ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း၊ အခန်း(၆)
ဒုတိယပိုင်း
ကျနော့်အိမ်တွင်
သခင်စိုးနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေးနွေးနေစဉ် တနေ့မှာ ကျနော့်နာမည်အော်ခေါ်ပြီး
ဗိုလ်ရန်အောင်ကြီး ရောက်လာ ပါသည်၊ ကျနော်ပြေးထွက်ပြီး နှုတ်ဆက်ပါသည်၊ ဘာလုပ်ရမှန်းမသိ
ဖြစ်နေပါသည်၊ ဗိုလ်ရန်အောင်က ကျနော်နှင့်တွေ့ရန် သူကျနော့်ရုံးသို့ သွားရာရုံးက လူတွေက
ကျနော်နည်းနည်းနေမကောင်းလို့ အိမ်တွင်ခတ္တနားနေသည်ဆိုလို့ မကျန်းမာဘူးထင်ပြီးလာမေးတာပါဟု
ဆိုသည်၊
ကျနော်က
ဗိုလ်ချုပ်တို့ သခင်စိုးတို့တွေ့ဆုံနေကြောင်းကို ဗိုလ်ရန်အောင်ကြီးကို ဖုံးကွယ်ထား၍မသင့်တော်ဟု
ချက်ချင်းယူဆပြီး သူ့ကို လက်ပြပြီး တနေရာခေါ်သွားကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်စိုးတို့
ဖတ်ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်ဆွေးနွေးနေကြောင်းကို ပြောပြရပါသည်၊ ဒီတော့မှ ဗိုလ်ရန်အောင်နားလည်ပြီး
ကျနော်နှင့် စကားအနည်းငယ်ပြောဆိုပြီး ပြန်သွားပါသည်၊
နေ့လည်
ထမင်းစားတော့မှ ဗိုလ်ချုပ်တို့ သခင်စိုးတို့ကို စောစောက ဗိုလ်ရန်အောင်လာတဲ့အကြောင်းနှင့်
ကျနော်က ဗိုလ်ချုပ်တို့ သခင်စိုးတို့ ဆွေးနွေးနေတဲ့အကြောင်းပြောတော့ သူခေတ္တနေပြီးပြန်သွားကြောင်း
ပြောရပါသည်၊ သခင်စိုးက ဗိုလ်ရန်အောင်ကို တွေ့ချင်နေပုံရပါသည်၊ သို့သော် သခင်စိုးအကြောင်း
အထူးလျှို့ဝှက်ရသဖြင့် ဗိုလ်ရန်အောင်နှင့်တွေ့ရန် စီစဉ်မပေးနိုင်တော့ပါ၊
ဘီအိုင်အေကာလ
အဖြစ်အပျက်များတွင် တခုမေ့ကျန်ရစ်သဖြင့် ထပ်ရေးရပါဦးမည်၊ ၎င်းအဖြစ်အပျက်မှာ - ဘီအိုင်အေကာလက
မြို့တမြို့တွင် ကျနော့်ကို အငြိမ့်ပွဲတပွဲကဖိတ်ခေါ်သဖြင့် ဝင်ကြည့်ရပါသည်၊ အငြိမ့်မင်းသမီးက
ပရိသတ်ကိုကျောပေးပြီးထိုင်နေစဉ် လူရွှင်တော် တဦးက အငြိမ့်မင်းသမီး၏ ကျောကို ဘီအိုင်အေ
BIA ဟု ရေးထားသောစာရွက်တရွက် လာကပ်လိုက်ပါသည်၊ အငြိမ့်မင်းသမီးကို သိမ်းပိုက် လိုက်သည့်သဘော
ဖြစ်ပါသည်၊ (ထိုခေတ်ထိုကာလက “ပစ္စည်း”များကို သိမ်းပိုက်သည့်အခါ ဘီအိုင်အေကပ်သည်ဟူသောဝေါဟာရတောင်
