Saturday, May 25, 2013

ရွာလည်တဲ့စာ… တိုင်းလုံးကျော်

0 comments
ကိုယ့်ဆရာ အယ်ဒီတာမင်းတွေက ရွာလည်ခိုင်းတယ်ဆိုတာ တိုင်းလုံးကျော်တို့ဇာတိရွာလေးမဟုတ်ဘဲ ကမ္ဘာ့ရွာကြီးဖြစ်နေတာကြောင့် ဒီအလုပ်ကို လက်သင့်ခံမိတာ မှားများမှားသွားပြီလားလို့တွေးမိတာလည်း အခါခါပေမယ့် ‘အန်တုန်းခဏသာ အရက်ကိုမုန်းတာ’ဆိုသလိုပဲ ရွာလည်တုန်းခဏသာ စိတ်တွေတိုဒေါသတွေထွက် နှလုံးသွေးတွေဆူပွက်ပေမယ့် ပြီးရင်တော့ ထပ်ပြီးရွာလည်ချင်လာပြန်တာကြောင့် ဒီတစ်ပတ်လည်း ရွာလည်ရပြန်ပါပြီ။ ရွာကြီးကလည်း ရှုပ်ကရှုပ်သနဲ့။ အဲဒီ ရှုပ်ရှုပ်ယှက်ယှက်ကမ္ဘာရွာကြီးကို အမြန်ဆုံးလည်ဖို့ဆိုတာ တချို့က မျက်ခွက်စာအုပ်၊ တချို့က(ခပ်ရိုင်းရိုင်းပဲ)သောက်ခွက်စာအုပ်၊ တချို့ကတော့‘ဖွဘွတ်’ လို့ခေါ်ကြတဲ့ ဖေ့စ်ဘွတ်က လည်တာဟာ အမြန်ဆုံးနဲ့ သတင်းအရဆုံးဖြစ်တယ်ဆိုပေမယ့် သတင်းမှားသတင်းဖား(ဖားပြီးရေးထားတဲ့သတင်း) သတင်းကား (ချဲ့ကားရေးထားတဲ့သတင်း) တွေကိုလည်း အတော်ကြည့်ရှောင်ရသေးသဗျ…။ ဆိုပါစို့ဗျာ… အမေရိကန်နဲ့မတွေ့ခင်မှာ လုပ်နေကျအတိုင်း နိုင်ငံရေးအကျဉ်းသားတွေကို နည်းနည်းလွှတ်ပြန်ရော။ ဖေ့စ်ဘွတ်တစ်ခွင်မှာ အဲဒီသတင်းတွေပြန့်နှံ့နေတာကို လျှောက်ပြီးရွာလည်နေရင်းနဲ့ ဖေ့စ်ဘွတ်တစ်နေရာမှာ ‘နိုင်ငံရေးနဲ့ဆွဲစိခံထားရတဲ့ ဟေမာနေဝင်း ထောင်ကလွတ်ပြီ’ဆိုပြီး ဟေမာနေဝင်းဓာတ်ပုံကြီးနဲ့သတင်းတစ်ခုကိုတွေ့မိတော့ လန့် တောင် သွားတယ်။ အင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျမြေးဆိုတော့ ဖြစ်ရင်လည်းဖြစ်နိုင်လောက်တယ်ဆိုပြီး သတင်းကိုသေသေချာချာဖတ်ကြည့် တော့မှ မမာမာလွင်(ခေါ်)ဟေမာနေဝင်းလွတ်တာကို အဆိုတော်ဟေမာနေဝင်းပုံကြီး တင်ထားတာဖြစ်နေသကိုး။ သတင်းအောက်မှာ ရေးထားတဲ့မှတ်ချက်ကလဲ အတော်လေးစားချင်စရာကောင်းသဗျ။ ”မှတ်ချက် ” အဆိုတော်ဟေမာနေဝင်း ထောင်မကျပါ နိုင်/ကျဉ်း ၁ဝ ဦးပုံ မရရှိနိုင်သေးသဖြင့် ဟေမာနေဝင်းပုံ ယာယီဆွဲထည့်ထားရခြင်းဖြစ်ပါသည်။ :P ” တဲ့ဗျား…။ ကိုင်း…ကောင်းကြသေးရဲပ့လား ဗျာတို့…။
ပြီးတော့ ခုတစ်လော ဖေ့စ်ဘွတ်မှာလူသိများလာတဲ့ အကြော်သည်လိုလို မော်ဒယ်လိုလိုသူငယ်မလေးကိုလည်း စစ်တပ်အတွက် စည်းရုံးပေးနေသူလို့ ဆိုသူကဆိုနေပြန်ရော။ ယုံသူကယုံ မယုံသူက မယုံ။ ဒေါတ်တာဆိတ်ဖွားဆိုတာ ဟိုလူလိုလို သည်လူလိုလို ဆိုတာတွေကလည်း ရှိသေး။ အစွပ်စွဲခံရသူတွေကလည်း သူမဟုတ်ရပါကြောင်း ပြန်ရှင်းပြန်ရော။ ဒါကိုလည်း ယုံတဲ့သူကယုံ မယုံတဲ့သူက မယုံပါပဲ။
