ကိုမင်းဇင်သည် The Foreign Policy’s Transition Blog တွင်ပုံမှန်ပါဝင်ရေး သားနေသူဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့်နိုင်ငံရေးလေ့လာသုံးသပ် သည့်ဖောင်ဒေးရှင်းများအတွက် သုတေသနစာတမ်းများစွာရေးသားခဲ့ သည်။ ကိုမင်းဇင်သည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကြီး တွင် အထက်တန်းကျောင်းသားတစ်ဦးအနေဖြင့်ပါဝင်လှုပ်ရှားခဲ့ သည်။ ၁၉၈၉ မှစ၍ စစ်အစိုးအရ၏ ဖမ်းဆီးထိန်းသိမ်းမည့်အန္တရာယ်မှ ရှစ်နှစ်ကြာတိမ်းရှောင်ပုန်းအောင်းနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်သို့ထွက်ခွာခဲ့သည်။ ထိုကဲ့သို့တိမ်းရှောင်နေစဉ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများဆောင်ရွက်ရင်း
တစ်ဖက်တွင်လည်း စာပေများရေးသားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိပြီးနောက်ပိုင်း တွင် သူ၏လေ့လာသုံးသပ်ရေးသားချက်များ Foreign policy, The Irrawaddy,
The Bangkok Post, Far Eastern Economic review, Wall Street Journal နှင့် အခြားစာစောင်များစွာတွင်ပါဝင်ရေးသားခဲ့သည်။ ယခုအခါ ကယ်လီဖိုးနီးယားရှိ
ဘာကလေတက္ကသိုလ် (University of California, Berkeley)တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိရန်လေ့လာလျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရ်ီလအတွင်းက
မြန်မာနိုင်ငံသို့ခေတ္တပြန်လာသော ကိုမင်းဇင်နှင့်တွေ့ဆုံပြီး မေးမြန်းဖြစ်သည်များကို ဖော်ပြလိုက်ပါသည်။
ကိုမင်းဇင် မြန်မာနိုင်ငံနဲ့ဝေးနေခဲ့တာ၁၆ နှစ်ရှိပြီ။ အခုပြန်ရောက်လာတော့ ခံစားရတဲ့ခံစားမှုနဲ့
ထူးခြားမှုတွေရှိသလားဆိုတာ အရင်ဆုံးပြောပြစေချင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်လာတဲ့အခါဝမ်းသာပါတယ်။ အရေးအကြီးဆုံးကတော့
ကျွန်တော့်မိသားစုနဲ့တွေ့ခွင့်ရတယ်။ ကျွန်တော်နိုင်ငံရပ်ခြားရောက်ပြီး ခုလိုပညာသင်ခွင့်ရတယ်။ နိုင်ငံတကာမီဒီယာတွေမှာလည်း ဆောင်းပါးတွေဘာတွေရေးတယ်။
ဒါတွေအားလုံးဟာတကယ်တော့ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာပါဝင်ခဲ့လို့ ရရှိတဲ့အသိအမှတ်ပြုခံရတာတွေလို့ ကျွန်တော်ခံယူပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကြီးမှာ အတူတူပါဝင်ခဲ့တဲ့သူငယ်ချင်းတွေ၊ ခေါင်းဆောင်တွေနဲ့တွေ့ပါတယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲပေါ့။
လုပ်ပေးနိုင်တာကို လုပ်ပေးချင်ပါတယ်။ ဒါကြောင့် ပထမတစ်ခုကကိုယ့်နိုင်ငံကိုပြန်ရောက်လို့ ပျော်ပါတယ်။
ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့တွေ့ရလို့ ပျော်ပါတယ်။ နောက်တခုက ဒီမိုကရေစီရေးတလျှောက်
ကျနော်တို့မိသားစုတကွဲတပြား၊ လူငယ်ဘ၀တွေဆုံးရှုံးဒုက္ခတွေမျိုးစုံကြုံခဲ့ရကြရသလို
ဒီလှုပ်ရှားမှုကြီးကြောင့်ပဲ ပိုရင့်ကျက်လာ၊ ခုလိုနိုင်ငံတကာအတွေ့ကြုံတွေ၊ အသိအမြင်တွေတိုးလာတာမို့ လှုပ်ရှားမှုကိုဘယ်လိုပြန် ပံ့ပိုးနိုင်မလဲဆိုတာ ကျွန်တော့စဉ်းစားချက်မှာ အဓိကအချက်အဖြစ် ပါပါတယ်။ နောက်ပြီးတော့ ကျွန်တော် ဒီမှာ သုတေသန လာလုပ်ချင်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့အလားအလာတွေကို လေ့လာပါတယ်။ ပြီးတော့
