၁။ဝါရှင်တန်အခြေစိုက် ထောက်လှမ်းရေးနှင့်နိုင်ငံတကာရေးရာ အထူးသတင်းထောက် Wayne
Madsen ရေးသားသည့် (" A Soros-Made ' New World Order ' Takes Shape at the
UN") ဆောင်းပါးအား NSNBC သတင်းဝက်ဘ်ဆိုက်တွင် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်
နေ့၌ဖော်ပြခဲ့ပါသည်။ အဆိုပါသတင်းဝက်ဘ်ဆိုက်၌ဖော်ပြထားသောဆောင်းပါး တွင် ဂျော့ဆိုရော့
(George Soros) ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ အစိုးရမဟုတ်သောအဖွဲ့များ
(NGO) နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများ ကွန်ရက်သည်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးနှင့်ကုလသမဂ္ဂအထူးအေဂျင်စီများအတွင်းရှိ လုပ်ငန်းတာဝန်များကိုထိန်းချုပ်မှုများပြုလုပ်လျက်ရှိကြောင်း
ဖော်ပြထားပါသည်။ အဆိုပါ မဟာမိတ်ကွန်ရက်၏ ရည်မှန်းချက်သည်
ကမ္ဘာ့အထက်တန်းလွှာများနှင့် ၁ ရာခိုင်နှုန်းသာရှိသော
ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ၏အကျိုးစီးပွားအတွက် ကမ္ဘာ့မြေပုံကိုပြန်လည်ရေးဆွဲရန်
ဖြစ်ပါသည်။
၂။
ကမ္ဘာ့ကုလသမဂ္ဂသည် တစ်ချိန်က ပွင့်လင်းမြင်သာမှုရှိသည်ဟု ဂုဏ်ဆောင်နိုင်ခဲ့သော်လည်း
ယခုအခါ ဗျူရိုကရက်ဆန်သည့်အဖွဲ့တစ်ရပ်အသွင် ဖော်ဆောင်လာခဲ့ပါသည်။ ကုလသမဂ္ဂတွင် Soros
နှင့် ဆက်စပ်မှုရှိသည့် NGO အဖွဲ့ဝင်များ၊ Ford နှင့် Rockefeller ဖောင်ဒေးရှင်းကဲ့သို့သော
အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်
လက်ရှိ CIA အရာရှိများ၊ အရာရှိဟောင်းများနှင့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များပါဝင်သော
အနောက်အုပ်စုနိုင်ငံများမှသံတမန်များက တံခါးပိတ်ဆွေးနွေးပွဲများကျင်းပပြုလုပ်ပြီး
အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြပါသည်။ ယနေ့ကာလတွင် ကုလသမဂ္ဂအေဂျင်စီများနှင့်
အဖွဲ့ဝင်များစွာကို ပုဂ္ဂလိကချမ်းသာကြွယ်ဝသူများက ငွေကြေးအထောက်အကူများ ပေးလျှက်ရှိပါသည်။
၃။
ကုလသမဂ္ဂ၏အတွင်းရေးမှူးချုပ်ဘန်ကီမွန်းသည် တောင်ကိုရီးယားနိုင်ငံသားဖြစ်သော်လည်း
၎င်း၏အရေးပါသည့် လက်ထောက်အများစုသည် NATO အဖွဲ့နှင့်
၎င်းတို့မဟာမိတ်နိုင်ငံများ၏အကျိုးစီးပွားကို ပိုမိုအလေးထားသူများ ဖြစ်ပါသည်။
ကုလသမဂ္ဂနိုင်ငံရေးရာဌာန လက်ထောက်အတွင်းရေး မှူးချုပ် B. Lynn Pascoe
(မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း) နှင့်
လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Gregory
Starr (အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်လုံခြုံရေးဌာန ညွှန်ကြားရေးမှူးဟောင်း)
တို့သည် CIA နှင့် အနီးကပ်ချိတ်ဆက် ဆောင်ရွက်နေသူများအဖြစ်
ကုလသမဂ္ဂဝန်ထမ်းအများစုက ရှုမြင်ထားကြပါသည်။ မဟာဗျူဟာစီမံကိန်းရေးဆွဲရေးနှင့်
မူဝါဒညှိနှိုင်း ဆောင်ရွက်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Robert Orr သည်လည်း
