ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၃)
ဒုတိယပိုင်း
(၁၇)
အဖြစ်အပျက်ကိစ္စတခုရေးဖို့
မေ့ကျန်ရစ်သဖြင့် ယခုထပ်ပြီးရေးရပါသည်၊ ၁၉၄၂ ခုနှစ်ဆန်းလောက်က ကျနော့် တော်လှန်ရေးစစ်တပ်
အင်္ဂလိပ်ကိုတိုက်ဖို့ ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်ကျော်ပြီး မြန်မာပြည်ဝင်ရာတွင် မြန်မာနယ်စပ် ရွာတရွာအရောက်တွင်
ယင်းရွာသူကြီးနှင့် ရွာသားများက ကျနော့်တပ်ကို ကြိုဆိုလက်ခံပြီး ကျွေးမွေးပြုစုကြပါသည်၊
နောက် ကျနော့်စစ်တပ် ထိုရွာမှရှေ့သို့ထွက်ခါနီးတွင် ရွာသူကြီးက ကျနော့်ထံလာပြီး နောင် ကျနော်တို့မြို့တော်ရှိ ကျနော့်နန်းတော်သို့(သူ)ထိုရွာသူကြီးတို့လာပြီး
ဝင်ရောက်ခွင့်တောင်းပါလျှင် ဝင်ရောက်ခွင့်ပြုသည့် ကျနော့်အမိန့်စာတစောင်ကို သူ့ (ရွာသူကြီး)ကိုပေးထားခဲ့ရန်
ထောက်ခံစာ အတင်းတောင်းဆိုပါတော့သည်၊ ကျနော်လည်း ထိုထောက်ခံစာမျိုး မပေးချင်သဖြင့်၊
ကျနော့်တွင် စာရေးရန်စာရွက်တွေပါမလာလို့ မပေးနိုင်ပါဟု
တောင်းပန်ပါသည်၊ ဤတွင် ထိုရွာသူကြီးက သူယူလာသော ၂ ပြားတန် ဗလာစာအုပ်အကြမ်းကလေးနှင့်
ခဲတံတိုတချောင်းထုတ်ပေးပါသည်၊
ဤတွင်
ကျနော့်မှာ ထောက်ခံစာမရေးဘဲမနေနိုင်သော အခြေအနေဆိုက်လာပါသဖြင့် ကျနော့်မှတ်စု ဗလာစာရွက်မှ
စာရွက်တရွက် ဆုတ်ဖြတ်ယူပြီး အောက်ပါသဘောပါသောထောက်ခံစာကို ရေးပေးလိုက်သည်ကို မှတ်မိနေပါသည်၊
“ကျွန်ုပ်ဗိုလ်ကျော်ဇောဦးစီးသော
အင်္ဂလိပ်ကိုတော်လှန်သော တော်လှန်ရေးစစ်တပ်သည် ၁၉၄၂ ခုနှစ်က ဗမာပြည်တွင်းရှိ အင်္ဂလိပ်တို့ကို
တော်လှန်တိုက်ခိုက်ရန် ယိုးဒယား မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး ဗမာပြည်အတွင်း ဝင်ရောက်ချီတက်ရာတွင်
ဗမာပြည်တွင်း နယ်စပ်(ရွာ-အမည်)သို့ရောက်ရှိစဉ် (ရွာသူကြီးအမည်)ရွာသူကြီးခေါင်းဆောင်ပြီး
ကျွန်ုပ်နှင့်တကွ ကျွန်ုပ်၏စစ်တပ်ကိုကောင်းစွာကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်ကို
ကျွန်ုပ်နှင့်တကွ မြန်မာ့တော်လှန်ရေးတပ်မတော်က အထူးကျေးဇူးတင်ရှိပါသည်”“သို့ဖြစ်ပှုါ
၎င်း ရွာသူကြီးဦး သည် ရန်ကုန်မြို့သို့ရောက်ရှိလာပြီး ကျွန်ုပ်၏နန်းတော်သို့ဝင်ရောက်ခွင့်
