ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၄)
ဒုတိယပိုင်း
သင်တန်းတွင်
ကျနော်မှတ်မိသလောက် အနုပဋိလောမကျမ်း၊ မာ့က်စ်ဝါဒကျမ်းငယ်ကို စတင်ပို့ချရာ ၂ ရက်မျှကြာလာသောအခါ
သခင်စိုးမှာ များစွာကျမ်းကြေပြီး အပြောအဟောကောင်းသဖြင့် ကျနော်တို့မကြားဖူးသောစကားများကြောင့်
များစွာအံ့သြပြီး အထူးစိတ်ပါလက်ပါ လိုက်နာ မှတ်သား၍နေပါတော့သည်၊ ကျနော်တို့သည် သင်တန်းတွင်
နစ်မွမ်းပြီး ဘဝသစ်တခုသို့ရောက်နေသည် ထင်ရပါသည်၊ ကျနော်တို့ သခင်စိုး သင်တန်းတွင် မြောပါသွားပါတော့သည်၊
သင်တန်းတက်သူများထဲတွင်
ကျနော်တို့ အုပ်စုမှ ၄၊ ၅ ယောက်နှင့် သခင်စိုးထံရောက်နေသော လူ ၅၊ ၆ ယောက်လောက် ရှိမည်ထင်ပါသည်၊
အမျိုးသမီး ၂ ဦး ပါဝင်ပါသည်၊ တဦးမှာ နောင်မြန်မာပြည်တွင် အလံနီဒေါ်စောမြဟုနာမည်ကြီးသူ
မစောမြနှင့် နောက်တယောက်မှာ အသား ခပ်ဖြူဖြူ အရပ်မြင့်မြင့်နှင့် ရုပ်ရည်သားနားပြီး
ကျနော်နာမည်မေ့နေသူတဦး ဖြစ်ပါသည်၊ နောင်ဗမာပြည်နိုင်ငံရေးတွင် ထင်ထင်ရှားရှား ပါဝင်သည်ဟု
မသိရတော့ပါ၊
တနေ့တွင်
သင်တန်းခေတ္တရပ်နားထားစဉ် သင်တန်းသားများလည်း ရွာအတွင်းထွက်သွားကြစဉ် ကျနော်တို့အိမ်ကလေးမှာ
“ဒုတ်”ကနဲဆိုပြီး တခုခုနှင့်ဆောင့်မိသလို တုန်ခါသွားပါသည်၊ သင်္ဘောစက်သံလည်းကြားလိုက်ရသဖြင့်
သင်္ဘောတစင်း အိမ်ဘေးတွင်ဆိုက်ကပ်ပြီဟု သိလိုက် ရပါတော့သည်၊ ကျနော်တို့ နားစွင့်လိုက်စဉ်
လူသံများကြားရပြီး ဂျပန်စကားသံများလည်းကြားလိုက်ရသဖြင့် ကျနော်တို့သည် အသင့်ထောင် ထားသောသေနတ်များကိုပြေးဆွဲလိုက်ပြီး
လှေကားထိပ်သို့ ခပ်ဖော့ဖော့နင်းသွားကာ အလျားမှောက် နေရာယူလိုက်ကြသည်၊ (ထိုအချိန်က ကျနော်တို့အိမ်အပေါ်ထပ်ခိုးကလေးတွင်ရှိနေစဉ်
ဖြစ်ပါသည်) ကျနော်တို့ လှေကားပေါက်မှချောင်းကြည့်နေစဉ် ဂျပန်အရာရှိ ဖြစ်ဟန်ရှိသူ တယောက်နှင့်
ဂျပန်တပ်ကြပ်တယောက်အပြင် မြန်မာအရာရှိထင်ရသူနှစ်ယောက် သင်္ဘောပေါ်မှ အိမ်ထဲသို့ဝင်လာကြပါသည်၊
ကိုကြီးမြင့်က
လှေကားထိပ်တွင် တော်မီဂန်းနှင့် မှောက်လျက်လည်းကောင်း၊ ကိုဖေညွန့်က မျက်နှာချင်းဆိုင်လှေကားအိမ်ပေါ်တွင်
