(ကခုန်ဆင်နွှဲရမယ့် ချစ်ခြင်းမေတ္တာ)
ဒီဘက်ကယဉ်ကျေးမှုမှာတော့
(ဘာသာကိုးကွယ်သူတွေအတွက်) ဘာသာရေးထိမ်းမြားတဲ့အခမ်းအနားမှာရော
လူမှုရေးအရဧည့်ခံတဲ့ပွဲမှာရော ဖခင်ကိုယ်တိုင်က သမီးကို လက်ခြင်းတွဲချိတ်ပြီး
ပရိတ်သတ်ဗိုလ်ပုံအလည် တွဲခေါ်လာပြီး သားမက်လက်ထဲ အပ်တာမျိုးပါ။
ဧည့်ခံပွဲမှာ သမီးနဲ့အဖေလည်းတွဲကကြပါတယ်။ ဒါ ဆန်းတဲ့ကိစ္စမဟုတ်ပါ။ အဲ့ဒါကို
ရှက်စရာလို့ မျက်နှာပူစရာလို့ မြင်ချင်လည်း မြင်လို့ရပါတယ်။
အဲ့လိုမြင်လို့ဘာကိစ္စမှ မရှိသလို၊ ကိုယ်မလုပ်ချင်ရင်လည်း
မလုပ်ပဲနေလိုက်ရုံပါပဲ။ ကဲ့ရဲ့ပြစ်တင်စရာ နှာခေါင်းရှုံ့စရာမဟုတ်ပါ။
အထူးသဖြင့်
ယဉ်ကျေးမှုဆိုတဲ့ ဒြပ်မဲ့စကားလုံးကြီးအကာအကွယ်ယူပြီး တပါးသူဘဝအနေကို
ပုတ်ခတ်သရော်တာ စက်ဆုပ်ဟန်ပြုတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါ။
လူသားအခြင်းခြင်းကြား ကိုယ့်စည်းကိုယ်တား ကိုယ့်ဘာသာပြန်အချုပ်ချရင်း
မလွတ်လပ်တဲ့ရန်လိုတတ်တဲ့ ”ယဉ်ကျေးမှုအကျဉ်းသား”ကြီးတွေဖြစ်နေတာပါ။
အဲ့လိုသဘောထား အတွေးအမြင်စိတ်အခံဟာ ဗမာပြည်လို
ပိတ်ဆို့လူ့အဖွဲ့စည်းကလူတချို့မှာမှ ကွက်ပြီးရှိတတ်တာမဟုတ်ပါ။
ဒီရောက်နေတာလည်းကြာ ဒီကလူမှုဘဝထဲမှာလည်း
နိစ္စဓူဝပျော်ဝင်ရှင်သန်နေရသူ(တချို့)မှာလည်း ရှိနေသေးတာတွေ့ရပါတယ်။
အတင်းပြောင်းယူရမယ်လို့ မဆိုလိုပါဘူး။ အဲ့လိုလုပ်ယူရင်လည်း
နည်းလမ်းမမှန်သလို အကောင်းထက်အဆိုးတွေ ပိုများလာမှာပါ။
ဒီရောက်လာတဲ့လူတွေမှာ
တသက်လုံး သူတို့မကြားဖူး မမြင်ဖူး စိတ်တောင်မကူးဖူးတဲ့ အနေအထိုင်၊ ပညာရေး၊
လူမှုရေး၊ မိဘနဲ့သားသမီးဆက်ဆံရေးတွေနဲ့ နဖူးတေ့ဒူးတေ့ အတေ့ခံလိုက်ရတာမှတင်
သွေးပျက်ကုန်တွေရှိပါတယ်။ အင်္ဂလိပ်လိုတော့ Cultural Shock လို့
အလွယ်ပြောကြပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ဇိမ်ခံကားလှလှလေးကို
ကားမောင်းသက်နုသေးသူက သူ့ဟာသူ သူ့အရှိန်လေးနဲ့သူ ဘေးဘယ်ညာသတိမထားမိပဲ
အေးအေးလူလူမောင်းလာရင်း ရုတ်တရက် မျက်နှာချင်းဆိုင်ကနေ ဆယ်ဘီးကားကြီး
ဘွားကနဲဝင်ချလာတာနဲ့ သွားတိုးတဲ့အခါဖြစ်သလိုမျိုး ခြေမကိုင်မိ
လက်မကိုင်မိတွေ ဖြစ်ကုန်တာမျိုးပါ။ တချို့ဆို သွေးပါပျက်ပါတယ်။
အဲ့ဒီလိုဖြစ်တတ်ကြသူအများစုဟာ
