Tuesday, August 30, 2016

ဘားမားရုဒ်အတွက် ဒေါက်တာလှကျော်ဇောရဲ့ အမှာစာ။

0 comments
(ကျနော့်ရဲ့ အပြင်လူရဲ့ဘားမားရုဒ်စာအုပ်လေးမှာပါတဲ့ စာ အပုဒ် ၃ဝ ကို ဒီနေ့ကစပြီး တနေ့တပုဒ်နှုန်းလောက် (တခါတလေလည်းပိုချင်ပိုမှာပါ) ခွဲခွဲတင်ပေးပါ့မယ်။ ဒါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့သမီး ဒေါက်တာလှကျော်ဇော ချီးမြှင့်တဲ့အမှာစာပါခင်ဗျား။ ခင်မင်ရင်းချာစွာ(မျိုးမြင့်ချို)

ဒေါတ်တာလှကျော်ဇော၏အမှာစာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက“ဆရာမသေခင် ဗမာပြည်ကြီး ငြိမ်းချမ်းရေးရတာ မြင်ချင်တယ်”လို့ အကြိမ်ကြိမ်ဆိုခဲ့ဖူးပါတယ်။ ဖေဖေကလည်း သူ(၉၁)နှစ်ပြည့်မွေးနေ့ (၂ဝ၁ဝ ဒီဇင်ဘာ(၃)ရက်နေ့)က ထုတ်ပြန်ခဲ့တဲ့ “မျိုးချစ်ပြည်ချစ်တပ်မှူးတပ်သားများသို့ 
“ပန်ကြားလွှာ” မှာ “ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျန်တော်တို့မျိုးဆက်
တည်ထောင်ခဲ့တဲ့ဗမာ့တပ်မတော်ကြီးကို ပြည်သူ့ တပ်မတော်ကြီးအဖြစ်
ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ”လို့ပြောခဲ့ပါတယ်။

ဖေဖေဟာ ၁၉၇၆ခုနှစ်(လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာချိန်)ကစလို့ တောက်လျှောက် အခွင့်ရရင်ရသလို သူအင်မတန် သံယောဇဉ်ရှိတဲ့တပ်မတော်သားများကို သူအင်မတန်ချစ်တဲ့ပြည်သူတွေအပေါ် ရန်သူလိုသဘောမထားဘဲ “အမိအဖ”လို သဘောထားဖို့ တိုက်တွန်းပြောဆိုနှိုးဆော်လာခဲ့တာပါ။ ဆရာကြီးမှိုင်းရော ဖေဖေရော သူတို့ဆန္ဒတွေပြည့်ဝမသွားပါဘူး။ နောက်မျိုးဆက်တွေရဲ့ တာဝန်တွေအဖြစ် ထားခဲ့ပါတယ်။
ဗမာပြည်ကြီး စစ်မှန်တဲ့ ရေရှည်တည်တံ့တြဲ့ငိမ်းချမ်းရေးရဖို့ဆိုတာ ဒီဗမာ့တပ်မတော်ကြီးက ပြည်သူဘက်မှရပ်တည်စဉ်းစားတဲ့ ပြည်သူ့အကျိုးကိုဦးထိပ်ပန်တဲ့ “ပြည်သူ့တပ်မတော်”တရပ် ဖြစ်မှသာလျှင် ဖြစ်နိုင်ပါလိမ့်မယ်။ ဒီအချက်ကိုခံယူထားတဲ့ ကျွန်မတို့ တတွေဟာ ပြည်တွင်းလှုပ်ရှားမှုတွေအကြား ပေါ်ပေါက်လာတတ်တဲ့ စစ်တပ်တွင်းကနေပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်လာသူများကို စိတ်ဝင်တစားရှိတတ်ပါတယ်။ သူတို့ရဲ့အတွေးအခေါ် ဖြတ်သန်းမှုတွေကိုလေ့လာမိပါတယ်။
ဒီလိုနဲ့ ကျွန်မ ကိုမျိုးမြင့်ကို လေ့လာကြည့်ပါတယ်။ သူနဲ့ ပုဂ္ဂိုလ်အရမသိကျွမ်းခင်ကတည်းက သူ့ရေဒီယို(အာရ်အက်ဖ်အေ) ဆောင်းပါးများက စလို့ သူ့ဘလော့ဂ်ကွန်ရက်မှာရေးသမျှတွေကို လက်လှမ်းမီသမျှလိုက်ဖတ်မိပါတယ်။ သူ့ဘဝဇာတ်ကြောင်းတွေ့ ဆုံမေးမြန်းခန်းတွေ ဖတ်ရင်းက ကျွန်မအလွန်စိတ်ဝင်စားတဲ့သူ့စကားတခု သွားတွေ့ပါတယ်။ အဲဒါကတော့“ကျွန်တော် ထမင်းငတ်လို့စစ်ထဲလိုက်ခဲ့တာ” တဲ့။