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၌ ကမ္ဘာလုံးဆိုင်ရာနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ
ညွှန်ကြားရေးမှူးဟောင်းတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး CIA နှင့်
အနီးကပ်ဆက်သွယ်မှုရှိသူတစ်ဦး ဖြစ်ပါသည်။ ၎င်းအပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့၏
ဦးဆောင်ညွှန်ကြားရေးမှူး Anthony Lake သည်လည်း CIA ကိုယ်စားပြု အမေရိကန်အမျိုးသား
လုံခြုံရေးအကြံပေးဟောင်းတစ်ဦး ဖြစ်ပါသည်။
ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်
ထမ်းဆောင်လျက် ရှိသော ပြင်သစ်နိုင်ငံသား Herve Ladsous သည်
တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး NATO အဖွဲ့ကို လိုလားထောက်ခံသူတစ်ဦး ဖြစ်ပါသည်။
၎။ နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း
Helen Clark ဦးဆောင်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တွင်လည်း Soros နှင့် CIA ၏
သြဇာလွှမ်းမိုးမှု ပိုမို အားကောင်းလျှက်ရှိပါသည်။
ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများမှလွဲ၍ ကုလသမဂ္ဂအေဂျင်စီအသီးသီးတွင် Soros ၏အဖွဲ့ဝင်များက
များစွာပါဝင် ခြယ်လှယ်လျှက်ရှိပါသည်။ သို့သော် ဟန်ဂေရီနိုင်ငံသား ဘီလျံနာသူဌေးတစ်ဦးဖြစ်သော
Soros သည် ဟန်ဂေရီနိုင်ငံ၌ စစ်ပွဲဖြစ်ပွားချိန်တွင် နာဇီတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင်
ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာအေဂျင်စီ အားလည်း အဓိကပစ်မှတ်ထားလျက်
ရှိပါသည်။
၅။ Soros
သည် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဟောင်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့အကြီးအကဲ
ဗြိတိန်နိုင်ငံသား Mark Malloch Brown နှင့် လွန်စွာနီးကပ်သည့်ဆက်ဆံရေး ရှိသူလည်းဖြစ်ပါသည်။
Mark Malloch Brown အား ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်က
နယူးယောက်မြို့ Westchester စီရင်စုရှိ Soros ၏ နေအိမ်ခြံဝင်း၌ အခကြေးငွေမယူဘဲ
နေထိုင်စေခဲ့ပါသည်။ Soros ပုံဖော်လျက်ရှိသော ကုလသမဂ္ဂ၏ကမ္ဘာ့အစီအစဉ်သစ်အား ယခင်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က စီမံရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။
၎င်းအစီအစဉ်သစ်အရ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက် (Global Compact) ကို
တွန်းအားပေးအကောင်အထည်ဖော်လျှက်ရှိရာတွင် Malloch Brown သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးရန်အတွက်
နိုင်ငံတကာကော်ပိုရေးရှင်းများအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ဖိတ်ခေါ်ခဲ့ပါသည်။
အဆိုပါ Global Compact အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသေးစားနှင့်အလတ်စားစီမံကိန်းများကို