စာပေအဖတ်အရှုနည်းတဲ့ ပညာအခြေခံနိမ့်ပါးတဲ့လူတွေ ဖြစ်နေတတ်တာ၊
စိတ်သဘောထားမကြီးမှု၊၊ အမြင်မကျယ်မှုတွေလည်း အဲ့လိုလူတွေမှာ အတွေ့ရများပါတယ်။
ဒါလည်း သိတ်တော့အထူးအဆန်းမဟုတ်ပါ။
သူတို့အဲ့သလိုရှော့ခ်တွေရလာ
သွေးတွေပျက်လာတော့ သူတို့ကလေးတွေအတွက် ပူပန်စိတ်ကြီးလာတယ်။ သူတို့က
ကလေးတွေကို ဘယ်မှာနေနေ သူတို့လိုပဲ မြင်စေတွေးစေချင် နေစေထိုင်စေချင်
သူတို့ယုံကြည်တာကိုပဲ ယုံချင်ကြည်စေချင် သူတို့ရှိခိုးတာ ကိုးကွယ်တာကိုပဲ
ရှိခိုးစေချင်ကိုးကွယ်စေချင်ကြတာပါ။ ချုပ်ပြောရရင် လောကကို
သူတို့လိုမြင်စေချင်တာပါ။ မင်းဟာ ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်တယ်ဆိုပြီး
နောက်ကနေ ကြိမ်နဲ့တို့ချင်တာပါ။ ကိုယ့်ကလေးတွေကို လူသားဖြစ်တည်မှုထက်
လူတယောက်ခြင်းစီရဲ့ကိုယ်စီဖြစ်တည်မှုထက် ကိုယ်နဲ့တူသူကွက်ကွက်ကလေးကိုသာ
လူထင်တဲ့စေချင်တဲ့စိတ်၊ ကိုယ့်အယူကိုယ်ယုံကြည်ရာ ကိုယ့်နေမှုသာ
တပါးသူတွေအရာတွေထက် ပိုကောင်းမွန်မှန်ကန်တယ်လို့ ထင်စေချင်တဲ့စိတ်အခံတွေပါ။
ဒီတော
ဘာလုပ်သလဲ ဒီမှာမွေးတဲ့ ဒါမှမဟုတ် ဒီကိုပေါက်စနလေးနဲ့ရောက်လာတဲ့
ဆယ်ကျော်သက်ကလေးငယ်တွေကို မိဘအရှိန်အဝါသုံးပြီး သူတို့နဲ့ မတူတူလာအောင်
ဇွတ်ပုံသွင်းပါတယ်။ နည်းနည်း ချုပ်ချယ်ချင်ပါတယ်။ ဒါပေမယ့်
သူတို့လိုသရောက်ခရီးမရောက်သလို ထင်သလောက်ထည်း မထိရောက်ပါဘူး။ တချို့ဆို
ပြောင်းပြန်အကျိုးဆက်ပါထွက်ကုန်ပါတယ်။
ကလေးတွေရဲ့ဆန္ဒအလျှောက်ထက်
မိဘရယ်
အဝန်းအဝိုင်းရယ်အရှိန်စော်ကိုသုံးပြီးယဉ်ကျေးမှုခေါင်းစဉ်နဲ့ချုပ်နှောင်ပြီး
ကလေးတွေကို ဘာသာရေးကျောင်းတွေ၊ ကျမ်းစာသင်ကျောင်းတွေ၊ နှစ်ခြင်းတွေ
ဖျန်းခြင်းတွေလုပ်ခိုင်း၊ ကျမ်းစာတွေရွတ်ခိုင်း၊ ဘုန်းကြီးကျောင်းတွေကို
အတင်းလွှတ်၊ ရှိတွေခိုးခိုင်း၊ သင်္ကန်းတွေစည်းခိုင်း၊ မယ်သီလတွေဝတ်ခိုင်း၊
ခေါင်းမြီးတွေခြုံခိုင်း၊ ဘာမှန်းမသိတဲ့ဝတ်စုံတွေဝတ်ခိုင်း၊
မုတ်ဆိပ်တွေထားခိုင်းနဲ့ ဆောက်တည်ရာမရ ဖြစ်ကုန်တာလည်းတွေ့ရပါတယ်။ ကလေးတွေကလည်း ဒီက အခြား ကတွေကြားမှာ အဲ့သလိုအလုပ်ခံရတာကို ရှက်ပါတယ်။ ရှက်တဲ့နေရာမှာ အနိုင်ကျင့်ခံရသလိုမျိုးအလုပ်ခံရတာကို ပိုရှက်ပါတယ်။
ဒီအပြုတွေဟာ သူတို့စိတ်ထဲကရှိနေတဲ့အခုအခံအစွဲအလမ်းကို
