Tuesday, May 21, 2013

၈၈-မျိုးဆက်တို့ရဲ့ ခရီးခဲ-၁-(မျိုးမြင့်ချို)

0 comments
၈၈-မျိုးဆက်တို့ရဲ့ ခရီးခဲ-၁-(မျိုးမြင့်ချို)
ကျနော်က သူတို့တတွေကို ဇန်နဝါရီ(၂ဝ၁၃)လောက်မှာ “၈၈ ငြိမ်း/ပွင့်”ဆိုပြီး အတိုကောက်အဖြစ် စသုံးခဲ့သည်ဟုထင်၏။ ထို့မတိုင်မီက အများနည်းတူ ၈၈-မျိုးဆက်ကျောင်းသားများဟုသာ သုံး၏။ ခု ၈၈ ငြိမ်း/ပွင့်ဟုအသုံးကို တချို့ မကြိုက်ကြ။ တချို့ ကျနော့်အစား ၈၈-တို့ကို အားနာနေဟန်ရှိ၏။ တချို့က ကန့်ပင်ကန့်ကွက်ကြ၏။  စာပဲရေးရေး စကားပဲပြောပြော ရေးတိုင်းပြောတိုင်းလိုရင်းပေါက်ရန်၊ ကွဲပြားရန်ကို ဂရုပြုဖို့လို၏။ အထူးသဖြင့်နိုင်ငံရေးတွင် ပို ဂရုတမထားရ၏။ နိုင်ငံရေးနယ်ကဝေါဟာရသစ်တို့မည်သည် နိုင်ငံရေးသမားကထွင်သည်မဟုတ်ပဲ များသောအားဖြင့် ဂျာနယ်လစ်တို့လက်ထွက်ဖြစ်တတ်၏။ ကြားခါစ နားဆန်းသလိုရှိသော်လည်း နောက်ပိုင်းလိုရင်းတိုရှင်း ထိမိပုံပေါ်လှသဖြင့် ကလေးပါးစပ် သဘင်သည်ပါးစပ်နှင့်အရပ်ထဲထိ ထိုစကားလုံးတို့ ကျသွားတတ်ကြ၏။ တချို့ဝေါဟာရတွေကျတော့ သူလိုကိုယ်လိုလူတွေဆီမှ ထွက်တတ်ကြ၏။ ဤ“၈၈-ငြိမ်း/ပွင့်” ဆိုသည့်အသုံးကို ကျနော့်နည်းတူနှင့် ကျနော့်အရင်သုံးခဲ့သူများရှိမည်ဟုထင်၏။ သို့သော် ဘယ်သူ စခေါ်ဆိုသည်ထက် “ဘယ့်အတွက်”ကို ပြောဖို့လိုမည်ထင်၏။
၂ဝ၁၃ ခုနှစ်အစောပိုင်း သတင်းစာရှင်းလင်းပွဲတခုတွင် ကိုမင်းကိုနိုင်မှ “၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း” ဆိုတာ ဘယ်ကစပြီး ဘာကိုဆက်ခံခြင်းဖြစ်ကြောင်း အောက်ပါအတိုင်းရှင်းပြခဲ့၏။
“ကျွန်တော်တို့ဟာ ၂ဝ၁၃-ခုနှစ်၊ ဖေဖေါ်ဝါရီလလယ်ကစလို့ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့အမည်ကို စတင်သုံးစွဲခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၂ဝဝ၅-ခုနှစ် အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာ ၈၈-မျိုးဆက်ကျောင်းသားများ ဆိုပြီး စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုအမည်ပြောင်းလဲသုံးစွဲမှုကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ယခုအခါမှာ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအမည်ကိုသာ ဆက်လက်သုံးစွဲသွားမှာဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်”