အကောင်အထည် ဖော်ရာတွင် လိုအပ်ချက်များအား နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများမှတစ်ဆင့်
ထောက်ကူပေးလျက်ရှိပါသည်။
၆။
ကုလသမဂ္ဂတွင် တံခါးပိတ်ဆွေးနွေးပွဲများကျင်းပပြုလုပ်လျှက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအပေါ်
သေးငယ်သောအစိတ်အပိုင်းများအဖြစ် ပိုင်းခြားခွဲခြမ်းရေး ဆွေးနွေးသည့် စာတမ်းဖတ်ပွဲများကိုလည်း
ကျင်းပလျှက်ရှိပါသည်။ အဆိုပါဆွေးနွေးပွဲအများစုကို ကုလသမဂ္ဂ
ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆိုင်ရာ အေဂျင်စီ အချင်းချင်းပေါင်းစပ်ညှိနှိုင်းရေး
မူဘောင် (Framework Team-FT) ပါ ညွှန်ကြားချက်များအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
FT တွင် အောက်ဖော်ပြပါ ကုလသမဂ္ဂရုံးအသီးသီးနှင့် အထူးအေဂျင်စီအသီးသီးမှ ကိုယ်စားလှယ်များ
ပါဝင် ပါသည်-
(က) စီးပွားရေးနှင့်လူမှုရေးရာ ဌာန။
Department of Economic and Social Affairs (DESA)
( ခ) နိုင်ငံရေးရာ ဌာန။
Department of Political Affairs (DPA)
( ဂ) ငြိမ်းချမ်းမှုထိန်းသိမ်းရေး ဌာန။
Department of Peacekeeping Operations (DPKO)
(ဃ) ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုင်ရာ
ညှိနှိုင်းရေးရုံး။
UN Development Operations Coordination Office (UNDOCO)
( င) အတွင်းရေးမှူးချုပ်၏ အလုပ်အမှုဆောင်ရုံး။
Executive Office of the Secretary General (EOSG)
( စ) စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့။
Food and Agricultural Organization (FAO)
(ဆ) နိုင်ငံတကာအလုပ်သမားအဖွဲ့။
International Labor Organization (ILO)
( ဇ) လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးရုံး။
Office for the Coordination of Humanitarian Affairs (OCHA)
( ဈ) ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး။
UN Office of High Commissioner for Human Rights (UNOHCHR)
(ည) လူမျိုးတုံးသတ်ဖြတ်မှုအား အကာအကွယ်ပေးရေးဆိုင်ရာ အထူးအကြံပေးရုံး။
Office of the Special Adviser for the Prevention of Genocide (OSAPG)
( ဋ) ငြိမ်းချမ်းရေးတည်ဆောက်မှု အထောက်အကူပေးရေးရုံး။
Peacebuilding Support Office (PBSO)
( ဌ) ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်။
UN Development Programme (UNDP)
( ဍ) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့။
UN Educational, Scientific and Cultural Organization (UNESCO)
( ဎ) ကုလသမဂ္ဂ လူသားများအိမ်ရာ ဗဟိုအဖွဲ့။
UN Center for Human Settlements (UNHABITAT)
(ဏ) ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့။
UN International Children's Fund (UNICEF)
(တ) ကုလသမဂ္ဂ၏ ကျား/မ သာတူညီမျှရှိမှုနှင့်
အမျိုးသမီးများ၏လုပ်ပိုင်ခွင့်ဆိုင်ရာရုံး။
UN Entity for Gender Equality and Women's Empowerment (UNWOMEN)
