စစ်အာဏာရှင်နှင့်
နိုင်ငံရေးအကျဉ်းသား (ထက်မြက်)
ယခုနှစ် ဆရာဒဂုန်တာရာ၏မွေးနေ့ကို မေလ ၁ဝ
ရက်နေ့အစား မေလ ၅ ရက်နေ့တွင် ကျင်းပလေသည်။ သူ၏မွေးနေ့အမှန်မှာ မေလ ၁ဝ ရက်နေ့ဖြစ်ပြီး
သောကြာနေ့ကျသောကြောင့် ရုံးပိတ်ရက်လုပ်လို၍ ၁၂ ရက်နေ့ ရုံးပိတ်ရက်လုပ်လျှင်
မွေးနေ့ကျော်သွားမည်ဖြစ်သောကြောင့် တနင်္ဂနွေနေ့ ၅ ရက်နေ့ကို ကြိုလုပ်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ရန်ကုန်မှစာရေးဆရာ၊ ကဗျာဆရာများနှင့် မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂမှလူများသည် ယခင်သွားနေကျအတိုင်း မေလ ၃ ရက်နေ့တွင် စု၍ ရထားဖြင့်လာခဲ့ကြသည်။ မေလ ၅
ရက်တွင် အခမ်းအနားကျင်းပ ပြီးနောက် မေလ ၆ ရက်နေ့တွင် ကျွန်တော်တို့က
အင်းလေးဖောင်တော်ဦးဘုရားသို့ဘုရားဖူးသွားကာ ထိုမှတစ်ဆင့်ရွှေညောင်မှနေ ကားဖြင့်ဆင်းလာခဲ့ကြ၏။
ခရီးပန်းနေသော ကိုခါးတို့သားအဖက အောင်ပန်းမှနေ ကားကို စောင့်စီးရမည်ဖြစ်သည်။ ကားလက်မှတ်ကို
အောင်ပန်းမှနေယူသည်။
သို့သော် ကျွန်တော်တို့အုပ်စုက လူများပြီးစုစီးရမည်ဖြစ်၍ ကားလက်မှတ်ကိုယူဆောင်လာခဲ့ပါသည်။ ထိုနေ့ညရွှေညောင်မှနေ ထွက်လာသောအခါ ကားကနောက်ကျနေသဖြင့် အောင်ပန်းသို့ရောက်ရမည့်အချိန်မှာ မှန်းသည်ထက် မိနစ်
၂ဝ၊ နာရီဝက်ခန့်ကွာသွားလေသည်။ ဤသို့ဖြင့် အောင်ပန်းသို့ဆိုက်လာသည့်အခါ
ကိုခါးတို့သားအဖရော၊ ကားလက်မှတ်ခပေးရမည့်ကားဂိတ်မှူးကိုရောမတွေ့ကြရပေ။ ကားဂိတ်မှာ
ယခင်ကနေရာမဟုတ်ဘဲ ထိုနေရာနှင့် နောက်ကပ်ရက်စားသောက်ဆိုင်ကြီးနှင့်
ကားများရပ်ရန်နေရာအသစ်ကြီးဖြစ်နေသည်။ ကိုခါးတို့သားအဖအတွက် စိတ်ပူသွားပါသည်။
ဖုန်းဆက်ကြည့်၏။ ဆက်မရပေ။ သုံးလေးခါဆက်မှသာ အဆက်အသွယ်ရသည်။ ထိုအခါ ကျွန်တော်က
စိတ်လိုက်မာန်ပါပြောလိုက်မိသည်။ သူ စကားပြောရင်းတန်းလန်း ဖုန်းကိုချလိုက်သည်။
နောက်ကားဂိတ်မှူးက ကျွန်တော့်ဆီ ဖုန်းဆက်သည်။ အတူပါလာသော စာရေးဆရာများကလည်း
ထွက်ရှာကြသည်။ ကျွန်တော့်စိုးရိမ်စိတ်မှာ ကြီးသထက်ကြီးသွားပါသည်။ ကိုခါးက
နောက်နေ့မဂ္ဂဇင်းတိုက်သွားရမည်ဖြစ်၍ ယခုအပြန်ကားကိုသာမမှီလျှင် လူလည်း