ဒီကအာဏာပိုင်အဖွဲ့အစည်းကပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဖြစ်ပါတယ်။ ဘာထူးခြားလဲဆိုတော့
တခြားနိုင်ငံရေး၊ စီးပွားရေးတွေခဏထားပေါ့ဗျာ။ အဓိကပြောင်းသွားတာကတော့ physical landscape ပေါ့။ ကျွန်တော်တို့နေခဲ့တဲ့အိမ်၊ ရပ်ကွက်တွေကမမှတ်မိလောက်အောင် ပြောင်းလဲသွားတာ
တွေ့ရတယ်။ လူတွေများလာပြီး ကန်ထရိုက်တိုက်မြင့်တွေကြားမှာ နည်းနည်းမွန်းကျပ်သလို ခံစားရတယ်။
ထိုင်းနိုင်ငံကမြိုလေ့းတစ်ခုမှာရောက်နေတာလား ဒါမှမဟုတ် မလေးရှားကမြို့လေးတစ်ခုမှာ
ရောက်နေတာလားလို့ ခံစားရတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေကတော့ တကယ့်ကိုနွေးနွေးထွေးထွေး
ရှိလှပါတယ်။

အခု ကိုမင်းဇင်နိုင်ငံခြားမှာ ပညာသင်ဖြစ်တော့Political Science (P.S) ယူဖြစ်တယ်လို့ သိရတယ်။ ဘာကြောင့် P.S ယူဖြစ်တာလဲ။ ယူဖြစ်ပုံလေးသိချင်ပါတယ်။
ယူဖြစ်တာက ကျွန်တော်က comfort zone ပေါ့လေ။ ကျွန်တော့်အတွက် သိပ်သက်သောင့် သက်သာဖြစ်လာပြီဆိုရင် ကျွန်တော်ကအဲဒီနေရာမှာ မနေချင်တော့ဘူး။ အဲဒီလိုအနေအထားမျိုးဖြစ်
လာပြီဆိုရင် နောက်ထပ်ကျွန်တော့်အတွက် စိန်ခေါ်မှုရှိလာနိုင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပြန်
အကဲစမ်းနိုင်တာမျိုး ဘာရှိမလဲဆိုတာကိုစူးစမ်းဖြစ်ပါတယ်။ ကျွန်တော်နိုင်ငံရေးလုပ်ခဲ့တယ်။ Student activist ပေါ့လေ။ နောက်ထိုင်းရောက်တဲ့အခါ သတင်းစာဆရာလုပ်တယ်။ သတင်းစာဆရာလုပ်ရင်းနဲ့ နောက်ထပ် ငါ့အတွက် စိန်ခေါ်မှုဘာတွေရှိနိုင်သေးသလဲပေါ့။ သတင်းစာဆရာလုပ်တဲ့အခါမှာလည်း
ပထမပုံနှိပ်မီဒီယာ (print media) မှာလုပ်တယ်။ နောက်အသံလွှင့်မီဒီယာမှာ လုပ်တယ်။ အဲဒီတော့ ကျွန်တော် စောစောကပြောခဲ့သလိုပဲ ကျွန်တော့်အတွက် comfort zone ဖြစ်လာပြီဆိုရင် နောက်ထပ် ငါဘာများလုပ်နိုင်ဦးမလဲဆိုတာ အမြဲကိုယ့်ဟာကိုယ်ပြန်မေးဖြစ် တယ်။ အခြားအကြောင်းအချက်တွေရဲ့ တွန်းအားဆွဲအား ဒါတွေလည်း ပါတာပေါ့လေ။ ဒါပေမယ့် အဓိကကတော့ comfort zone မှာဆက်မနေချင်တာက ပိုအရေးပါတဲ့စေ့ဆော်မှုပါ။ ဘယ်နေရာမှာမဆို တွယ်ကပ်နေချင်ရင်၊ နေနေတဲ့လူတွေလည်း ရှိတာပါပဲ။ ပြန်ချုပ်ပြောရရင်၏ အဲဒီတော့ ပညာရေးလုပ်ချင်လာတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းကနေ ပညာရေးဘက်ပြောင်းခဲ့တယ်။
အခုတော့ နိုင်ငံရေးသိပ္ပံနဲ့ Ph.Dလုပ်နေပါတယ်။ အဲဒီအရင်ကတော့ အာရှလေ့လာရေးနဲ့ပေါ့လေ။
Master ယူပါတယ်။ ပြီးတော့မှ နိုင်ငံရေးသိပ္ပံနဲ့ပါရဂူဘွဲ့အတွက် လုပ်နေပါတယ်။ ဒီကြားထဲမှာပဲ ဘာကလေတက္ကသိုလ်မှာပဲ သတင်းစာပညာနဲ့ပတ်သက်ပြီး သင်ပြဖို့ရှိပါတယ်။ ဒီကပြန်ရင်လည်း နိုင်ငံရေးသိပ္ပံဌာနမှာ ခေတ်သစ်တရုတ်နိုင်ငံရေးအကြောင်း
စာပြပေးဖို့ရှိပါတယ်။

ကိုမင်းဇင်ဟာ activist တစ်ယောက်လည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသိပ္ပံလည်း လေ့လာနေတယ်ဆိုတော့
လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အမြင်ဘယ်လိုရှိလဲသိချင်ပါတယ်။ ကိုမင်းဇင် မြန်မာနိုင်ငံကိုပြန်ရောက်ပြီး
နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေနဲ့လည်းတွေ့တယ်၊ နေပြည်တော်သွားပြီးတော့လည်း
ပြည်ထောင်စုအဆင့်လူကြီးတချို့နဲ့လည်းတွေ့ခဲ့တယ်ဆိုတော့ မြန်မာ့နိုင်ငံရေးကိုသုံးသပ်ပေးပါဆိုရင်
ဘယ်အချက်ကိုများ စပြောချင်ပါသလဲ။

ပြောစရာတွေကတော့အများကြီးပါ။ ချုပ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲလာတာတော့အမှန်ပဲ။
ပွင့်လင်းလာတယ်။ အပွင့်တစ်ခု၊ အရွေ့တစ်ခုတော့ ရှိလာတယ်လို့ဆိုရမှာပါ။ access to power ပေါ့လေ။ ပိုပွင့်လာတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးပါတီတွေတည်ထောင်ခွင့်မရှိဘူး။
ရှိတာတွေကိုလည်း မလှုပ်နိုင်အောင်နှိပ်ကွပ်ထားတယ်ပေါ့လေ။ နိုင်ငံရေးအကျဉ်းသားတွေလည်းရှိ၊
သတင်းမီဒီယာလွတ်လပ်ခွင့်လည်း မရှိဘူး။ အဲဒီလိုအခြေအနေတွေကနေ နိုင်ငံရေးပါတီတွေ ထူထောင်လာနိုင်တယ်။ ရွေးကောက်ပွဲဝင်နိုင်တယ်။ Civil society လို့ခေါ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကိစ္စတွေလုပ်လာနိုင်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးလိုက်တယ်။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်။ ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့ကို ပြန်လာခွင့်ပေးတယ်။
တိုင်းရင်းသားကိစ္စတွေ ဆောင်ရွက်လာတာတွေရှိတယ်။ ဒါတွေဟာ အပြောင်းအလဲတွေပါပဲ။
ဒါတွေဟာ access to power ပွင့်လာတာလို့ပြောလို့ရပါတယ်။ အာဏာကိုချဉ်းကပ်ရတာ ပိုလွယ်လာ သလိုရှိတယ်။ အာဏာကိုဖောက်တဲ့လမ်း နဂိုကထက်ပိုကျယ်လာတယ်။ ဆိုပါတော့ ပါတီထောင်နိုင်တယ်၊ ပြီးတော့ ရွေးကောက်ပွဲဝင်နိုင်တယ်။ ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုပေမယ့် ရွေးကာက်ပွဲဝင်တိုင်း
အာဏာရတာမဟုတ်ဘူး။ အာဏာကိုဘယ်သူက ကိုင်ထားသလဲ။ ဘယ်သူ့လက်ထဲမှာရှိသလဲ ဒါ အရေးကြီးပါတယ်။ exercise of power ကတော့ တပ်မတော်လက်ထဲမှာပဲ ရှိနေပါတယ်။ တပ်ကသာ အဓိကပါဝါကိုကိုင်ထားတုန်းပဲ။
ဒါပေမယ့် ဟိုတုန်းကလို ရှေ့ထွက်ပြီး တိုက်ရိုက်ကိုင်တဲ့ aggressive။ aggressive သဘောမျိုးတော့ မဟုတ်တော့ဘူး။ passive veto ပေါ့လေ။ နောက်ကနေပြီး ညင်သာစွာ ထိန်းထားတဲ့နည်းပေါ့လေ။ အဲဒီတော့ပြောရရင် access to power ကတော့ ပိုကျယ်လာတယ်။ ဒါပေမယ့် exercise of power ကတော့ တပ်လက်ထဲမှာပဲလို့ဆိုရပါမယ်။

အသွင်ကူးပြောင်းရေး transition literature စာပေမှာ ဆိုတဲ့စကားနဲ့ပြောရရင် တိုင်းပြည်ဟာ liberalization လို့ခေါ်တဲ့ ဖြေလျော့ပွင့်လင်းမှုရှိလာတယ်။
ဒါပေမယ့် democratization လို့ခေါ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး
ဟုတ်မဟုတ်ဆိုတာတော့ မေးခွန်းထုတ်စရာ၊ စောကြောစရာဖြစ်ပါတယ်။