(ထ) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး။
UN High Commissioner for Refugees (UNHCR)
( ဒ) ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်။
UN Environment Programme (UNEP)
( ဓ) ကုလသမဂ္ဂ ဒီမိုကရေစီရန်ပုံငွေအဖွဲ့။
UN Democracy Fund (UNDEF)
( န) ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့။
UN Population Fund (UNFPA)
( ပ) ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်။
World Food Programme (WFP)
( ဖ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့။
World Health Organization (WHO)
( ဗ) ကမ္ဘာ့ဘဏ်။
World Bank
(ဘ) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့။
International Monetary Fund (IMF)
( မ) လူထုသတင်းအချက်အလက်ရေးရာဌာန။
Department of Public Information (DPI)
(ယ) အာဖရိကရေးရာအထူးအကြံပေးရုံး။
Office of the Special Advisor on Africa (OSAA)
( ရ) လက်နက်ဖျက်သိမ်းရေးဌာန။
Department for Disarmament Affairs (DDA)
(လ) ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုများဆိုင်ရာရုံး။
UN Office on Drugs and Crime (UNODC)
၇။ FT ၏
လုပ်ငန်းတာဝန်အများစုကို အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်သည့် Gay Rosemblum-Kumar ၏
ညွှန်ကြားချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး ၎င်းသည်
ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ရေးစီမံကိန်းနှင့်
ငြိမ်းချမ်းမှုတည်ဆောက်ရေး လုပ်ငန်းကဏ္ဍတွင် ဦးဆောင်လျက်ရှိပါသည်။ Soros နှင့် ၎င်း၏
NGO အဖွဲ့အစည်းများ၊ CIA နှင့် နိုင်ငံတကာဘဏ်လုပ်ငန်းရှင်များသည် နိုင်ငံတကာ
ကော်ပိုရေးရှင်းများ၊ အမေရိကန်နှင့် NATO အဖွဲ့တို့၏လိုအပ်ချက်များကိုဖြည့်ဆည်းရေးအတွက်
ကမ္ဘာ့မြေပုံကို ပြန်လည်ရေးဆွဲရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ FT ဆွေးနွေးပွဲအများစုတွင်
လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယားနှင့်အခြားနိုင်ငံများ၌
နိုင်ငံတကာကြားဝင်စွက်ဖက်ရေးဆိုင်ရာ အကာအကွယ်ပေးရေး (Responsibility to
Protect-R2P) ကို တွန်းအားပေးခဲ့သည့် Elie Wiesel ၏ မိန့်ခွန်းများကိုထည့်သွင်းဆွေးနွေးခဲ့ပါသည်။
FT ဆွေးနွေးပွဲများသည် ဆွေးနွေးညှိနှိုင်းရေးနှင့် အကြမ်းမဖက်ဆက်ဆံရေးကဏ္ဍတို့တွင်
ကျွမ်းကျင်သည့် Elie အပေါ်တွင် များစွာမှီခိုအားထားလျှက်ရှိပါသည်။ Elie သည် Merrill
Lynch၊ Charles Schwab စသည့် ကုမ္ပဏီများနှင့် New York Mellon ဘဏ်တို့မှ
အမြတ်အစွန်းများရရှိလျှက်ရှိပါသည်။ Elie သည် ဝန်ထမ်းများ၏
အလုပ်အကိုင်များဆုံးရှုံးနစ်နာမှုနှင့်ပတ်သက်၍ ၎င်းက ကုမ္ပဏီများကို
လိုအပ်သောအကြံညဏ်များပေးနေခဲ့ပါသည်။ ယခုအခါတွင်မူ နိုင်ငံ အသီးသီးတွင် ၎င်းတို့၏နိုင်ငံများအလိုက်
အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Elie က
ကုလသမဂ္ဂအား အကြံပေးလျှက်ရှိပါသည်။ FT အဖွဲ့သည် အမေရိကန်သမ္မတအိုဘားမား၏ သတင်းအချက်အလက်အကြံပေး
Cass Sunstein၊ ၎င်း၏ဇနီး အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီမှ Samantha Power
နှင့် Albert Einstein Institution မှ အယူအဆရေးရာပညာရှင် Gene Sharp
တို့၏အယူအဆများ ကိုလည်း ကျင့်သုံးလျှက်ရှိပါသည်။
၈။ FT အဖွဲ့သည်
အနောက်အုပ်စုလိုလားသည့်အစိုးရများရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်
ကမ္ဘာတစ်ဝန်းရှိ လှုပ်ရှားတက်ကြွသူများကို လေ့ကျင့်ပေးလျက် ရှိပါသည်။ အဓိကအားဖြင့်
အဆိုပါအနောက်အုပ်စုလိုလားသည့်အစိုးရများအပေါ် ဆန့်ကျင်ဆန္ဒပြမှုမပြုစေရေး
၎င်းလှုပ်ရှားတက်ကြွသူများကိုအကြံပြု ပေးခဲ့ပါသည်။ ကုလသမဂ္ဂရှိ FT လုပ်ငန်းရပ်တစ်ခုလုံးကို
Soros ၏ ငွေကြေးဖြင့်ထောက်ကူပေးလျှက်ရှိပါသည်။
၉။ FT အဖွဲ့၏
အဓိက တပ်လှန့်နေသည့်လုပ်ငန်းတစ်ရပ်မှာ ရှိရင်းစွဲနိုင်ငံများအား
သေးငယ်သည့်အစိတ်အပိုင်းအသီးသီးအဖြစ် ပိုင်းခြားခွဲခြမ်းရေးပင် ဖြစ်ပါသည်။
လတ်တလောကျင်းပပြုလုပ်ခဲ့သည့် " Nepal in Transition " ဟူသည့်
ခေါင်းစဉ်ဖြင့်ကျင်းပသော FT ဆွေးနွေးပွဲတစ်ရပ်တွင် ထိုကဲ့သို့ပိုင်းခြား
ခွဲခြမ်းရေးအတွက် မည်ကဲ့သို့မဟာဗျူဟာကိုကျင့်သုံးနေသည်ကို
ရှင်းရှင်းလင်းလင်းတွေ့ရှိရပါသည်။ နီပေါနိုင်ငံ၏ အင်အားကြီးပါတီဖြစ်သည့် နီပေါကွန်မြူနစ်
ပါတီ (မော်ဝါဒီ) အား ဘေးဖယ်ထားရေးရည်မှန်းသည့် အဆိုပါ
နီပေါနိုင်ငံခွဲခြမ်းရေးအစီအစဉ်သည် နီပေါနိုင်ငံအား ဖက်ဒရယ်အစိတ်အပိုင်းများအဖြစ်
အမှန်တကယ် ပိုင်းခြားခွဲခြမ်းခြင်းမပြုမီ ပထမအဆင့်အဖြစ် ဖက်ဒရယ်ဝါဒသဘောကို
လေ့လာဆန်းစစ်ခြင်းဖြစ်ပါသည်။
၁ဝ။
နီပေါနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့အစည်းများသည် လတ်တလောတွင်
နီပေါနိုင်ငံအတွင်း ကိုယ်ပိုင်အမှတ်လက္ခဏာအခြေပြု ပြည်ထောင်စုသမ္မတနိုင်ငံတစ်ရပ်တည်ထောင်ရေးသဘောတူညီချက်တစ်ရပ်ကို
လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ နီပေါနိုင်ငံ ပိုင်းခြားခွဲခြမ်းရေး မဟာဗျူဟာကို
နီပေါနိုင်ငံရှိ ကုလသမဂ္ဂမစ်ရှင်ကိုဦးဆောင်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်
Ian Martin က ခေါင်းဆောင် ခဲ့ပါသည်။ ကုလသမဂ္ဂ၏ အဆိုပါမဟာဗျူဟာအရ နီပေါနိုင်ငံသည်
ပြည်တွင်းရှိအဖွဲ့အစည်းများ၊ နိုင်ငံသားများ၊ Dalit နှင့်
မွတ်စလင်ကဲ့သို့သောလူမျိုးများ စသည်တို့ကိုအခြေခံ၍ ပြည်ထောင်စုသမ္မတနိုင်ငံတစ်ရပ်
အသွင်ကူးပြောင်းမည်ဖြစ်ပါသည်။ Martin သည် ဘော့စနီးယား - ဟာဇီဂိုဗီးနားနှင့်
လစ်ဗျားနိုင်ငံ တို့တွင် ဖက်ဒရယ်စနစ်တည်ထောင်ရာ၌ ပါဝင်ခဲ့သူဖြစ်ပါသည်။
လစ်ဗျားနိုင်ငံအရှေ့ပိုင်းပြည်နယ်ဖြစ်သည့် Cyrenaica ပြည်နယ်သည် နိုင်ငံမှခွဲထွက်၍