သူတို့ကလေးတွေကနေတဆင့် ဖော်ထုပ်ပြသဖို့ကြိုးပမ်းရင်း
ယဉ်ကျေးမှုသိမ်ငယ်စိတ်ဝင်သွားတာမျိုးလို့လည်း ပြောကြဆိုကြတာကြားဖူးပါတယ်။
ကျနော့်အမြင်ကတော့ ဝန်းကျင်သစ်က ကိုယ်နဲ့မတူတဲ့အရာတွေကိုခုခံဆန့်ကျင်ဖို့
ကိုယ့်ရှိတဲ့လက်နက်စွဲကိုင်ပြီး သွေးရူးသွေးတမ်းကြိုးပမ်းချက်လို့
ထင်ပါတယ်။ မတူတာကိုကြောက်တဲ့ကြောက်စိတ်ပါ။ မတူတာကို ညှိယူလိုစိတ်နည်းပါးတဲ့
မတူမှုအပေါ်မှာ သည်းခံလိုစိတ် သဘောထားကြီးလိုစိတ်နိမ့်ပါးမှုအခြေခံပါ။
တခါ
ကလေးတွေအရွယ်ရောက်လာတော့လည်း အဖြူတွေ အမည်းတွေ အဝါတွေနဲ့
ညားကုန်ရင်တော့ခက်ရချည်ရဲ့လို့ ပူပန်တာတွေလည်းရှိကြတယ်။
အဲ့သလိုပူပန်နေရင်းက တပြိုင်တည်းမှာပဲ မိဘတချို့မှာ ကိုယ့်သမီးလေးကိုသာ
အဖြူတွေအမည်းတွေနဲ့ မညားစေချင်တာ၊ သားယောက်ျားလေးက အဖြူမလေးယူလာရင်တော့
ပျော်တပြုံးပြုံး မော်မဆုံးဖြစ်နေသူလည်းရှိပါတယ်။ တခါ သမီးမိန်းကလေးက
လူမည်းအမျိုးသားနဲ့မဟုတ်ပဲ အဖြူနဲရသွားလို့ ဂုဏ်ဖော်နေကြသူတွေလည်း
ရှိပါသေးတယ်။
လူမည်းအမျိုးသား(အာဖရိကန်အမေရိကန်)တွေနဲ့
သမီးတွေ ညားကုန်မှာစိုးတဲ့စိတ်အခံတွေကြောင့်ပဲ အိမ်မှာ၊ အလုပ်မှာ၊
ဗမာအချင်းချင်းတွေ့ကြတဲ့အခါတွေမှာ ငမည်းတွေက ငမည်းတွေကဆိုပြီး
နင့်နင့်သီးသီး ချိုးချိုးနှိမိနှိမ် ခေါ်ဝေါ်သုံးစွဲတာတွေလည်း ကြားနေရပါတယ်။
အဲ့ဒီအခါမျိုးမှာ ဒီမှာပညာသင် ဒီကဘဝနဲ့ကြီးပြင်းရတဲ့ကလေးတွေနဲ့
သူတို့မိဘတွေ ထိပ်တိုက်တွေ့ကြတော့တာပါပဲ။ ဒီမှာက တယောက်ကိုတယောက်
အဲ့သလိုခေါ်တာမျိုးဟာ ရိုင်းစိုင်းအောက်တန်းကျတဲ့အပြုအမူလို့ ယေဘုယျသတ်မှတ်
သင်ကြားထားတာကိုး။ ကလေကချေချင်းအတူတူတောင် အဖြူတွေထဲက White Trash
လို့ခေါ်တဲ့ ကလေကချေအပြုအမူရှိသူတွေအပေါ် ထားတဲ့သဘောထား မြင်တဲ့အမြင်နဲ့
အမည်းတွေအပေါ်ထားတဲ့သဘောထား မြင်တဲ့အမြင်မတူပါဘူး။ ဒါလည်း လူဖြူ တွေအပေါ်အထင်တကြီးရှိစိတ် အခံက လာတာများလားလို့ တွေးစရာပါ။
ကိုယ့်ကိုယ်ကို White Supremacy လို့ဆိုတဲ့ လူဖြူကြီးစိုးရေးအယူအောက်
အသွပ်သွင်းခံလိုစိတ် များလားလို့လည်း တွေးချင်စရာပါ။
တချို့မိဘတွေများ
နောက်ဆုံး ဘယ်လောက်ထိအောင်လဲဆိုတော့ သူတို့ကြိုက်တဲ့ စားတဲ့
အစားအသောက်တွေကိုပါ ကလေးတွေကို အတင်းစားခိုင်းတာတွေအထိ
