Wednesday, August 31, 2016

ဖိနပ်တဘက် (မျိုးမြင့်ချို)

0 comments
(ဖိနပ်တဘက်)
အမေရိကန်မှာ နွေရာသီ သောကြာ စနေလိုနေ့တွေဆို Garage Sale တို့ Yard Sale တို့ ဆိုတာတွေ မိုးဦးကျမှိုတွေလို တဖျောဖျာပေါက်တော့တာကလား။ ကားဂိုထောင်ထဲ၊ အိမ်ဘေး ဒါမှမဟုတ် အိမ်နောက်ဘက်ကွက်လပ်လေးတွေထဲ အိမ်မှာ မသုံးလိုတော့တဲ့ ပစ္စည်းအဟောင်းအမြင်းလေးတွေ အဝတ်အထည်တွေ စက်ပစ္စည်းလေးတွေ စသည်ဖြင့်ပေါ့လေ ဈေးချိုချိုနဲ့ ချချက်ရောင်းကြတာမျိုးပဲ။ ဒါကလည်ဒး နွေဦးပေါက်နဲ့ နွေတရာသီစာရာလေးပဲ ဥတုလေးပါးလုံးရှိနေတာတော့မဟုတ်ဘူး။

ဟိုးအရင်ကာလများဆီကတော့ ဒါတွေဟာ ကလေးတွေ မုန့်ဖိုးပဲဖိုးရဖို့ အပျော်လုပ်ကြတဲ့အလုပ်ပဲ။ ယယ်သူကလည်း  ပြောတဲ့ဈေး ကပ်ထားတဲ့ဈေးနဲ့ လွယ်လွယ်ဝယ်လိုက်ကြတာပါပဲ။ ဘယ်သူမှလည်း ဈေးတွေဘာတွေဆစ်ရိုးမရှိပါဘူး။ ဆစ်စရာလည်း မလိုပါဘူး။ ကျနော်ဆို ကွန်ပြူတာ ၃ လုံးစာ ကက်စပါးစ်စကီးစ် ဗိုင်းရပ်စ်ပရိုဂရမ်တခုကို ၁ ဒေါ်လာတည်းနဲ့ ရခဲ့ဖူးပါရဲ့။

ခုတော့ ဒီ ကလေးတွေရဲ့အပျော်တမ်း မုန့်ဖိုးပဲဖိုးရှာတာလေးကလည်း စီးပွားရေးလိုဖြစ်လာနေပြီ။ တိုင်းပြည်လည်း ကျပ်တည်းလာသကိုး။ စီးပွားဖြစ် Garage Sale သမားတွေက တကယ့် Garage Sales အစစ်တွေဆီ ကားတစီးနဲ့မြို့ပတ် ဈေးတွေဘာတွေပါဆစ်စက်ပြီး တနေကုန်လိုက်လက်ဝယ်။ ပြီးတော့ အမြတ်အစွန်းလေးနည်းနည်းတင်ပြီး ပြန်ချရောင်းတာမျိုးပါ။ ဒါလည်း သူ့ဟာနဲ့သူ သူ့အရပ်နဲ့သူ့ဇာတ် ဟန်တော့အကျသား ဆိုရမှာပါပဲ။ နောက်တတ်ပြောင်တတ်တဲ့အမေရိကန်တချို့ကတော့ အဲ့သလို ဂရပ်ဂ်ျဆေးလ်တွေကို တွမ်တီဖိုးဆဲဗင်န်း သရီးဟန်ဒရက်အင်န်ဆစ်တီဖိုက်ဒေး ဂရပ်ဂ်ျဆေးလ်လို့ ရွှတ်တတ်ကြတယ်။ သူက ဥတုလေးပါးလုံး ရှိနေတတ်တာကိုး။