ရှိခဲ့ပါသည်) ပွဲကြည့်ပရိသတ်ထဲတွင် ဘီအိုင်အေတပ်မှရာထူးအကြီးဆုံးသူမှာ ကျနော်ပင်ဖြစ်ဟန်ရှိသည်၊
ကျနော့်အနီးမှ လူအများ ကျနော့်ကို များစွာအားနာသွားပုံရသည်၊ ကျနော်လည်း အလွန်ထူပူသွားပါတော့သည်၊
ကျနော်တို့ပြည်သူတွေမှာ သူတို့၏မကျေနပ်ချက်များကို ဤသို့ပင် ဖော်ပြတတ်ပေသည်၊
ကျနော့်ပဲခူးအိမ်အနီးတွင်
အိမ်နှစ်လုံး ရှိပါသည်၊ တလုံးမှာ စံပြတပ်ရင်းရုံးအုပ် ဗိုလ်ကြီးဗိုလ်လှမောင်၏အိမ်နှင့်
တလုံးမှာ စံပြတပ်ရင်း မြန်မာစာပြဆရာဦးတင်မောင်တို့အိမ် ဖြစ်ပါသည်၊ အားလုံး အလုပ်များကြသူတွေဖြစ်လို့
တအိမ်နှင့်တအိမ် အကြောင်းမရှိဘဲ ဝင်ထွက် လည်ပတ်ခြင်း သိပ်မရှိကြပါ၊ ကျနော့်အိမ်ကို
ဗိုလ်ချုပ်အောင်ဆန်း၏ကား ဝင်ထွက်ခြင်းလုပ်နေသည်ကိုသိကြသော်လည်း ထုံးစံအတိုင်း မေးမြန်းပြောဆိုခြင်း
မရှိကြပါ၊
ဗိုလ်ချုပ်အောင်ဆန်းနှင့်
သခင်စိုးတို့ဆွေးနွေးပွဲမှာ သုံးရက်မျှကြာသည် ထင်ပါသည်၊ ထိုအတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါလာသော
ဇနီး ဒေါ်ခင်ကြည်မှာလည်း နို့စားနွားမတကောင်ဝယ်ရန်စီစဉ်နေကြောင်း ကြားသိရပါသည်၊
ဆွေးနွေးပွဲ
သုံးရက်မျှကြာပြီး ပြီးသွားပါပြီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း နောက်နေ့ ရန်ကုန်ကိုပြန်ကြပါပြီ၊
ကျနော်မှာ သခင်စိုးကို ဒေးဒရဲ မြို့သို့ ပြန်ပို့ရန် ဝတ္တရားရှိနေပါသည်၊
သခင်စိုးက
ကျနော့်ကိုပြောသည်မှာ သူဒီမှာလုပ်စရာရှိတာတွေ ရက်အချို့လုပ်ရအုံးမည်၊ ထိုကိစ္စတွေပြီးမှ
ဒေးဒရဲပြန်မည်ဟုပြောပါသည်၊ သခင်စိုးမှာ ကျနော်တို့နှင့် နေရစဉ်အတွင်း သူ့လုံခြုံရေးအတွက်
များစွာစိတ်ချမ်းသာပုံရပါသည်၊
ထိုအတွင်း
ကျနော့်ဌာနချုပ် ထောက်လှမ်းရေးမှူးကသတင်းပေးပို့သည်မှာ တနေ့ညက အင်္ဂလိပ်လေယာဉ်ပျံ ပဲခူးမြို့အနီးလာသွားသည်မှာ
အိန္ဒိယသို့ရောက်နေသော တက်ဘုန်းကြီးသခင်သိန်းဖေ လေထီးနဲ့ဆင်းနေရစ်သည်၊ ယနေ့ကစပြီး ပဲခူးမြို့ဝင်မြို့ထွက်ဂိတ်တွေ
ဂျပန်စစ်တပ် ချရပ်ပြီး လူဝင်လူထွက်စောင့်ကြည့်မည်၊ ပဲခူးမြို့တွင်းရှိအိမ်တိုင်းကိုလည်း
သခင်သိန်းဖေကိုရှာဖွေတော့မည်ဟူ၍ ဖြစ်ပါသည်၊
ကျနော်လည်း
ထိုသတင်းကို ချက်ချင်း သခင်စိုးကို ပြောပြသည်၊ သခင်စိုးကို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ
ဂျပန်ကင်းစောင့်မချမီ ပြန်ပို့ရန် အတွက် ရန်ကုန်ဘက်ပြန်ပို့နိုင်ဖို့အရေးကြီးကြောင်း
အားလုံးသဘောပေါက်ကြပြီး သခင်စိုးကို ချက်ချင်းပင်ပြန်ပို့ရန်စီစဉ်ကြပါသည်၊
ကျနော့်အိမ်တွင်
သခင်စိုးရောက်ကတည်းက အရေးပေါ်သုံးရန် လူစီးကားတစီး ဓာတ်ဆီအပြည့်နှင့် အရန်သင့်ထားပါသည်၊
ကိုကြီးမြင့်နှင့် ကိုထွန်းစိန်တို့နှစ်ယောက်ကိုလည်း သူတို့အိမ်တွင် အမြဲအသင့်စောင့်နေရန်မှာကြားထားရာ
ကိုကြီးမြင့်နှင့်ကိုထွန်းစိန်တို့ကို အမြန်လူလွှတ် ခေါ်ခိုင်းပြီး ကျနော်ပါသုံးယောက်နှင့်
သခင်စိုးကိုလိုက်ပို့ရန် ထိုကားဖြင့် ကျနော်တို့ရန်ကုန်ဘက်ကို ချက်ချင်းထွက်ကြပါသည်၊
သခင်စိုးတို့အားလုံးမှာ
လာတုန်းကအတိုင်း ဗမာ့တပ်မတော်အဝတ်အစား ဝတ်ဆင်ထားကြပါသည်၊ ကားမထွက်မီ လုံခြုံရေးအစီအစဉ်ကို
ကျနော်က ချက်ချင်းတွေးခေါ်ပြီး အားလုံးကိုပြောပြရသည်၊ လမ်းခရီးမှာ ကားကိုရပ်ပြီး ဂျပန်ကစစ်ဆေးပြီး
သခင်စိုးကိုဖမ်းဆီးဖို့အထိ ဖြစ်လာလျှင် ကျနော်တယောက်သာ မိမိကိုင်ဆောင်ထားသောဓားဖြင့်
ဂျပန်များကိုထိုးခုတ်နေရစ်မည်၊ ကိုကြီးမြင့်၊ ကိုထွန်းစိန်တို့က သခင်စိုးကို ထိုကားနှင့်ပင်ဆက်ခေါ်သွားကြရန်
လမ်းတွင်လှည်းကူးမြို့ရောက်လျှင် ကား၏ပုံသဏ္ဍန်ပြောင်းလဲရန် ကားတစီး အမြန် အသစ်လည်းပြီး
ရန်ကုန်ဘက်ဆက်ထွက်ရန်တို့ကို မှာကြားပါသည်၊
ကျနော်တို့
ကားပေါ်ရောက်သောအခါ ကျနော်လည်းအမောပြေပြီး ခေတ္တငိုက်ခနဲဖြစ်သွားရာ ကျနော့်ဘေးတွင်ထိုင်နေသော
ကိုကြီးမြင့်က တတောင်ဆစ်နှင့်တို့တော့မှ မျက်လုံးဖွင့်ကြည့်မိရာ ပဲခူးမြို့ပြင် ပဲခူးမြစ်တဖက်ကမ်း
မြို့အဝင်ကင်းဂိတ်တွင် ဂျပန်ကင်းစောင့်ရောက်နေပြီး ခရီးသွားလူအချို့ကိုစစ်မေးနေပုံကို
လှမ်းပြီးမြင်ရပါသည်၊ ကျနော်လည်း ဒိတ်ခနဲဖြစ်သွားပါသည်၊ နောက်ချက်ချင်းသတိရပြီး စီစဉ်ထားတဲ့
လိုံခံရေးအစီအစဉ်အတိုင်းလုပ်ကြဟု ခပ်တိုးတိုးပြောလိုက်ပါသည်၊
မကြာမီ
ကျနော်တို့ကား ပဲခူးမြစ်တံတားကိုကျော်ပြီး မြို့အဝင်ဂျပန်ကင်းဂိတ်ရှေ့ကို ရောက်ပါသည်၊
ဂျပန်တပ်ကြပ်က ကားကိုရပ်ခိုင်းသဖြင့် ကားရပ်ပြီး ကျနော်ကားပေါ်ကဆင်းကာ ကျနော်သည် ပဲခူးမြို့ရှိ