အတ္တကြီးကြီးနဲ့လုပ်တာတွေ့ဖူးပါတယ်။ ကလေးက လူမမယ်လေး။ မိဘကိုကြောက်လို့သာ
ဇွတ်မြိုချနေရာတာ သူ့အတွက် မသတီစရာတခုခုကို လည်မျိုထဲဆောင့်အသွင်းခံရလို့
ပျို့ချင်အန်ချင်စိတ်နဲ့ မျက်ရည်လည်ရွဲနဲ့ မြိုမြိုသာချနေရတာပါ။
အဲ့ဒါမျိုးကို ကျနော့်မျက်စေ့နဲ့ကိုမြင်ဖူးပါတယ်။ တကြိမ်လည်းမကပါ။ အဲ့လို
မိဘမျိုးဟာ အတော်နှလုံးနာစရာကောင်းတာပဲလို့ ကျနော့်စိတ်ထဲဖြစ်မိပါတယ်။
ကိုယ့်သားသမီးကို ကိုယ်နဲ့မတူတူအောင် ဇွတ်ရွတ်လုပ်ချင်တဲ့
အာဏာရှင်ဆန်တဲ့စရိုက်မျိးဗီဇမျိုးကို ကိုယ့်သားသမီးဆီ
သွတ်သွင်းနေတာပါလားလို့တောင် သူတို့မှာ
တွေးနိုင်မြင်နိုင်စွမ်းမရှိကြတော့ပါဘူး။
ကျနော်
အဲ့အကြောင်းတွေကို တခုခြင်းခွဲပြီး သူနေရာနဲ့သူ
ကျယ်ကျယ်ပြန့်ပြန့်လေးပြောချင်စိတ်ရှိပါတယ်။ တနေ့တော့ ပြောဖြစ်မှာပါ။
ခုတော့ ပြောချင်တာဆီပြန်ဆက်ပါ့မယ်။ ပြောချင်တာက အရွယ်လည်းရောက်ပြီး၊
စိတ်အခြေအနေလည်းပုံမှန်ရှိ၊ လွတ်လည်းလွတ်လပ်သူဖြစ်တယ်ဆိုရင် မိမိသားသမီးက
ကိုယ်တွေနဲ့မတူတဲ့ အသားအရောင် ကိုယ်တွေနဲ့မတူတဲ့အနေအထိုင်၊ အစားအသောက်၊
ကိုယ်တွေနဲ့မတူတဲ့ ဘာသာစကား၊ ကိုးကွယ်ယုံကြည်ခြင်း မယုံကြည်ခြင်း၊
ချုံ့ပြောရရင် အစစအရာရာ ကိုယ်နဲ့မတူသူကို အိမ်ထောင်ဘက်အဖြစ်
ရွေးချယ်လက်ထပ်တာကို ဘာမှ သိမ်ငယ်ရှက်ရွံနေစရာမလိုသလို
ဂုဏ်ဖော်မော်ကြွားနေစရာလည်းမရှိပါ။ အဲ့ဒါကို ဘာယဉ်ကျေးမှု အကာအရံ၊ ဘာ
ဘာသာရေးတံတိုင်း၊ ဘာ လူမျိုးရေး အတားဆီးအနှောင်အဖွဲ့တွေ
အချုပ်အချယ်တွေမှလည်း မတားဆီးမချုပ်ချယ် မကန့်သတ်စေလိုပါ။
အဲ့လိုလုပ်လို့လည်း မရပါ။
ဆင်ခြင်တုံတရားနဲယှဉ်တဲ့
ကိုယ်ချင်းစာတရားနဲ့ခံစားတဲ့ သဘောထားကြီးမှု
သီးခံနားလည်မှုတွေနဲ့ပြွမ်းတီးတဲ့စိတ်အခံကိုမွေးပြီး အဲ့ဒီအထိုင်ကနေ
ချစ်ခြင်းမေတ္တာကို မိသားစုဘဝတွေကို လူသားရဲ့လိင်စိတ်အလိုနဲ့ ဘဝနေမှုတွေကို
ချစ်ကြပါစေ၊ မြတ်နိုးတနာရှိကြပါစေ၊ လူသားမျိုးဆက်တွေ စည်ပင်ထွန်းကားပါစေ။
သားသမီး ထိမ်းမြားလက်ထပ်ပွဲတွေ မင်္ဂလာဧည့်ခံပွဲတွေမှာ ဖခင်တိုင်း ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ကကြခုန်ကြပါစေ။
မျိုးမြင့်ချို ဇန်နဝါရီ ၁၄၊ ၂ဝ၁၇
0 comments:
Post a Comment