Wednesday, June 26, 2013

ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၆-)

0 comments
ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်(အပိုင်း၆-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို)
၆။ ယန်းေါဆာ့တ် (သို့မဟုတ်)ငြင်းပယ်ခြင်း၏အလှ။
“ငါသည်ပင် ငါ၏လွတ်လပ်မှု ဖြစ်၏” (ဆာ့တ်)
နှစ်ဆယ်ရာစုသည် စက်မှုသိပ္ပံယဉ်ကျေးမှုက လွှမ်းမိုးအုပ်စည်းထားသော ခေတ်ဖြစ်သည်။ သိပ္ပံပညာသည်သဘာဝလောကရှိအရာဝတ္ထုများကို ဓမ္မဓိဌာန်ကျကျစူးစမ်းလေလ့ာခြင်းပြုရ၏။ ထို့နောက် ယင်းတတို့နှင့်ပတ်သက်သည့် ယေဘုယျနိယာမတရားများကို ထုတ်ဖော်၏။ ထို သိပ္ပံနိယာများမှတဆင့် သိပ္ပံနည်းပညာစက်မှုအတတ်ပညာများကိုအသုံးပြု၍ လူ့အဖွဲ့ အစည်းအတွက် ကုန်ပစ္စည်းအမျိုးမျိုးတို့ကို စဉ်ဆက်မပြတ်တီထွင်ထုတ်လုပ်ပေး၏။ ဤသို့ဖြင့် သိပ္ပံပညာသည်ဓမ္မဓိဌာန်သဘော(Objectivity) ဆောင်သည့်ရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာရာ တွင် အသုံးဝင်လှ၏။ အောင်လည်းအောင်မြင်လှပါ၏။
ဤသို့သော သိပ္ပံပညာ၏အောင်မြင်မှု၊ တိုးတက်မှုတို့ကိုစံနမူနာပြု၍ လူနှင့်လူ့အကြောင်းကိုလေ့လာရာ၌လည်း သိပ္ပံပညာကိုအားကိုးလာကြ၏။ သိပ္ပံနည်းအတိုင်းလိုက်လာကြ၏။ ထို့ကြောင့်လည် နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ သမိုင်းပညာစသည့် လူနှင့်လူ့အကြောင်းကို စနစ်တကျစူးစမ်းလေလ့ာသည့်လူမှုရေးသိပ္ပံ (Social Science) ပညာများတို့သည် သဘာဝသိပ္ပံပညာ(Subjectivity)က ရုပ်ဝတ္ထုပစ္စည်းများကိုလေ့လာသကဲ့သို့ပင် ဓမ္မဓိဌန်ကျမှုအပေါ်အခြေတည်ခဲ့ကြ၏။ သီးခြားပုဂ္ဂိုလ်လူသားတဦးချင်းစီထက် “လူ"ဟူသော ယေဘုယျသဘော၊ ဓမ္မဓိဌာန်သဘောတို့ကို အလေးအနက်ထားခဲ့ကြသည်။ လူဟူသည် ရုပ်ဝတ္ထုပစ္စည်းများကဲ့သို့ပင်သဘောထားကာ ဓမ္မဓိဌာန်သဘောဖြင့်မှတ်ရှူခဲ့ကြသည်။ ဤသို့ဖြင့်  နှစ်ဆယ်ရာစု လူ့အသိညာအားလုံးသည် ဓမ္မဓိဌာန်သဘောအပေါ်အခြေစိုက်ထားပေသည်။