ဗမာ့တပ်မတော်တပ်ရင်းမှူး ဖြစ်သည်၊ ရန်ကုန်စစ်ရုံးကိုသွားရန်
လာခြင်း ဖြစ်သည်ဟု ဂျပန်စကားမပြည့်မစုံနှင့် ပြောပြလိုက်ပါသည်၊ ဂျပန်က ကားပေါ်ကလူတွေကိုဆင်းစေပြီး
ကားထဲကိုငုံ့ပြီးကြည့်ပါသည်၊ ကျနော်တို့ ရင်တထိတ်ထိတ် ဖြစ်နေကြပါသည်၊ အားလုံးစစ်သားချည်း
ဖြစ်နေ၍ထင်ပါသည်၊ ဂျပန်က ကျေနပ်ပြီး သွားခွင့်ပြုလိုက်ပါသည်၊
ကျနော်တို့
ရန်ကုန်ရောက်သောအခါ မူလကအစီအစဉ်ရှိသည့်အတိုင်း ရန်ကုန်အရှေ့ပိုင်း ဗိုလ်လရောင်ကြီးအိမ်တွင်
တည်းခိုပါသည်၊ ဗိုလ်လရောင်ကြီးမရှိပါ၊ ဗိုလ်လရောင်ကြီး၏ကိုယ်ရံရဲဘော်များက ကျနော်တို့ကို
ချက်ပြုတ် ကျွေးမွေးပါသည်၊
နောက်နေ့တွင်
မူလအစီအစဉ်ရှိသည့်အတိုင်း သခင်စိုးကို သခင်နုအိမ်သို့ သခင်နုနှင့်တွေ့ဆုံရန်လိုက်ပို့ရပါသည်၊
နောက်နေ့ သခင်စိုးကို သခင်နုအိမ်မှ ကျနော်ပြန်ခေါ်ခဲ့ရပါသည်၊
ကျနော်တို့
ရန်ကုန်တည်းခိုအိမ် ရာက်သောအခါ သခင်စိုးက မကျေမနပ်နှင့် ကျနော့်ကိုပြောပြသည်မှာ သခင်နုက
သူ့ကို လှေကားအိမ်ထဲတွင် ထည့်ထားကြောင်း၊ နောက်သခင်နုမှာ သူ့ဘုရားရှိခိုးချိန်နှင့်
သူ့ဧည့်သည်များလာချိန်တို့ကြောင့် သူနှင့် ကောင်းကောင်းစကားပြောချိန် သိပ် မရခဲ့ကြောင်း
ပြောပြပါသည်၊
နောက်နေ့
ကျနော်၊ ကိုကြီးမြင့်နှင့်ကိုထွန်းစိန်တို့သုံးယောက် သခင်စိုးကို ရန်ကုန်မှဒေးဒရဲမြို့
သခင်မြသွင်တို့ထံသို့ ချောမောစွာ ပြန်ပို့နိုင်ခဲ့ ပါသည်၊
ကျနော်တို့
ပြန်ခါနီး နှုတ်ဆက်ကြရာ ရက်အချို့အတူနေထိုင်ခဲ့ရသဖြင့် ကျနော်တို့စိတ်လှုပ်ရှားမိကြပါသည်၊
ကျနော့်စိတ်တွင်
ဗမာ့တော်လှန်ရေးလှုပ်ရှားမှုများအတွင်း ကျနော်တို့နှင့်သခင်စိုး မကြခဏတွေ့ဆုံကြလိမ့်ဦးမည်ဟု
ထင်မြင်ခဲ့ပါသည်၊
သို့ရာတွင်
ကျနော်နှင့် သခင်စိုးတွေ့ဆုံခြင်းသည် ဤအကြိမ် (၁၉၄၄ ခုနှစ်)သည် နောက်ဆုံးအကြိမ် ဖြစ်ပါတော့သည်၊
နောင်တခါမှ မတွေ့ဆုံ တော့ပါ၊ သခင်စိုးမှာကွယ်လွန်သွားပြီဖြစ်ပြီး ကျနော်မှာလည်း ၁၉၉ဝ
ခုနှစ်မှစ၍ တရုတ်ပြည်သို့ရောက်နေပါတော့သည်၊
ကျနော်တို့
ဒေးဒရဲတွင် သခင်စိုးကိုပို့ပြီး ရန်ကုန်ပြန်သောအခါ “တွံတေးတောကြီးတန်း”ဒေသကိုဝင်လည်ပတ်ပြီးမှ
