ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ
ဒုတိယပိုင်း။ အခန်း(၂)
ဒုတိယပိုင်း
၁၉၄၃
ခုနှစ်လောက်တွင် ထင်သည်။ မိမိတို့ ဗမာ့တပ်မတော်တွင် ခြေလျင်တပ်ရင်း (၃)ရင်းသာ ရှိသည်။
ပထမတပ်ရင်းကို ဗိုလ်နေဝင်းက ပျဉ်းမနားဗိုလ်ကိတ်ကျောင်း၌
ကိုင်ပါသည်။
ဒုတိယတပ်ရင်းကို ဗိုလ်ရန်နိုင်က ပျဉ်းမနားမှာပင် ကိုင်ပါသည်။ တတိယတပ်ရင်းကို ပျဉ်းမနား
- သစ်တောကျောင်းတွင် ဗိုလ်ဇေယျက ကိုင်ပါသည်။
ထိုနှစ်တွင်
နောက်ထပ်ခြေလျင်တပ်ရင်းသစ် (၄)။ (၅) နှင့် (၆) - တပ်ရင်း(၃)ရင်း တိုးချဲ့ဖွဲ့စည်းသည်။
ခြေလျင်တပ်ရင်း(၄) ကို ကျနော် ဗိုလ်မှူးကျော်ဇောကိုလည်းကောင်း။ ခြေလျင်တပ်ရင်း(၅) ကို
ဗိုလ်မှူးအောင်ကိုလည်းကောင်း။ ခြေလျင်တပ်ရင်း(၆) ကို ဗိုလ်မှူးရန်အောင် ကိုလည်းကောင်း
တပ်ရင်းမှူးများခန့်ထားပြီး ကိုင်စေပါသည်။ ပျဉ်းမနားတွင်ပင် ဖြစ်ပါသည်။
အားလုံးပင်
မိမိတို့ကိုင်ရသောတပ်ရင်းကို တပ်ရင်းကောင်းတွေဖြစ်အောင် ကြိုးစားကြပါသည်။
ကျနော်ကိုင်ရသောတပ်ရင်း(၄)
သစ်ကို ကျနော်ကိုယ်တိုင် စစ်သင်တန်းများ အစအဆုံးသင်ကြားပေးပါသည်။ တပ်ရင်းမှာ စုစုပေါင်းလူ
အကြပ်နှင့်အရာရှိများအပါ (၈ဝဝ ရှစ်ရာ) ကျော်လောက်ရှိမည် ထင်ပါသည်။
တနေ့တာ
စစ်ပညာသင်ကြားသော အချိန်ဇယားအကြမ်းမှာ နံနက်ပိုင်းအချိန်တွင် ပထမ ကျနော်ကိုယ်တိုင်က
တပ်ရင်း(၄) ရှိ အကြပ် - အရာခံဗိုလ်နှင့်အရာရှိဗိုလ်တွေ စုစုပေါင်း ရှစ်ဆယ်(၈ဝ) မျှလောက်ကို
တနေ့သင်ရမည့်စစ်လေ့ကျင့်ခန်းများကို ကျနော်ကိုယ်တိုင် စုဆောင်းလေ့လာထားပြီး သင်ကြားလေ့ကျင့်မှုကို
ပြသသင်ကြားပါသည်။ ၎င်းမှာ သင်တန်းအားလုံး၏ အဓိကသင်တန်း ဖြစ်ပါသည်။
၎င်းနေ့
နံနက်ပိုင်းတွင်ပင် ဒုတိယသင်တန်းတခုမှာ ကျနော်ပထမတနေ့ကသင်ကြားထားသော အကြပ်အရာရှိတချို့က
တပ်ရင်းရှိ စစ်သားများကို စစ်ပညာသင်ကြားပေးပါသည်။
၎င်းပထမနေ့
- နေ့လည်နှင့်ညနေပိုင်းတွင် ယင်းပထမနေ့ နံနက်ပိုင်းတွင် ကျနော်၏သင်ကြားပေးမှုကိုခံယူရသော
တပ်ရင်း(၄) အကြပ်နှင့် အရာရှိများက တပ်ရင်းရှိစစ်သားများကို ချက်ချင်းပင် နံနက်ပိုင်းက
ကျနော်သင်ကြားပေးသော စစ်ပညာကို ပြန်၍သင်ကြားပေးရပါသည်။
၎င်းပထမနေ့
- နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဒုတိယလုပ်ငန်းမှာ ကျနော်ကိုယ်တိုင်မှ နောက်နေ့နံနက်
တပ်ရင်း(၄) အကြပ်အရာရှိများကို သင်ကြားမည့်စစ်ပညာများကို လေ့လာပြင်ဆင်ခြင်းနှင့် လိုအပ်ချက်တို့ကိုလည်းကောင်း။
ကျနော်ထပ်မံသိလိုသောအချက်တို့ကို တပ်ရင်း(၄) ရှိ ဂျပန်အကြံပေးအရာရှိထံမှ မေးမြန်းလေ့လာခြင်းပြုလုပ်ရပါသည်။
ကျနော့်တပ်ရင်း(၄)
မှ ဂျပန်အကြံပေးစစ်အရာရှိမှာ ဂျပန်စစ်တပ်မှ လက်ဖတင်နင်ဗိုလ် ဖြစ်ပါသည်။ သူသည် ဂျပန်စစ်တပ်၏
အမြဲတမ်း တပ်သားမဟုတ်။ စစ်အတွင်း အရေးပေါ်သင်တန်းဆင်း စစ်ဗိုလ်ဖြစ်သော်လည်း စစ်ပညာကိုဂရုစိုက်ပုံရပါသည်။
ကျနော်မေးသမျှ မေးခွန်းများကို သူ၏သားရေလွယ်အိတ်ထဲမှ ဂျပန်စစ်တပ် စစ်ပညာလက်စွဲစာအုပ်
၂ အုပ် ၃ အုပ်ကိုဖွင့်ပြီး ဖတ်ပြရှင်းပြပါသည်။
ကျနော်တို့၏
စကားပြန်မှာ တပ်ရင်း(၄)သို့ရောက်လာသူ အရာရှိများတွင် ဗိုလ်လောင်းအရာရှိ ၂ ဦး ၃ ဦး ပါဝင်ရာ
ထိုဗိုလ်လောင်းအားလုံး တို့သည် ဂျပန်စကားအတော်တတ်ကျွမ်းသူများ ဖြစ်ကြသည်။ ထိုအထဲမှ
စကားအတတ်ဆုံး ဗိုလ်စိုးလှိုင်ဟု ကျနော်မှတ်မိနေသောသူက စကားပြန်လုပ်ပေးပါသည်။ ထိုဗိုလ်စိုးလှိုင်မှာ
နောက်ပိုင်း ကျနော့်အတွင်းရေးမှူး ဖြစ်ခဲ့ပါသည်။
ထိုသို့
ကျနော်က စစ်ပညာများကို ကျနော်ကိုယ်တိုင်အထပ်ထပ်လေ့လာပြီးမှ တပ်ရင်း(၄) မှ အရာရှိ။ အကြပ်နှင့်တပ်သားများကို
ဖိဖိစီးစီး သင်ကြားပြသပေးပါသည်။ နောက်ထိုကာလတွင် ကောင်းမွန်ချက်တခုမှာ ဗမာ့တပ်မတော်မှ
အရာရှိ။ အကြပ်တပ်သားတိုင်းတို့သည် စစ်ပညာကို အားတက်သရော သူ့ထက်ငါ လိုက်စားလေ့လာနေသောကာလဖြစ်၍
ကျနော့်တပ်ရင်း(၄) တတပ်လုံးမှာ စစ်ပညာလေ့လာ တတ်ကျွမ်းမှုဖြင့် စိတ်အားထက်သန်တက်ကြွနေပါတော့သည်။
ထိုသို့သင်ကြားနေစဉ်
(၃)လလောက်အကြာတွင် တပ်မတော်အထက်မှ ဗမာ့တပ်မတော်ဗိုလ်သင်တန်းဖွင့်မည်ဖြစ်၍ ခြေလျင်တပ်ရင်းတိုင်းမှ
သင့်တော်ကောင်းမွန်သော အကြပ်တပ်သား ၂ဝ စီမျှ ရွေးချယ်ပြီး ပေးပို့ခိုင်းပါသည်။
ကျနော်သည်
တပ်ရင်း(၄) မှ စစ်လေ့ကျင့်ခန်းတွင်ထူးချွန်သော တပ်ကြပ်တပ်သား (၃ဝ)ကျော်လောက်ကို ရွေးစေပြီး။
ထိုအထဲမှ ဗိုလ်သင်တန်းပို့ဖို့ လူ(၂ဝ)ကို ဗိုလ်သင်တန်းရွေးချယ်ရေးကော်မတီကို ကျနော်ကိုယ်တိုင်ဦးစီးဖွဲ့ပြီး