ယန်းပေါဆာ့တ်သည် ယင်းသို့ သူ့ခေတ်ကိုလွှမ်းမိုးသြဇာပြုထားသောဓမ္မဓိဌာန်သဘောကို လုံးဝဆန့်ကျင်ငြင်းပယ်ခဲ့ပြီး ပုဂ္ဂလဓိဌာန်သဘောကို ရှေ့တန်းတင်တွေးခေါ်ခဲ့ပေသည်။ လူပုဂ္ဂိုလ်တဦးချင်းစီ၏ဘဝကိုဗဟိုပြု၍ သူ့ဒဿနကျမ်းများ၊ ဝတ္ထုများ၊ ပြဇာတ်များကိုရေးဖွဲ့ခဲ့၏။ ဆာ့တ်၏ဒဿနတရပ်လုံးတွင်အဓိကပစ်မှတ်မှာ ပုဂ္ဂလဓိဌာန်သဘော၏အရေးပါမှု ဖြစ်ပေသည်။
“အမှန်တရားဆိုတာ ပုဂ္ဂလသဘောဖြစ်တယ်”ဟူသော ဖြစ်တည်မှုဝါဒဖခင် ကဲကီးဂါးဒ်၏အဆိုအမိန့်ကို ဆက်လက်ခံယူခဲ့သည်။ “လူဆိုတာရေညှိတပင် မဟုတ်ဘူး။ မှိုတပွင့် ဒါမှမဟုတ် ပန်းဂေါ်ဖီတပွင့်လည်း မဟုတ်ဘူး။ ပုဂ္ဂလဘဝတခုကိုပိုင်ဆိုင်ထားတဲ့ ပရိုဂျက်တရပ်ဖြစ်တယ်။ လူဆိုတာ မိမိကိုယ်ကိုယ်ကို မိမိ တည်ဆောက်ဖော်ဆောင်ချက်ဖြစ်တယ်။ ဒါဟာ ဖြစ်တည်မှုဝါဒရဲ့ အခြေခံအကျဆုံးခံယူချက်ဖြစ်တယ်” ဟု ဆာ့တ်က ဖွင့်ဆိုပေသည်။ ဖြစ်တည်မှုဝါဒီ၏အခြေခံမှာ ပုဂ္ဂလလူသားတဦးချင်းစီ၏ ဘဝဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

(၆-က)ကောင်းကင်ဘုံမှ ဓမ္မဓိဌာန်စိတ်ကူးထည်
ယေဘုယျသဘော (The General)၊ ဓမ္မဓိဌာန်သဘောတို့ကို ဦးစားပေးစဉ်းစားခြင်းမှာ အနောက်တိုင်းဒဿနသမိုင်းတွင် ရှေးဟောင်းဂရိဒဿနခေတ်ကတည်းကပင် ရှိခဲ့ပေသည်။ အထူးသဖြင့် အနောက်တိုင်းဒဿနကို ပညာရပ်တခုအဖြစ် ပီပီပြင်ပြင်ဖြစ်အောင် ဖော်ဆောင်ပေးခဲ့သည့် ဂရိဒဿနဆရာကြီး ပလေတို (Plato 428­ 348 B.C)သည် ဓမ္မဓိဌာန်သဘောကို ဦးထိပ်ပန်ဆင်ခဲ့သူ ဖြစ်ပေသည်။ ယန်းပေါဆာ့တ်က ဆရာကြီးပလေတိုသည် ကောင်းကင်ဘုံ၏ပြီးပြည့်စုံမှုကို ခုံမင်မက်မောဂရုစိုက်လွန်းသည့်အတွက်ကြောင့် အောက်ခြေလွတ်သွားပြီး တကယ့်လက်တွေ့လောက ကမ္ဘာမြေပြင်ပေါ်ရှိ မပြီးပြည့်စုံမှုများကို မေ့သွားသူဖြစ်သည်ဟု မှတ်ချက်ချခဲ့၏။
