Saturday, June 1, 2013

ဒေါ်ခင်ကြည်ပြောပြတဲ့လူ(၅)ယောက်အကြောင်း(လှကွန့်) အစပိုင်း-၁

0 comments
ဒေါ်ခင်ကြည်ပြောပြတဲ့ လူ (၅)ယောက်အကြောင်း(လှကွန့်) ဧပြီ ၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ
(ကျနော် ဒီဆောင်းပါးကို စာရိုက်ပြီး ပြန်တင်မယ်တင်မယ်နဲ့ မလုပ်ဖြစ်ပါ။ ဇက်နည်းနည်းနာနေတာလည်း ပါပါတယ်။ မနက်ကတော့ ငြိမ်းချမ်းအောင်စတေးတပ်စ်အောက်မှာ ရေးထားတဲ့ကွန်မန့်တွေတွေ့ပြီး မဖတ်ရသေးသူတွေမနည်းပါလားလို့သိလိုက်ရပြီး ဖတ်မိရင်အကျိုးများကြမယ်တွေးမိကာ ခုတော့ စရိုက်စတင်ပါပြီ။ အားလုံး ၉ မျက်နှာပါ။ ရှယ်ယာလုပ်လို့ရပါတယ်။ လုပ်လည်းလုပ်ကြစေချင် ပါတယ်။ စိတ်ရှည်ရှည်ဖတ်ရင် သူ့ရေးဟန် သူ့အဖွဲ့အနွဲ့ထဲမှာ မြှုတ်ထားတာတွေကို ဖော်ထုတ်လို့ ရမယ်ထင်ပါတယ်။ မျိုးမြင့်ချို) မေ ၃၁ ၂ဝ၁၃
ဘဝဆိုတာ အချိုးအကွေ့ပေါင်းများစွာ ဖြတ်သန်းမှုပေါင်းများစွာ ရုန်းကန်လှုပ်ရှားမှုပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားရတာကိုဆိုလိုတယ်လို့ နားလည်သဘောပေါက်တယ်။ သာမန်လူတွေက ဖြစ်စဉ်ပေါင်းများစွာရှိခဲ့သလို ဂုဏ်ထူးဝိသေသထူရှိတဲ့သူတွေထဲက အနမတဂ္ဂများစွာထဲက များစွာဟာလည်း သူ့နည်းသူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊ တွေ့ထိကြ၊ ရင်ဆိုင်ကြ၊ တိုက်ခိုက်ကြနဲ့ ဘဝကိုတည်တန့်အောင် ကြိုးပမ်းနေကြတာပါ။
 ဒီလို ကြိုးပမ်းရင်းကြိုးပမ်းရင်းနဲ့ တဖြည်းဖြည်းလက်ပန်းကျလာတတ်ကြစမြဲပါ။ သန်တုန်းမြန်တုန်း သွက်လက်တုန်းမှာ အတ္တမာန်မာနတရားတွေနဲ့ရောပြွမ်းတဲ့အထင်၊ အမြင်၊ အတွေးတွေနဲ့ ဟန်တလုံးမာန်တလုံး မောက်မာတတ်ကြပေမယ့် ပတ်ဝန်းကျင်အဝန်းအဝိုင်း၊ အိုမင်း ရင့်ယော်မှု၊ ကျန်းမာရေးချို့တဲ့မှု၊ အယူအဆအတွေဒအခေါ်ဖေါက်ပြန်မှုတွေက ရေရှည်မှာ လက်ပမ်းကျသလိုမျိုးဖြစ်တတ်တာကို သတိသမ္ပဇဉ်တရားနဲ့ရှေးရှူသွားဖို့ လိုမယ်ထင်တယ်။