Access to power ကတော့ပိုကျယ်လာတယ်၊ ဒါပေမယ့် exercise of power ကတော့ တပ်လက်ထဲမှာပဲ လို့ ကိုမင်းဇင်ပြောခဲ့တယ်။ အပြောင်းအလဲတချို့ကို လုပ်ပေးနေတယ်။ ဒါပေမယ့် တကယ့်ပါဝါက တပ်လက်ထဲမှာဆိုတော့ အခုသွားနေတဲ့ဖြစ်စဉ်ဟာ တကယ်ပဲအပြောင်းအလဲတစ်ခုဆီ သွားနေတာလား၊ ဒါမှမဟုတ် ပါဝါကိုတပ်ကကိုင်ထားပြီး သူတို့သွားစေချင်တဲ့လမ်းကြောင်း၊
သူတို့ဖြစ်စေချင်တဲ့အတိုင်း အပြောင်းအလဲကိုဆောင်ရွက်နေတာလား။ control လုပ်ပြီးပေါ့။ နောက်တစ်ခုက ဘာကြောင့်တပ်က နောက်ကနေ ပါဝါကိုကိုင်ထားချင်ရတာလဲဆိုတာ သုံးသပ်ပေးပါဦး။

ချုပ်ပြီးပြောရရင် ဒီအပြောင်းအလဲဟာ အုပ်စိုးသူက သူ့စိတ်တိုင်းကျစီမံခန့်ခွဲပြီးပြောင်းလဲတဲ့ အပြောင်းအလဲလို့ဆိုရမှာပါ။ regime-led transition ပေါ့။ အုပ်စိုးသူကဦးဆောင်ပြုလုပ်တဲ့ အပြောင်းအလဲပဲ။ နိုင်ငံရေးဘောဂဗေဒအရပြောရရင် supply side ကနေပြီးမောင်းနှင် တာ။ ရောင်းလိုအားက ”လမ်းကြောင်းပေး” ဆွဲခေါ်သွားတဲ့အပြောင်းအလဲပါ။ demand side ကနေပြီး
မောင်းနှင်တာမဟုတ်ဘူး။ ဒါကြောင့် supply side driven transition လို့ ကျွန်တော်ပြောတာ။ ဒါကြောင့်
ဒီအပြောင်းအလဲဟာ အုပ်စိုးသူ (အာဏာရှိသူ)တွေက အခွင့်အရေးပိုသာတယ်။ အပေါ်စီးမှာရှိတယ်။
ဒါပေမယ့် တစ်ခုရှိတာက အပြောင်းအလဲဆိုတာက အုပ်စိုးသူတွေမျှော်မှန်းတဲ့အတိုင်း လည်း ဖြစ်ချင်မှတော့ဖြစ်တတ်တာပါ။ သူတို့စီမံထားတဲ့ ဒီဇိုင်းအတိုင်းပေါ့ဗျာ။
တခါတလေမဖြစ်တတ်ဘူး။ တစ်ကြောင်းဆွဲမျဉ်း linear ပေါ့။ အဲဒီလို မသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
မမျှော်မှန်းထားတာတွေပေါ့။ ဥပမာပြောရရင် ရခိုင်ပြဿနာပေါ့။ ကချင်ပြဿနာပေါ့၊ အခု နောက်ဆုံး
လက်ပံတောင်းတောင်လို ပြဿနာမျိုးတွေပေါ့။ နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့NLD က အပြတ်အသတ်နိုင်တာမျိုးတွေပေါ့။ အဲဒီတော့ပြောရရင် ဒီအပြောင်းအလဲမှာ အုပ်စိုးသူဘက်ကလိုချင်တာက authoritarian corporatism ဟိုတုန်းကတော့ အတိုက်အခံတွေက သုံးပွင့်ဆိုင်ကိုပြောကြတာပေါ့။
တပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသားရယ်ပေါ့။ ဆွေးနွေးအဖြေရှာ ပြီးတော့မှရှေ့ဆက် သွားကြမယ်လို့စဉ်းစားကြတာ။ အခုတော့ proxy ပေါ့လေ။ တပ်ကမွေးထုတ်ပေးလိုက်တဲ့
ခေါင်းဆောင်တွေပေါ့လေ။ ဦးသိန်းစိန်တို့လို၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့နဲ့ ကြံ့ခိုင်ရေးပါတီက
ခေါင်းဆောင်တွေပေါ့လေ။ သူတို့တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတိုက်အခံတွေကို
သူတို့ရဲ့ game ထဲ၊ ကစားကွင်းထဲကို ဆွဲသွင်းပြီးကစားစေတဲ့ကစားပွဲပါ။
အဲဒီတော့ တပ်သွားချင်တာက authoritarian corporatism ဒါပေမယ့် တကယ်ဖြစ်လာတာက competitive authoritarianism ပြိုင်ဆိုင်မှုရှိလာတယ်။
ခုနကစကား ပြန်ကောက်ရရင် access to power ကတော့ပွင့်လာတယ်။ ဒါပေမယ့် ဘယ်သူက ပါဝါရှိသလဲဆိုရင် သူတို့မှာပါဝါရှိတယ်။ အဆုံးသတ်အဆုံးအဖြတ်ပေးမှာ၊
ဘယ်သူက driver လဲဆိုရင် သူတို့က driver ပဲ ဖြစ်တယ်။ ပုံသဏ္ဌာန်အားဖြင့်ကတော့
အများကြီးပြောင်းသွားတယ်။ မကောင်းဘူးလားဆိုတော့၊ ဖြေလျော့လာတာ၊ ပွင့်လာတာ သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့အများကြီးပါပဲ။