ကသီမည်ဖြစ်သောကြောင့် အတော်စိုးရိမ်ပူပန်သွားသည်။ နောက် ၁ဝ မိနစ်ခန့်အကြာ
သူတို့သားအဖနှင့် ဂိတ်မှူးကိုတွေ့လိုက် ရပါသည်။ ကျွန်တော်က သူတို့ကို ဆူ၏။
ကိုခါးကလည်း သူတို့စောင့်နေလျက်နဲ့ဆူရပါ့မလားဟု ပြန်အော်လေသည်။ ဤသို့ဖြင့် ကားပေါ်အတူပါလာကြပါသည်။ သူတို့သားအဖပါလာ၍ ကျွန်တော်လည်း စိတ်ပူပန်မှုလျော့ပါးသွားသည်။
သို့သော် တစ်ယောက်နှင့်တစ်ယောက်စိတ်ဆိုးမိအော်မိ၍ စကားမပြောဖြစ်ကြပေ။ ကျွန်တော်က
သူတို့ပါမလာမှာစိုး၍ ပူပန်၊ သူတို့ကလည်းမတွေ့မှာစိုး၍ပူပန်နှင့်
တစ်ယောက်နှင့်တစ်ယောက် စိတ်ဆိုးဒေါသထွက်မိကြခြင်းဖြစ်သည်။ မေလ ၇ ရက်နေ့
မနက်ရန်ကုန်ရောက်၍ကားပေါ်မှဆင်းသောအခါ ကျွန်တော်က ကိုခါး (ကွမ်းခြံကုန်း)ကို
စိတ်ဆိုးမိသည့်အတွက်တောင်းပန် သည်။ သူကလည်း ပြန်တောင်းပန်ပါသည်။ ဤသို့ဖြင့်
စေတနာဖြင့်စိတ်စောမိပြီးဒေါသထွက်မိသည်မှာ နားလည်မှုရ၍ပြေလည် သွားကြပါသည်။
ယခုနှစ်အတွင်း ဖော်ပြပါစိတ်စောမိသောကြောင့်
အထင်လွဲရသောအဖြစ်မျိုးတစ်ကြိမ်ဖြစ်ခဲ့ဖူးပါသည်။ ကျွန်တော်ရေးခဲ့သောဆောင်းပါးတစ်စောင်မှအရေးအသားကြောင့်ဖြစ်သည်။ ကျွန်တော်က မြန်မာသံတော်ဆင့်ဂျာနယ်တွင်
ကိုကိုးကျွန်းမှပြဇာတ်များဆိုသောဆောင်းပါးနှင့်ပတ်သက်၍
ကျွန်တော်ကသူတို့၏ရပ်တည်ချက်နှင့်ပတ်သက်၍ ထိခိုက်သော စကားများပါလာ၍ ကိုမြင့်မောင်
(နိုင်/ကျဉ်း)က သံတော်ဆင့်မှနေဖြေရှင်းချက်ပေးဖို့ရေးလိုက်သောပေးစာဖြစ်ပါသည်။
ကျွန်တော်ကလည်းထိုဖြေရှင်းချက်ကို ပြည်သူ့ဆန္ဒဂျာနယ်တွင်ရေးခဲ့ပြီးဖြစ်သော်လည်း
မြန်မာသံတော်ဆင့်ဂျာနယ်က သူတို့ဂျာနယ်တွင်ရေးနိုင်ကြောင်းအယ်ဒီတာကပြောသည်။ သို့သော်
မြန်မာသံတော်ဆင့်တွင် ရက်ပေါင်း ၄ဝ အစာငတ်ခံ တိုက်ပွဲအကြောင်းရေးနေခြင်းဖြစ်၍
ပေါ်ပြူလာနယူးစ်ဂျာနယ်တွင်ရေးလိုက်ရခြင်းဖြစ်သည်။
ကျွန်တော်က ကိုကိုးကျွန်းမှပြဇာတ်များဆိုသောဆောင်းပါးတွင်
”ကိုကိုးကျွန်းတွင် ကျွန်တော်တို့ဖြစ်တည်ခဲ့ရသောဘဝမှာ အင်းစိန်ထောင်၊
မန္တလေးထောင်စသော ထောင်အသီးသီးမှဘဝများနှင့်မတူပေ။ ထိုအတွေ့အကြုံကို နောင်လည်း
မတွေ့ကြုံရတော့ပေ။ မိသားစုနှင့်ဝေးကွာပြီး ကျွန်တော်တို့သည်
