သမဂ္ဂဆိုတာ ပရဟိတအဖွဲ့အစည်း လုံးဝမဟုတ်
(ကျော်ကိုကို)
အပိုင်း(၁)
ကျွန်တော်တို့ (၂၁)ရာစုအတွင်းဖွဲ့စည်းရတဲ့ကျောင်းသားသမဂ္ဂတွေမှာ
အတွေးအခေါ်အရ အကြီးအကျယ်အငြင်းပွားနေရတဲ့ပြဿနာတစ်ခု ရှိတယ်။ သမဂ္ဂနဲ့ပရဟိတအဖွဲ့မကွဲပြားတဲ့ကျောင်းသားတွေရဲ့
မပြတ်မသား မရှင်းမလင်းပြောဆိုလုပ်ကိုင်နေတာတွေကို အမြဲမပြတ် တွေ့ကြုံနေရတာပဲ။
သမဂ္ဂပြင်ပက (သမဂ္ဂဝင်မဟုတ်တဲ့)ကျောင်းသားတွေမသိကြတာဆိုရင်
သမဂ္ဂစည်းရုံးရေးမအောင်မမြင်ဖြစ်တာပဲ အကျိုးဆက်ရှိပေမယ့် ကိုယ့်သမဂ္ဂထဲကအဖွဲ့ဝင်တွေ
မကွဲပြားတာ လုပ်ဟန်ရောယှက်တာက အဖွဲ့အစည်းတွင်းစည်းရုံးရေးကိုပါ ထိခိုက်စေပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ (၁၉၆၂) ကနေ (၂ဝ၁၂)အထိ
အနှစ် (၅ဝ)လုံးလုံး အသင်းအပင်း လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ပိတ်ပင်ဖိနှိပ်ထားတဲ့
ဥပဒေအောက်မှာကျရောက်ခဲ့ပါတယ်။ ယခုထိလည်း ဤဥပဒေကို ပယ်ဖျက်ခြင်း မရှိသေးပါ။ ဒါပေမယ့်
(၂ဝ၁၂)ဇန်နဝါရီမှစပြီး ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို
ရဲရဲတင်းတင်း ပြန်လည်တည်ဆောက်ခဲ့ကြတယ်။ အရင်ကာလတုန်းက
သမဂ္ဂဖွဲ့ချင်ကြတဲ့ကျောင်းသားတွေဟာ မိမိတို့ဆန္ဒတွေကိုမြိုသိပ်ပြီး
တစုံတရာပြဿနာမဖြစ်နိုင်တဲ့ပရဟိတအဖွဲ့လေးတွေသာ တည်ထောင်ကြရတာဖြစ်တယ်။
ကျွန်တော်တို့ကတော့ အချိန်ကာလနဲ့ခေတ်ရေစီးကြောင်းကိုသုံးသပ်ပြီး
တလျှောက်လုံးပိတ်ဆို့လာတဲ့ တံခါးတစ်ချပ်ကို အားပြင်းပြင်းဆောင့်တွန်း ဖွင့်လှစ်ခဲ့ပါတယ်။
ကျွန်တော်တို့ဆိုတဲ့နေရာမှာ (၂ဝဝဝ)ခုနှစ်နောက်ပိုင်းကာလ အကျဉ်းထောင်ထဲရောက်ခဲ့ရပြီး
ပြန်လည်လွတ်မြောက်လာသူသမဂ္ဂ(မြေအောက်)တွေကိုဖွဲ့စည်းခဲ့သူတွေကိုဆိုလိုတာပါ။
ကျွန်တော်တို့နဲ့ စိတ်တူကိုယ်တူ သမဂ္ဂလိုလားသူ ကျောင်းသားတွေလည်း
အစအဆုံးရင်ပေါင်တန်းပါဝင်ခဲ့ပါတယ်။
ဒီလို သမဂ္ဂဖွဲ့တဲ့နေရာမှာ ဗကသများအဖွဲ့ချုပ်က
အနယ်နယ်အရပ်အရပ်ကျောင်းသားတွေကိုလမ်းဖွင့်ပြီး အတူတူလက်တွဲချီတက်ကြဖို့ စည်းရုံးခဲ့ကြပါတယ်။
စည်းရုံးရေးကျယ်ပြန့်ဖို့အတွက် သမဂ္ဂကိုစိတ်ပါဝင်စားသူ ဘယ်ကျောင်းသားကိုမဆို
ဆက်သွယ်ခဲ့ပါတယ်။ ယခု ဖွဲ့စည်းပြီး (၂၆)ခရိုင်သော ကျောင်းသားသမဂ္ဂများ၊