တောင်းခဲ့ပါလျှင် ဝင်ခွင့်ပေးလိုက်ကြပါရန် ကျွန်ုပ်က ညွှန်ကြားခွင့်ပြုလိုက် ပါသည်”ဟူသော
သဘောပါသည့် ကျွန်ုပ်၏ထောက်ခံစာကို မလွှဲသာဘဲရေးပေးခဲ့ရပါသည်၊ ကျနော် လက်မှတ်ထိုးပေးခဲ့ပါသည်၊
ထိုသို့
ကျနော်ရေးပေးသောထောက်ခံစာကို ၎င်းရွာသူကြီးနှင့် သူ၏လူစုရရှိသွားသောအခါ များစွာဝမ်းမြောက်ဝမ်းသာဖြစ်ပြီး
ကျေးဇူး တင်ကြောင်း ဝမ်းသာကြောင်းပြော၍ ခေါင်းညွတ်အလေးပြုနှုတ်ဆက်ကြပါတော့သည်၊
ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဗိုလ်လက်ျာတို့က ကျနော့်တပ်ရင်း(၄)၏ စစ်ပညာအခြေအနေကောင်းပုံကိုသိရှိလာကြပြီး ဗမာ့တပ်မတော်မှ
တပ်ရင်း (ဘယ်တယ်လီယံ)တိုင်း တပ်ရင်း(၄)လို စစ်ပညာ စစ်စည်းကမ်းအခြေအနေများကောင်းမွန်လာရန်
စီစဉ်ပါသည်၊
စီစဉ်ပုံမှာ
တပ်မတော်တွင် “စံပြ”တပ်ရင်းတရင်းတည်ထောင်ပြီး ကျနော့်ကို ကိုင်စေပါသည်၊ ထိုစံပြတပ်ရင်းသို့
တပ်မတော်ရှိ တပ်ရင်းတိုင်းက ကောင်းမွန်သောအရာရှိအကြပ် (၂ဝ)လောက်မျှစီပေးပို့ပြီး စစ်ပညာ
(၆)လမျှသင်ကြားရန်၊ ပြီးလျှင် ထိုသူများ မိမိတို့တပ်ရင်းပြန်ပြီး မိမိတပ်ရင်းတွင် တပ်အသစ်တည်ဆောက်ကြရန်ဖြစ်ပါသည်၊
ထိုစဉ်က
စစ်ပညာကောင်းစွာတတ်မြောက်လိုသူများ စံပြတပ်ရင်းသို့ တက်ရောက်ပညာသင်ကြလိုပါသည်၊ ကျနော်သည်
ကျနော့် လက်ထောက် ဗိုလ်အောင်မင်းကိုခေါ်ပြီး ကျနော်တို့(၂)ယောက်က စံပြတပ်ရင်းတွင် စစ်ပညာများပို့ချပါတော့သည်၊
ထိုစဉ်က ဗမာ့တပ်မတော်မှ ကာနယ်မောင်မောင် (နောင် ဗိုလ်မှူးချုပ်) လည်း သူစစ်ပညာအခြေခံရအောင်
စံပြတပ်ရင်းတွင်လာပြီး စစ်သင်တန်း တက်ပါသည်၊ စံပြတပ်ရင်းတွင် နံနက်ပိုင်းညနေပိုင်းနှင့်
ညပိုင်းတွင်လည်း ညသင်ခန်းစာ(သို့မဟုတ်) ညတိုက်ပွဲ လေ့ကျင့်သင်ကြားခြင်း တို့ဖြင့် ကျနော့်မှာအလွန်ပင်ပန်းနွမ်းနယ်လှပါသည်၊
သို့သော် တပ်မတော်တခုလုံးကောင်းဖို့အရေးဖြစ်သဖြင့် တတ်နိုင်သမျှကြိုးစားပြီး သင်ကြားပါသည်၊
စံပြတပ်ရင်းတွင်
ကျနော် စစ်ပညာသင်ကြားပို့ချနေရင်း တဖြည်းဖြည်းသိလာရသည်မှာ တပ်ရင်းအသီးသီးက မိမိတို့တပ်ရင်းကို
တပ်သစ် တည်ဆောက်ဖို့ လူကောင်းများကို စံပြတပ်ရင်းသို့ရွေးချယ်ပေးပို့ရမည့်အစား အများမှာ
