗိုလ်ချုပ်အောင်ဆန်းသည် တဦးတယောက် ကိုမျှ ခေါ်ယူပြီး ပြစ်တင်ပြောဆိုခြင်းများလုပ်သည်ဟု မကြားရတော့ချေ၊

ထိုစဉ်က ကျနော်တို့ရဲဘော်အားလုံးမှာ ဗိုလ်မြင့်အောင်ကြီးအတွက် ဝမ်းနည်းကြေကွဲ စိတ်ထိခိုက်ကြရပေသည်။ ရဲဘော်အားလုံးမှာ ဗိုလ်မြင့်အောင်ကြီး တိုက်ပွဲတွင်မဟုတ်ဘဲ ယခုလို မတော်တဆကျဆုံးရခြင်းကို များစွာနှမြောဝမ်းနည်းကြသည်။

ကျနော့်စိတ်တွင် ဗိုလ်မြင့်အောင်၏မိခင်ကြီးက သူ့သားကွယ်လွန်ရသောကိစ္စကို ဘယ်လိုရင်ဆိုင်လေမလည်းဟုတွေးပြီး စိတ်ပူနေမိသည်။ သူ့မိခင်ကြီးနှင့်ကျနော်မှာ သူ့ဈာပနပြီးသည့်နောက် နောက်ထပ်တခါမျှ မတွေ့ရတော့ချေ၊ ဗိုလ်မြင့်အောင်ကြီးမှာ ကျနော့်ဇာတိ သာယာဝတီ။ သုံးဆယ်မြို့။ ဆိုင်းစုရွာရှိ ကျနော့်မိဘများအိမ်သို့ ကျနော်တခါခေါ်သွား၍ ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။


0 comments:

Post a Comment