ဆောင့်ကြောင့်ထိုင်ပြီး တော်မီဂန်းတလက်ကို ကိုင်ထားပါသည်၊ ကျနော်က ကိုကြီးမြင့်နောက်နားက
ကာဘိုင်သေနတ်ဖြင့် ဝပ်လျက် ရှိနေကြပါသည်၊ သခင်စိုးမှာ သင်တန်းပေးသည့်နေရာတွင်ပင် ထိုင်နေပါသည်၊
ကျနော်တို့ ချောင်းကြည့်နေစဉ်မှာပဲ ဒေါ်ငွေစံမှာ ဧည့်သည် များကို နေရာထိုင်ခင်းပေးလျက်
ဧည့်ခံကြိုဆိုခြင်းပြုနေပါသည်၊
အံ့သြကျေနပ်ဘွယ်ကောင်းသည်မှာ
ဒေါ်ငွေစံသည် သူ့အိမ်အပေါ်ထပ်တွင် ကျနော်တို့နှင့်သခင်စိုးကို လျှို့ဝှက်ထိန်းသိမ်းထားရသော်လည်း
မျက်နှာထားတစုံတရာ ရွံ့ကြောက်စိုးရိမ်နေမှုမရှိ ပကတိတည်ကြည်အေးချမ်းစွာနှင့် ဧည့်သည်များကို
ပြုစုနေခြင်းကိုတွေ့ရလို့ ဖြစ်ပါသည်၊ ကိုစံတင်တော့ ဘယ်လိုနေသည် မမြင်တွေ့ရပါ၊ ကျနော်တို့မှာ
ဂျပန်အိမ်အပေါ်ထပ်တက်လာမလား တထိတ်ထိတ် စိတ်ပူပန်နေပါသည်၊
ဂျပန်တို့က
ရွာသားများကို အခေါ်ခိုင်း၍ ကိုစံတင်တို့ထွက်ပြီး ခေါ်ပါသည်၊ ရွာသားများမှာ အပေါ်ထပ်တွင်
ကျနော်တို့ သခင်စိုးတို့ ရှိနေကြောင်းသိကြပါသည်၊
ဂျပန်စစ်ဗိုလ်က
ရွာသားများကို စတင်ပြီး စကားပြောပါသည်၊ နိပွန်အစိုးရနှင့် တပ်မတော်(ဂျပန်အစိုးရနှင့်တပ်)တို့က
အနောက်နိုင်ငံ အုပ်စိုးသူတို့ကို အာရှတိုက်မှမောင်းထုတ်ခဲ့သည်၊ ဗမာပြည်တွင်လည်း အုပ်စိုးခဲ့သူအင်္ဂလိပ်များကို
ဗမာပြည်သူများနှင့်အတူမောင်းထုတ်ခဲ့ရာ အင်္ဂလိပ်တို့ထွက်ပြေးရပြီဖြစ်ကြောင်း အာရှတိုက်နေရာတကာတွင်
နိပွန်တပ်မတော်ကအောင်နိုင်လျက်ရှိပြီး အေးချမ်းနေကြောင်း အရှေ့အာရှ သာတူညီမျှစနစ်ဖြင့်
ဂျပန်အကူအညီဖြင့် မြန်မာပြည် ကြွယ်ဝလာမှာဖြစ်ကြောင်း စသည်တို့ကို ပြောဟောပါသည်၊
ကျနော်တို့မှာ
ဂျပန်အိမ်ပေါ်တက်လာမလားသာ အလွန်စိတ်ပူပန်စွာဖြင့် ငြိမ်သက်စွာစောင့်နေကြသည်၊
ထိုစဉ်က
ကျနော်တို့အန္တရာယ်တခုနှင့်လည်း ကြုံတွေ့ခဲ့ရသည်ကို ကျနော် နောင်နှစ်ပေါင်းများစွာကြာမှ
သိခဲ့ရသည်၊ ထိုစဉ်ကမသိခဲ့ရပါ၊
ထိုအဖြစ်အပျက်မှာ
ကျနော်တပ်မတော်မှ ၁၉၅၆ ခုနှစ်ထွက်ရပြီး စမ်းချောင်းရပ်ကွက်ကအိမ်တွင် နေထိုင်နေစဉ် မြို့ပေါ်ပြန်ရောက်လာသော
ရဲနီကျော်ဝင်း ကျနော့်အိမ်ကိုလာရောက်ပြီး သူရေးသားနေသောဆောင်းပါးမှ အချို့အချက်အလက်တွေကို