စိန်ခေါ်မှုတွေလို့ပြောတော့ အဲဒီအထဲမှာနိုင်ငံရေးပါတီတွေအတွက်ရော ဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်သလဲ။
အတိုက်အခံတွေအတွက် အဓိကစိန်ခေါ်ချက်က နှစ်ခုရှိတယ်လို့ထင်တယ်။ တစ်ခုက အသွင်ကူးပြောင်းရေးလုပ်တဲ့နေရာမှာ အခြေခံကျတဲ့နားလည်မှုပေါ့။
အတိုက်အခံတွေရဲ့ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေကြားမှာ အခြေခံကျတဲ့နားလည်မှု fundamental understanding ရှိပြီလား။ Transition အသွင်ကူးပြောင်းတဲ့ဖြစ်စဉ်တွေမှာ ချောမွေ့ဖို့ဆိုရင်
အခြေခံကျတဲ့နားလည်မှုလိုအပ်ပါတယ်။ တောင်အာဖရိကမှာပဲကြည့်ကြည့်၊ ပိုလန်ကိုပဲ ကြည့်ကြည့် pact လို့ခေါ်တဲ့ သဘောတူညီချက်တွေလိုအပ်ပါတယ်။ နောက်ငါးနှစ်၊
ဆယ်နှစ်၊ ဆယ့်ငါးနှစ်မှာ တပ်မတော်ကဘယ်လိုရှိမလဲ စသည်ဖြင့်ပေါ့လေ။
အဆင့်ဆင့်ဆုတ်ခွာသွားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုး တပ်မတော်နဲ့ဒေါ်အောင်ဆန်းစုကြည်ကြားမှာ pact ရှိ၊ မရှိ မသိဘူး။ မရှင်းလင်းဘူး။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှင်းလင်းတာမျိုးလည်းမတွေ့ရတော့ သေချာမသိရဘူး။ ဒါပေမယ့် နားလည်သလောက်၊ လက်လှမ်းမီသလောက်ပြောရရင်တော့ တပ်မတော်နဲ့ဒေါ်အောင်ဆန်းစုကြည်ကြား
အဲဒီလိုနားလည်မှုမျိုး မရှိလောက်ဘူးလို့ယူဆရတယ်။ မီးစင်ကြည့် ကနေကြတဲ့သဘောမျိုး ရှိပါတယ်။ ပြောရရင် လွှတ်တော်တက်ခါနီး ကျမ်းသစ္စာကျိန်ဆိုတဲ့ကိစ္စမျိုးပေါ့လေ။
အခုနောက်ပိုင်း ရခိုင်ကိစ္စ၊ ကချင်ကိစ္စ၊ လက်ပံတောင်းတောင် ကိစ္စတွေ့ကြုံရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ad hoc ဖြစ်တာမျိုးတွေ တွေ့လာရ တယ်။ ရှေ့နောက်မညီတာ policy incoherence တွေ တွေ့လာရတယ်။ မူဝါဒနဲ့ပတ်သက်တဲ့ အားနည်းချက်တွေ တွေ့လာရပါတယ်။
ခုထိ pact မရှိသေးလို့ ရှေ့ဆက်ပြီးတော့ ရှိအောင်ကြိုးစားနေလားဆိုတော့
အဲ့ဒီလက္ခဏာမျိုးလည်း ခုထိမတွေ့ရဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာမဲအပြတ်နိုင်ရင် ငါတို့အာဏာရပြီ။
ဖွဲ့စည်းပုံပြင်မယ်စတဲ့ formal politics သဏ္ဌာန်နိုင်ငံရေးနောက်သိပ်လိုက်ရင် ရေလိုက်မှား သလိုဖြစ်နိုင်ပါတယ်။ အသွင်ကူးပြောင်းတဲ့နိုင်ငံတွေမှာ၊ ပဋိပက္ခလွန် post-conflict လူ့အဖွဲ့စည်းတွေမှာ
နိုင်သူအကုန်ယူကြေး winner takes all ဆိုတဲ့အကွက်မျိုးနဲ့ကစားရင် အောင်မြင်ဖို့ခဲယဉ်းပါ တယ်။ မြန်မာပြည်က ၁၉၉၀ ရွေးကောက်ပွဲ၊ အလားတူပဲ အနီးစပ်ဆုံး ၁၉၉၃ ကမ္ဘောဒီးယား
ရွေးကောက်ပွဲကနေ ၁၉၉၇ အာဏာသိမ်းပွဲတွေကိုကြည့်ရင် နိုင်သူအကုန်ယူဆိုတာထက် အာဏာခွဲဝေဖို့၊ အာဏာရှင်တွေအနေနဲ့အာဏာကစနစ်တကျဆုတ်ခွာဖို့ အခြေခံနားလည်မူယူရေး pact က ပိုအရေးကြီးပါတယ်။ ခုအဲ့ဒါမရှိပါဘူး။ ဒါက နံပါတ်တစ် အတိုက်အခံတွေအတွက် စိန်ခေါ်ချက်ပါ။ နောက်တစ်ခုကတော့ နိုင်ငံရေးပါတီတွေ၊ အ
တိုက်အခံတွေအနေနဲ့ လူပုဂ္ဂိုလ်ကိုကျော်လွန်ပြီး အဖွဲ့အစည်းနဲ့ကျင့်ထုံးတွေ အားကောင်းအောင် institutionalization ပေါ့လေ။ လုပ်နိုင်တဲ့အား နည်းတယ်လို့ထင်ပါတယ်။