ရွေးချယ်ပါသည်။
ထိုရွေးချယ်ရေးကော်မတီက
ထိုဗိုလ်လောင်းများ၏ယဉ်ကျေးမှု။ ပညာရေးရေချိန်။ နောက်နိုင်ငံရေးအသိနှင့် မျိုးချစ်စိတ်။
တော်လှန်ရေး စိတ်ဓာတ်တို့ကိုသိရှိရန် နှုတ်မေးခွန်းများမေးမြန်းစစ်ဆေးပြီး ကျနစွာရွေးချယ်ပါသည်။
ထိုအင်တာဗျူးမေးမြန်းစစ်ဆေးပွဲတွင်
ကျနော်ယခုတိုင်မှတ်မိနေသောကိစ္စတခု ရှိပါသည်။
စစ်သားတယောက်ကိုမေးမြန်းနေစဉ်
ကော်မတီဝင်တဦးက ထိုသူ၏ယဉ်ကျေးမှုရေချိန်ကိုသိနိုင်ရန် ဗမာပြည် “မူလတန်း”များတွင် သင်ကြားရသော
ကမ္ဘာ့တိုက်ကြီး(၅)တိုက်အကြောင်းမေးရန်။ သူ့အား “ကမ္ဘာပေါ်တွင် တိုက်ကြီးဘယ်နှတိုက်ရှိသလည်း”
ဟုမေးရာ ထိုစစ်သားမှာ ဗြုန်းကနဲ ကုလားထိုင်မှမတ်တပ်ရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်
- “ဒီပျဉ်းမနားမြို့ပေါ်မှာတောင် တိုက်ကြီးဘယ်လောက် ရှိတယ်ဆိုတာ မသိနိုင်ဘဲ။ ကမ္ဘာပေါ်မှာ
တိုက်ကြီးဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူသိနိုင်မလည်း”လို့ ပြန်ပြောပါသည်။
ရွေးချယ်ရေးကော်မတီဝင်များက
ထိုစစ်သားမှာ မူလတန်းပညာပင် မသင်ကြားခဲ့ရ၍ လူနေတိုက်များနှင့်အထင်မှားပြီး ပြန်ရန်တွေ့နေသည်ကို
ရိပ်မိ၍ သူရှက်မသွားစေရန် တခြားမေးခွန်းများဆက်မေးရပါသည်။ သို့ဖြင့် ဗိုလ်လောင်းများရွေးပြီး
အထက်သို့ ပို့လိုက်ပါတော့သည်။
နောက်မကြာခင်
သတင်းကြားရပါသည်။ ရန်ကုန်တွင် တပ်အသီးသီးကပို့လိုက်သောဗိုလ်လောင်းများကိုစစ်ဆေးရာ ကျနော်၏တပ်ရင်း(၄)မှ
ဗိုလ်လောင်းများက စစ်ဆေးသောဘာသာရပ်(၁၃) ခုတွင် ဘာသာရပ်(၁၁) ခု၌ပထမစွဲပြီး
ဘာသာရပ်(၂) ခုတွင် ဒုတိယစွဲကာ အားလုံးတွင် ပထမစွဲကြောင်းနှင့် ကျနော့်တပ်ရင်း(၄)၏သတင်း
ပျံ့နှံ့ကျော်ကြားလာပါတော့သည်။ ကျနော်တို့အားလုံး ဝမ်းသာကြပါသည်။ ကျနော်တို့ ကြိုးစားချက်
ကောင်းမွန်အောင်မြင်ကြောင်း သိရပါတော့သည်။
ဤတွင်
(၃)လ မျှသာ စစ်သင်တန်းပေးရသောတပ်ရင်းသစ်က နှစ်အချို့ကြာပြီဖြစ်သော တပ်ရင်းဟောင်းများအပေါ်တွင်
တက်ပြီး ပထမစွဲသဖြင့် ဂျပန်အရာရှိအချို့လည်း တော်တော်အံ့အားသင့်ကြသည်။ ထို့ကြောင့်
ဂျပန်စစ်အရာရှိတဦး ကျနော့်ထံလာပြီး ဒါလောက် အောင်မြင်တာဟာ ကျနော်ဘယ်လိုများ စစ်ပညာသင်ကြားပေးပါသလည်းဟု