နောက်တမျိုးက ဘုရားကျောင်းတွေမှာ ရှိတတ်တဲ့ Thrift Shoppe တွေပါ။ သူတို့ကြ ခုနပြောတဲ့ ဂရပ်ဂ်ျဆေးနဲ့ နည်းနည်းကွာပါတယ်။ သူက အခန်းနဲ့ဘာနဲ့။ အမြဲတမ်းစောင့်ရောင်းပေးသူနဲ့ ငွေရေစက်နဲ့ဘာနဲ့ အကျအနပါ။ သူလည်း ဘုရားကျောင်းအသင်းဝင်တွေက ရောင်းလို့ရတဲ့ငွေ အသင်းတော်အတွက်သုံးပါစေဆိုပြီး လာလှူတဲ့ပစ္စည်း အဟောင်းအမြင်းလေးတွေကများပါတယ်။ ဒါပေမယ့် နံမည်ကြီးတံဆိပ်နဲ့ တပတ်ရစ်အဝတ်အထည်တွေ ဖိနပ်တွေလည်း ဈေးချိုချိုနဲ့ရတတ်ပါတယ်။

ကျနော်တို့လင်မယားက အဲ့ဒီ ဂရပ်ဂ်ျဆေးလ်တွေ သရစ်ဖ်ရှော့ပ်တွေသွားရတာ ဝါသနာပါပါတယ်။ တခါတလေ ရှေးဟောင်းပစ္စည်းလေးတွေ ပန်းချီကားတွေ ပန်းပုတွေ အိမ်အလှဆင်ပစ္စည်းတွေ ရှေးလက်ရာကြွေထည်မြေထည်တွေ စားပွဲကုလားထိုင်တွေရတတ်တာကိုး။ အဲ့ဒီနည်းနဲ့ဝယ်ထားတဲ့ ရှေးဟောင်းပစ္စည်းနဲ့ အာဖရိကပန်းချီကားတချို့ အာဖဂန်နစ္စတန်ပန်းချီကားတချို့ ရှေးအာရဗစ်လက်ရာ မွန်ဂိုလိယလက်ရာ အံဆွဲလေးတွေပါတဲ့ဘီဒိုလေးတွေ စားပွဲပုလေးတွေ ပန်းအိုးလေးတွေ ကုလားထိုင်တွေလည်း အိမ်မှာ မနည်းပါဘူး။ ထားပါတော့လေ အဲ့အကြောင်းတွေက ပြောမဆုံးပေါင်တောသုံးတောင်တွေပါ။