မိမိတပ်ရင်းတွင် ပြောရခက်ဆိုရခက်သော လူဆိုးလူညံ့များကိုသာ လူကောင်းဖြစ်လာစေရန်ရည်ရွယ်ပြီး
ပေးပို့သူများလည်းပါလာသဖြင့် ကျနော် များစွာစိတ်ထိခိုက်ရသည်၊ ထိုအများအားဖြင့် ညံ့သောသူများဖြင့်
တပ်သစ်ဖွဲ့ဖို့လေ့ကျင်ပေးရန်မှာ ကျနော့်အတွက် အလွန်ခက်ခဲပင်ပန်းသောအလုပ် ဖြစ်နေပါသည်၊
တပ်ရင်းမှူးများမှာ
မိမိတပ်ရင်း နောက်တပ်သစ်တည်ဆောက်ရေးရည်မှန်းချက်ထက် လောလောဆယ် မိမိလက်အောက် ပြောရခက်ဆိုရခက်
လူများကို လူကောင်းတွေဖြစ်လာရေးရည်ရွယ်ပြီး ပို့ကြပါသည်၊ လူကောင်းများလည်း ပါတော့ပါပါသည်၊
ထိုအထဲတွင် စစ်ပညာကောင်းစွာ မသင်ကြားဖူးသေးသော ပညာတတ်တချို့လည်း ပါလာပါသည်၊
ကျနော်လည်း
တွေ့ကြုံရသောအခက်အခဲကြောင့် စိတ်ပျက်စိတ်ညစ်နေလို့မဖြစ် တတ်နိုင်သမျှကြိုးစားရတော့မည်ဟုဆုံးဖြတ်ပြီး
များစွာ အပင်ပန်းခံကြိုးစားပြီး သင်ကြားပို့ချပါသည်၊ လူဆိုးများကိုလည်း တပ်မတော်ထဲဝင်ပြီး
လူဆိုးလုပ်နေလို့မသင့်ကြောင်း တပ်မတော်ဟာ ပြည်သူထဲမှာ စံပြတွေဖြစ်အောင် မျိုးချစ်သူရဲကောင်းတွေဖြစ်အောင်လုပ်ပြကြရမည်ဖြစ်ကြောင်း
စသည်တို့ကို နိုင်ငံရေးတရားများ ဟောပြောပြီး သင်ကြားရသည်၊ ထိုသို့ ကျနော်တို့ကြိုးစားသဖြင့်
အထိုက်အလျောက်အကျိုးရှိလာသည်၊
စံပြတပ်ရင်းတွင်
မူလလူဆိုးများထဲမှလည်းကောင်း၊ မူလ စစ်ပညာကောင်းစွာမသင်ကြားရသော သူများထဲမှလည်းကောင်း
စံပြတပ်ရင်းတွင် ထူးချွန်သူများပေါ်ထွက်လာပါသည်၊ ထိုအထဲမှ ကျနော် ပုဂ္ဂိုလ်နှစ်ဦးကိုမှတ်မိနေပါသည်၊
တဦးမှာ မူလက လူဆိုးတဦးဖြစ်ခဲ့သော ဗိုလ်အောင်ဇေယျ ဖြစ်သည်၊ ဗိုလ်အောင်ဇေယျမှာ လူကောင်းတဦးဖြစ်လာပြီး
တပ်မတော်၏ တပ်မှူးကောင်းကြီးတယောက် ဖြစ်လာ တော့သည်၊ ယဉ်ကျေးမှုအခြေခံ ကောင်းမွန်သော်လည်း
စစ်ပညာအခြေခံမတတ်မြောက်သဖြင့် တပ်မှူးကောင်းဖြစ်လာဖို့ခက်ခဲသူများမှာ အများမှာလည်း စစ်ပညာတတ်ပြီး
တပ်မှူးကောင်းတွေဖြစ်လာကြသည်၊ ထိုအထဲမှ ကျနော်မှတ်မိသူတဦးမှာ ဗိုလ်လွန်းတင် ဖြစ်သည်၊
ဗိုလ်လွန်းတင်သည် နောင်တပ်မတော် တပ်မှူးကောင်းကြီးတဦး ဖြစ်လာတော့သည်၊
စံပြတပ်ရင်းမှ