မိမိတို့၏နိုင်ငံရေးဘဝ၊ ထောင်ဘဝကိုအတူဖြတ်သန်းခဲ့ရသည်။ ထိုသို့ကျွန်းမှလွတ်မြောက်ဖို့
အမြဲနည်းလမ်းရှာခဲ့ကြသည်။ ကိုကိုးကျွန်းအကျဉ်းထောင်ဘဝသည် ကျွန်းပေါ်တွင်
လွတ်လွတ်လပ်လပ်လွှတ်ထားခြင်းမဟုတ်။ သံဆူးကြိုး နှစ်ထပ်ကာထားသောအကျဉ်းထောင်ထဲတွင်
ပိတ်လှောင်ခံထားရသော ဘဝ ဖြစ်ပါသည်။ ယခု နိုင်ငံရေးအကျဉ်းသားဟောင်းများက
နိုင်ငံရေးအကျဉ်းသားနေ့သတ်မှတ်ရာတွင် ကိုကိုးကျွန်းဘဝကို လုံးဝပစ်ပယ်၊
လုံးဝအမှုမထားဘဲ စစ်အာဏာရှင်တို့ကဲ့သို့ပင် လုံးဝမသိချင်ယောင်ဆောင်ကာ
မိမိတို့နှင့်နီးစပ်သူ၊ မိမိတို့ထိတွေ့ခဲ့သော ထောင်ထဲကျဆုံးခဲ့သူများကိုသာ အကျဉ်းသားနေ့ဟုသတ်မှတ်သည်ကို
အလွန်အံ့သြရသလို အလွန်လည်းစိတ်မကောင်းဖြစ်မိပါသည်”ဟုရေးလိုက်ပါသည်။
ထိုရေးသားမှုနှင့်ပတ်သက်၍ ကိုမြင့်မောင်(နိုင်/ကျဉ်း) က
”ဆရာ့ကို အသိပေးလိုပါသည်။ ကျွန်တော်တို့
နိုင်/ကျဉ်းအဖွဲ့နှင့်ရော၊ ကျွန်တော်တို့နှင့်ညီအစ်ကိုတော်အဖွဲ့များကပါလူပုဂ္ဂိုလ်၊
အဖွဲ့အစည်း၊ အဖြစ်အပျက်ကိုအခြေခံပြီး လုံးဝ (လုံးဝ)သတ်မှတ်ထားခြင်းမရှိပါ။
သို့ဖြစ်၍ ဤဆောင်းပါးမရေးမီ ဆရာ့အနေဖြင့် ကျွန်တော်တို့ဆီ စုံစမ်းမေးမြန်းသင့်ပါသည်။
ကျွန်တော်တို့ကလည်း ဆရာ့ဆီ လေးစားစွာအကြောင်းပြန်မည်ဖြစ်ပါသည်။ ……သို့ဖြစ်၍
ခေတ်တစ်ခေတ်၊ လူပုဂ္ဂိုလ်၊ အဖြစ်အပျက်အကြောင်းအရာတစ်ခုတည်းပေါ်အခြေခံ၍
နိုင်ငံရေးအကျဉ်းသားနေ့ မသတ်မှတ်နိုင်ဟုကျွန်တော်တို့ဆုံးဖြတ်ထားပါသည်။
ဆရာ့ဆောင်းပါး၌ စစ်အာဏာရှင်တို့ကဲ့သို့ပင်ဟု
ရက်ရက်စက်စက်ခိုင်းနှိုင်းရေးသားထားပါသည်။ ဆရာသည် ပမာဓလေခလို့များ သို့မဟုတ် ပညာရှိသတိဖြစ်ခဲ
ဖြစ်သွား၍လား။ သို့မဟုတ် တစ်စုံတစ်ခုသောရည်ရွယ်ရင်းခံ၍ရေးသား၍လားဆိုတာကိုတော့
ဆရာပဲသိပါလိမ့်မည်။…… ဒါပေမယ့် ဆရာရေးသားလိုက်သည့်ယင်းစာပိုဒ်၊ စာစုမှာ
သမိုင်းတွင်သွားပြီး နောင်မျိုးဆက်များ အမှတ်မှားပေတော့မည်။ ဒါကြောင့် ဆရာရေးသားထားသော
ယင်းစာပိုဒ်ကို ဆရာပဲတရားဝင်ဖြုတ်ပေးပါ။ ဒါမှမဟုတ်
ဆရာ့မှာခိုင်လုံသောအကြောင်းပြချက်ရှိသည်ဆိုလျှင် ဆရာနှင့်ကျွန်တော်တို့ မျက်နှာချင်းဆိုင်ဖြေရှင်းကြရန်။