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး တောင်းဆိုခဲ့ပါသည်။
၁၁။ နီပေါအရေးနှင့်ပတ်သက်၍
ဆွေးနွေးပွဲများကျင်းပရာတွင်ပါဝင်ခဲ့သည့် ကုလသမဂ္ဂဆိုင်ရာတာဝန်ရှိသူအချို့က နီပေါနိုင်ငံအတွင်းရှိ
မော်ဝါဒီများကို ဖယ်ရှားပစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။ အဆိုပါ
နီပေါနိုင်ငံဆိုင်ရာကွန်ဖရင့်တွင် CIA နှင့် ချိတ်ဆက်မှုရှိသည့် တောင်အာရှဒေသရေးရာ
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert O. Blake လည်း
ပါဝင်ခဲ့ပါသည်။ Blake သည် မော်လ်ဒိုက်နိုင်ငံ သမ္မတမိုဟာမက်နာရှက်အား ဖယ်ရှားပစ်ခဲ့သည့်
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ကြိုးကိုင်ထောက်ကူပေးခဲ့ကြောင်းသတင်းများ
ထွက်ပေါ်ခဲ့ပါသည်။ အဆိုပါ အာဏာ သိမ်းမှုကြောင့် မော်လ်ဒိုက်နိုင်ငံအား
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ပြောင်းလဲသွားစေပြီး တရုတ်နိုင်ငံအား
ဝိုင်းပတ်ပိတ်ဆို့ရေး အမေရိကန်၏မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ်
မော်လ်ဒိုက်နိုင်ငံတောင်ပိုင်း၌ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု
တပ်စွဲခွင့်ရရှိစေခဲ့ပါသည်။
၁၂။
သီရိလင်္ကာနိုင်ငံသည်လည်း ဖက်ဒရယ်ဝါဒကျင့်သုံးစေရေး လမ်းကြောင်းပေးသည့်
နိုင်ငံရေးသမားများအတွက် ပစ်မှတ်ဖြစ်လာစေခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ်
အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ဟီလာရီကလင်တန်နှင့်ဘားရက်အိုဘားမားတို့သည်
သီရိလင်္ကာ၌ သီးခြား လွတ်လပ်သည့် တမီးလ်ပြည်နယ်တစ်ရပ်တည်ထောင်ရေးကြိုးပမ်းနေသော
တမီးလ်ကျားသူပုန်ဆိုင်ရာအဖွဲ့အစည်းများထံမှ မဲဆွယ်စည်းရုံးရေးရန်ပုံငွေ အဖြစ်
ထောက်ပံ့ငွေအမြောက်အမြား ရရှိခဲ့ပါသည်။ တမီးလ်ကျားသူပုန်အဖွဲ့သည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ခံထားရသောအဖွဲ့
ဖြစ်ပါသည်။ သို့သော် မဲဆွယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးမှုကြောင့် ကျားသူပုန်တို့အား
ကျေးဇူးဆပ်သည့်လုပ်ရပ်တစ်ခုအဖြစ် အိုဘားမား အစိုးရ၊ Soros နှင့် နော်ဝေနိုင်ငံရှိ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့တို့က
သီရိလင်္ကာနိုင်ငံတွင် ဆင်ဟာလီစ်၊ တမီးလ်နှင့်မွတ်စလင်ဖက်ဒရေးရှင်းတစ်ရပ်
တည်ထောင်နိုင်မည့် ဖက်ဒရယ်စနစ်တစ်ရပ်ကျင့်သုံးရေး တွန်းအားပေးခဲ့ပါသည်။
၁၃။ နော်ဝေနိုင်ငံသား
အမြောက်အမြားသည် သီရိလင်္ကာနိုင်ငံ၌ ဖက်ဒရယ်စနစ်ကျင့်သုံးရေး
နောက်ကွယ်မှတွန်းအားပေးလျက်ရှိပြီး အဓိကအားဖြင့် တွန်းအားပေးလျှက်ရှိသူမှာ Soros ၏
အားကိုးယုံကြည်ရသူတစ်ဦးဖြစ်သူ ဒေါက်တာ Johan Galtung ဖြစ်ပါသည်။
ဖက်ဒရယ်ဝါဒဆိုင်ရာအစီအစဉ်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် Soros ၏ NGO
အဖွဲ့အစည်းများသည် နိုင်ငံတကာဆက်ဆံရေးအစီအစဉ်များနှင့်အတူ အဓိကကျသည့်