ကျနော့်ထံလာပြီး မေးမြန်းပါသည်၊ မေးမြန်းပြီးနောက် စကားစမြည်ဆက်ပြောရာ ဂျပန်ခေတ် “ဂွကလေး”ရွာအကြောင်း
ရောက်သွားပါသည်၊
ရဲနီကျော်ဝင်းသည်
ဂျပန်ခေတ်တွင် ဂွကလေးရွာရှိ သခင်စိုးထံ မကြာခဏလာရောက်လည်ပတ်တတ်ရာ ၁၉၄၄ ခုနှစ် ကျနော်တို့ကို
သခင်စိုးက နိုင်ငံရေးသင်တန်းပို့ချနေစဉ် ဂွကလေးရွာသို့ရောက်လာရာ ကိုစံတင်တို့အိမ်လာလည်ပတ်နေစဉ်
အထက်ဖော်ပြပါ ဒေါ်ငွေစံအိမ် ဂျပန်သင်္ဘောဆိုက်သည့်အဖြစ်နှင့် ကြုံနေပါတော့သည်၊ ထိုစဉ်သူ့မျက်စိရှေ့တွင်
အိမ်ပေါ်ထပ်တက်သည့်လှေကားရင်းတွင် ကျနော်စီးနေကျ မြင်းစီးဘိနပ်ရှည်ကြီးတရံချွတ်ထားတာကို
သူမြင်တွေ့ပြီး ချက်ချင်းအနီးရှိ တောင်းတလုံးထဲထည့်ကာ အပေါ်ကပုဆိုးတထည်ဖုံး ထိုအိမ်ပေါ်
ကနေ ထမ်းယူချလာရပြီး ရွာထဲသို့ရှောင်လာရကြောင်း ပြောပြပါသည်၊ ကျနော်တို့ကို ကယ်တင်လိုက်တာ
ဖြစ်ပါသည်၊ ထိုဘိနပ်ရှည်ကြီးကိုသာ ဂျပန်များတွေ့သွားပါက စစ်ဗိုလ်တယောက်ရောက်နေသည်ကိုသိသွားနိုင်ပြီး
အိမ်အပေါ်ကို တက်ကြည့်နိုင်ပါသည်၊
ကျနော်လည်း
ဒီတော့မှ အန္တရာယ်တခုမှ သီသီလေးလွတ်လာရသည်ကသိရ၍ ရဲနီကျော်ဝင်းကို ကျေးဇူးတင်ကြောငပြောရပါသည်၊
ဒေါ်ငွေစံက
ထိုဂျပန်အဖွဲ့ကို နေ့လည်စာကျွေးမွေးဧည့်ခံပါသည်၊ သည့်နောက် နေ့လည်တွင် ဂျပန်များသူတို့မော်တော်ဖြင့်
တခြားကို ထွက်သွားပါတော့သည်၊ သည်တော့မှ ကျနော်တို့သက်ပြင်းချနိုင်ပြီး အန္တရာယ်လွတ်မြောက်ပါတော့သည်၊
ကျနော်
၁၉၅ဝ ခုနှစ်ကျော်စ ဗိုလ်မှူးချုပ်အဖြစ် တပ်မတော်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှူးဖြစ်နေစဉ်
အလံနီပါတီမှဖမ်းဆီးရမိသော စာရွက် စာတမ်းများကိုဖတ်ရှုမိရာ သခင်စိုးရေးသောဆောင်းပါးတစောင်တွင်
သခင်စိုးက သူ့ဘဝအသက်အန္တရာယ်နှင့်ကြုံရသောအဖြစ်အပျက်(၃)ခု ရှိခဲ့သည်ဟုရေးသားထားရာ တခုတွင်
ထို ၁၉၄၄ ခုနှစ် “ဂွကလေးရွာ”တွင် ကျနော်တို့နှင့်အတူတွေ့ကြုံရသေအန္တရာယ်ကို တခုအဖြစ်
ဖော်ပြထားသည်ကို တွေ့ရပေသည်၊
သခင်စိုးဘဝမှာ
ဂျပန်ခေတ်ကလည်း မြေအောက်ပုန်းလျှိုးပြီးနေရ နောက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတော့လည်း
မြေအောက်ဖြစ်နေရ သဖြင့် ကျနော်သည် များစွာစိတ်မကောင်း ဖြစ်ခဲ့မိပါသည်၊