ဆရာ၏သတ္တိနှင့် ဂုဏ်ပုဒ်ကိုလေးစားသောအားဖြင့် ပြတ်သားစွာတောင်းဆိုလိုက်ရပါသည်။
အကယ်၍…”ဟု ရေးသားလိုက်သဖြင့် ယခုကဲ့သို့ဖြေရှင်းချက်အဖြစ်
ဆောင်းပါးတစ်စောင်ရေးသားလိုက်ရပါတော့သည်။ အမှန်မှာ အထက်က ကျွန်တော်ရေးသားခဲ့သည့်
ကိုခါးနှင့်အဖြစ်အပျက်လို စိတ်စော၊ စိတ်လောပြီးရေးသားလိုက်ခြင်းကြောင့်ဖြစ် သည်။
နိုင်ငံရေးအကျဉ်းသားများကို စစ်အာဏာရှင်များနှင့်တစ်တန်းတည်းထားလိုက်ခြင်း မဟုတ်ပါ။
ကျွန်တော်လည်း ကိုမြင့်မောင်တို့လို နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့သည်သားကောင်များဖြစ်သည်။ စစ်အာဏာရှင်များသည် သားသတ်သမားများဖြစ်၏။ သားကောင်နှင့်သားသတ်သမားမှာ
တစ်တန်းတည်းထား၍ မရပေ။ ကျွန်တော်၏ စိတ်စောပြီးရေးလိုက်သည့်အရေးအသားအတွက်တောင်းပန်ပါသည်။
ကျွန်တော်တို့လို သားကောင်ဖြစ်ခဲ့သူများအတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။
သို့သော် ကျွန်တော်ရေးသားလိုက်သောအကြောင်းအရာနှင့်ပတ်သက်၍ ကိုမြင့်မောင်က
နောင်လာနောက်သားများအမှတ်မှားမည်စိုး၍ ဖြေရှင်းချက်ပေးပါဟုဆိုပါသည်။ အမှန်မှာမူ
ကျွန်တော်တို့၊ ကိုမြင့်မောင်တို့လိုလူများနှင့် စစ်အာဏာရှင်များမတူသည်ကို နောင်လာနောက်သားများကသိပါသည်။ ကျွန်တော်ရေးလိုက်သောစာပိုဒ်ကြောင့် နောင်မျိုးဆက်များက ကျွန်တော့်ကိုသာအပြစ်တင်ကြပေမည်။
ထိုသို့ ခိုင်းနှိုင်းရေးသားသူကိုသာအပြစ်တင်မည်ဆိုသည်ကို ထပ်လောင်းဖြေရှင်းရေးသားလိုက်ရပါသည်။
ကျွန်တော် တစ်နေ့က ကိုမြင့်မောင်၏အရေးအသားကိုရော၊ ကျွန်တော့်ဆောင်းပါးကိုရောဖတ်ခဲ့ရသည့် ကျွန်တော့်မိတ်ဆွေ ဦးဝင်းမြင့်နှင့် တွေ့ဆုံခဲ့ပါသည်။ ကိုဝင်းမြင့်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်ပါဝင်သော
လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။ ကျွန်တော်တို့မှာ အရင်ကတည်းကအသိမိတ်ဆွေများဖြစ်ကာ
စစ်အစိုးရ၏ဖိနှိပ်မှုများကို ဆွေးနွေးခဲ့ကြသူများဖြစ်ပါသည်။ သူနှင့်မတွေ့ခဲ့ရသည်မှာ
နှစ်အတော်ကြာခဲ့ပြီ။ ယခုသူနှင့်တွေ့သည့်အခါ သူက ကျွန်တော့်လက်ကိုဖမ်းဆွဲကာ ”ကဲ၊