အတိုက်အခံတွေအနေနဲ့ လှုပ်ရှားနိုင်မှုပဲရှိတယ်။ ညီညွတ်ရေးအပိုင်းမှာလည်း အားနည်းတာတွေ့ရတယ်။
ပြီးတော့ မဟာဗျုဟာလည်း ပီပီပြင်ပြင်မရှိဘူးလို့ မြင်တယ်။ သန်ရာကိုလုပ်နေကြတယ်။
လုပ်ခင်းလုပ်ကွက်တွေက စနစ်တကျမရှိတာတွေ့ရတယ်။ ဒီ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး ပြန့်ကြဲနေတဲ့အင်အားစုတွေကို ပြန်စုစည်းပြီးဦးဆောင်မှုပေးနိုင်ဖို့။ ပိုအရေးကြီးတာက သူတို့ပါဝင်ဆောင်ရွက်ခဲ့မှုတွေအပေါ် အသိအမှတ်ပြုမှုပါ။ ငါတို့လည်း ပါဝင်ဆောင်ရွက်နေပါလားဆိုတဲ့ ခံစားမှုမျိုးရှိနေရန်လိုအပ်ပါတယ်။ အဲဒါ လုံးဝအရေးကြီးပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။
ခေါင်းဆောင်က စနစ်ကျအောင်၊ ငါမရှိရင်လည်း ခေါင်းဆောင်နိုင်အောင် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ အရင်းအမြစ်တွေမွေးထုတ်ပေးနိုင်ရမယ်။ တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်း အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ လူနဲ့ဦးဆောင်တာ၊ အုပ်ချုပ်တာမဟုတ်ဘဲ စနစ်နဲ့  run တာ ဆိုတဲ့ အခြေအနေရောက်အောင် ပုံစံကျစွဲမြဲအောင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အဲဒီလို ဆောင်ရွက်မှုမျိုး
ခုချိန်ထိတော့ မတွေ့မိသေးဘူး။ အဲဒါဟာ အတိုက်အခံတွေအတွက် နောက်ထပ်စိန်ခေါ်ချက် တစ်ခုပါပဲ။
နောက်ထပ် စဉ်းစားစရာတွေလည်း ရှိပါသေးတယ်။ ဥပမာတခုပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထွက်ပေါက်လား၊ ဒါမှမဟုတ် တပ်မတော်က သူတို့ထွက်ပေါက်အဖြစ်အသုံးချနေ တာလား။ စဉ်းစားစရာပေါ့။ ပထ၀ီနိုင်ငံရေးနဲ့ပတ်သတ်ပြီးတော့လည်း စဉ်းစားစရာတွေအများကြီးပါ၊

ကိုမင်းဇင်ပြောသွားတဲ့အထဲမှာ အခုအပြောင်းအလဲဟာ supply-driven transition အပြောင်း အလဲဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါဆိုရင် demand side က ဒီအပြောင်းအလဲ မှာ ဘာလုပ်ဖို့လိုအပ်ပါသလဲ၊ ဘယ်လို ရပ်တည်သွားသင့်သလဲဆိုတာ ကိုမင်းဇင်ရဲ့အမြင် ဆက်ပြောပြပါဦး။
စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်နဲ့ကြားမှာ Fundamental Pact ရှိ၊ မရှိ ဒါအရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အခြေခံဥပဒေပြင်တာတစ်ခုတည်းနဲ့ မပြီးဘူး။ ပြီးတော့ ရွေးကောက်ပွဲမှာနိုင်တာနဲ့လည်း ပြဿနာတွေကမပြီးနိုင်ဘူး။ စောနကဥပမာလိုပဲ
ကမ္ဘောဒီးယားမှာကြုံခဲ့ဖူးတယ်။ သီဟာနုသား ရာနာရစ်ရွေးကောက်ပွဲမှာနိုင်တာပဲ။ ဒါပေမယ့် အဆုံးမတော့ ဟွန်ဆန်ကအာဏာမပေးဘူး။ ဒီတော့ winner takes all လူထုထောက်ခံမှု ငါ့မှာရှိ တယ်။ ရွေးကောက်ပွဲနိုင်အောင်လုပ်ကြမယ်ဆိုတာတစ်ခုတည်းနဲ့မရဘူး၊ မလုံလောက်ဘူးလို့ ထင်တယ်ဗျ။
post-conflict ကာလမှာ အရေးကြီးတာက negotiation skill နည်းနဲ့ bargain တွေ ထိထိမိမိ လုပ်နိုင်ဖို့လိုပါတယ်။ ထိထိမိမိဆိုတဲ့စကားကို ကျွန်တော်အလေးအနက် ပြောချင်တယ်။ ပြောင်းတဲ့အခါမှာ လက်ရှိအာဏာရရှိထားတဲ့သူတွေအတွက် ခြိမ်းခြောက်မှုမရှိဘူး၊ လုံခြုံမှုရှိတယ်ဆိုတာပြဖို့ လိုအပ်ပါတယ်။