လူမျိုးစုကျောင်းသားသမဂ္ဂများနှင့်အတူ မရေမတွက်နိုင်သော တက္ကသိုလ်ကျောင်းသား သမဂ္ဂများလည်း
ဗကသများအဖွဲ့ချုပ်နဲ့လာရောက်ချိတ်ဆက်ပူးပေါင်းကြတာ အားရဝမ်းသာစရာကောင်းလှပါတယ်။
“လူသာလာပါ ပြဿနာယူမလာပါ”နဲ့ဆိုတဲ့စာတမ်းတွေကို လက်ဘက်ရည်ဆိုင်၊
စားသောက်ဆိုင်တွေမှာကပ်ထားတာတွေ့တိုင်း ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်များကို
ရည်ညွှန်းနေသလားတွေးမိပါတယ်။ အဖွဲ့ဝင်အဖြစ်ကူးပြောင်းလာသူ ပရဟိတ အဖွဲ့ဝင်ဟောင်းအချို့ဟာ
လူသာမက အတွေးအခေါ်ပြဿနာတစ်ရပ်ကိုပါ သယ်ဆောင်လာကြပါတယ်။ ဒါကတော့ သမဂ္ဂကို
ပရဟိတအဖွဲ့အစည်းကြီးတစ်ခုလို့မြင်ပြီး ပရဟိတဆန်တဲ့အတွေးအခေါ်တွေနဲ့
စည်းရုံးလှုပ်ရှားတာပါ။ ပြီးခဲ့တဲ့ခေတ် အခြေအနေအရ ကျွန်တော်တို့ကိုယ်တိုင်
ပရဟိတအဖွဲ့အစည်းအခြေခံတွေနဲ့ မကင်းလွတ်ခဲ့ကြပါ။ ကျွန်တော်ဆိုရင် ပညာရေးအဓိကထားတဲ့
သင်တန်းပေးရေး၊ စာဖတ်ဝိုင်းပြုလုပ်ရေး၊
စကားရည်လုဆွေးနွေးပွဲပြုလုပ်ရေးပရဟိတအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းလည်းလုပ်၊
တက်ကြွစွာ ပါဝင်ဆွေးနွေးသူလည်းလုပ်ခဲ့ရသူပါ။ သမဂ္ဂကို စတင်တည်ထောင်ချိန်မှာတော့
သမဂ္ဂရဲ့ဖွဲ့စည်းပုံ၊ သမဂ္ဂရဲ့ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ အစဉ်အလာ၊ စည်းမျဉ်းတွေကို
ကျကျနနလေ့လာပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ စစချင်းလုပ်ခါစကထက် အချိန်ကြာလာသည်နှင့်အမျှ
ပိုမိုပုံစံကျသောသမဂ္ဂကို ရရှိလာမှာဖြစ်ပါတယ်။ အခု အတွေးအခေါ်ပြဿနာကို
ထုတ်ဖော်ရေးရတာ သမဂ္ဂနဲ့ပရဟိတ သေသေချာချာ မကွဲပြားသေးတဲ့ရဲဘော်တွေကို
အပြစ်တင်နှိမ့်ချလိုတဲ့ရည်ရွယ်ချက်ရှိလို့မဟုတ်ပါ။ ကျွန်တော်တို့ထက်
ပိုမိုအခွင့်အရေးသာတဲ့ရဲဘော်တွေကို အတွေးအမြင်ပြတ်သားရှင်းလင်းအောင် ဝေဖန်အကြံပေးလိုခြင်းသာ
ဖြစ်ပါတယ်။
အပိုင်း (၂)
သမဂ္ဂ၏လုပ်ငန်းတာဝန်များကိုအနှစ်ချုပ်ယူရင်
လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးတာဝန်များဟူ၍ ကဏ္ဍ(၃)ခု ရပါတယ်။ အင်္ဂလိပ်လိုပြောရင်
“social, academic and political activities”များဟု ပြောရပါမည်။
ပရဟိတအဖွဲ့အစည်းတွေရဲ့သဘောပြောရရင်တော့ လူမှုရေးလုပ်ငန်း တစ်ခုကိုသာ ပိုပိုသာသာလုပ်ကြလေ့ရှိပြီး