ဒီအခါမှာ အခါအခွင့်သင့်လို့ ဖြစ်စဉ်နှစ်ခုကိုယှဉ်တွဲဖော်ပြလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းမှာဖြစ်ရပ်မှန်ဆိုတာ အတော်နည်းပါတယ်။ ဆရာကြီး တော်လ်စတွိုင်းစကားနဲ့ပြောရရင် သမိုင်းဖြစ်ရပ်မှန်ဆိုတာ မရှိသလောက်နည်းပါတယ်။ သမိုင်းကိုရေးကြ ပြောကြတဲ့နေရာမှာ သူ့ဘက်ကိုယ့်ဘက် တနည်းမဟုတ်တနည်းနဲ့ ဘက်လိုက်နေကြတာပဲ။ ပြီးခဲ့တဲ့ ပြင်သစ်-ရုရှားစစ်ပွဲမှာ ပြင်သစ်ကလည်း ပြင်သစ်ဘက်ကမှန်ကြောင်း၊ နပိုလီယံရဲ့တန်ခိုးပါဝါ အာဏာတော်ကြောင့် ပြင်သစ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် ဘယ်နည်းဘယ်ပုံ ကြိုးပမ်းအားထုတ်ကြရကြောင်း ပြင်သစ်သမိုင်းဆရာတွေက ရေးကြတာပဲ။ ရုရှားကလည်း ရုရှားတွေရဲ့စစ်ဟာခုခံစစ်ဖြစ်တယ်၊ ရုရှားပြည်သူတွေကိုကာကွယ်ဖို့ဖြစ်တယ်၊ ကျူးကျော်စစ်ကို ခုခံစစ်နဲ့တွန်းလှန်တာဖြစ်တယ် စတဲ့အရေးအသားမျိုးတွေနဲ့ ကိုယ့်ဘက်ကိုယ်ယက်ရေးခဲ့ကြတာပဲ။ ဒါ့ကြောင့် သမိုင်းဆိုတာဟာ ဘက်လိုက်မှုရှိနေတယ်လို့ ဆိုခဲ့တာပေါ့။ တကယ်တော့ သမိုင်းမှန်ဆိုတာဟာ မြေရှင်ပဒေသရာဇ်တွေ၊ ဓနရှင်တွေ၊ အရင်းရှင်တွေ၊ နယ်ချဲ့သမားတွေ၊ ဖက်ဆစ်တွေအတွက် ရှေ့နေလိုက်ပေးနေတဲ့ လျှောက်လဲချက်မဟုတ်ပါဘူး။ တကယ့် ဆင်းရဲသား ကျေးတော်မျိုးကျွန်တော်မျိုးတို့ရဲ့ စနစ်တခုအတွင်း၊ စစ်တခုအတွင်း၊ ခေတ်တခုအတွင်းက ခါးသီးတဲ့အတွေအကြုံကို ထင်ဟပ်ပေးတဲ့မီးမောင်းထိုးပေးလိုက်တဲ့ ပြကွက်တခုလို့ဆိုချင်ပါတယ်။
နောက်တခုက သမိုင်းခေတ်တခုအတွင်း နိုင်ငံရေးအရ၊ စစ်ရေးအရအောင်နိုင်သူ ရှူံးနိမ့်သူဆိုတာရှိတတ်စမြဲပါ။ ဒီလိုလူတွေဟာလည်း  သမိုင်းဇာတ်ရုပ်တွေထဲက အဓိကဇာတ်ကောင်တွေ ဇာတ်ရုပ်တွေပါ။ တကယ်တော့သူတို့ဟာ စင်တင်ဇာတ်ကောင်တွေ ဇာတ်ရုပ်တွေနဲ့စရိုက်ဓလေ့ကိုဖော်ကျူးခဲ့တဲ့ ဇာတ်ရုပ်တွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ကပြခဲ့ကြတဲ့တကယ့်ဘဝထဲက ဇာတ်ရုပ်တွေဖြစ်ပါတယ်။
ဒီဇာတ်ရုပ်တွေထဲက သမိုင်းဇာတ်ဆောင်တချို့ကို ရေးပြချင်ပါတယ်။ သူတို့ဟာ သမိုင်းပြကွက်တစ်ကွက်မှာ အဓိကဇာတ်ဆောင်အဖြစ် ကပြခဲ့ကြသူတွေပါ။

အဓိပတိကြီး(ဒေါက်တာဘမော်)
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ခေတ်လို့ဆိုကြပါစို့။
တစ်သွေး တစ်သံ တစ်မိန့်…တဲ့။
ဒါဟာ အဓိပတိကြီးရဲ့ကြွေးကြော်သံပါ။ ကမ္ဘာမှာလည်းအာဏာရှင် ဗမာမှာလည်းအာဏာရှင်လို့ သီချင်းတောင်ရေးစပ်ဂုဏ်ပြုရတဲ့ အာဏာရှင်။