တပ်မှူးကောင်းတွေ အတော်များများထုတ်လုပ်နိုင်ခဲ့သော်လည်း စံပြတပ်ရင်းမှာ မူလရည်မှန်းသလောက်
အကောင်အထည် မဖော်နိုင်ခဲ့ပေ၊
ဤသို့ဖြင့်
စံပြလေ့ကျင့်ရေး တပ်ရင်းသင်တန်းများ ပြီးဆုံးပါတော့သည်၊ ပြီးလျှင် စံပြတပ်ရင်းကိုဖျက်သိမ်းပါတော့မည်၊
ကျနော့်အားလည်း စံပြတပ်ရင်းပြီးလျှင် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းအုပ်အဖြစ်သွားရမည်ဟု
သတင်းထွက်လာပါသည်၊ ထိုအတွင်း ဗိုလ်ချုပ်အောင်ဆန်း တို့ကလည်း နောင်ဂျပန်တော်လှန်ရေးအတွက်
ဗမာ့တပ်မတော်တိုးချဲ့ရန် စီစဉ်ကြိုးစားနေရာ နောက်ထပ်ခြေလျင်တပ်ရင်းသစ် (၃)ရင်းဖွဲ့ဖို့
ဂျပန်များနှင့် သဘောတူညီမှုရလာပါသည်၊ ဂျပန်များက တပ်ရင်းသစ်တွေကို လက်နက်တပ်ဆင်ပေးရမည်
ဖြစ်သည်၊ ဗိုလ်ချုပ်တို့က အင်္ဂလိပ်တိုက်ရေးဟု ဂျပန်များကိုအယုံသွင်းခဲ့ပါသည်၊
နောက်ထပ်
တပ်ရင်းသစ် (၃)ရင်းကို မင်္ဂလာဒုံတွင် တရင်း၊ ပဲခူးတွင် တရင်း၊ ပျဉ်းမနားတွင်တရင်းတို့
ဖြစ်ပါသည်၊ ထို့အပြင် ရန်ကုန်မြို့တွင် ကရင်တပ်ခွဲအချို့ရှိရာ ၎င်းကိုလည်း ကရင်တပ်ရင်းအပြည့်တရင်း
ဖွဲ့စည်းရန် စီစဉ်ပါသည်၊
ထိုတပ်ရင်းသစ်
(၄)ရင်းကို စစ်ပညာများသင်ကြားရေးကိုအုပ်ချုပ်ကွပ်ကဲရန် ကျနော့်အား တာဝန်ပေးပါသည်၊ ကျနော်သည်
ထိုတပ်ရင်းများ ရှိရာဒေသသို့သွားပြီး တပ်ရင်းမှူးများနှင့်တပ်သားများကို စစ်ပညာသင်ကြားရေးအတွက်
ဆွေးနွေးစီစဉ်ရပါတော့သည်၊
ကျနော်သည်
ထိုတပ်ရင်းများအတွက် စစ်ပညာသင်တန်း အပတ်စဉ်သင်တန်းအချိန်ဇယားများကို အချိန်မီ ရေးဆွဲပေးခြင်းနှင့်
အချို့ စစ်ပညာများကို သင်နည်းမှတ်ချက်များရေးပေးခြင်း မှတ်စုစာတမ်းများရေးပြီး ပေးပို့ခြင်းများ
ပြုလုပ်ပေးခဲ့ပါသည်၊ ၎င်းတပ်ရင်းများကိုလည်း မကြာခဏသွားပြီး သင်ကြားပို့ချခြင်းကို ဆွေးနွေးညှိနှိုင်းခြင်းများ
စစ်ဆေးခြင်းများလည်းလုပ်ရပေသည်၊ သို့ဖြင့် တပ်ရင်းသစ်များ စစ်ပညာသင်ကြားမှုအခြေအနေမှာ
အတော်ချောမွေ့လာပါတော့သည်၊ နောက် သင်တန်းများလည်းပြီးဆုံးခါနီး ဖြစ်လာပါတော့သည်၊
ထိုအတွင်း
၁၉၄၄ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းက ကျနော့်ကိုခေါ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက်