ဒီလိုသတင်းမျိုးတွေကတော့ ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ်ဖြစ်မလာနိုင်ပေမယ့် ဖေ့စ်ဘွတ်ကိုအသုံးပြုပြီး ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်လာအောင်ဖန်တီးနေကြသူတွေ အများကြီးပါ။ မယုံသူရှိသလို ယုံသူတွေလည်းရှိကြတော့ ပြဿနာဖန်တီးလို့ရနေသပ။ ရခိုင်အရေးဖြစ်တုန်းက အမျိုးကိုချစ်သလိုလိုနဲ့ ဟိုဘက်သည်ဘက် မြှောက်ပင့်သွေးထိုးပေးတာတွေ၊ ပုံအတု သတင်းအတု တင်ကြတာတွေ၊ လက်ပံတောင်းတောင်ကိစ္စ၊ မအူပင်ကိစ္စ၊ မိတ္ထီလာပြဿနာ အဲသည်ပြဿနာအဝဝမှာလဲ စေတနာလိုလို၊ တိုက်တွန်းသလိုလို၊ အမျိုးချစ်သလိုလို၊ အချင်းချင်းသတိပေးသလိုလိုနဲ့ ပြဿနာတွေမကြီး ကြီးအောင် ဖေ့စ်ဘွတ်ကနေလုပ်ခဲ့ကြတာတွေရှိခဲ့သလို မနေ့တစ်နေ့ကမှ စိတ်အေးသွားရတဲ့ အပူပိုင်းမုန်တိုင်းမဟာစင်ကိုအရင်းပြုပြီးတောင် သွေးထိုးလှုံ့ဆော်မှုတွေ၊ ပြည်တွင်းပြည်ပ လက်ဝါးရိုက်ပြီးဖိအားပေးမှုတွေရှိတယ်လို့ ဆိုသူကဆိုကြသဗျ။
ဖေ့စ်ဘွတ်ရဲ့ကောလာဟလပြန့်နှံ့မှုနှုန်းကလည်း အင်မတန် မြန်ဆိုသကိုးဗျ။ ၁၂ နာရီအတွင်းမှာ လူပေါင်း ၁ဝ သန်းလောက်ဆီအထိ ပြန့်နှံ့သွားနိုင်တယ်လို့ဆိုကြတယ်။ ဒိထက်ထူးဆန်းတာက ကွမ်းယာရောင်းနေသူလို လူစားမျိုးတွေကတောင် ဖေ့စ်ဘွတ်ကအတင်းတွေ အဖျင်းတွေ သတင်းတွေကို ချက်ချင်းဆိုသလိုသိနေတတ်တာပဲ။ မယုံမရှိလေနဲ့။ ကိုယ်တွေ့ဗျနော် ကိုယ်တွေ့။ ဟို မိတ္ထီလာကိစ္စဖြစ်တုန်းက ဆိုရင် တိုင်းလုံးကျော် ဝယ်စားနေကျကွမ်းယာသည်ဆိုရင် ဖေ့စ်ဘွတ်သတင်းတွေကို သူ့ဆိုင်လာသမျှဖောက်သည်တွေကို လေယူလေသိမ်း အပြည့် မှင်မောင်းအပြည့်နဲ့ ပြောပြနေလိုက်ပုံများဗျာ စကိုင်းနက်ကတွေ့သွားရင် အလုပ်တန်းခန့်လိုက်မှာသေချာတယ်။ အဲဒီလို အဲဒီလို ဖြစ်ရပ်တွေကို ရပ်တကာရွာစဉ်လည်ရင်း မြင်နေကြားနေသိနေရတော့ ဟိုအဘ ဆရာကြီးတစ်ယောက်ပြောဖူးသလို ‘ပဉ္စမမဏ္ဍိုင်’ဆိုတာ တကယ်များရှိနေလေသလားလို့တောင် တွေးမိသေးတယ်။ အဲသည်စကား စကြားတုန်းကတော့ တိုင်းလုံးကျော်လည်း အများသူငါနဲ့ ရောယောင်ပြီး ဟားတိုက်ခဲ့ဖူးပေမယ့် ခုအခါမှာတော့ မရယ်နိုင်တော့ဘူးဗျား။ ရှိနိုင်တယ်။ ရှိနိုင်တယ်။ ရှိချင်းရှိ ‘ပဉ္စမမဏ္ဍိုင်’တော့ မဖြစ်နိုင်ဘူး။ ‘ပဉ္စမံမဏ္ဍိုင်’ ပဲဖြစ်ရမယ်လို့လည်းတွေးမိလိုက်ပြီး နည်းနည်းတောင် လန့်သွားမိသေးသဗျ။ လန့်သွားရခြင်းကလည်း စပိန်ပြည်တွင်းစစ်ကာလတုန်းက အမျိုးသားရေးဝါဒီ ဗိုလ်ချုပ်ကြီးအင်မလီယိုမိုလာပြောခဲ့ဖူးတာကို ပြေးသတိရလိုက်လို့ပါ။ သူ့ရဲ့ စစ်ကြောင်းကြီးလေးခုဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကိုထိုးစစ်ဆင်နေချိန်မှာ မိုလာကို ထိုးစစ်နဲ့ပတ်သက်လို့မေးကြမြန်းကြတော့”မြို့ထဲမှာရှိနေတဲ့ ကျုပ်ရဲ့ပဉ္စမမြောက်စစ်ကြောင်း(Fifth Column) ဟာ ရီပတ်ဘလစ်ကန်အစိုးရကို အတွင်းကနေလှိုက်စားပြီး ကျုပ်တို့ကိုပံ့ပိုးပေးမှာပါ”လို့ သတင်းစာဆရာတစ်ယောက်ကို ပြောခဲ့သဗျ။ သူပြောတဲ့ ပဉ္စမမြောက်စစ်ကြောင်းဆိုတာ သူ ကြိုတင်စီစဉ်ပြီးလွှတ်ထားတဲ့သူလျှိုတွေကို ပြောတာပါ။ ”အင်မလီယိုမိုလာပြောတဲ့ ပဉ္စမမြောက်စစ်ကြောင်းဆိုတဲ့ဝေါဟာရ စပိန်မှာ အထူးထင်ရှားခဲ့သလို နိုဘယ်ဆုရစာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေးကလည်း သူ့ရဲ့ “The Fifth Column and the First Forty-Nine Stories”  ဆိုတဲ့စာအုပ်ထဲမှာ တွင်တွင်ကြီးသုံးခဲ့ပြန် တော့ ကမ္ဘာတစ်ဝန်းရွာလည်သွားပါရောဗျား။ တိုင်းလုံးကျော်တို့မြန်မာနိုင်ငံမှာတောင် အဲသည် Fifth Column ကို မြန်မာမှုပြုပြီး ‘ပဉ္စမံစစ်ကြောင်း’၊ ‘ပဉ္စမံတပ်သား’အစရှိသဖြင့် ပြောဆိုကြတယ်၊ ရေးခဲ့သားခဲ့ကြတယ်၊ ထင်ရှားခဲ့တယ်ဆိုတာအားလုံးအသိပါ။  ‘ပဉ္စမံဒီရိုင်း’ ဆိုတဲ့ စာရေးဆရာတောင် ပေါ်လာခဲ့သေး….။
ဒီတော့ကာ ရပ်တကာရွာစဉ်လည်နေတဲ့ တိုင်းလုံးကျော်အနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ ဟိုဘက်၊ ဒီဘက် ပဉ္စမံဆရာတွေများ ဖေ့စ်ဘွတ်တစ်လွှားမှာ လှုပ်ရှားအားပြိုင်နေကြလေရော့သလား၊ ပဉ္စမံဆရာတွေ နယ်ပယ်အသီးသီးမှာ ဘယ်အတိုင်းအတာအထိများ စိမ့်ဝင်နေကြပြီလဲလို့ တောင်တောင်အီအီ တွေးမိထင်မိတာကို အပြစ်ပြောချင်လည်း ပြောကြပေတော့ဗျာ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတာကြီးကိုလည်း စကားအဖတ်တင်ကျန်ရုံပဲလို့တော့ သတိလက်လွတ် ရယ်သွမ်းသွေး မနေကြနဲ့ဦးနော်။ ပုဂ္ဂလိကသတင်းစာတွေ ဦးနာအောက်နဲ့ဧရာဝတီဖလိုတီလာဇာတ် ခင်းနေကြရတာကိုလည်း ပြန်လှည့်ကြည့်လိုက်ကြဦးဗျ။ တစ်ခုခု ဆူဆူညံညံဖြစ်ရင် တစ်ချိန်က အပြစ်ဖို့နေကျ စီအိုင်အေကွိုပ်စွဲသံတွေကို မကြားရတော့ပြန်တာလည်း တစ်မျိုးထူးနေပြန်သဗျ။ အင်း….ရွာလည်ရတာ မပင်ပန်းဘူး။ ရွာလည်ရင်း ခလုတ်မတိုက်မိအောင် သတိထားရတာက ပင်ပန်းလိုက်သဗျ။ ဝှူး…..။
တိုင်းလုံးကျော်
(မှတ်ချက် ဒီစာကိုဖတ်ပြီး ကူး.ူလိုက်ချိန်က တင်ထားတဲ့မူရင်းလင့်ခ်ကို ယူဖို့ပေါ့လျော့ပျက်ကွက်ခဲ့တယ်။ သိသူများရှိရင် ကျေးဇူးပြုပြီး မူရင်းလင့်ခ် ပြပေးစေချင်ပါတယ်။ (မျိုးမြင့်ချို)

0 comments:

Post a Comment