ဒီ အာဏာရှင်ကြီးအကြောင်း ပြောတော့မယ်ဆိုရင် ကောင်းတာတွေရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ ဒါပေမယ့် သူ့ခေတ်သူ့အခါ သူ့နေရာမှာ ကိုယ်ရောက်နေရင် ဘာလုပ်မလဲ။ ဒါဟာ စဉ်းစားစရာပါ။ ထားတော့..ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အမှုကိစ္စဖြစ်လေတော့ ကောင်းရင်လည်းသမိုင်းမှာ နံမည်ကောင်းနဲ့ရှင်သန်နေမှာပါ။ ဆိုးနေတယ်ဆိုရင်လည်း သမိုင်းမှာ နံမည်ဆိုးနဲ့ကျော်ကြားလာမှာပါ။ ဒါဟာ သူ့ကိစ္စ၊ သူပါဝင်ကပြခဲ့ရတဲ့ဇာတ်ဝင်ခန်းထဲက ပေးလိုက်မယ့်သင်ခန်းစာလို့ပဲ ဆိုရမလား။ ထားတော့…ဂျပန်ခေတ်ကာလအချိန်မျိုး၊ အဓိပတိကြီးရဲ့ဖြစ်စဉ်အတွင်းမှာ..သာမန်လူသားတယောက်အဖို့ ဒီလိုအိပ်မျိုးအထဲရောက်ဖို့မပြောနဲ့ အိမ်ရှေ့ကမယောင်မလည်ကြည့်မိရင်တောင် အဖမ်းခံရနိုင်တဲ့အနေအထားလေ။ အိမ်ဝင်းထဲဝင်ဖို့ဆိုတာ ဝေလာဝေး။။ ဒါပေမယ့် ကာလက ကြာခဲ့ပြီ။ ဂျပန်ဖက်ဆစ်တွေ လက်နက်ချခဲ့ပြီးပြီ။ နယ်ချဲ့တွေလည်း ကာယကံမြောက် မြန်မာ့မြေပေါ်မှာမရှိတော့။ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့ပြီ။ ကြာတောင် ကြာလှပေါ.။ အဓိပတိကြီးလည်း သလွန်ညောင်စောင်းထက်မှာ မလဲလျောင်းနိုင်တော့။ တစ်သွေး တစ်သံ တစ်မိန့်ဆိုတာတွေလည်း ဘယ်ဆီရောက်ကုန်မှန်းမသိ။ အာဏာမရှိတော့၊ ပါဝါမရှိတော့၊ သူ့နေရာမှာ ဗိုလ်ချုပ်ကြီးနေဝင်းရောက်နေပြီ။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အဓိပတိကြီးကြားမှာ အစိုးရအဖွဲ့ (၄)ဖွဲ့ခြားခဲ့ပြီ။ အစိုးရအဖွဲ့တွေဖြစ်တဲ့ ဖဆပလ၊ သန့်ရှင်း၊ အိမ်စောင့်၊ ပထစ စတဲ့ အစိုးရအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြိုပျက်ခဲ့ပြီ။ အခု တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်းက တည်ထောင်ဖွဲ့စည်းအုပ်ချုပ်နေပြီ။ ဂျပန်ခေတ်အဓိပတိကြီးကား ဇရာရဲ့ဖိစီးမှုကိုခံနေရရှာပါပြီ။
၁၉၆၉ ခုနှစ်ဦးပိုင်းလောက်ကထင်ပါတယ်။ စာရေးသူရယ်၊ ဆရာဦးညိုမြရယ်၊ အိုးဝေဓါတ်ပုံသတင်းထောက်ကိုကျော်ဆန်းရယ် သုံးယောက်သား အဓိပတိကြီးနေထိုင်ရာတက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သတင်းမေးသွားကြပါတယ်။ အဓိပတိကြီး နေထိုင်မကောင်းဖြစ်တယ်ကြားလို့ပါ။ အငှားကားလေးပေါ်က ကျနော်တို့ဆင်းပြီး ကုန်းပေါ်ကိုမော်ကြည့်လိုက်တဲ့အခါ သစ်ပင်တချို့အုပ်အုပ်မိုမိုးရှိနေတာ တွေ့ရပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းက အဓိပတိကြီးအိမ်ဟာ အဲ့ဒီတောင်ကုန်းလေးပေါ်မှာပါ။ တောင်ကုန်းပေါ်ကအိမ်ကို သွားတဲ့လမ်းဟာ အတက်လမ်းဖြစ်ပါတယ်။ ဟိုတုန်းကတော့ ကွန်ကရစ်လမ်းဖြစ်ဟန်တူပါတယ်။ အခုတော့ အုတ်ကျိုးအုပ်ပဲ့၊ ကွန်ကရစ်အကျိုးအပဲ့၊ ဂဝံကျောက်အချို့နဲ့ အုပ်ခဲကျိုးအချို့ကြားထဲမှာ မြက်တွေက တောထနေပါတယ်။ မသွားလာတာကြာလို့ထင်ရဲ့ မြက်တွေက မင်းမူနေတာကလား။
ဂိတ်တံခါးလေးကလည်း ပိုင်ရှင်နဲ့အတူ အိုမင်းရင့်ယော်နေပြီကော။ ကြာမြင့်လှပြီဖြစ်တော့ အဖြူရောင်ဆေးသားက မပီပြင်တော့။ နေဒဏ်မိုးဒဏ် ဘယ်လောက်ခံထားရပြီလဲ မခန့်မှန်းတတ်။ အတော်တော့ကြာပြီထင်ရဲ့။ ညိုညစ်ညစ်သစ်သားရောင်ကပြောက်တိပြောက်ကြား ဆေးဖြူရောင်အောက်က လွတ်မြောက်လိုလွတ်မြောက်ငြား ကုန်းရုန်းထနေလေသည်။ တံခါးလေးက ခနော်နီခနော်နဲ့ ပြုတ်ကျလုလုတဲတဲ။ ပြင်ဆင်မယ့်သူကို စောင့်နေပုံရတယ်။ မဟတဟတံခါးလေးကို အသာ မဖွင့်ပြီး မြက်တွေအောထနေတဲ့လမ်းကလေးအတိုင်း ကုန်းပေါ်တက်သွားတဲ့အခါ တစ်ထပ်တိုက်ကလေးတစ်လုံး၊ အိမ်ရှေ့မှာ ကားလေးတစ်စီး၊ ဖို့ဒ်လား၊ အော်စတင်လား၊ ဟမ်းဘားလားမသိ။ ဘီးတွေကပြားလို့ လေမရှိ။ ဆေးရောင်က အနက်ကလေးလို့ထင်ရပေမယ့် ကားတစ်စီးလုံး ဘောနက်ပေါ်၊ အမိုးပေါ်၊ ဘေးဘီဝဲယာအားလုံးမှာ ငှက်ချေးတွေ ဖုန်တွေ သစ်ရွက်ခြောက်တွေနဲ့ခြယ်သထားလေတော့ နဂိုဆေးရောင်ကိုပင် ကွဲကွဲပြားပြားမခွဲခြားနိုင်။ အနက်ရောင်လို့တော့ မှန်းဆမိပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က မစီးဖြစ်တာကြာလှရော့မယ်။
အိမ်ရှေ့အတော်ကြာကြာအသံပြုလိုက်တော့ မိန်းကလေးတစ်ဦးထွက်လာပါတယ်။ “ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်”တဲ့။ မွန်မွန်ရည်ရည်ပါ။ “အဓိပတိကြီးနဲ့တွေ့ချင်လို့ပါ” “ရှင်..” “သြော်..ဒေါက်တာဦးဘမော်နဲ့ တွေ့ချင်လို့ပါ” “ဘဘကြီး အိပ်ယာထဲမှာ မှိန်းနေပါတယ်” “ဒါဖြင့် ဆရာမ ဒေါ်တင်ဇာမော်နဲ့တွေ့ချင်ပါတယ်” “ခဏစောင့်ပါ..”ဆိုပြီး အထဲပြန်ဝင်သွားတယ်။ အတော်လေးကြာတော့မှ ဒေါ်တင်ဇာမော်နိုင်ထွက်လာ ပါတယ်။ အဲ့ဒီတော့မှ ကျနော်တို့အိမ်ထဲရောက်ပြီး ဒေါက်တာကြီး (အဓိပတိကြီး)ရဲ့ ကျန်းမာရေးအခြေအနေကိုမေးမြန်းရင်း ပဋိသန္ဓာရစကားတွေ ပြောဖြစ်ခဲ့ကြတယ်။ ဒီမှာ သိခဲ့ရတာက အဓိပတိကြီးဟာ ဇရာရဲ့ဖိစီးမှုအပြင် တခြားဝေဒနာတချို့ပါ ခံစားနေရတယ်ဆိုတာပါပဲ။