အဲဒီဟာတွေအတွက် နှုတ်ကတိနဲ့တင် မလုံလောက်ဘူးလို့ ထင်ပါတယ်။ institution အလိုက်ကို ဆွဲခေါ်နိုင်ဖို့လိုပါတယ်။ နှစ်ဖက်စလုံးမှာ ပထမတန်းခေါင်းဆောင်တွေတင် မဟုတ်ဘဲ၊ ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်တွေကိုပါဆွဲခေါ်ပြီး binding ဖြစ်ဖို့၊ ၏
ချည်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်နိုင်ဖို့လိုပါတယ်။ မလုပ်နိုင်ဘူးဆိုရင်တော့လုံခြုံစိတ်ချရတဲ့
transition လို့ပြောနိုင်ဖို့ ခက်ပါလိမ့်မယ်။

အခုဆိုရင် အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သမ္မတကြီးဦးသိန်းစိန်ကို အမှတ်ပေးကြတယ်။ ဒါပေမယ့် အခုဆောင်ရွက်ခဲ့တဲ့အပြောင်းအလဲတွေက ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ပေးခဲ့တာတွေဖြစ်တယ်။
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာမျိုး၊ စာပေစိစစ်ရေးဖျက်သိမ်းပေးတာ မျိုးပေါ့။ ဒီတော့ နိုင်ငံရေးအရတော့ လွတ်လပ်လာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ စီးပွားရေးကပိုကျပ်လာတယ်ဆိုတဲ့အသံတွေကြားလာရတယ်။ ဒီ စီးပွာရေးပိုကျပ်လာတာ အပါအ၀င် ရှေ့မှာတွေ့ရမယ့်စိန်ခေါ်ချက်တွေအတွက် ဘာတွေဆောင်ရွက်ဖို့ လိုမယ်လို့ထင်ပါသလဲ။

အကျဉ်းချုပ်ပြီးပြောရရင် စိန်ခေါ်မှုလေးခုရှိတယ်လို့ မြင်ပါတယ်။ တစ်ခုကတော့ တရားဝင်မှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှု။ လက်ရှိအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး တက်လာတာ။
လူထုကရွေးကောက်ထားတယ်ဆိုပေမယ့် အစစ်အမှန်လို့မဆိုနိုင်ဘူး။ ဒါကြောင့် အုပ်စိုးသူနဲ့ အုပ်စိုးခံကြားအာဏာခွဲဝေမှုမှာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့်
တရားဝင်မှု legitimacy ပေါ့။ ဒါက ဒေါင်လိုက်ပြဿနာ။ နောက်တစ်ခုက အလျားလိုက်ပြဿနာ။
ဗဟိုနဲ့တိုင်းရင်းသားတွေကြား ပြဿနာ၊ ပြည်မနဲ့ပြည်နယ်တွေကြား ပြဿနာတွေပေါ့။ မပြေလည်ဘူး။
ဗမာတွေနဲ့တိုင်းရင်းသားတွေကြား ပြဿနာမဖြေရှင်းနိုင်ရင်လည်း ဒါ တရားဝင်မှုပြဿနာရှိနေတယ်။
legitimacy crisis ပဲ။ ဒုတိယအချက်ကတော့ security crisis ။ လုံခြုံရေးနဲ့ ဆိုင်တဲ့ပြဿနာ။ ရခိုင်ပဋိပက္ခမှအစပေါ့လေ national security ။ တခါ human security လူသားဘ၀လုံခြုံရေး၊ အခွင့်အရေး၊ အကြောက်တရား၊ စားဝတ်နေရေးပြဿနာတွေ ရှိနေတယ်။ နံပါတ်သုံးကတော့ social economic crisis လူမှုစီးပွားရေးပြဿနာ၊ တိုင်းပြည်မှာ ဆင်းရဲတဲ့သူကသိပ်ဆင်းရဲပြီး ချမ်းသာတဲ့သူကအရမ်းကိုချမ်းသာနေတယ်။ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေတယ်။ ဒီအပြောင်းအလဲဟာ လူထုကို တကယ်ဝန်ဆောင်မှုမပေးနိုင်ဘူးဆိုရင် ကြာလာရင် လူထုကအပြောင်းအလဲကို စိတ်ကုန်လာလိမ့်မယ်။ လူထုကစိတ်ကုန်လာရင်
အကျိုးဆက်တွေကမကောင်းနိုင်ဘူး။ ဒီစိန်ခေါ်မှုဟာ ကြီးမားပါလိမ့်မယ်။ နောက်တစ်ခုက capacity
နဲ့ဆိုင်တယ်။ အရည်အသွေးဆိုင်ရာစိန်ခေါ်မှု။ ဆိုလိုတာက state capacity အရမ်းအားနည်းနေ တယ်။ ရေ၊ မီး၊ လမ်းပန်းစတဲ့ အခြေခံဆောက်အအုံကစလို့ ပညာရေး၊ ကျန်းမာရေး၊ ၀န်ထမ်းအဖွဲ့