နိုင်ငံရေးအကျဉ်းသားဟောင်းများရေးတဲ့အချက်ကို ခင်ဗျားဖြေရှင်းလိုက်ပေတော့” ဟု
ရင်းရင်းနှီးနှီးပြောဆိုပါသည်။ ကျွန်တော်က ဂျာနယ်တစ်စောင်တွင်ရေးသားပြီးဖြစ်ကြောင်း၊
ယခုလည်း ထပ်ဖြေရှင်းရေးသားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကို
ဘယ်လိုမှသဘောမထားကြောင်း၊ ကျွန်တော်၏စိတ်လိုက်မာန်ပါရေးသားသော အမှားသာဖြစ်ကြောင်း
ပြန်ပြောပြခဲ့ပါသည်။
နိုင်ငံရေးအကျဉ်းသားများနေ့နှင့်ပတ်သက်၍
ကျွန်တော်ကြားသိရသည်မှာ နိုင်/ကျဉ်းအဖွဲ့တွင်ပါဝင်သူတချို့က ထောင်ထဲတွင်
ကျဆုံးသွားသော ကိုသက်ဝင်းအောင်သေဆုံးသည့်နေ့ကိုအဆိုတင်ခဲ့သည်ဟု ကြားသိရ၏။
နောက်တစ်ခါ ကိုတင်မောင်ဦးနှင့် ထောင်ထဲတွင်တွေ့သိခဲ့ရသူများက ကိုတင်မောင်ဦးအားကြိုးပေးသည့်နေ့ကို
နိုင်ငံရေးအကျဉ်းသားများနေ့ဟု အဆိုတင်ထားကြောင်း ကြားသိရသည်။ ထို့အတူ မော်လမြိုင်အကျဉ်းထောင်တွင်
ထောင်အာဏာပိုင်များက ဝိုင်းဝန်းရိုက်သတ်ခဲ့သော နိုင်ငံရေးအကျဉ်းသားတစ်ဦး (နာမည်မေ့)
ကျဆုံးသည့်နေ့ကို နိုင်ငံရေးအကျဉ်းသားနေ့ဟုသတ်မှတ်သင့်ကြောင်း၊ ထိုနေ့ကိုအလျဉ်းသင့်သလို အခမ်းအနားကျင်းပကြကြောင်း ကိုငြိမ်းသစ်ကလည်း ပြောပြဖူးပါသည်။
ထိုကဲ့သို့ အမျိုးမျိုးကြားနေရသဖြင့် ကိုကိုးကျွန်းတွင်
ကျွန်းဖျက်သိမ်းရေးနှင့်ကိုယ်ထူကိုယ်ထစနစ်ဖျက်သိမ်းရေးအတွက် အစာငတ်ခံကာအသက်ပေးသွားသူ
၈ ယောက်ကိုလည်း မည်သူမျှမပြောရကောင်းလားဟု စိတ်ထဲခံစားရကာ ရေးမိခြင်းဖြစ်ပါသည်။
ကိုမြင့်မောင်ပြောသလို အသက်စွန့်ခဲ့ရသူများမှာ ဖိနှိပ်သူများ၏ကြမ်းကြုတ်ရက်စက်မှုများကြောင့်
ဖြစ်သည်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်ကြီးဖြစ်စဉ် ၄၈၊ ၄၉ ကာလတွင် အင်းစိန်ထောင်ထဲ၌
ကြိုးပေးသတ်ခံရသောဗိုလ်အေးဖေမှာလည်း ဖဆပလ၏ ရက်စက်မှုကြောင့်ဖြစ်သည်။ သူ
အသတ်ခံရသည့်နေ့မှာလည်း စဉ်းစားစရာဖြစ်သည်။ ကြိုးပေးခံရသောဗိုလ်ကြီးအုန်းကျော်မြင့်လည်းရှိသည်။ ၆၂ အာဏာသိမ်းပြီး ယနေ့အထိညှဉ်းပန်းနှိပ်စက်ခံရသော
နိုင်ငံရေးအကျဉ်းသားများ ထောင်နှင့်သောင်းနှင့်ချီသလို အသတ်ခံရ သည်မှာလည်း