မိမိအဖွဲ့အစည်း ဘာဖြစ်ကြောင်းထုတ်ဖော်ခြင်းသည် မိမိအားမည်သို့ဆက်ဆံသဘောထားပါဟု မိတ်ဘက်နှင့်မိတ်ဘက်မဟုတ်သူတို့အား အတိအလင်းစည်းသားပြခြင်းဖြစ်၏။ နိုင်ငံရေးသင်္ကာရှင်းသည့်သဘော မဟုတ်။ လိုအပ်သည့်ကိစ္စဖြစ်၏။ ဤသည်ကိုပင် “မူ”ချပြသည်ဟု ဆိုရမည်ထင်၏။ တဘက်လူတို့အတွက်လည်း ထိတွေ့ဆက်ဆံနည်းရွေးဖို့ အခွင့်ရစေ၏။ ဤနည်းဖြင့် မိမိမိတ်ဘက်များအကြား ရှင်းသည်မှန်သော်လည်း မိတ်ဘက်မဟုတ်သူတို့အတွက်ကြတော့ ထို့ထက်ပိုထင်းရန်လိုသေး၏။ ၂ဝဝ၅ လွတ်လာအပြီးမှ ခုချိန်အထိ အမည် (၂) မျိုးပြောင်းခဲ့သည့် ၈၈-မျိုးဆက်သည် (သူတို့အလိုအရ)တရားဝင်အဖွဲ့အစည်းမဟုတ်။ (သိရသလောက်) မည်သည့်ပုံစံနှင့်မျှလည်း သူတို့ဆီမှာမှတ်ပုံမတင်ထား။ တင်ရမည်ဟု ဆိုလိုရင်းမဟုတ်။ လွတ်လပ်ပွင့်လင်းသည့်နိုင်ငံများတွင် ဤသို့အသင်းအပင်းများမှာ မှတ်ပုံတင်မှတရားဝင်သ်ာလည်း နိုင်ငံရေးအဖွဲ့အစည်းများမှာမူ (အာဏာရပါတီက(သို့)စစ်တပ်က)လက်ခံခွင့်ပြုမှ ပါတီဖြစ်ရသည့်ဘဝ မဟုတ်။ ဗမာပြည်ကျတော့ ထိုသို့မြင်လို့မရ။ (၂)မျိုးလုံး မတင်မနေရ။ ဘာဖြစ်ဖြစ် တင်ကိုတင်ရမည့်သဘော ပြဌာန်းပြီးသား။ လိုက်နာသူကလည်း လိုက်နာပြီးသား။ ဒါဆို ကျန်သူတွေကျတော့ အတင်းတင်ခိုင်းပြီး (၈၈)တွေကျတော့ ဘာလို့ “ဒီအတိုင်းလွှတ်ထားရသလဲ” ဆိုသည့်အမေး ထွက်လာသည်မှာမဆန်း။ မေးလည်းမေးချင်စရာ။ သတင်းသမားများ၊ စီးပွားရေးသမားများ၊ နိုင်ငံခြားသံတမန်များ၊ တက္ကသိုလ်နှင့်ပညာရေးအင်စတီကျူးရှင်းများ စသည်ဖြင့် သဏ္ဍန်စုံနယ်ပယ်စုံက လူတွေ ၈၈-တွေထဲ ချောင်းပေါက်မတတ် ဥဒဟိုဝင်ထွက်နေကြ၏။ သူတို့လည်း အထဲမှာလှည့်လည်ရင်း တွေ့လိုက်ပြောလိုက် ဟောလိုက်တင်မက နောက်ဆုံး ပုန်ကန်သူနှင့်အစိုးရကြား (တခါတခါ)ကူးချီသန်းချီပင်မြင်ရသည်မဟုတ်လား။ ပြည်ပထွက်တော့လည်း အဆင့်အတန်းတခုဖြင့် ကြိုဆိုဧည့်ခံတာတွေမြင်နေရ၏။ သူတို့နည်းတူ ကျေနပ်ဝမ်းမြောက်ဂုဏ်ယူကြသော်လည်း အမေးတို့က ရပ်မသွား။ မေးသူ/သိချင်သူတို့သာ တိုးပွားလာ၏။