သခင်စိုးနှင့် သူဆွေးနွေးညှိ နှိုင်းလုပ်ကိုင်ရန် သခင်စိုးကို ကျနော်က မြစ်ဝကျွန်းပေါ်
ဒေးဒရဲဒေသမှ ပဲခူးရှိကျနော့်အိမ်သို့ခေါ်ယူလာရန်နှင့် အသေးစိတ်အစီအစဉ်ကို သခင်သန်းထွန်းနှင့်တွေ့ဆုံစီစဉ်ရန်
ညွှန်ကြားပါသည်၊
ကျနော်သည်
ဖက်ဆစ်ဂျပန်တော်လှန်ရေးနီးကပ်လာပြီကို သိလာရသဖြင့် များစွာစိတ်အားတက်ကြွလာပါသည်၊ ဝမ်းမြောက်ဝမ်းသာ
သခင်သန်းထွန်းထံ သွားပါသည်၊ သခင်သန်းထွန်းက ကျနော့်ကို သခင်စိုးနှင့်တွေ့ရန်စီစဉ်ပေးမည့်
ဒေးဒရဲမြို့မှ ကွန်မြူနစ်ပါတီဝင်လူကြီး သခင်မြသွင်အိမ်သို့ လမ်းညွှန်လိုက်ပါသည်၊ စာတစောင်လည်း
ပေးလိုက်ပါသည်၊
ကျနော်သည်
သခင်စိုးခေါ်ယူဖို့ အစောင့်အရှောက်အတွက် လူ ၃၊ ၄ ယောက်ကို စစ်တပ်ထဲက လူကိုမရွေးချယ်ဘဲ
ပို၍နှုတ်လုံရန် ကျနော်တို့ ဘီအိုင်အေတပ်ဖျက်စဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်လက်ျာတို့
မှာကြားချက်အတိုင်း လူတချို့ကို ဘီဒီအေတပ်ထဲဆက်မထည့်ဘဲ အပြင်တွင် ဂျပန်တော်လှန်ရေးအတွက်လျှို့ဝှက်ချန်ခဲ့သော
ပဲခူးကိုကြီးမြင့် (၎င်းမှာ အင်ဂျင်နီယာကျောင်းသားဖြစ်ပြီး ဘီအိုင်အေကာလက ပုသိမ်ခရိုင်တာဝန်ခံတပ်မှူးကြီးဖြစ်ခဲ့ပြီး
နောင်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်လူကြီးတဦး ဖြစ်လာသူ) ၂၊ ဒလ ဗိုလ်ထွန်းစိန်
မြို့မကျောင်းသားဟောင်း၊ ဘီအိုင်အေအတွင်း ကျနော်၏အတွင်းရေးမှူး နောင်ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဦး
(ကွယ်လွန် ၃၊ ကိုကြီးမြင့်၏သူငယ်ချင်း ကိုဖေညွန့် (အင်ဂျင်နီယာကျောင်းသား၊ သထုံခရိုင်
တော်လှန်ရေးခေါင်းဆောင်ဖြစ်ခဲ့သူ) ၄၊ ကျနော် နာမည်မမှတ်မိ၊ ကိုကြီးမြင့်စည်းရုံးထားသူ
ဘီအိုင်အေတပ်မှူးဟောင်းတဦး ဖြစ်ခဲ့ဟန်ရှိသူ - ပေါင်း (၄) ဦး ဖြစ်ပါသည်၊
ကျနော်တို့အဖွဲ့
မြစ်ဝကျွန်းပေါ် ဒေးဒရဲမြို့ကိုသွားကြပြီး သခင်မြသွင်၏စီစဉ်မှုဖြင့် သခင်စိုးရှိရာဒေးဒရဲမြို့မှ
ရေကြောင်းမော်တော်ဖြင့် ၅ နာရီခန့် သွားရသည့် “ဂွကလေးရွာ”သို့ မော်တော်ဖြင့် သွားကြပါသည်၊
ကျနော်တို့ ဂွကလေးရွာ မြေတိုင်းစာရေးဖြစ်သူအိမ်သို့ ရောက်ပါသည်၊ မြေတိုင်းစာရေးနာမည်ကို