ပြန်ကြပါသည်၊ မြေပုံပေါ်တွင် တွံတေးတောကြီးတန်းဒေသသည် တော တော်တော်ထူထပ်သဖြင့် ကျနော်တို့
ရန်ကုန်တွင် ဂျပန်တို့နှင့်အဆင်မပြေလျှင် ခေတ္တတောခိုပုန်းအောင်းရန် သင့်တော်သည့်နေရာဖြစ်မည်
ထင်ပါသည်၊ ယင်းကိုကြည့်ရှုလေ့လာရန်ရည်ရွယ်ချက်ဖြင့် တောကြီးတန်း ဒေသကိုဝင်ခြင်း ဖြစ်ပါသည်၊
သခင်မြသွင်ထံမှ တောကြီးတန်းရှိအိမ်တအိမ်သို့ မိတ်ဆက်စာတစောင်ယူလာပြီး ကျနော်တို့ တညတည်းခိုကာ
တောကြီးတန်းအခြေအနေကို လေ့လာပါသည်၊
“တောကြီးတန်း”မှာ
တွံတေးတောတန်းတွင် မြို့ကလေးတမြို့ဖြစ်နေသည်၊ ရန်ကုန်မြို့မှ လေယာဉ်ဗုံးဒဏ်၊ စစ်ဘေးဒဏ်ကြောက်သူများ
တော်တော်များများလာပြီး စစ်ဘေးဒဏ်ရှောင်နေကြ၍ဖြစ်ပါသည်၊ ထို့နောက် ကျနော်တို့ ရန်ကုန်သို့ပြန်ခဲ့ကြသည်၊
ထိုကာလမှာ ၁၉၄၄ ခုနှစ် ကုန်ခါနီး ကာလဖြစ်သည်၊
ကျနော်
ရန်ကုန်သို့ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆင်းထံသွှုား သခင်စိုးကို ဒေးဒရဲသို့ပို့ပေးခဲ့ပြီဖြစ်ကြောင်း
သတင်းပို့ပါသည်၊ ဗိုလ်ချုပ်က မျက်နှာမကောင်းစွာဖြင့် ပဲခူးရှိကျနော့်အိမ်မှကိုပါကို
ဂျပန်များ ယခုတလောတွင်ဖမ်းသွားပြီဖြစ်ကြောင်း ပြောပါသည်၊ ကျနော်လည်း များစွာစိုးရိမ်သွားပါသည်၊
သို့သော် ဗိုလ်ချုပ်မျက်နှာမကောင်းဖြစ်နေ၍ ကျနော်က စိတ်ပူပန်မှုသက်သာအောင် ဗိုလ်ချုပ်ဘာမှ
ဒီလောက်မပူပါနဲ့ ကိုပါဟာ ကျနော့်အိမ်မှာ တော်လှန်ရေးသမားကလေးဖြစ်နေပြီ သူဟာ ဗိုလ်ချုပ်တို့ကျနော့်တို့နှင့်
တော်လှန်ရေးကို ထိခိုက်အောင်လုပ်မှာ မဟုတ်ပါ၊ ရှောင်လွှဲမှာသာဖြစ်တယ်ဟု ပြောပါသည်၊
ဗိုလ်ချုပ်က
ကျနော့်ကိုလည်းဖမ်းခံရမှာစိုးလို့ ပဲခူးကိုပြန်မသွားဘဲ ရန်ကုန်စစ်ဝန်ကြီးရုံးတွင် လေ့ကျင့်ရေးဌာနမှူးအဖြစ်နေရန်သူစီစဉ်ထားပြီ
ဖြစ်ကြောင်း ပြောပါသည်၊ ဗိုလ်ချုပ်မှာ မိမိအတွက် အားလုံးစီစဉ်ထားပြီးဖြစ်နေ၍ ကျနော်
ပဲခူးပြန်မသွားဘဲ စစ်ဝန်ကြီးရုံးမှာပင်နေပါသည်၊ ထောက်ပံ့ရေးဌာနက ကျနော့်ကို ဦးဝိစာရလမ်းရှိ
ဝင်းခြံနှင့်တထပ်တိုက်ကလေးရှိသောအိမ်ကို ပေးပါသည်၊ ခြံထဲတွင် အစေခံတန်းလျား တိုက်ခန်းကောင်းလေးများလည်း
ရှိပါသည်၊ ထိုတထပ်တိုက်ကလေးမှာလည်း အတော်ကောင်းမွန်ပါသည်၊ ထိုအစေခံတိုက်ခန်းများတွင်