လာပြီးမေးမြန်းစုံစမ်းပါသည်။
ကျနော်က
သင်ကြားမည့်စစ်ပညာကို ကျနော်ကိုယ်တိုင်ကျကျနနလေ့လာပြီး။ ကျနော်ကိုယ်တိုင် အချိန်ဇယားဆွဲပြီး။
အထက်တွင် ဖော်ပြ ထားသော အချိန်ဇယားအတိုင်း ကျနော်ကိုယ်တိုင်ဦးစီးပြီး သင်ကြားပေးကြောင်း
ပြောပြသည်။
ကျနော်က
ကျနော့်တပ်ရင်း(၄) မှ စစ်သားများမှာ အထက်ဗမာပြည်သားတွေ ဖြစ်ကြသည်။ ယေဘုယျအားဖြင့် အထက်ဗမာပြည်သားများ
သည် အထက်အမိန့်ကိုနာခံတတ်ပြီး။ ပို၍ စည်းကမ်းလိုက်နာတတ်ကြသူတွေများကြသည်ဟု ပြောပြပါသည်။
အဓိကအကြောင်းမှာ ကျနော်၏ စစ်ပညာသင်ကြားပေးပုံနည်းစနစ်ကြောင့်လည်း ဖြစ်ပုံရသည်ဟုပြောပြီး
ကျနော်၏စစ်ပညာသင်ပုံနည်းကို သူ့ကိုရှင်းပြပါသည်။
ကျနော်ပြောပြတာက
ကျနော်တော်လှန်ရေးစစ်သားမဖြစ်မီက ရန်ကုန်မြို့ “ဟိုင်းယားဂရိတ်”ခေါ် အထက်တန်းဆရာဖြစ်သင်ကျောင်း
တက်ခဲ့ရသည်။ ဤတွင် ဆရာက တပည့်များကိုပညာသင်ကြားပေးပုံနည်းစနစ်ကို သင်ကြားခဲ့ရပါသည်။
၎င်းမှာ အခြေခံအကျဆုံး ၃ - ၄ ချက်ကို ကျနော် နည်းယူပါသည်။
၎င်းတို့မှာ
ပထမအားဖြင့်။ ပညာသင်ကြားရာတွင် ဆရာက တပည့်များကို သင်ခန်းစာ၏အဖြေကို တိုက်ရိုက်ပြောမပြဘဲ။
တပည့်များကို သူတို့သိပြီးသားအကြောင်းအရာများမှ တဖြည်းဖြည်း သူတို့စိတ်တွင် မသိမထင်ရှားသေးသောအကြောင်းအရာများကို
မေးခွန်းများ စနစ်တကျ အဆင့်ဆင့်မေးခြင်းဖြင့်ဖော်ထုတ်သွားပြီး အဖြေကို သူတို့ဟာသူတို့
ဖော်ထုတ်လာနိုင်အောင် မေးမြန်းဖြေဆိုသွားစေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသင်ခန်းစာကို
တပည့်များကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့်သိမြင်လာပြီး ပိုမို၍ ကိုယ်ပိုင်ဉာဏ် ပွင့်လင်းထွန်းကားလာစေပါသည်။
၎င်းမှာ
လူတိုင်းသည် အခြေခံအသိအမြင်ပညာများ ရှိထားသည်။ ၎င်းကို စနစ်တကျဖော်ထုတ်တတ်ဖို့သာလိုသည်ဆိုသော
ဂရိပညာရှင် ဆိုကရေးတီး၏ ကမ္ဘာကျော်ယူဆချက်ဖြစ်သည်။ ၎င်းမှာ တပည့်များသိရာက မသိရာသို့ တဖြည်းဖြည်းမေးမြန်းသွားစေခြင်းဖြင့်
ဖော်ထုတ်ပြီး။ သူတို့ ပညာဉာဏ်ထွန်းကားလာစေခြင်း ဖြစ်သည်။
ဒုတိယမှာ