“ဒီအတိုင်းလွှတ်ထားရသလဲ”ကို ဉာဏ်မီသလောက်စဉ်းစားကြည့်လျှင် တစ်တချက်အနေနှင့် “လောလောဆယ်မတင်ရေး” (တိုက်ရိုက်/သွယ်ဝိုက်) ကြိတ်ဝိုင်းနှင့်လက်သိပ်ထိုးလေးတွေ ရှိချင်ရှိလိမ့်မည်။ မသေချာလှ။ ရှိလည်း နိုင်ငံရေးသဘောကိစ္စမို့ ဘဝင်မကျလည်းလက်ခံပေးရတတ်၏။ ၂ဝဝ၈ ကျုံးထဲသွင်းဖို့ NLD  ထက် ပိုခဲယဉ်းတာကတော့ (လုံးဝ)သေချာခဲ့၏။ နှစ်တချက်က “ကြိုးရှည်ရှည်နှင့်လှန်ထားခြင်း”လည်းဖြစ်နိုင်သး၏။ လွှတ်ပေးထားခြင်းတော့မဟုတ်။ အလှန်ကြိုး ပြန်ရုပ်ဖို့“အချိန်တန်”ကို “ချည်ရမည့်အချက်အလက်”ကိုင်ပြီး စောင့်နေခြင်းလည်းဖစ်နိုင်သည်။ အခြားသူများအား ဤနှယ်လုပ်ခဲ့သည့်သာဓကတွေ တပုံတမရှိနေ၏။ သုံးတချက်က သူတို့အတွက် “နိုင်ငံရေးနှင့်အခြားဘးထွက်ကောင်းကျိုး”တွေ ရနေလို့လည်းဖစ်နိုင်၏။ “ဗိုလ်”တွေ “ဦး” လုပ်ပြီး “တို့လည်းဒီမိုကရေစီ”ဆိုရာ၌ အပြကောင်းမည့်အခင်းအကျင်း ပိုလိုနေသေး၏။ ၈၈-မျိုးဆက်သည် ဒေါ်စုပြီးလျှင် ဗမာ့နိုင်ငံရေးဈေးကွက်အရောင်းသွက်(၁ဝ)ထဲက နံပတ်(၂)။ နောက်တစ်ချက်က “ဘာမှမလုပ်လို့” လည်းဖြစ်နိုင်၏။ ဤနေရာတွင် “ဘာမှမလုပ်”ကို အာဏာနိုင်ငံရေးသဘောအနက်မှ တွေးဖို့လိုပါမည်။ ၈၈-တွေ လုပ်တော့လုပ်နေကြ၏။ သို့သော် လုပ်နေတာ..ဘာ ဟူ၍ ဘယ်သူမှတိတိတိပပ မပြော။ နိုင်ငံရေးလား၊ လူမှုကူညီရေးလား၊ လူမှုအခြေခံနိုင်ငံရေးလား၊ နိုင်ငံရေးကဲလူမှုရေးလား ဒုတ်ဒုတ်ထိမပြောသာ။ လူသံယောဇဉ်၊ ပုဂ္ဂိုလ်ခင်မှု၊ ပေးစွန့်ခဲ့ရမှုများ၊ မျှော်လင့်ချက်ထားခြင်းအပါအဝင် အခြားသောထောက်ထားစရာတွေ အမှန်ပင်ရှိ၏။ ရှိပင်ရှိငြား နိုင်ငံရေးလက်တွေ့ပေါ်မှပြောလျှင် “စစ်အာဏာကိုတိုက်ရိုက်ထိပါးစိန်ခေါ်ခြင်း” မလုပ်ကြတော့။ မလုပ်ကြလို့ဆိုသည်မှာ ဤသည်ကိုဆိုလိုခြင်းပင်။ (ဒါကို တချို့က လုပ်ဖို့မလိုတော့လို့ မလုပ်တာဟုဆိုပါသည်)“ဘာလို့ ဒီအတိုင်းလွှတ်” အတွက် အခြားထောင့်များမှ အခြားသူတို့အမြင်များလည်း ရှိနိုင်သေး၏။
သို့သော် ထို ဒီအတိုင်းက ကြာကြာတော့လွှတ်ထားလိမ့်မည်မထင်ရ။ ဘယ်ပုံစံနဲ့ ပြန်သိမ်းမလဲ၊ ဘယ်တော့ပြန်သိမ်းမလဲကို စိတ်စောနေမိ၏။ဤတွင် ပြန်သိမ်းပုံနှင့်ပြန်သိမ်းချိန်ကို ဘယ်သူကဆုံးဖြတ်သတ်မှတ်မည်နည်း ဆိုသည်ကိုပါတဆက်တည်းတွေးရပြန်၏။ ၈၈-တွေဘက် ကလား သူတို့ဘက်ကလား။ ခု သိမ်းချိန်တန်၍ သိမ်းလိုက်ကြပြီဟုထင်မှတ်နိုင်သည့်သတင်း ဒီဗီဘီတွင် မနေ့ကတက်လာ၏။ သတင်းက..
(၈၈ မျိုးဆက်အသင်းအဖွဲ့မှတ်ပုံတင်မည်)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း အသင်းအဖွဲ့အနေနဲ့မှတ်ပုံတင်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအံ့ဘွယ်ကျော်ကပြောပါတယ်။ နှစ်ရှည်ထောင်ဒဏ်ကနေ လွတ်မြောက်လာကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ မျိုးဆက်ကျောင်းသားအမည်နဲ့လှုပ်ရှားခဲ့ကြရာက လွန်ခဲ့တဲ့နှစ်ပိုင်းမှာ တော့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းအမည်နဲ့ ရပ်တည်လှုပ်ရှားနေပါတယ်။ မှတ်ပုံတင်ခြင်းအားဖြင့် လက်ရှိ ၈၈ ကျောင်းသားအဖွဲ့ ကနေပြီးလုပ်ဆောင်နေကြတဲ့ လူမှုရေးလုပ်ငန်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နိုင်ရေးနဲ့ စည်းစနစ်တကျ လုပ်ဆောင်နိုင်ရေးတွေ ကိုရည်ရွယ်ပြီး လာမယ့်ဇွန်လမှာ မှတ်ပုံတင်မယ်လို့ ဦးအံ့ဘွယ်ကျော်ကပြောပါတယ်။ http://burmese.dvb.no/archives/39634
ဤသတင်းကြောင့် အံ့သြမင်သက် မဖြစ်သော်လည်း နှမျောသလိုတာ့ရှိ၏။
(ဆက်ပါဦးမယ်) မျိုးမြင့်ချို မေ ၂၁ ရက် ၂ဝ၁၃


0 comments:

Post a Comment