အဆင့်ဆင့်နဲ့ မီဒီယာအဆုံးပေါ့လေ၊ ကျွန်တော်တို့မှာ အရည်အချင်း၊ အရည်အသွေးပိုင်းဆိုင်ရာ
အားနည်းမှုတွေနဲ့ရင်ဆိုင်နေရတယ်မဟုတ်လား။ အဲဒီတော့ အဓိကပြဿနာ လေးခုရှိတယ်။
ဒါဦးသိန်းစိန်တစ်ယောက်တည်း ဖြေရှင်းလို့မရနိုင်ဘူး။ ဒါတွေဟာ အဆောက်အအုံဆိုင်ရာ structural ပြဿနာ၊ institutional ဆိုင်ရာပြဿနာပါ။ တစ်ခါနိုင်ငံရေးယဉ်ကျေးမှု
political culture ဆိုင်ရာ ပြဿနာလည်းဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် အင်အားစုအားလုံး ပါဝင်ဖို လိုတယ်။ တတ်နိုင်သမျှအားလုံးပါဝင်ဖို့ inclusive ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ချက်ချင်းကြီးပြောင်း
လဲနိုင်ဖို့ကိုတော့ မမျှော်လင့်သင့်ဘူး။ အဲဒီတော့ ကျွန်တော်ပြောခဲ့တဲ့ ပြဿနာလေးခု။
တစ်က တရားဝင်မှုပြဿနာ၊ နှစ်က လုံခြုံမှုဆိုင်ရာပြဿနာ၊ သုံးက လူမှုစီးပွားရေးဆိုင်ရာပြဿနာနဲ့
လေးက အရည်အသွေးပိုင်း ကျွမ်းကျင်မှုဆိုင်ရာ ပြဿနာတွေဖြစ်ပါတယ်။ အဲဒီပြဿနာ၊ စိန်ခေါ်မှုတွေကို
ဘယ်လိုရှင်းမှာလဲ။ စဉ်းစားဖို့လိုပါတယ်။ ဒါတွေဖြေရှင်းဖို့ ဘုံသဘောတူညီချက် လိုအပ်ပါလိမ့်မယ်။
သေချာ contract နဲ့မလုပ်ဘဲ သန်ရာသန်ရာရှင်းနေကြမယ်ဆိုရင် အသွင်ကူးပြောင်းရေးရဲ့ပီပြင်မှုက
မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်။ ကျွန်တော့်အမြင်ကတော့ ခုချိန်ဟာ သိပ်အကဲဆတ်တဲ့အချိန်လို့ မြင်ပါတယ်။ အဲဒီအခြေအနေကိုကျော်ဖြတ်ဖို့ဆိုရင် informed debates တွေလုပ်ဖို့လိုပါမယ်။ partisanship ပေါ့လေ။ ကိုယ့်လူ၊ ကိုယ့်အင်အားစုအသာရရေးကို
စဉ်းစားမယ်ဆိုရင် အမှန်တရားကိုရနိုင်ဖို့လွယ်မယ်မထင်ပါဘူးလို့ မြင်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ မေးချင်ပါတယ်။ အဲဒါကတော့ ကိုမင်းဇင် စောစောကပြောတဲ့အထဲမှာ ဒီကိုပြန်လာပြီး research လုပ်ချင်တယ်လို့ ပြောပါတယ်။ ဘယ်အပိုင်းတွေကို လေ့လာချင် research
လုပ်ချင်တာပါလဲ။
လုပ်ချင်တာပါလဲ။
ကျွန်တော့်ရဲ့ ပါရဂူဘွဲ့စာတမ်းအတွက် လုပ်ချင်တာပါ။ SSR လို့ခေါ်တဲ့ Security Sector Reform အတွက် လုပ်ချင်တာပါ။ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ဘယ်လိုလုပ်ကြသလဲဆိုတာပေါ့လေ။
စစ်တပ်တွေအာဏာစွန့်တဲ့အခါ ဘာကြောင့်စွန့်သလဲ၊ ဘယ်လိုစွန့်သလဲဆိုတာ နိုင်ငံတကာ ရလဒ်တွေနဲ့နှိုင်းယှဉ်ပြီးတော့ လေ့လာချင်တာပါ။ အခြားနိုင်ငံပေါင်းများစွာနဲ့နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံကို သုံးသပ်ချင်တာပါ။ လက်ရှိမြန်မာနိုင်ငံအပြောင်းအလဲနဲ့ပတ်သက်ပြီး ရှိနေတဲ့သီအိုရီတွေက
သေသေချာချာမရှင်းပြနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအပြောင်းအလဲဟာ model အသစ်ဖြစ်မလား။
ဖြစ်နိုင်မလား၊ ဖြစ်နိုင်တယ်ဆိုရင်အခြားနိုင်ငံတွေက apply လုပ်နိုင်အောင်လေ့လာချင်၊
သုတေသနလုပ်ချင်တာပါ။

ပြည်သွေးနိုင်
တွေ့တာနဲ့ယူတာက https://www.facebook.com/yanantthit.magazine?sid=0.7279165321961045
0 comments:
Post a Comment