ဒီစကားကို ကျွန်မစိတ်ဝင်စားရတဲ့အကြောင်းကလည်း ရှိပါတယ်။ ၁၉၇၄/၇၅/၇၆ခုနှစ်များမှာ မဆလစစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ အဆက်မပြတ်ပေါ်ထွက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းပါတယ်။ ဒီတော့ မြို့ပေါ် နေမရသူတွေ အဖမ်းမခံချင်သူတွေ လက်နက်ကိုင်တော်လှန်ရေးပဲ လုပ်စရာကျန်တော့တယ်ဆိုပြီး တောထဲအလုံးအရင်းနဲ့ ရောက်လာကြပါတယ်။
ဒီတုန်းက မဆလစစ်အစိုးရဖြုတ်ချရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်လုပ်ဆောင်နေတဲ့ “ဗမာပြည်ကွန်မြူနစ်ပါတီ”ရဲ့ ဌာနချုပ်ရှိရာ“ပန်ဆန်း”(ယခုအခေါ် ပန်ခန်း)ကို လမ်းအသွယ်သွယ်ကနေ ရောက်ရှိလာတာပါ။ တချို့က မြေအောက်အဆက်အသွယ်တွေရှိပေမယ့် တချို့ကတော့ စမ်းတဝါးဝါး စွန့်စွန့်စားစားနဲ့ရောက်လာခဲ့ကြတာပါ။ ဒီထဲမှာ အတွေးအခေါ်အမျိုးမျိုးနဲ့ လူစုံပါလာပါတယ်။ မြို့ပေါ်နေ ဓနရှင်ပေါက်စ အလွှာစုံပါလာတာပါ။ အဆင့်အမျိုးမျိုးနဲ့ပညာတတ်တွေလည်း ပါလာပါတယ်။ ဒီဓနရှင်ပေါက်စပညာတတ်တွေဟာ တော်လှန်ရေးသမားဘဝခံယူရာမှာ အခက်အခဲဆုံးက “မိမိအတ္တမာန”ကို တိုက်ချွတ်ရာမှာ ဖြစ်ပါတယ်။ ဒီလို မိမိမာနနဲ့မိမိအတွေးအခေါ်ကို တိုက်ပွဲဆင်နေရင်း တခါတရံ အခန့်မသင့်ဘဲ မာနအညွှန့်အညှောက်ကလေးတွေ ပြူထွက်လာတတ်ပါတယ်။ ဒီမှာတင်“ငါတို့ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်ဘူး”ဆိုတဲ့စကားထွက်လာပါတယ်။