မိမိသင်ကြားမည့်သင်ခန်းစာ၏ အကြောင်းရင်းဇာစ်မြစ်ကို ဖော်ပြပြီး တတိယမှာ ၎င်းတို့ကို တစုတပြုံလုံး
မသင်ကြားဘဲ အရင်းခံ အကြောင်းရင်းကစပြီး တစစီတခုချင်းစီအဆင့်ခွဲ၍ တဖြည်းဖြည်းသင်ကြားသွားခြင်း
စသည်တို့ကို ပြောပြပါသည်။
သို့ဖြင့်
တပည့်များ၏အသိဉာဏ်ကို သူတို့ဦးနှောက်မှဆွဲထုတ်ယူပြီး။ တစတစ သူတို့အသိဉာဏ်ထွန်းကား သိရှိလာစေသောနည်းဖြစ်သည်ဟု
ပြောပြပါသည်။
ဥပမာ
- စစ်တပ်တွင်း “သတိ ”ဟူသော စစ်ပုံစံကိုသင်ကြားမည်ဆိုလျှင် ပထမ စစ်တပ်မှာ စစ်မိန့်တခုကိုလိုက်ပြီး
တပြိုင်တည်း တညီတည်း လုပ်နိုင်ဖို့ မူလပထမစစ်ပုံစံတရပ် ရှိဖို့လိုသည်။ ယင်းပထမ ပုံစံကနေပြီး
စစ်မိန့်ဘာကိုပဲပေးပေး လိုက်လုပ်နိုင်ရမည့်ပုံစံ ဖြစ်ဖို့လိုသည်။
ယင်းမူလပုံစံသည်
နောက်ထပ်ဘာမိန့်ပေးပေး လိုက်လုပ်နိုင်သောပုံစံ ဖြစ်ရမည်၊ ၎င်းမှာ သတိပုံစံပဲ ဖြစ်ရမည်၊
၎င်းပုံစံမှ နောက်ထပ်စစ်မိန့် “နောက်လှည့်”ဟုသော်လည်းကောင်း။ “ပစ်ရန်ဝပ်” ဟုသော်လည်းကောင်း။
“ချီတက်”ဟုသော်လည်းကောင်း ဘယ်အမိန့်လာလာ အလွယ်တကူ လုပ်နိုင်ရမည် ဖြစ်သည်။
နောက်ထပ်
ဘာစစ်မိန့်လာလာ လုပ်နိုင်ဖို့အတွက် “သတိ ” ပုံစံဟာ “ထိုင်” နေသည့်ပုံ မဖြစ်နိုင်၊ မြေပြင်ပေါ်တွင်
သဘာဝကျစွာ မတ်တပ်ရပ် နေသောပုံသာ ဖြစ်ရမည်၊ သို့မှသာ နောက်ထပ်ဘာအမိန့်လာလာ လုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့်
“သတိ”ဟူသောစစ်ပုံစံသည် နောက်ထပ် ဘာအမိန့်လာလာ လုပ်နိုင်ရမည့်မြေပေါ်တွင် သဘာဝကျစွာ မတ်တပ်ရပ်နေသောပုံစံ
ဖြစ်ရမည်၊ စစ်တပ်တွင် စစ်မိန့်တစုံတရာပေးဖို့အတွက် တပြိုင်နက်လိုက်ပြီးလုပ်လာနိုင်အောင်
ကြိုတင်ပြီး အသင့်အနေအထားဖြစ်ရန် ပေးသောအမိန့်ဖြစ်ပြီး။ နောက်ထပ်ဘာအမိန့်မဆို လုပ်နိုင်ရန်
မြေပေါ်တွင် သဘာဝကျစွာရပ်နေဖို့ပေးသောအမိန့်ဖြစ်သည်ဟု ရှင်းပြရမည်၊
နောက်ထပ်
ဘာအမိန့်ပေးပေး တညီတည်းလုပ်နိုင်ဖို့အတွက် မြေပေါ်တွင် သဘာဝကျစွာရပ်နေဖို့အတွက် သတိပုံစံသည်
လုပ်ရမည်ဖြစ်ရန် ဟူသော “သတိ” စစ်ပုံစံ၏ မူလအကြောင်းရင်းများကို စစ်သားများကိုရှင်းပြပြီးနောက်
-
စစ်သားတဦးကို
“သတိ” ပုံစံလုပ်စေပြီး။ စစ်သားများရှေ့တွင် ရပ်တည်စေပြီး ပြသရမည်၊
နောက်
ထို “သတိ” ရပ်နေသောစစ်ပုံစံမှ “နောက်လှည့်”။ “ပစ်ရန်ဝပ်”။ “ချီတက်” စသော ဘာစစ်ပုံစံမဆို