ဂျပန်များထွက်သွားပြီးနောက်
သခင်စိုးက လက်ရှိအိမ်တွင်ဆက်ပြီး ကွန်မြူနစ်သင်တန်းပေးရန် မသင့်တော်တော့ဟယူဆပြီး ထိုရွာအနီးက
တခြားရွာတရွာမှ ဘုန်းကြီးကျောင်းတကျောင်းကိုပြောင်းရွှေ့ပြီး သင်တန်းဆက်ပေးပါသည်၊ သင်တန်းတွင်
ကွန်မြူနစ်ဝါဒအကြောင်းများသာ မက ဖက်ဆစ်ဆန့်ကျင်ရေးဝါဒသင်တန်းများပါ ပေးပါသည်၊ ကျနော်တို့လည်း
စိတ်ဝင်တစားလေ့လာကြပါသည်၊
နိုင်ငံရေးသင်တန်းရက်
တလကျော်ကျော်မျှရှိလာတော့မှ နိုင်ငံရေးသင်တန်း ပြီးဆုံးပါတော့သည်၊ ကျနော်တို့လည်း လူ့ဘဝအသစ်ကို
ရောက်လာရသလိုခံစားရပြီး များစွာဝမ်းသာတက်ကြွ ရွှင်လန်းနေပါတော့သည်၊
လူတို့၏
ဘဝမှာ တိရိစ္ဆာန်ဘဝမှဆင်းသက်လာခဲ့ရာ ယခုအခါ လူ့ဘဝ(၃)ဆင့်သို့ ရောက်ခဲ့ပြီးဖြစ်၊ ပထမအဆင့်
လူ့ဘဝမှာ “ကျေးကျွန်စနစ်” ဘဝဖြစ်သည်၊ ထိုဘဝတွင် လူများစုဖြစ်သောလူသားကျေးကျွန်တို့မှာ
လူနည်းစုကျေးပိုင်ကျွန်ပိုင်ရှင်တို့က သက်ဦးဆံပိုင်သွေးစုပ်ချယ်လှယ် အုပ်ချုပ်စိုးမိုးထားခြင်းကိုခံခဲ့ရပြီး
အလွန်ဆင်းရဲသောခေတ် ဖြစ်ပေသည်၊
နောက်လူသားတို့သည်
ဘဝဆိုးသွမ်းလှသော ကျေးကျွန်စနစ်ကိုတော်လှန်တိုက်ခိုက်ကြရာ ဒုတိယအဆင့်ဖြစ်သော “ဘုရင်ခေတ်”
“ပဒေသရာဇ်မြေရှင်ခေတ်” သို့ ရောက်လာပေသည်၊ ပဒေသရာဇ်မြေရှင်ခေတ်မှာ ကျေးကျွန်စနစ်ထက်သက်သာ
ကောင်းမွန်သော်လည်း ဆိုးသွမ်းသော ငါ့မင်းငါ့ချင်းအာဏာရှင်စနစ်ပဲဖြစ်နေသေး၍ လူသားတို့သည်
မိမိတို့ဘဝကောင်းမွန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရာ ယခုနောက်ဆုံး “ဒီမိုကရေစီအရင်းရှင်စနစ်”ခေတ်သို့
ကမ္ဘာ့တိုင်းပြည်အများစုကြီး ရောက်ရှိလာပြီ ဖြစ်သည်၊
ယခုရောက်ရှိနေသော
ဒီမိုကရေစီအရင်းရှင်စနစ်မှာ ပထမ ကျေးကျွန်စနစ်၊ ပဒေသရာဇ်မြေရှင်စနစ်တို့နှင့်စာလျှင်
များစွာကောင်းမွန်တိုးတက် လာသော်လည်း ၎င်းစနစ်မှာလည်း လူသားအချင်းချင်း တဦးလည်ပင်းတဦးနင်းပြီး
ရက်စက်စွာသွေးစုပ်ပြီး အကျိုးအမြတ်ရှာကြံရခြင်း၊ လူအချင်းချင်း ဆင်းရဲချမ်းသာကွာဟမှုကြီးမားပြီး
ကမ္ဘာကြီးဆင်းရဲနေသေးခြင်း တို့ကြောင့် ထိုအရင်းရှင်ဝါဒမှာလည်း လူသားတို့၏ ယဉ်ကျေးမှုနှင့်မကိုက်ညီဟု
ယူဆလာကြပေသည်၊
ထိုအတွင်း