ခုပြောချင်တာက လွန်ခဲ့တဲ့ ၅ ပတ်လောက်က ကျနော်တို့မောင်နှံ ဘုရားကျောင်းကြီးတခုက သရစ်ဖ်ရှော့ပ်ဘက်ရောက်တော့ လိုချင်တာလေးများတွေ့ရင် ဝယ်ရကောင်းစေဆိုပြီးဝင်ကြည့်ရင်း သားရေအစစ်နဲ့လုပ်ထားတဲ့ ကြိုးထိုးစရာမလိုတဲ့ ကျနော့်စီးနေကြဆိုက် ဖိနပ်အဟောင်းတရံတွေ့တယ်။ အဟောင်းဆိုပေမယ့် အတော်လတ်တော့ အသစ်နီးနီးပဲ။ ဆေးတွေဘာတွေလည်းတိုက်ထားတော့ နက်ပြောင်နေတာပဲ။ အထဲမှာကလည်း အိနေတာပဲ။ ပြီးတော့ ဘာအပေါက်အပြဲမှမရှိတဲ့အပြင် ဖနောင့်ခံ ဖဝါးခံသားရေပြားလေးတွေပါ အဆစ်ပါလိုက်သေးတယ်။ ဒါနဲ့ စမ်းစီးကြည့်ပြီး ကြိုက်တာနဲ့ ဘယ်ဘက် တဖက်တည်းကိုယူပြီး အရောင်းကောင်တာမှာထိုင်နေတဲ့ အသက်၏ရှစ်ဆယ်ဝန်းကျင် ဒေါ်လူဖြူမကြီးဆီ ဒါဘယ်လောက်လဲဆိုတော့ သူက ကျနော့်တောင်မော့မကြည့်ပဲ ဖိနပ်ဖင်ကိုလှန်ကြည့်ပြီး ၄ ဒေါ်လာတဲ့။ အိုကေ ယူမယ်ဆိုတော့ ဘွားတော်က ဟိုတဖက်သွားယူချည်လေတဲ့။ ကျနော်က မယူတော့ပါဘူး ငါက ဘယ်တဖက်ပဲခြေထောက်ရှိတော့တာ။ တဖက်ပဲယူမယ်။ ညာဖက်ကို ထားခဲ့မယ်။ ညာဘက် တဖက်တည်းလိုအပ်တဲ့သူ တွေ့တဲ့အခါ အလကားပေးလိုက်ပါ။ ခု နင်ပြောတဲ့အတိုင်း ၄ ဒေါ်လာပေးပါ့မယ်ဆိုတော့မှ ဘွားတော်က ထမတ်တပ်ရပ် ကောင်တာအပြင်ဘက်ထွက်လာပြီး ကျနော့်ကို စူစမ်းကြည့်ကြည့်ရင်း သြော် နင်က ခြေတဘက်ပဲရှိတာကိုး။ ဆောရီး။ ငါ စိတ်မကောင်းပါဘူး။ ဒါနဲ့ ဒါက ဘယ်လိုဖြစ်တာလဲ စိတ်မရှိနဲ့နော် သိပါရစေလို့ တိုးတိုးညင်သာ မေးပြောပြောတယ်။ ကျနော်လည်း ခပ်တိုတိုရှင်းပြပြီး ဖိနပ်ဖိုးငွေချေမယ်လုပ်တော့မှ ဘွားတော်က ငါ့ယောက်ျားလည်း စစ်သုံ့ပန်းဖြစ်ခဲ့တဲ့ အမေရိကန်စစ်သားဟောင်းပဲ။ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်သားအဖြစ် ဖက်ဆစ်တွေကိုတိုက်ခဲ့တာပဲ။ ခုတော့ အိုပြီ။ စိတ်ကျရောဂါလည်းဝင်နေပြီ။ လူလည်း သိတ်မသန်တော့ဘူး။ အိမ်မှာ ဘီးတပ်ကုလားထိုင်နဲ့ နေနေရတယ်။ လမ်းမလျှောက်နိုင်တော့ဘူး။ စစ်သားဆိုတာ တိုင်းပြည်အတွက်လုပ်ခဲ့ရတာချည်းပဲ။ နင်ဟာ ဒီ့ထက်မက ထိုက်တန်သူပါ။ ပိုက်ဆံမပေးနဲ့ ယူသာသွား။ ညာတဘက်လည်း နင့်လို လိုတဲ့သူရှိ ငါအလကားပေးလိုက်ပါ့မယ်လို့ပြောပြီး မျက်ရည်ဝဲဝဲနဲ့ ပြောလည်းပြော ကျနော့် ပါးတွေ ပခုန်းတွေ လက်မောင်းရင်းတွေကို လိုက်ထိ ပွတ်သတ် ကျနော့်ကိုဖက်ထားရင်း ဘုရားသခင်ကောင်းချီးပေးပါစေလို့ တတွတ်တွတ်ရွတ်နေတော့တယ်။

ကျနော်လည်း မျက်ရည်တွေတွေကျမိတာပါပဲ။ ကျနော်လည်း စိတ်ထိခိုက်ရတာပါပဲ။

ကျနော်ဟာ ဘာစစ်သားမှန်း ဘယ်သူ့အတွက် ကိုယ်လက်အင်္ဂါတွေပေးခဲ့ရမှန်း ပြောပြလိုက်ရင်ကောင်းမလားလို့ တွေးမိလိုက်ပေမယ့် မပြောဖြစ်တော့ဘူး။ စစ်သားတိုင်းဟာ သူတို့တိုင်းပြည်အတွက်လုပ်ကြတာဆိုတဲ့သူ့အတွေးအတိုင်းပဲ သူ့ကိုထားခဲ့တယ်။ သူ့အတွေးကို ကျနော် မဖျက်ရက်ဘူး။

ဖိနပ်တဘက်ကိုကိုင်ရင်း ကျနော်ထွက်လာချိန်မှာ သူလည်း ဖိနပ်တဘက်ကိုကိုင်ရင်း မျက်ရည်တွေနဲ့ ဝေသီတဲ့မျက်လုံးအစုံနဲ့ ကျန်ခဲ့လေရဲ့။

0 comments:

Post a Comment