Thursday, February 14, 2013

မေပယ်လ်ရွက်နီနှင့်စိန့်တိုင်းသားတွေအနေများတဲ့မြို့ (၁)(မျိုးမြင့်ချို)

0 comments
ကိုသာအေးထွန်းနှင့်မိမိ ဘယ်အချိန်မှ ဘယ်လိုစ အဆက်အသွယ်ရခဲ့ခြင်းကို ခုနေပြန်တွေးတော့မပေါ်ချင်တော့။ လူချင်းတော့ အီးမေးလ်လည်းအပြန်အလှန် ဖုန်းလည်းတဂွမ်ဂွမ်နှင့် အဆက်ပြတ်သည်ဟုမရှိတတ်။ နိုင်ငံရေးနှင့်ပတ်သက်လျှင် သူနှင့်ကျနော် တွေးပုံ၊ မြင်ပုံ၊ ကောက်ပုံယူပုံခြင်းမှစကာ စကားလုံးအသုံးအစွဲအထိ အတော်လေးဟပ်စပ်ကြ၏။ ကျန်တာတွေတော့ မသိ။ ကနေဒါသွားခါနီးကျမှ  အိမ်ထောင်သည်မှန်းသိပြီး သူ့အိမ်ရောက်မှ ဇနီးသည်အမည်နှင့် သားသမီးမရှိမှန်းသိ၏။ သူ့နှင့်ကျနော် ပြောဖြစ်ကြသည်များက တခါတလေ စာပေ၊ တခါတလေ သတင်း၊ အခါတိုင်းလိုလိုက နိုင်ငံရေး/နိုင်ငံရေးနှင့်နွယ်သည့်ကိစ္စများ။ ၂ဝ၁ဝ က သူတို့ဆီသွားဖို့ အခွင့်တခုကြုံပြီးကာမှ ဖျက်လိုက်ရ၏။ မသွားဖြစ်သည့်အတွက် နေသေးသပနှင့်ပင် တင်းတိမ်လိုက်ရ၏။
၂ဝ၁၂ နှောင်းပိုင်းရောက်တော့ သူတို့ဆီအလည်လာဖို့ဖိတ်၏။ ထိုတလောက ခရီးအထွက်ကျဲနေသည်မို့ မိမိလည်းခြေလှမ်းပြင်၏။ ဇနီးက လိုက်ချင်သော်လည်း ကိုသာအေးထွန်းရသည့်ခွင့်ရက်က ခရစ္စမတ်နှင့်တည့်တည့်တိုးသဖြင့် မလိုက်သာတော့။ ဇနီးက သပျစ်သီးတော့မချဉ်။ “နောက်တကြိမ်ကျ”ဆိုကာ အထုတ်ကူပြင်ပေး၏။ ဤတွင် ရဲမော်ထူးကို ဆန်ရင်းဖွပ်၏။ သူ့မျက်စေ့က ဟိုင်းဝေးမောင်းနိုင်လောက်အောင် မကောင်း။ နောက်ဆုံး သူ့တမိသားစုလုံးနှင့် အမေရိကန်မှကနေဒါသို့ ကားလမ်းအတိုင်းသုတ်ခြေတင်ကြ၏။ ကားမောင်းချိန် ၅ နာရီ မပြည့်တတ်ပြည့်တတ်မှာ ယူအက်စ်-ကနေဒါ နယ်စပ်သို့ရောက်၏။ နယ်စပ်ဂိတ်ပေါက်များတွင် ကားတွေက တရစပ်စီးနေသည့်မြစ်ပြိုင်များနှယ်။ တာဝန်ကျသူက လိုသည့်အထောက်အထားတောင်း၏။ ပေးလိုက်ရုံသာ။ ကွန်ပြူတာထဲ ရိုက်ထည့်၊ လူနှင့်ဓါတ်ပုံ မသိမသာတိုက်ကြည့်၊ သွားမည့်လိပ်စာပြော၊ လိုတာတခွန်းနှစ်ခွန်းမေးပြီး “ဟိုမှာ..တံဆိပ်ထု”ဟုဆိုကာ လွှတ်လိုက်၏။ ရာသီကတော့ လေတဟူးဟူးနှင့်အေးလိုက် သည့်ဖြစ်ခြင်း။ ရေခဲမှတ်အောက် ဘယ်လောက်ရောက်နေသလဲ မပြောတတ်။