၁၉ ရာစုတွင် ဂျာမန်လူမျိုး ကာလ်းမာ့က်စ်ဆိုသူပေါ်လာပြီး ထိုပုဂ္ဂိုလ်က လူသားအချင်းချင်းသွေးစုပ်မှုကင်းသော
သာတူညီမျှ ချမ်းသာကြွယ်ဝလာနိုင်သော ကွန်မြူနစ်ဝါဒလူ့လောကစနစ်ကို တီထွင်ဖန်တီးရေးသားမှုများပေါ်ပေါက်လာသဖြင့်
ဤလူ့ကမ္ဘာတွင် ကွန်မြူနစ်ဝါဒစနစ်ဟု ပေါ်ပေါက်လာခဲ့ရပေသည်၊
ထို့ကြောင့်
ဥရောပတွင် ဆင်းရဲသောဆိုဗီယက်ရုရှားနိုင်ငံတော်ကြီးသည် ၁၉၁၇ ခုနှစ်တွင် အောက်တိုဘာ ကွန်မြူနစ်တော်လှန်ရေးကြီးတရပ်
ဆင်နွှဲအောင်မြင်ပြီး ဆင်းရဲလှသောရုရှားနိုင်ငံဘဝမှ အနှစ်(၇ဝ)အတွင်း ဆိုရှယ်လစ်ဆိုဗီယက်ယူနီယံ
နိုင်ငံတော်သစ်အဖြစ် အတော်ခေတ်မီ ကြွယ်ဝသော ကွန်မြူနစ်နိုင်ငံတနိုင်ငံကို ထူထောင်ခဲ့ကြပေသည်၊
သို့ရာတွင် ရုရှားကွန်မြူနစ်ပါတီအတွင်း ပြဿနာအများအပြား ပေါ်ပေါက် ပြီးနောက် ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားကာ
ရုရှားနိုင်ငံမှာလည်း ဆိုရှယ်လစ်နိုင်ငံဘဝမှ သာမန်အရင်းရှင်နိုင်ငံဘဝသို့ ပြန်လျှောကျသွား
လေသည်၊
သို့သော်
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ကမ္ဘာ့လူဦးရေအများဆုံး ကမ္ဘာ့လူဦးရေ၏ငါးပုံတပုံရှိပြီး
လူဦးရေသန်း တထောင်သုံးရာ ကျော်ရှိသော တရုတ်ပြည်ကြီးတွင် တရုတ်ပြည်ကွန်မြူနစ်ပါတီအာဏာရလာပြီးနောက်
သွေးစုပ်မှုကင်းသော၊ သာတူညီမျှ ချမ်းသာကြွယ်ဝ သော ဆိုရှယ်လစ်တရုတ်ပြည်ကြီးဖြစ်လာရန်
တရုတ်ပြည်သစ်ကို စတင်တည်ထောင်ခဲ့လေသည်၊ ယခု အနှစ်(၅ဝ)အတွင်း အလွန်ဆင်းရဲပြီး ခေတ်နောက်ကျသောတရုတ်ပြည်ကြီးမှာ
အတော်အသင့်သာယာဝပြောလာပြီး မကြာသေးခင်ကပင် လူပါသော “အာကာသယာဉ်”ကိုပင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး
သိပံ္ပညာတွင် ကမ္ဘာ့တတိယနိုင်ငံကြီးဖြစ်လာပေသည်၊ တရုတ်ပြည်ကြီးသည် နောင်မကြာမီနှစ်များ
အတွင်းမှာပင် ကမ္ဘာတွင်အချမ်းသာဆုံး ဒီမိုကရေစီအရှိဆုံးနှင့်အအေးချမ်းဆုံး နိုင်ငံတော်သစ်ကြီးဖြစ်လာတော့မည်မှာ
မလွဲချေ၊
ဤသိုဖြင့်
နောင်ကမ္ဘာကြီးမှာ လူသားတို့သည် တရုတ်ပြည်ကလမ်းညွှန်ခဲ့သော သာတူညီမျှချမ်းသာကြွယ်ဝပြီး
ဒီမိုကရေစီထွန်းကားသော၊ ငြိမ်းချမ်းသော၊ ဆိုရှယ်လစ်စနစ်ဝါဒနိုင်ငံတော်များအဖြစ်သို့