ရာနှင့်ပင်ချီနေပေသည်။ ဘယ်နေ့ဆိုသည်ကို သတ်မှတ်ဖို့ခက်ပါသည်။ အားလုံး ညှိညှိနှိုင်းနှိုင်းနှင့် စဉ်းစားကြဖို့လိုအပ်ပါသည်။ ဆရာဦးဝင်းတင်ကဆိုလျှင်
နိုင်ငံရေးအကျဉ်းသားနေ့သတ်မှတ်လျှင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့
အာဏာသိမ်းလိုက်သည့်နေ့ကို သတ်မှတ်၍ရသည်ဟုဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော်
ထိုနေ့မှစ၍မြန်မာနိုင်ငံမှာ အကျဉ်းထောင်ကြီးသဖွယ် စစ်ထောက်လှမ်းရေးများ က
ပြည်သူများကိုရက်စက်ညှဉ်းပန်းသောကြောင့် ပြည်သူများမှာ လွတ်လပ်မှုများဆိတ်သုဉ်းကုန်သဖြင့်
အာဏာသိမ်းသည့်နေ့ကို နိုင်ငံရေးအကျဉ်းသားနေ့ဟု ပြောကြားခဲ့သည်။ အမှန်တကယ်လည်း
ပြည်သူများ၏ဘဝမှာအကျဉ်းထောင်တစ်ခုလို ဖြစ်နေပါတော့သည်။
”နိုင်ငံရေးအကျဉ်းသား ဘယ်သူဘယ်ဝါဆိုတာ
ဖမ်းထားတဲ့သူတွေသိပါတယ်။ အကျဉ်းသားလွှတ်ရေးထက် ပိုပြီးနက်ရှိုင်းတာတွေရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုပုဒ်မတွေဆိုတာ လေ့လာနေတာပါ။
လွယ်လွယ်လေးမတွက်ပါနဲ့။ ကျွန်တော်တို့ အချိန်မရွေး နိုင်ငံရေးအကျဉ်းသားထပ်ဖြစ်နိုင်ပါသေးတယ်။
ထပ်ဖြစ်မယ့်သူတွေလည်းရှိပါသေးတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့
နိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ခံရဖို့လိုတယ်”ဟု ၈၈
နိုင်ငံရေးမျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်ဟု Daily
Eleven နေ့စဉ်သတင်းစာတွင် ဖတ်လိုက်ရပါသည်။ ထိုစကားသည် အမှန်တကယ်လည်း
ကျွန်တော်တို့မမေ့ပျောက်ဖို့လိုသည်။ ကျွန်တော်တို့ အချိန်မရွေး နိုင်ငံရေးအကျဉ်းသားထပ်ဖြစ်နိုင်ပါသည်။
ဆရာမြသန်းတင့်က ”စစ်အစိုးရမရှိတော့သည့်တိုင် နောင်တက်လာမယ့်အစိုးရဟာ
ကျွန်တော်တို့နဲ့ တစ်သားတည်းဖြစ်မယ့်အစိုးရလို့ မဆိုနိုင်ဘူး။ ကျွန်တော်တို့ကတော့
ဘီကလပ်တောင်းဖို့ပဲ စဉ်းစားထားရမယ်”ဟု ပြောခဲ့ သည်ကို အမှတ်ရနေပါတော့သည်။
ထက်မြက်
ယူတာက
ဒီနေရာကပါ http://popularmyanmar.com/mpaper/2013/05/%E1%80%85%E1%80%85%E1%80%B9%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9/
0 comments:
Post a Comment