ကျနော့်ကိုယ်ရံရဲဘော် ကိုထွန်းရင်ဆိုသောရဲဘော်ကို ထားပါသည်၊
ကျနော်စစ်ဝန်ကြီးရုံးတွင်
ရုံးတက်နေရသော်လည်း ကိုပါ့ကိစ္စကို ပူပန်နေမိပါသည်၊ ဗိုလ်ချုပ်အောင်ဆန်းကို မစိုးရိမ်ရန်ပြောခဲ့သော်လည်း
ကျနော်ကတော့ စိုးရိမ်နေပါသည်၊ သိပ်ညှဉ်းပနမ်နှိပ်စက်လျှင် ကိုပါက ဖွင့်ပြောလိုက်မှာစိုးရိမ်နေပါသည်၊
သို့သော်
မကြာခင်မှာပင် ကိုပါလွတ်လာပြီဆိုသောသတင်းကို ကြားရပါသည်၊ ဂျပန်များက ဗိုလ်ချုပ်အောင်ဆန်း
-ဗိုလ်ကျော်ဇောအိမ်တွင် ဘယ်သူနှင့်တွေ့သလည်းဟု မေးသည်၊ ကိုပါက ဗိုလ်ချုပ်အောင်ဆန်းဟာ
ကျနော့်ဗိုလ်မှူးအခန်းထဲတွင် ဗိုလ်မှူးနှင့်သာ နှစ်ယောက်သား စကားပြောကြသည်ဟုတလျှောက်လုံး
တသမတ်တည်းပြောသည်၊ အနည်းငယ် ညှဉ်းပမ်းပြီးထပ်စစ်ဆေးလည်း ယခင်အတိုင်းပင် ပြောနေသဖြင့်
လွှတ်လိုက်ကြောင်းသိရပါသည်၊ ကိုပါမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျနော်တို့ကိုသာ ကယ်တင်လိုက်ရုံမက
ဖက်ဆစ်တော်လှန် ရေးကြီးကိုပါ လုံးဝမထိခိုက်အောင်ကယ်တင်လိုက်ရာကျသဖြင့် ကိုပါကို ကျနော်တို့အလွန်ကျေးဇူးတင်ရပါတော့သည်၊
ကိုပါကို ကျနော်တို့ သာမက တိုင်းပြည်ကပါကျေးဇူးတင်သင့်ပေသည်၊
ကိုပါမှာ
ထောင်ကလွတ်ပြီးသောအခါ ကျနော့်ထံပြန်မလာတော့ဘဲ သူလည်းအတော်နိုးကြားနေပြီဖြစ်၍ အပြင်ထွက်ပြီး
နိုင်ငံရေးလုပ်ပါ တော့သည်၊ ကိုပါမှာ ပြည်သူ့ရဲဘော်အဖွဲ့ဝင်ပြီး နိုင်ငံရေးဆောင်ရွက်ရာ၊
မကြာမီပင် ဗိုလ်နန္ဒဟူသောအမည်ဖြင့် ထင်ရှားသော ပြည်သူ့ရဲဘော် ခေါင်းဆောင်လူကြီးတဦး ဖြစ်လာပါတော့သည်၊
သူသည် စာရိတ္တလည်းကောင်းမွန်သူဖြစ်သဖြင့် ခေါင်းဆောင်တဦးဖြစ်လာပါသည်၊
ကိုပါသည်
ကျနော်တပ်မတော်ကထွက်ရပြီး စမ်းချောင်းအိမ်ကလေးတွင်နေထိုင်နေစဉ်က ကျနော့်အိမ်သို့ ၁
ကြိမ် ၂ ကြိမ် လာရောက် လည်ပတ်ခဲ့ပါသေးသည်၊ သူ့ကို ကျနော်က လူကြီးတယောက်အဖြစ် ကောင်းစွာဧည့်ခံခဲ့ပါသည်၊
၁၉၇၆ ခုနှစ် ကျနော်တမိသားစု ဗမာပြည် ကွန်မြူနစ်ပါတီရှိရာသို့ တောခိုလာပြီးနောက် သူနှင့်အဆက်ပြတ်သွားပါတော့သည်၊
ယခုအခါ သူကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါသည်၊ သူသည် တိုင်းပြည်ခေါင်းဆောင်ကောင်းတယောက်
ဖြစ်ခဲ့ပါသည်၊
0 comments:
Post a Comment