တဖြည်းဖြည်းကူးပြောင်းလိုက်နာကြခြင်းဖြင့် ကမ္ဘာကြီးသည် ဆိုရှယ်လစ် ကွန်မြူနစ် ကမ္ဘာသစ်ကြီးဖြစ်လာနိုင်ရေးကို
ဦးတည်နေပေသည်၊
ကျနော်တို့၏
လူ့ကမ္ဘာကြီးမှာ အလွန်ဆင်းရဲငတ်ပြတ်လှသောကျေးကျွန်ခေတ်၊ နောက်ပဒေသရာဇ်မြေရှင်ခေတ်၊ နောက်အရင်းရှင်ခေတ်တို့ကို
ကျော်ဖြတ်ပြီး ငြိမ်းချမ်းသော၊ ဒီမိုကရေစီပြည့်ဝသော၊ ဆိုရှယ်လစ်ကွန်မြူနစ်ခေတ်ကြီးကို
ရောက်လာနိုင်ကြပေမည်၊ သို့သော် ကမ္ဘာ့အရင်းရှင် ကြီးများကလည်း ကမ္ဘာကြီးဆိုရှယ်လစ်ကွန်မြူနစ်ကမ္ဘာ
ဖြစ်မလာအောင် အစွမ်းကုန်ခုခံတိုက်ခိုက်ကြဦးမည်ဖြစ်ရာ ဤပဋိက္ခသည် ကမ္ဘာ့ပဋိပက္ခကြီးအဖြစ်
ကျနော်တို့ရင်ဆိုင်သွားကြရမည် ဖြစ်ပေသည်၊
သို့ရာတွင်
ကမ္ဘာ့တော်လှန်ရေးလမ်းကြောင်းမှန်ကို မည်သည့်အင်အားကမျှ ရေရှည်တားဆီးမထားနိုင်ဘဲ တော်လှန်ရေး၏နိယာမတရားအရ
နောက်ဆုံး ကွန်မြူနစ်တို့ကအောင်ပွဲခံကြရမည် ဖြစ်ပေသည်၊
ဤသည်တို့မှာ
ကျနော်တို့ သခင်စိုး၏ ၁၉၄၄ ခုနှစ် ကွန်မြူနစ်သင်တန်းပြီးဆုံးပြီးနောက် ကွန်မြူနစ်ဝါဒနှင့်ပတ်သက်၍
ကျနော်တို့၏ လူ့ဘဝ အနာဂတ်ကို လှမ်း၍ မျှော်မြင်ရှုမြင်ချက်နှင့် ယနေ့တွေ့မြင်ရချက်များဖြစ်ပါသည်၊
ဤနိုင်ငံရေးသင်တန်း၏
အဓိကအချက်မှာ ကျနော်တို့၏လူ့ဘဝအမြင်ကို အကြီးအကျယ်ပြောင်းလည်းသွားစေခြင်း ဖြစ်ပါသည်၊
ဤတန်းတူသော၊
ချမ်းသာဝပြောသော၊ ဒီမိုကရေစီကျသော၊ ငြိမ်းချမ်းသော၊ ကွန်မြူနစ်ဘဝသာလျှင် ကမ္ဘာ့လူသားတို့၏တော်လှန်သော
ယဉ်ကျေးမှုနှင့်ကိုက်ညီပေသည်၊ ဤသည်သာ ယဉ်ကျေးသောလူသားတို့၏ဘဝဖြစ်ပေသည်ဟု ကျနော်တို့
ကွန်မြူနစ်ဘဝကို နားလည်လာ ကြပါသည်၊
ထို့ကြောင့်
ဤကမ္ဘာကြီးကို ကွန်မြူနစ်ကမ္ဘာကြီးဖြစ်အောင် တော်လှန်ပြောင်းလည်းရေးအတွက်ကြိုးစားရာတွင်
ကျနော်တို့ပါဝင်ကြမည်၊ ကျနော်တို့သည် မြန်မာပြည်သားများဖြစ်၍ ပထမဆုံးကွန်မြူနစ်ဗမာပြည်ဖြစ်အောင်တော်လှန်ရေးလုပ်ရာတွင်
မိမိတို့ပါဝင်လုပ်ဆောင်ကြမည်၊ လူ့ဘဝတွင် ကွန်မြူနစ်ဖြစ်ရခြင်းသည် အမွန်မြတ်ဆုံးသောဘဝကြီးဖြစ်ပေသည်ဟု
ယူဆလာကြခြင်း ဖြစ်ပါသည်၊
ဤသို့ဖြင့်
ကျနော်တို့သည် “ဗမာပြည်ကွန်မြူနစ်ပါတီဝင်” များ ဖြစ်လာပါတော့သည်၊
0 comments:
Post a Comment