မေ့တေ့တေ့ဖြစ်နေပါသည်၊ ကိုစံတင်ဟုထင်ပါသည်၊ ဇနီးဖြစ်သူမှာ ဒေါ်ငွေစံ ဖြစ်ပါသည်၊ အိမ်မှာတောင့်တင်းခြင်း
မရှိ နှစ်ထပ်သွပ်မိုး တလိုင်းအိမ်ကလေး ဖြစ်သည်၊
ထိုအိမ်တွင်
သခင်စိုးက ကျနော်တို့အဖွဲ့ကို ဝမ်းမြောက်စွာကြိုဆိုပါသည်၊ ကျနော်က ကျနော့်အဖွဲ့တွင်ပါလာသူများ
ဗမာ့တပ်မတော် တပ်ကြပ်ယူနီဖောင်းများဝတ်ထားသော်လည်း လက်ရှိတပ်ထဲက တပ်ကြပ်တွေမဟုတ်ဘဲ
ဘီအိုင်အေတပ် တပ်မှူးဟောင်းများဖြစ်ပြီး တပ်အပြင်တွင်ချန်ထားကာ ဂျပန်တော်လှန်ရေးလုပ်နေသူတွေဖြစ်ကြောင်း
မိတ်ဆက်ပေးပါသည်၊
ဤတွင်
သခင်စိုးကပြောပြသည်မှာ သူချက်ချင်း ဗိုလ်ချုပ်အောင်ဆန်းထံ မလိုက်နိုင်သေးကြောင်း ဂွကလေးရွာတွင်
၁ လမျှ နိုင်ငံရေးသင်တန်း ပေးစရာကိစ္စတွေရှိနေကြောင်း ထိုကိစ္စကိုလည်း ဗိုလ်ချုပ်အောင်ဆန်းထံအကြောင်းကြားပြီး၍
သဘောတူချက်ရပြီဖြစ်ကြောင်း ကျနော်တို့ ကိုလည်း အားလုံး ဒီနိုင်ငံရေးသင်တန်းမှာ တက်ရောက်စေလိုကြောင်း
ထိုအကြောင်းကိုလည်း ဗိုလ်ချုပ်အောင်ဆန်းထံ အကြောင်းကြားပြီး ဖြစ်ကြောင်း ပြောပါသည်၊
ကျနော်တို့လည်း
သခင်စိုးကို ဘာမှမငြင်းတော့ဘဲ သူ့ထံမှ နိုင်ငံရေးသင်တန်းတက်ဖို့လုပ်ရပါသည်၊ သင်တန်းမစမီ
ကျနော်က ရွာအခြေအနေ ကို မေးပြီး လုံခြုံရေးစီမံကိန်းတခုကို ရေးဆွဲပါသည်၊ ၎င်းမှာ ကျနော်မှတ်မိသလောက်
သင်တန်းအတွင်း သင်္ဘောတစင်းစင်းလာသည်ကို အဝေးကြီးကလှမ်းမြင်နိုင်သော ကျနော်တို့အိမ်အနီးတနေရာတွင်
အစောင့်တယောက်ထားပြီး သင်္ဘောမြင်လျှင် ကျနော်တို့ထံ အမြန် အကြောင်းကြားရန် ထိုစဉ် သင်တန်းတက်နေသူများက
ကျနော်တို့ကိုသာထားရစ်ခဲ့ပြီး ရွာထဲသို့ အမြန်ရှောင်တိမ်းသွားကြရန်နှင့် အကယ်၍ ဂျပန်များက
အိမ်ပေါ်တက်ပြီး နောက်ဆုံးကျနော်တို့ကို ဖမ်းဆီးဖို့အထိဖြစ်လာသော် ကျနော်၊ ကိုကြီးမြင့်၊
ကိုဖေညွန်တို့ သုံးယောက်က ဂျပန်များကို ခုခံပစ်ခတ်တိုက်ခိုက်မည်၊ ကျန်သူများက အိမ်ပထမထပ်
ခေါင်မိုးသွပ်ပြားပေါ်မှ သိပ်မမြင့်လှသော မြေပေါ်ခုန်ချပြီး ထွက်ပြေး ကြရန် ဖြစ်သည်၊
ထိုစီမံကိန်းကို
သခင်စိုးအားပြသရာ များစွာကျေနပ်သဖြင့် အားလုံးကိုသိရှိထားရန် ပြသလိုက်ပါသည်၊
0 comments:
Post a Comment