ရုံးလေးထဲရောက်တော့ လူတိုင်းလိုလို ယူအက်စ်ဘက်က ဝယ်ခြမ်းလာတာတွေ တို့လို့တွဲလောင်းနှင့်။ အိမ်ပြန်လက်ဆောင်တွေနေမယ်ဆိုသည့်အထင် မှားသွားမှန်းနောက်မှသိ၏။ ၉/၁၁ နောက်ပိုင်းမှစကာ တရိပ်ရိပ်ကျလာသည့်အမေရိကန်စီးပွားရေးက ၂ဝဝ၈တွင် အထွဋ်အထိပ်ရောက်ပြီး စီးပွားပျက်ကပ်ပါဆိုက်တော့၏။ လူမမာနလန်ထဖို့ ဆေးဖိုးဝါးခအပြင် ဓာတ်စာဖိုးပါထောင်းတော့ တိုင်းပြည်လည်းကြေ၏။ သို့သော် အရွယ်ကောင်း သန်သန်မာမာ ကိုယ်ခံအားလည်းကောင်းလေတော့ လုံးပါးပါးရုံမျှ။ ချုံးချုံးတော့ကျမသွား။ ဒီ့အရင်ကဆို နှစ်ဘက်ငွေတန်ဖိုးချင်း ပိန်မသာလိန်မသာ။ ခုတော့ တံဆိပ်တူပစ္စည်းတူတောင် ယူအက်စ်ဘက်ကဈေးချိုသည်မို့ နယ်စပ်လေးဖြတ်ကာ ဒီဘက်လာ ဈေးဝယ်ကြ၏။ နယ်စပ်ဖြတ်ရတာကလည်း ဘာမှခဲယဉ်းသည့်ကိစ္စမဟုတ်။ ကိုအာအေးထွန်းဇနီးသည်က “ကျမတောင် အဲ့ဘက်လာပြီး အိပ်ခ်ျပီဒက်စ်တော့ပ်လေးတလုံးလောက် ဝယ်မလားတွေးနေတာ”ဟုဆို၏။ သူက တိုရွန်တိုးမြို့ အိပ်ခ်ျပီကွန်ပြူတာအရောင်းပြခန်းဆိုင်နှင့်ဆားဗစ်စင်န်တာတွင် ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်နေသူ။
ကနေဒါဘက်အခြမ်း နယ်စပ်မြို့ကခတ်သေးသေးပေမယ့် စီးပွားရေးတော့အတော်ကြီးပုံရ၏။ လူတွေ စက်တွေ ကားတွေ မီးခိုးခေါင်းတိုင်တွေ အားလုံး လှုပ်လှုပ်ရွရွ။ အဆောက်အဦးတွေလည်း သိတ်အိုအိုစာစာရုပ်မပေါက်။ တချို့ သစ်သစ်လွင်လွင်။ ဧရာမခြံဝင်းကျယ်ကြီးတွေထဲမှာ ကုန်တင်ကားကြီးတွေ၊ ကုန်သေတ္တာကြီးတွေ၊ ရထားတင်ကုန်တွဲကြီးတွေလည်းအပြည့်။ နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှာ သူတို့ဘက်က စီးစီးပိုးပိုးရှိနေသည်မို့ ဒီ Windsor ဆိုတဲ့မြို့ကလေးမျက်နှာထားက ခတ်ထည်ထည် ခတ်မော်မော်။ တိုရွန်းတိုးမြို့ကြီးနှင့် ထို နယ်စပ် ဝင်ဆာမြို့လေးကြားမှာ London ဆိုသည့် မြို့ခတ်လတ်လတ်လေး တခုရှိ၏။ ဤလန်ဒန်ကိုတော့ အချိန်မရသဖြင့် ကွင်းသွားရ၏။ ကနေဒါ ရောက်ရောက်ခြင်း ဦးတိုက်ရသည့်မြို့အမည်က ဝင်ဆာ။ နောက်ဆက်တိုးရတာက လန်ဒန်။ ဗြိတိသျှကိုလိုနီအငွေ့အသက်နှင့်ခြေစလက်စတို့ ခတ်ရေးရေးထင်ကျန်ဆဲ။ တချိန်က ရန်ကုန်အပါအဝင် ဗမာပြည်က အင်္ဂလိပ်အမည်တပ် မြို့တချိုလမ်းတချို့ကို စိတ်ကဖြတ်ကနဲ ရောက်လိုက်သေး၏။ နေမဝင်အင်ပါယာသည် ဘာသာနှင့်သာသနာပြု၊ ကုန်သည်နှင့်ပုလင်း၊ စစ်တပ်နှင့်စစ်ပွဲတင်ပို့ကာ ကမ္ဘာလှည့်ကျွန်ပြုရင်း လက်ရနိုင်ငံတွေက မြင်သမျှအထင်ကရတွေမှာ သူတို့ဘက်ကသူရဲကောင်းတို့နံမည်များ သူတို့ဆီကမြို့အမည်များအား ကင်ပွန်းတပ်တံဆိပ်ခပ်ခဲ့၏။ တချိုနိုင်ငံများဆို တိုင်းပြည်အမည်ပါ အပြောင်းခံရ၏။ ထို လက်ရနိုင်ငံအချို့မှ လက်ဝေခံလူတချို့နှင့်မြို့တချို့ သူကောင်းပြုခံရပြီး အရှင်မွေးနေ့ချင်းကြီးကုန်ကြသည်။ ကျနော်တို့ဆီက ဝံသာနုခေတ်အမျိုးသားရေးလှုပ်ရှားမှုကိုဦးဆောင်ခဲ့သူအချို့ပင် ဆြာတွေဘာတွေဖြစ်ကာ နောက်ပိုင်းကျတော့ ဘုရားသခင် ဘုရင်မကြီးကို ကယ်မပါစေဆုတောင်းရင်း အထက်တန်းစားကျေးတော်မျိုးကျွန်တော်မျိုးစာရင်းပေါက်ဖို့ စောင်းမာန်မျက်ကြသေးသည်မဟုတ်လား။ ဆိုတော့ ကနေဒါမှာ ဝင်ဆာတို့ လန်ဒန်တို့ရှိနေတာလည်း မဆန်းလှ။

ဝင်ဆာမြို့လေးထဲ လှည့်ပတ်ကြည့်မည့်စိတ်ကူးသည် အအေးဒဏ်ကြောင့်ပျက်ရ၏။ ကားထဲကမြင်ရသည့်ဝင်ဆာသည် အမေရိကန်မြို့တွေနှင့် ချွပ်စွပ်မျှတူနေ၏။ ထူးခြားတာဆို၍ လမ်းအမည်များ လမ်းဆိုင်းဘုတ်များ သတိပေးအမှတ်အသားများ အများပြည်သူနှင့်ဆိုင်သည့်နေရာများ ရုံးများ စားသောက်ဆိုင်များအားလုံးတွင် အင်္ဂလိပ်-ပြင်သစ် နှစ်ဘာသာဖြင့် ရေးထားကြသည်ချည်းပင်။ အမေရိကန်တွင် ဟစ်စပင်န်းနစ်ရှ်သည် ဒုတိယဘာသာစကားသဖွယ်ဖြစ်ပြီး ကနေဒါကျတော့ ပြင်သစ်သည် ဒုတိယဘာသာစကား။ အမေရိကန်ကျောင်းတွေမှာ အထက်တန်းရောက်သည်နှင့် အပိုဘာသာစကားတခုခု ယူရ၏။ အခြေခံလောက် သင်သည်မှန်သော်လည်း ကိုယ်တိုင်အားထုတ်မှုကြောင့် ထွန်းပေါက်ကာ တက္ကသိုလ်ရောက်ပြီး ဒေါက်ထရစ်နှင့်ပညာရှင်ဖြစ်ကြသူတွေ များလှ၏။ ကနေဒါတွင်လည်း ထိုနည်းနှင်နှင်ပြင်သစ်စကားတွင်ကျယ်၏။ တိုင်းခြားစကားတို့ကို ကိုယ်စီဆည်းပူးကြသည်ကိုတွေ့တော့ စိတ်က ထုံးစံအတိုင်း ရွှေပြည်ကြီးဆီလည်ပြန်၏။ ရွှေပြည်ကြီး၏အတိတ်တွင်  တိုင်းခြားစကားတတ်ခြင်း၏အကျိုးကိုကောင်းစွာနားလည်သိမြင်သူတို့နှင့် မိစ္ဆာစကားမို့မသင်အပ်ဆိုသူတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ဖူးတာ ပြန်အောက်မေ့မိ၏။ ဘာသန္တရလမ်းညွှန်ကျမ်းနှင့်ရှင်အာဒိစ္စဝံသ၊ လောကာယတဒိဝိနိစ္ဆယကျမ်းနှင့် ဘုရားဖြူဆရာတော်အရှင်ရာဇိန္ဒတို့၏ပညာစီးချင်းထိုးပွဲက ဗမာစာပေသမိုင်းတွင် ကမ္ဗည်းတင်ရလောက်အောင်ခမ်းနားခဲ့၏။ ခုတော့ ရှင်ရောလူပါ အမြင်ပြောင်းကုန်၏။ သာသနာပြု တက္ကသိုလ်တွင် အင်္ဂလိပ်အပြင် အခြားဘာသာစကားများပါ ရဟန်းတို့ဆည်းပူးနေကြပြီ။ သာဓုခေါ်ရန်သာရှိ၏။

ဝင်ဆာ၏နောက်ထပ်ထူးခြားချက်က သည်မျှချမ်းချမ်းစီးစီးကြီးထဲ အနွေးထည်ထူထူကြီးတွေနှင့် ဘစ်ကားမှတ်တိုင်၌ကားစောင့်နေသူများကို မြင်ရခြင်းပင်။ မြို့သူမြို့သားတွေက Public Transportation အပေါ်အတော်အားထားကြမှန်း သိသာ၏။ ဆီဈေးကြီးတာနှင့်များဆိုင်နေမလား ဟုတွေးမိ၏။ ထိုအချိန်က အမေရိကန်ဘက်တွင် ဓါတ်ဆီတဂါလံ ၃ ဒေါ်လာခွဲခန့်။ ကနေဒါဘက်ကျတော့ ယူအက်စ်ဒေါ်လာနှင့်တွက်လျှင် ၅ ဒေါ်လာလောက်ကျ၏။ ဆီဈေးကြီးတော့ ဘစ်ကားစီးရတာပိုတွက်ခြေကိုက်တာလည်း အမှန်။ နောက်တခုက စက်ဘီစီးသူများ။ ကျန်းမာရေးအတွက် စီးချင်းမျိုးမဟုတ်ကြ။ အခြားကိစ္စနှင့်စီးရင်း ကျန်းမာရေးနှင့်ညီညွတ်သွားကြတာ ဖြစ်ဖို့များမည်ထင်၏။ ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးတွေလည်း ခေတ်စားနေ၏။ လိုလည်း လိုအပ်နေ၏။ လုပ်လည်းလုပ်နေကြ၏။ ကမ္ဘာကြီးလည်း သူတို့အလုပ်များလို့ပူနွေးနေပြီမို့ ပြန်အေးအောင် သူတို့ကအဓိကထား ပြန်လုပ်ပေးရမည်မဟုတ်လား။ ငွေလည်းချွေတာရာရောက်၏။ ဘာပဲဖြစ်ဖြစ်ကောင်း၏။ ထို စက်ဘီးတွေက လမ်းကြိုလမ်းကြားက ရွှတ်ကနဲထွက်မလာသလို ကားကြိုကားကြားလည်း တစွပ်စွပ်အဝင်အထွက်မလုပ်။ သူ့လမ်းသူ့စည်း သူ့တာနှင့်သူ့အထာမို့ ကားတွေလူတွေနှင့် ဖာသာလဝါဟုဆိုရမည်ထင်၏။ လူတွေကြတော့လည်း ယူအက်စ်ဘက်နှင့်ဘာမှမထူး။ အဖြူ၊ အမဲ၊ အညို၊ အဝါ အရောင်အသွေးစုံလူများ။ ဝတ်စားဆင်ယင်မှုလည်းအတူတူ။ အဆောက်အဦးနံရံတွေပေါ်က စာလုံးအလှတွေ၊ တောင်ခြစ်မြောက်ခြစ်တွေ၊ ပန်းချီကားလိုဟာကြီးတွေ၊ လူဆိုးဂိုဏ်းသင်္ကေတတွေ၊ သွေးသားဆန်လွန်းသည့် ဝတ်လစ်စလစ်အလှတွေအပါအဝင် အသွေးစုံအရောင်စုံနှင့်လှပနေတာမှာလည်း ယူအက်စ်နှင့်မခြား။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၃
ဆက်ပါဦးမည်။

0 comments:

Post a Comment