လုပ်နိုင်ပုံကိုလည်း ရှင်းပြရမည်၊
နောက်
“သတိ”ပုံစံကို စစ်သားများ မိမိကိုယ်တိုင်လွတ်လပ်စွာ လိုက်ပြီးလုပ်စေရမည်၊
ဤတွင်
စစ်သားများကို “သတိ”ပုံစံကို တဆင့်စီ တခုပြီးတခုသင်ကြားသွားရမည်၊
ပထမမှာ။
“သတိ”ပုံစံတွင် ခြေထောက် ၂ ဘက်သည် မြေပေါ်တွင် သဘာဝကျစွာ တည့်မတ်စွာရပ်တည်နေရန် အရေးကြီးသည်။
ထိုအတွက် ခြေဖဝါး ၂ ဘက် မြေပေါ်ရပ်တည်ပုံမှာ သဘာဝကျရမည်၊ သိပ်လည်း ကွဲမနေရ၊ နောက် သိပ်လည်းပူးမနေရ၊
သဘာဝကျစွာ ၄ဝ ဒီဂရီမျှ ခွဲပြီး ရပ်နေဖို့အရေးကြီးသည်ဆိုပြီး ၎င်းတို့ကိုယ်တိုင် လိုက်လုပ်စေရမည်၊
နောက်
ခြေခွဲပုံမှန်။ ခြေထောက်ရပ်ပုံမှန်ပြီးနောက် ဒုတိယအဆင့်တွင် ထိုခြေထောက် ၂ ဘက်အပေါ်တွင်
လူ၏ခန္ဓာကိုယ် တည့်မတ်ဖြောင့် တန်းစွာ ကျနေရမည်ကိုပြောပြပြီး လိုက်လုပ်စေရမည်၊
နောက်
တတိယအဆင့်တွင် လူ၏ကိုယ်ထည် ဖြောင့်တန်းတည့်မတ်နေဖို့ လူ၏ရင်ဘတ်ကိုဖွင့်ပြီး ကော့နေစေရမည်၊
နောက်
စတုတ္ထတွင် လူ၏ဦးခေါင်းသည် ရှေ့တည့်တည့်တူရူကို ဦးတည်ပြီး ကြည့်နေရမည်၊
နောက်
ပဉ္စမတွင် လူ၏ဇက် -လည်ပင်းကိုဆန့်ထုတ်ပြီး ရှေ့တည့်တည့်တူရူကို ကြည့်နေရမည်၊
နောက်
ဆဌမတွင် လူ၏မေးစေ့ကို အောက်သို့အနည်းငယ်ဆွဲဆန့်ထားရမည် ဖြစ်သည်။ နောက်လက် ၂ ဘက်ကို
လူ၏ပေါင်တံပေါ် ဆန့်ချထားပြီး လက်ဖဝါးတွေက ပေါင်ပေါ်ဖိအပ်ထားရမည်၊
ဤသို့ဖြင့်
စစ်သားရဲဘော်များကို လွတ်လပ်စွာ တဦးစီလိုက်၍“သတိ”ပုံစံကို မိမိတို့ဘာသာ မိမိတို့လိုက်ပြီး
သီးခြားစီလုပ်စေရမည်၊
၎င်းတို့
ပုံစံကျလာမှ အားလုံးတန်းစီပြီး သတိအမိန့်ပေးပုံစံကို တညီတည်းလုပ်စေရမည်၊
သို့ဖြင့်
ရဲဘော်များ “သတိ”စစ်ပုံစံကို တညီတည်းလုပ်တတ် ပုံစံကျလာပြီးနောက် အခြားဘယ်စစ်အမိန့်ပေးပေး
တညီတညွတ်တည်း လုပ်နိုင်ကြမည် ဖြစ်ပါသည်။
ဤသို့
ကျနော်က စစ်ပညာသင်နည်းကို ဂျပန်အရာရှိအားပြောပြရာ ဂျပန်အရာရှိက များစွာစိတ်ဝင်စားပြီး
ကျေနပ်စွာဖြင့် ကျနော့်အတွက် သူတို့ဂျပန်စစ်ပညာအခြေခံစာအုပ် ၂ အုပ်ရှိသည်ကို ရှာဖွေပြီးပေးပါမည်ဟု
ဝမ်းမြောက်စွာပြောသွားသည်။
နောက်
စာအုပ်ရှာမရ ထင်သည်။ ကျနော့်အား မပေးဖြစ်ပေ၊
0 comments:
Post a Comment