ဒီစကားကို ချေဖျက်ပေးပြီး ကျွန်မတို့တတွေကို ရာသက်ပန်တော်လှန်ရေးသမားတွေအဖြစ်ခံယူဖို့ နိုင်ငံရေးအရပညာပေးခဲ့သူကတော့
အရှေ့မြောက်စစ်ဒေသ ဒုနိုင်ငံရေးမှူး ဗဟိုကော်မတီဝင်ရဲဘော်စိုးသိန်း(ကွယ်လွန်)ပါ။ သူက ခင်ဗျားတို့တတွေ ထမင်းငတ်လို့ တော်လှန်ရေးလာလုပ်တာမဟုတ်မှန်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ ထမင်းငတ်လို့ တော်လှန်ရေး လုပ်သူများရဲ့အတွေးအခေါ်မျိုး စိုက်ထူရမယ်။ ထမင်းငတ်လို့တော်လှန်ရေးလာလုပ်သူကသာလျှင် တော်လှန်ရေးကြီး ကောင်းအောင် အောင်မြင်အောင်လုပ်မှာ။ သူတို့ကပဲ တော်လှန်ရေးမအောင်မချင်း ရာသက်ပန်တော်လှန်ရေးလုပ်မှာ။ ကျန်သူတွေ ထမင်းမငတ်သူများကတော့ တော်လှန်ရေးရဲ့အချိုးအကွေ့တွေမှာ တော်လှန်ရေးကို စွန့်ခွာကျောခိုင်းသွားတတ်ကြတယ်တဲ့။

ကျွန်မတို့အတွက် တသက်စာမှတ်လောက် သားလောက်တဲ့စကားပါ။ ဒီအဖြစ်အပျက်မျိုးရှိခဲ့တာကြောင့် ကိုမျိုးမြင့်ရဲ့ “ကျွန်တော် ထမင်းငတ်လို့ စစ်ထဲလိုက်ခဲ့တယ်”ဆိုတဲ့စကားကို ကျွန်မစိတ်ဝင်စားမိတာပါ။
သြော် ဒါကြောင့်ပဲ ထင်ပါရဲ့။ ကျွန်မတို့တတွေ အရေးအကြောင်း ကြုံတိုင်း(ဝမ်းသာစရာဘဲဖြစ်ဖြစ် ဝမ်းနည်းစရာဘဲဖြစ်ဖြစ်) တရှိုက်မက်မက်ဆိုတတ်လေ့ရှိတဲ့(အသံထွက်မဆိုနိုင်တောင် ရင်ထဲက တီးတိုးဆိုညည်းတတ်တဲ့)“နိုင်ငံတကာ့သီချင်း”မှာ “ထလော့ အငတ်ဘေးကျရောက်သူ တို့တတွေ”လို့ အစချီခဲ့တာကိုး။ တကယ်တော့ ကျွန်မတို့ဗမာပြည်သူတွေ အငတ်ဘေးကျနေတာ ကြာလည်း ကြာလှပေါ့။ ဘက်လည်း စုံလှပေါ့။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေသာမက ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့နယ်ပယ်စုံမှာ ချွတ်ခြုံကျမှုကိုအကောင်းဆုံးဖော်ပြနေတာကတော့ ကမ္ဘာ့အလယ်မှာ ဗမာပြည်ဟာ“ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ”ဖြစ်နေတာ အနှစ်(၃ဝ)နီးပါး ရှိနေမှုပါပဲ။