တခါတရံ ပညာရေးနှင့်ဆက်စပ်သောလူမှုရေးအထောက်အကူပြုသည်ကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့်
ပရဟိတအဖွဲ့အစည်းများဟာ နိုင်ငံရေးလုပ်ငန်းများကို လုပ်လေ့မရှိကြပါ။ ဒါဟာ
သမဂ္ဂနဲ့ပရဟိတ အခြေခံကွဲပြားခြားနားချက်တစ်ခု ဖြစ်ပါတယ်။
ပရဟိတအဖွဲ့အစည်းတွေမှာ
ကိုယ့်အဖွဲ့အစည်းရဲ့ကူညီနိုင်မှုဘောင် (သို့) ပစ်မှတ်ပြုလူ့အလွှာတစ်ခုခု ထားရှိပါတယ်။
ဥပမာ- မိဘမဲ့ဂေဟာက မိဘမဲ့ကလေးများကိုသာ ကူညီခြင်း၊
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကလည်း ဆင်းရဲနွမ်းပါးသောကလေးငယ်များကိုသာ ပညာသင်ပေးခြင်း၊
HIV/AIDS ဝေဒနာရှင်များပြုစုစောင့်ရှောက်ရေးဂေဟာများက ယင်းဝေဒနာသည်များကို
လက်ခံစောင့်ရှောက်ခြင်း။ သမဂ္ဂများမှာတော့ ကိုယ့်လူတန်းစား၊
ကိုယ့်လူ့အလွှာရဲ့အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရုံတင်မက ပိုမိုနက်ရှိုင်းကျယ်ဝန်းတဲ့
သွေးစည်းညီညွတ်မှုကိုတည်ဆောက်ရပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားအထိ
ထည့်သွင်းစဉ်းစားရပါတယ်။ ဥပမာ- ကျောင်းသားသမဂ္ဂတွေက လယ်သမား၊ အလုပ်သမားတွေရဲ့လှုပ်ရှားမှုတွေမှာ
ဝန်းရံပါဝင်တာ၊ ပြည်သူလူထုကြီးရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားဝန်းရံတာ၊
ပြည်သူလူထုကြီးရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်
တာတွေလုပ်ကြပါတယ်။ ဆိုလိုချင်တာက ပရဟိတရဲ့ရည်ရွယ်ချက်က ကိုယ်ပြုစုခြင်းခံရသူတွေ
နှလုံးစိတ်ဝမ်းအေးချမ်းဖို့သာဖြစ်ပြီး သမဂ္ဂရဲ့ရည်ရွယ်ချက်ကတော့
ကိုယ်စားပြုတဲ့လူ့အလွှာနဲ့လူတန်းစားတွေရဲ့အခွင့်အရေးကို အခိုင်အမာခုခံကာကွယ်ဖို့သာဖြစ်တယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ စတင်တည်ထောင်ကတည်းက
သာမန်လူမှုကူညီရေးအဖွဲ့အစည်းပုံစံသက်သက် ရပ်တည်ခဲ့ခြင်းမရှိပါဘူး။
ကျယ်ပြန့်တဲ့စည်းရုံးရေး၊ တိုးတက်တဲ့အမြင်၊ ရှေ့တန်းရောက်တဲ့တက်ကြွမှုတွေကိုအခြေခံပြီး
အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ ဒီမိုကရေစီပညာရေး၊
ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး၊ ငြိမ်းချမ်းရေး စတဲ့မူဝါဒ(၅)ချက်ကို
အကောင်အထည်ဖော် ခဲ့တာပါ။ တိုင်းပြည်ချစ်စိတ်နဲ့ လွတ်လပ်ရေးရအောင် တိုက်ယူခဲ့တယ်။