အဲ့ဒီမှာ စိတ်အစွဲအလမ်းအသိအမှတ်ပြုမိတာက အနန္တသူရိယအမတ်ကြီးရေးခဲ့တဲ့ သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ ဆိုတဲ့ကဗျာပါပဲ။ (ရွှေအိမ်နန်းနှင့် ကြငှန်းလည်းစံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာတည်း)

နောက်ဇာတ်ဆောင်တဦးက ဒေါ်ခင်ကြည်ပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာ့နိုင်ငံရေးလောကကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့သူတွေထဲကတစ်ဦး၊  နောက်တော့ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင် စတဲ့ဂုဏ်ပုဒ်တွေနဲ့ လျှမ်းလျှမ်းတောက်ထင်ပေါ်ကျော်ကြားခဲ့သူပါ။ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ချစ်ဇနီးပါပဲ၊ ဒေါ်ဒေါ့်ကို စတင်မြင်ဖူးတာ သားလတ်ကိုအောင်ဆန်းလင်း ရေနစ်ကွယ်လွန်ချိန် ကပေါ့။ နေ့ရက်အတိအကျ မမှတ်မိတော့ပါဘူး။ ၁၉၅၄-၅၅ လောက်လို့ထင်ပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်တာ ဘာမှမကြာသေး၊ ကွယ်လွန်သူအတွက် မျက်ရည်မှမစဲသေးခင်မှာ ရင်နှစ်သည်းခြာရတနာတစ်ဦး ထပ်မံဆုံးရှူံးလိုက်ရတဲ့ဒေါ်ဒေါ် ပဋာမြေလူးဖြစ်စဉ်လေ။
ဗိုလ်ချုပ်အပေါ်မေတ္တာထားကြတဲ့ပြည်သူတွေဟာ ခုလို ဗိုလ်ချုပ်ရင်သွေးတစ်ဦး ဆုံးရှူံးပြန်တာသိကြတော့ အတော့်ကိုစိတ်မကောင်း ဖြစ်ကြတာကလား။ ဝေးသူတွေက စိတ်မကောင်းဖြစ်ကြသလို ရန်ကုန်မြို့တွင်းနီးသူတွေက အပြေးအလွှားသွားရောက် သတင်းမေးကြတာကိုး။ စာရေးသူလည်း ဒီတုန်းကမှ ဒေါ်ဒေါ် ဒေါ်ခင်ကြည်ကို လူကိုယ်တိုင်မြင်ဖူးတာပါ။ ဒေါ်ဒေါ်နဲ့ သေသေချာချာသိရတာက ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲကာလ အိုးဝေဦးညိုမြရဲ့ကျေးဇူးပါ။ အိုဝေဦးညိုမြက ဆရာအရင်းလေ။ အိုးဝေသတင်းစာ ဂျာနယ်တွေမှာ နှစ်အတော်ကြာကြာလုပ်ခဲ့ဖူးတော့ အတော့်ကိုရင်းနှီးတာကိုး။ ဆရာက ကျနော့်ကို သူ့ကိုယ်ရေးကိုယ်တာကိစ္စတချို့ပြောပြဖူးပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေ ခိုင်းလေ့မရှိဘူး။ စာပေကိစ္စ နိုင်ငံရေးကိစ္စတွေမှာ သဘောတရားအယူအဆမတူပေမယ့် ခိုင်းတတ်ပါတယ်။ ကိုယ်ကလည်း မငြင်းမဆန်လုပ်ပေးတတ်ပါတယ်။ အထူးသဖြင့် စာပေကိစ္စတွေမှာ ဆရာစာရေးတဲ့အခါ လိုအပ်တဲ့အကြောင်းအရာ အချက်အလက်တချို့ ကူညီရှာဖွေပေးရပါတယ်။ တက္ကသိုလ်စာကြည့်တိုက်၊ ဘားနက်စာကြည့်တိုက်၊ ဝန်ကြီးချုပ်ရုံးစာကြည့်တိုက် နောင် အမျိုးသားစာကြည့်တိုက်တွေက အချက်အလက်အချို့ရှာပေးရပါတယ်။
၁၉၆၁ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရက ရွေးကောက်ပွဲကျင်းပပေးပါတယ်။ ဒီရွေးကောက်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီကြီးတွေကတော့ ဖဆပလ၊ ပထစ၊(ပြည်ထောင်စုပါတီ) ပမညတတို့ဖြစ်ပါတယ်။ ပါတီလေးတချို့နဲ့ တသီးပုဂ္ဂလတွေလည်း ဝင်အရွေးခံကြပါတယ်။ နိုင်ငံနဲ့အဝှမ်းကျင်းပတဲ့ရွေးကောက်ပွဲကြီးပါ။ ဒီရွေးကောက်ပွဲကြီးမှာ ညောင်လေးပင်အရှေ့မြို့နယ် (ပဲခူးခရိုင်) မဲဆန္ဒနယ်မှ ပမညတအမတ်လောင်းလူထုဦးတင်မောင် (လူထုသတင်းစာ ရန်ကုန်တိုက်ခွဲတာဝန်ခံ) ဝင်ရောက်အရွေးခံပါတယ်။ စာရေးသူက ဦးတင်မောင်ရဲ့အမတ်လောင်း ကိုယ်စားလှယ် ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ယူလုပ်နေချိန်ပေါ့။ ညောင်လေးပင်အရှေ့မဲဆန္ဒနယ်မှာ ပြိုင်ဘက်တွေက ဖဆပလ က ဦးကျော်ငြိမ်း(ညောင်လေးပင်)ပထစ က ရှေ့နေဦးမောင်တင်(တချို့ မဆလာမောင်တင်လို့လည်းခေါ်တယ်) သူက ပဲခူးသား၊ ပဲခူးကပါ အရွေးခံတယ်။ ညောင်လေးပင်မှာ သူ့ကို မသိတဲ့လူမရှိ။ ညောင်လေးပင်မှာ လူသိများထင်ရှားပြီးသြဇာရှိတဲ့ ဦးထွန်းလှိုင်တို့ရှိတယ်။ သူတို့ကိုမရွေးပဲ ပထစ က ဦးတင်မောင်ကိုအရွေးခံခိုင်းတာ။ ပမညတကတော့ လူထုဦးတင်မောင်။
တနေ့ ဦးနု၊ ဒေါ်ခင်ကြည်တို့ ညောင်လေးပင်ကို ရောက်လာကြတယ်။ အဲ့ဒီအချိန်မှာ ညောင်လေးပင်အချုပ်ထောင်ထဲက ဦးညိုမြထွက်လာပါတယ်။ ဦးညိုမြက စာရေးသူတို့ကိုတွေ့ချင်တယ်ဆိုလို့သွားတော့ ဦးညိုမြရယ်၊ ဒေါ်ခင်ကြည်ရယ်၊  ဦးနုရယ်တွေ့တယ်။ ဦးညိုမြက စာရေးသူနဲ့ဦးနု၊ ဒေါ်ခင်ကြည်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ အကြောင်းရင်းကတော့ ရွေးကောက်ပွဲကိစ္စပါ။ အာလာပသလ္လပစကားခဏပြောပြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးကြပါတယ်။ ပထမဆုံး ဒေါ်ဒေါ်ကနယ်မြေအနေအထားနဲ့ ပြည်သူလူထုတွေရဲ့အခြေအနေကို မေးပါတယ်။ ပြီးတော့ စာရေးသူရဲ့သဘောထားမေးပါတယ်။ “ဒေါ်ဒေါ် အခုရွေးကောက်ပွဲမှာ ဦးတင်မောင်အနိုင်ရရေးလိုက်လုပ်နေတာဟာ ရာထူးပါဝါ အာဏာရရေးမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက်လုပ်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးမရှိပဲနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်တာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး သမင်မွေးရင်းကျားစားရင်း ဆိုသလိုဖြစ်မှာပါပဲ။ နောက်တခုက စစ်ကျရောက်ဒေသကပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်နဲ့ အတိဒုက္ခရောက်ကြရတယ်။ ဒဏ်ရာအနာတရ ရကြတယ်။ နောက် အသက်သေကြရရှာတယ်။ မိကွဲ ဖကွဲ မိသားစုကွဲဖြစ် ရတယ်။ အိုးအိမ်စည်းစိမ်တွေ မီးလောင်ပျက်စီး ဆုံးရှူံးကြရတယ်။ စစ်နဲ့ဝေးသူတွေလည်း မသက်သာဘူး။ အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ဘဏ္ဏာတွေဟာ ဆေးရုံ စာသင်ကျောင်းစတာတွေအတွက်သုံးရမယ့်အစား ကျည်ဆန်ဖိုး၊ လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အသုံးပြုခံနေရတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်က ပထစအစိုးရဖြစ်ရင် ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မယ်လို့ အတိအလင်းကြေငြာထားတာပဲ။ ဒီတော့ ဒီရွေးကောက်ပွဲမှာ ပထစအနိုင်ရမှဖြစ်မယ်။ ဖဆပလသာ အနိုင်ရသွားရင် တိုင်းပြည်တော့ သံဃာစင်ပါမှောက်မှာ။ ဒါကိုလည်း ပမညတကလူကြီးတွေသိတယ်။ ဒါ့ကြောင့် ပမညတခေါင်းဆောင်တွေက ပထစခေါင်းဆောင်တွေနဲ့ထိပ်တိုက်အရွေးမခံရေး ကြွေးကြော်ခဲ့ ကြတာပေါ့။ ဒေါ်ဒေါ်တို့စိုးရိမ်တာက မဲတွေပြန့်ပြီး ကွဲသွားမှာစိုးတယ်။ ဒါ့ကြောင့် ပမညတ နိုင် နိုင်ခြေရှိရင် နိုင်အောင်လုပ်ပါ။ အကယ်လို့ နိုင် နိုင်ခြေမရှိဘူးဆိုရင်တော့ ဖဆပလထဲ မဲရောက်သွားမှာစိုးရိမ်တယ်။ ဦးတင်မောင်ဆိုတာကလည်း ဒီဒေသနဲ့စိမ်းနေတယ်။ ဒါ့ကြောင့် ဒီဒေသကမဲတွေ လူထုဦးတင်မောင်ရရင် ရ၊ မရရင် ဦးမောင်တင်ကို ဝိုင်းဝန်းကူညီပါလို့ တိုက်တွန်းချင်တယ်။ ဖဆပလထဲတော့ လုံးဝ ထည့်လို့မဖြစ်ဘူးမို့လား” (မနက်ဖြန် ဆက်ရိုက် ဆက်တင်ပေးပါ့မယ်)

0 comments:

Post a Comment