ဒီတော့ ကျွန်မတို့တတွေအားလုံး အကြောင်းရင်းကို ရှာဖွေလာကြပါတယ်။ တရားခံကတော့ “စစ်အာဏာရှင်စနစ်” ဖြစ်တယ်ဆိုတာ တညီတည်း တွေ့ရှိခဲ့ကြပါတယ်။ တပြည်လုံး (အုပ်စိုးသူ စစ်အုပ်စုအပါ) ဒီစနစ်ကိုပြုပြင်ဖို့ လုပ်ဆောင်လာကြပါတယ်။ သူတို့ကတော့ အပေါ်ယံသဏ္ဍာန်ပြောင်းလဲမှုကို လုပ်ပြချင်တာသာဖြစ်ပြီး ကျန်သူတွေကတော့ အနှစ်သာရအရပါပြောင်းလဲချင်တာပါ။ ဒီပဋိပက္ခကို ရေရှည် နည်းလမ်းပေါင်းစုံရှာဖွေပြီး တိုက်ပွဲဆင်ဖြေရှင်းရမှာပါ။ ကျွန်မတို့ ရှေ့လျှောက်ရဦးမယ့်ခရီးဟာ ရှည်လည်းရှည် ကြမ်းလည်းကြမ်းပါတယ်။ ပြည်သူ့အကျိုးမှတပါး အခြားမရှိသူများအဖို့ ဒီလိုအချိန်မှာ နေ့တဓူဝလုပ်ဆောင်ရမယ့်တာဝန်တရပ်ရှိပါတယ်။ မိမိကိုယ်ကိုလည်း ပြုပြင်တည်ဆောက် ဘေးပတ်ဝန်းကျင်ကလူများကိုလည်း ကူညီတည်ဆောက်ပေးဆိုတဲ့တာဝန်ပါ။

ဒီလိုတာဝန်ကို ကိုမျိုးမြင့်ဟာ ဒုက္ခိတတန်မဲ့နဲ့ အလွန်တာဝန်ကျေစွာ ထမ်းဆောင်နေပါတယ်။ တမင်းမဝလို့ စစ်ထဲလိုက်ခဲ့တဲ့ကိုမျိုးမြင့်ဟာ ပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်ကပေးလိုက်တဲ့ သေရာအထိပါသွားမယ့်ဒဏ်ရာဒဏ်ချက်ကို သူကိုယ်တိုင် ဘဝနဲ့ရင်းပြီး ခါးသည်းစွာခံစားရအပြီးမှာ ဒီတခါတော့ သူ့အတွက်မဟုတ်ဘဲ တပြည်လုံးပြည်သူတွေ ထမင်းဝရာဝကြောင်းလမ်းရှာရင်းက သူဘဝပေးအသိနဲ့ ပြည်သူတရပ်လုံးရဲ့ ရှစ်လေးလုံးစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလမ်းကြောင်းပေါ် ရောက်လာခဲ့တာပါ။
အခုတော့ သူကလေ့လာရေးတွေ အပတ်တကုတ်လုပ်ပြီး ရရှိချက်တွေဖြစ်တဲ့ (သူ့)အတွေးအမြင်သစ်တွေကို အဆက်မပြတ် ဖြန့်ဝေ ပေးနေတာပါ။ သူ့အရေးအသားတွေကလည်း တိုတိုတုတ်တုတ်နဲ့ ထိမိပြီးနားလည်လွယ်တဲ့ အရေးအသားပါ။

သူ့ဘလော့ဂ်ကွန်ရက်ကိုဖွင့်ကြည့်ရင် သူ့ရဲ့လုံ့လဝိရိယကြီးမှုကို မြင်နိုင်ပါတယ်။ တခြား လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကိုလည်း ကြားနေရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့စေတနာဇွဲလုံ့လ လုပ်ဟန်ကောင်းတွေကို လေးစားထောက်ခံတဲ့အနေနဲ့ ဒီအချက်တွေစိမ့်ဝင်ဖော်ပြနေတဲ့ သူ့ရဲံဆောင်းပါးတွေကို စုပေါင်းထုတ်ဝေလိုက်တဲ့စာအုပ်အတွက် ကျွန်မ ဒီအမှာစာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ရေးသားလိုက်ပါတယ်။ ကိုမျိုးမြင့်တယောက် ကျန်းမာစွာနဲ့ ဒီလိုမျိုးဆောင်းပါးတွေ အဆက်မပြတ်ရေးနိုင်ပြီး ပြည်သူတွေကိုမျှဝေနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
လှကျော်ဇော။
၁၅ ရက် ၁ လ ၂ဝ၁၅

0 comments:

Post a Comment