လွတ်လပ်ရေးတည်တံ့ခိုင်မြဲအောင် ကြိုးစားတယ်။ လွတ်လပ်ရေး မဆုံးရှုံးသွားအောင်လည်း
ကာကွယ်တယ်။ ဒါတွေဟာ ဗကသကြိုးပမ်းခဲ့တဲ့ အမျိုးသားရေးတာဝန်တွေပါပဲ။
ပြည်သူတွေရဲ့လွတ်လပ်ပိုင်ခွင့်၊
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုထိပါးနှောင့်ယှက်လာတဲ့ အာဏာရှင်အစိုးရအဆက်ဆက်ကိုလည်း
ဗကသ က တပ်ဦးအခန်းကဏ္ဍယူပြီး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါတယ်။ နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊
စစ်အာဏာရှင်ခေတ်တွေမှာ ပရဟိတဆန်ဆန်အလုပ်တွေပဲလုပ်နေမယ်ဆိုရင် ဗကသများအဖွဲ့ချုပ်ဟာ
ပြည်သူချစ်တဲ့ကျောင်းသားသမဂ္ဂဖြစ်မလာတော့ဘဲ အာဏာရှင်တွေအလိုကျ လက်ဝေခံကျောင်းသားသမဂ္ဂတစ်ခုသာ
ဖြစ်နေတော့မှာပါ။ မတရားအုပ်စိုးသူတွေကို ဘာဖိအားမှ မပေးနိုင်ဘူးဆိုရင် သမဂ္ဂဆိုတဲ့ဂုဏ်ပုဒ်နဲ့
ကျောင်းသားလွှတ်တော်ဆိုတဲ့ဝိသေသကို နောက်ဖေးလမ်းကြားသာ ပို့ထားရတော့မှာပါ။
နောက်ထပ်ပြောချင်တာက ကျောင်းသားတွေမှာ
မူလတာဝန်တွေရှိပါတယ်။
(၁) ပညာသင်ယူခြင်း
(၂) သုတေသနပြုလေ့လာခြင်း
(၃) ကျောင်းတွင်းလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခြင်း
(ဥပမာ- စကားရည်လုပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊
ဟောပြောပွဲများ)
(၄) ကစားခုန်စား
လေ့ကျင့်ယှဉ်ပြိုင်ခြင်း
(၅) အမျိုးသားယဉ်ကျေးမှု၊
တိုင်းရင်းသားယဉ်ကျေးမှုများကိုလေ့လာခြင်း
(၆)ကျောင်းသားညီညွတ်ရေးတည်ဆောက်ခြင်း
(၇) ကျောင်းသားသမဂ္ဂများတွင် ပါဝင်လှုပ်ရှားခြင်း
(၈) ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ပါဝင်အကြံပြုခြင်း
စသည်တို့က အဓိကတာဝန်ကြီးများ ဖြစ်ပါတယ်။ မိမိဝါသနာနှင့် စေတနာအလျောက်
ခေတ်တလျှောက်လုံး ကျောင်းတွင်းဖွဲ့စည်းခွင့်ရတဲ့ပရဟိတအဖွဲ့တွေအားလုံးဟာ နိုင်ငံရေးကင်းရှင်းရပါမယ်။
နိုင်ငံရေးအရဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေနဲ့ပတ်သက်ခြင်းမရှိပါဘူးလို့ဝန်ခံကတိပြုပြီးမှ
ဖွဲ့ခွင့်ရကြတာပါ။ အဲ့ဒီလိုဖွဲ့စည်းထားရလို့ ဒီနေ့ခေတ် သမဂ္ဂတွေပေါ်လာချိန်မှာ
ပရဟိတအဖွဲ့တိုင်း သမဂ္ဂနဲ့ မပူးပေါင်းနိုင်ကြတဲ့ခြေချုပ်စည်းမျဉ်းရှိနေကြပါတယ်။
တချို့တလေသာ အရဲစွန့်ပြီး သမဂ္ဂထဲဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်