တက္ကသိုလ်ကြီးများ၌ ခွဲခြမ်းပိုင်းခြားရေးဆိုင်ရာအစီအစဉ်အမြောက်အမြားကို လေ့လာမှုပြုလုပ်ခဲ့ကြပါသည်။
၁၄။
မြန်မာနိုင်ငံသည်လည်း ဖက်ဒရယ်ဝါဒီများနှင့် ခွဲခြမ်းပိုင်းခြားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ပစ်မှတ်တစ်ခု
ဖြစ်လာခဲ့ပါသည်။ ကုလသမဂ္ဂနှင့် Soros ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအား
မျိုးနွယ်စုအခြေပြုနိုင်ငံငယ်များအဖြစ် ခွဲခြမ်းပစ်ရန်ဖြစ်ပါသည်။ အဆိုပါ
မျိုးနွယ်စုအခြေပြုနိုင်ငံငယ်များ ဖြစ်လာပါက နေရာအချို့တွင် အမေရိကန်နိုင်ငံ၏
စစ်အခြေစိုက်စခန်းများတည်ဆောက်နိုင်ရေးအတွက် အထောက်အကူရရှိလာနိုင်ပြီး တရုတ်နိုင်ငံ
တောင်ပိုင်း၌ ထောက်လှမ်းရေးလုပ်ငန်းများ၊ ဆူပူသောင်းကျန်းမှုနှင့် အခြားအဖျက်အမှောင့်လုပ်ငန်းကဏ္ဍရပ်များအား
ထိရောက်စွာဆောင်ရွက်နိုင်ရေး အခွင့်အလမ်းပေါ်ပေါက်လာနိုင်ပါသည်။ မြန်မာနိုင်ငံနှင့်
တရုတ်နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုရရှိစေရေးအတွက် အဆိုပါနှစ်နိုင်ငံအတွင်းရှိ
လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာရပ်များကို လက်ကိုင်တုတ်တစ်ခုအဖြစ် Soros က
အသုံးပြုလျှက်ရှိပါသည်။
၁၅။ EU ၊ အမေရိကန်၊
ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် Soros ၏ မဟာမိတ်အဖွဲ့တို့၏ အန္တိမရည်မှန်းချက်မှာ
အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့အား နိုင်ငံငယ်များအဖြစ်
ပိုင်းခြားခွဲခြမ်းပစ်ရေးပင် ဖြစ်ပါသည်။
NSNBC သတင်းဌာန
၁၆။ NSNBC သတင်း ဌာနကို ၂ဝ၁၁ ခုနှစ်
သြဂုတ်လ ၂၈ ရက်နေ့တွင် အမှန်တရားကို ထိမ်ချန်ဖုံးကွယ်ထားသော အသင်းအဖွဲ့ပိုင်နှင့်အစိုးရပိုင်မီဒီယာများ
အဆုံးသတ်စေရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ NSNBC သည် ဒေသအသီးသီးမှ
သတင်းထောက်များ၊ စာပေပညာရှင်များနှင့် ကျွမ်းကျင် ပညာရှင်များထံမှ သတင်းဆောင်းပါးများရယူ၍
ထုတ်ဝေဖော်ပြလျှက်ရှိပါသည်။ အဆိုပါသတင်းဌာနကို ဒေါက်တာ Christof Lehmann က
တည်ထောင် ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားလျှက်ရှိသည့် နေ့စဉ် တိုက်ရိုက်
တိကျသည့်သတင်းပေးပို့ချက်များ၊ ကျယ်ပြန့်နက်ရှိုင်းသည့် အကဲဖြတ်ဆန်းစစ်ချက်များနှင့်
ထင်မြင်ယူဆချက်များကို စာဖတ်သူတို့ထံ အရောက်ပေးပို့လိုသည့်ရည်ရွယ်ချက်ဖြင့် ၎င်းက
တည်းဖြတ်ထုတ်ဝေလျက် ရှိပါသည်။ NSNBC အနေဖြင့် ယုံကြည်အားထားရသည့်သတင်းမီဒီယာအဖြစ်
ဆက်လက်ရပ်တည်သွားရန် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာလိုတွေ့တာနဲ့ယူတာက
http://www.myawady.net.mm/library/stories/init/item/737-2012-12-04-10-57-04#.URENpGfjE9Q
အင်္ဂလိပ်လိုတွေ့တာက
http://nsnbc.me/2012/11/24/a-soros-made-new-world-order-takes-shape-at-the-un/
(မှတ်ချက်....လေ့လာရေးလုပ်ရာမှာ ကိုယ့်ဘက်တင်မက သူ့ဘက်ကစဉ်းစားချက်ပါ ထညိ့်တွေးမှရတယ်မြင်မိ၍တင်ပါကြောင်း)
0 comments:
Post a Comment