မလွတ်လပ်မှုတွေ တက္ကသိုလ်ရင်ပြင်ထဲကိန်းအောင်းဆဲပဲလို့မြင်ပါတယ်။ အကြောက်တရားတွေ
တက္ကသိုလ်မုခ်ဦးအောက်ဖြတ်သန်းဆဲပဲလို့မြင်ပါတယ်။ သွေးခွဲအုပ်ချုပ်မှုတွေ တက္ကသိုလ်အဆောက်အဦတွေထဲ
ကြီးစိုးနေဆဲလို့ သတ်မှတ်ရပါမယ်။
အပိုင်း(၃)
ဒီကနေ့ ဗမာပြည်မှာ အကန့်အသတ်များစွာချုပ်ချယ်မှုများစွာကနေ
လုံးဝဥုသုံလွတ်လပ်သွားတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံ၊ သက်မွေးပညာသင်ကျောင်း
တစ်ကျောင်းမျှမရှိသေးဘူးဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပြီး ပြောရဲပါတယ်။
ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီပညာရေး၊(Academic Freedom)လို့ ခေါ်တဲ့
ပညာရေးလွတ်လပ်ခွင့်နဲ့ တက္ကသိုလ်/ကျောင်းတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဝေးလို့ အစိုးရကနေ
တက္ကသိုလ်/ကျောင်းတွေဆီပံ့ပိုးပေးရမယ့် ထောက်ပံ့ကူညီမှုတွေတောင် လုံးဝနီးပါးမရှိတာတွေ့ရပါတယ်။
နိုင်ငံအနှံ့အပြား ဖွင့်လှစ်ထားတဲ့တက္ကသိုလ်၊ကောလိပ်များ ပမာဏကြီးကြီးမားမားရှိပေမယ့်
ပညာရေးဘတ်ဂျက်က ဆင်ပါးစပ်နှမ်းပက်ဆိုသလို ဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂရဲ့တာဝန်ဟာ
ကိုယ့်သမဂ္ဂတည်ရှိရာတက္ကသိုလ်အတွက် ဘတ်ဂျက်တိုးမြှင့်ပေးဖို့၊ တစ်နိုင်ငံလုံးအတွက်
ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့ တောင်းဆိုရမှာပါ။ အစိုးရက ဒီကိစ္စကိုတနည်းတဖုံကိုင်တွယ်ဖြေရှင်းလာအောင်
အသိပေးကြဖို့၊ အရေးဆိုကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရဟိတဆန်ဆန်စဉ်းစားပြီး
“သူမလုပ်ရင် ကိုယ်လုပ်မယ်၊ သူ ဘတ်ဂျက်မထုတ်ရင် တို့အလှူခံပြီး ဖြေရှင်းမယ်”ဆိုတဲ့လုပ်ဟန်အမှားတွေကို
စတင် တွေ့ရှိနေရပါပြီ။ ဘာကြောင့်လုပ်ဟန်မှားသလဲ။ ဖြေရှင်းကြည်ရအောင်။
(၁) ကျောင်သားများသည်
မိဘချွေးနည်းစာဖြင့်ကျောင်းတက်သူအများစုဖြစ်သောကြောင့် ငွေကြေးအခက်အခဲရှိသည်။
အလှူခံတိုင်း မထည့် နိုင်ပါ။ ကျောင်းလခမပေးရသောအခမဲ့ပညာရေးစနစ်ဖြစ်လျှင်
ပိုကောင်းပါသည်။ အပိုငွေကြေးပေးရလျှင် မသက်သာပါ။ သမဂ္ဂသည် အများစုသောကျောင်းသားထုသက်သာချောင်ချိရေးကိုသာ
ဆောင်ရွက်ရပါမည်။
(၂) အကယ်၍ အလှူခံရရှိလာသောငွေကြေးများကို
သမဂ္ဂ(သို့)သမဂ္ဂအဖွဲ့ဝင်တဦးတယောက်ကကိုင်တွယ်ပြီး စီမံဆောင်ရွက်ခြင်းသည်
မသင့်လျော်ပါ။ အပိုအလို အငြင်းပွားယိုးစွပ်မှုရှိခဲ့သော်
သမဂ္ဂ၏ဂုဏ်သိက္ခာစွန်းထင်းနိုင်ပါသည်။ ရသုံးငွေ ရှင်းတမ်းထုတ်ပြန်ပေးနိုင်သည်
ဆိုသော်လည်း ထဲထဲဝင်ဝင်မသိရှိသောကျောင်းသားများ၏သံသယကို အပြီးတိုင်မချေဖျက်နိုင်ပါ။
(၃) ကျောင်းပရဝုဏ်အတွင်းရှိ
အဆောက်အဦ၊ လမ်း၊ အဆောင်၊ စားသောက်ဆိုင်(ကင်တဲန်း)၊ အားကစားကွင်းစသည်တို့သည်
အစိုးရအဖွဲ့အစည်းပိုင်ဖြစ်သောကြောင့် အစိုးရမဟုတ်သော ပြင်ပပုဂ္ဂလိကမှ တာဝန်ယူပြင်ဆင်ပိုင်ခွင့်
မရှိပါ။ ကျောင်းအာဏာပိုင်သာ တိုက်ရိုက်သက်ဆိုင်သောအရာဖြစ်ပါသည်။
ကျောင်းအာဏာပိုင်ခွင့်ပြုချက်ရသောကန်ထရိုက်များသာလျှင် ပြင်ဆင်ခွင့်ရမည်ဖြစ်ပါသည်။
(၄) ကျောင်းတွင်းသန့်ရှင်းမှုရှိစေရန်
အမှိုက်ပုံးများထားရှိခြင်း၊ အရိပ်ရစေရန် သစ်ပင်ပန်းပင်စိုက်ပျိုးခြင်း၊
သောက်ရေဗူးများထားရှိခြင်းတွင် သမဂ္ဂဖြစ်စေ ပရဟိတအဖွဲ့အစည်းဖြစ်စေလှူဒါန်းပိုင်ခွင့်ရှိသည်။
သို့သော် မိမိအဖွဲ့အစည်းရန်ပုံငွေထဲမှသာ ဖြစ်သင့်သည်။ “သူကြီးဘုရား
ရွာသားကောင်းမှု” ဝါဒ မကျင့်သုံးသင့်ပါ။
သမဂ္ဂဖွဲ့စည်းလှုပ်ရှားမှု ပြန်လည်အသက်ဝင်လာသည့်တစ်နှစ်ကျော်ကာလအတွင်းမှာ
လုပ်နည်းလုပ်ဟန်များ အသားမကျဖြစ်နေသည်မှာ သဘာဝကျပါတယ်။ အတွေ့အကြုံသစ်ကိုစူးစမ်းရှာဖွေရင်း
အတွေ့အကြုံဟောင်းထဲမှ ဆွဲထုတ်လာသည့်ပုံစံတစ်ခုကို လက်ရှိအခြေအနေနှင့် အတွဲတွဲစပ်တိုင်းမအောင်မြင်တတ်ပါ။
ဖိနပ်နှင့်မတော်သောဖနှောင့်ကို လှီးမပစ်ဘဲ တော်သည့်ဖိနပ်အသစ်ကို ရှာဖွေပြောင်းလဲစီးသင့်သည်ဟု
ထင်ပါသည်။ အယူအဆဟောင်းအတိုင်းလက်ခံပြီး မပြောင်းမလဲပြုလုပ်ခြင်း၊
ကိုယ့်အဖွဲ့အစည်း တူသူအချင်းချင်း မချိတ်ဆက်မစူးစမ်းခြင်း၊ အခြားဒေသများကိုလေ့လာမှု
မရှိခြင်း၊ မိမိဒေသထူးခြားချက်၊ အားကောင်းချက်များကို
မှန်မှန်ကန်ကန်ကိုင်တွယ်အသုံးမပြုနိုင်ခြင်းတို့ကို သတိထားရှောင်ရှားပြီး
ကျောင်းသားသမဂ္ဂဟူသမျှ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို စည်းစနစ်တကျ
လုပ်နိုင်ကြပါစေလို့ ပြုပြင်စေသောဆန္ဒဖြင့်
တိုက်တွန်းလိုက်ရပါတယ်။ ။
ကျော်ကိုကို
0 comments:
Post a Comment