ပလေတိုအတွက် အာရုံခံစားမှုဖြင့်တွေ့သိနေရသော သီးခြားအရာများတည်ရှိရာဤကမ္ဘာလောကသည် အစစ်အမှန်လောက မဟုတ်ပေ။ အစစ်အမှန်၏ဖော်ဆောင်ချက်များသာဖြစ်သည်။ အသွင်သဏ္ဍန်လောကသာဖြစ်သည်။ တကယ့် အစစ်အမှန်လောကမှာ ဆင်ခြင်ခြင်းသက်သက် (Pure Reason)ဖြင့်သာရှိရသော စိတ်ကူးထည် ( Idea) များရှိရာလောက ဖြစ်ပေသည်။ ယင်းစိတ်ကူးထည်တို့သည် မည်သည့်အခါမျှပြောင်းလဲပျက်စီးခြင်းမရှိပေ။ ထာဝရတည်မြဲနေသည့်ပုံစံတရားများ (Form) အသိပညာများ ( Concept) ဖြစ်ကြပေသည်။ ယင်းစိတ်ကူးထည်သဘောတို့သည် သီးခြားအရာများထက် ပို၍ အဓိကကျ၏။ သီးခြားအရာတို့၏ဖြစ်တည်မှုသည် ယင်း စိတ်ကူးထည်တို့အပေါ်မှီတည်နေရ၏။ တစ်နည်းအားဖြင့်ဆိုသော် ယင်းစိတ်ကူးထည်များသည် ဖြစ်တည်မှုထက် အရင်ရှေ့ကျသောတရားများဖြစ်၏။ ပို၍ အခြေခံကျသောသဘောများလည်းဖြစ်၏ ဟု ပလေတိုကခံယူပေသည်။
ပလေတိုအယူအရမူ ကျွန်ုပ်တို့ လက်တွေ့မြင်နေရသော အဆင်းများ၊ ကြားနေရသော အသံများ၊ ခံစားရသောအရသာများသည် တခဏသဘောများသာဖြစ်၏။ ပြောင်းလဲပျက်စီးကြ၏။ ထို့ကြောင့် ယင်းတို့သည် အစစ်အမှန်တရားများ မဟုတ်ကြ။ ဤအရောင်အဆင်း၊ အနံ့အရသာတို့နောက်ကွယ်တွင်ရှိနေသည့် ထာဝရတည်တံ့နေသောပုံစံတရားများ (ဝါ) အနှစ်သာရ သဘောတို့သာလျှင် တကယ့်အစစ်အမှန်တရားများဖြစ်ကြ၏။ မိန်းမပျိုတဦးသည် မည်မျှပင်လှပပါသည်ဟု ဆိုဆို၊ ‘လှပခြင်း’တည်းဟူသောအနှစ်သာရစိတ်ကူးထည်နှင့်ယှဉ်လိုက်ပါက စာဖွဲ့စရာမရှိလောက်အောင် အသေးအဖွဲဖြစ်သွားမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလက်တွေ့လောကရှိ သီးခြားမိန်းမပျိုတဦးချင်းစီ၏ အလှအပဟူသည်“လှပခြင်း”တည်းဟူသော စိတ်ကူးထည်တရားမှ ဆင်းသက်လာသောကြောင့်ဖြစ်၏။ ဤစိတ်ကူးထည်အနှစ်သာရတရား၏ လက်ဝေခံများသာလျှင်ဖြစ်သောကြောင့် ဖြစ်၏။ “လှပခြင်း” ဟူသောစိတ်ကူးထည် ယေဘုယျအနှစ်သာရတရားရှိပြီးမှ ဤစိတ်ကူးထည်နှင့်အဆင့်အဆင့် လိုက်လျောညီထွေရှိနေကြသည်။ သီးခြားမိန်းမပျိုတဦးစီတို့ကို လှသည်၊ ပိုလှသည်၊ အလှဆုံးဟူ၍ လူသားတို့ကသတ်မှတ်နိုင်ကြ၏။ ထို့ကြောင့်လှပခြင်းတည်းဟူသော စိတ်ကူးယဉ်“အနှစ်သာရ”သည် အလျင်ဦးစွာတည်ရှိပြီးမှ လှပသောမိန်းမပျိုဟူသော သီးခြားဖြစ်တည်မှုသည် ရပ်တည်နိုင်ပေ၏။ တနည်းအားဖြင့်ဆိုရသော် ပလေတို၏ဒဿနအရ “အနှစ်သာရသည် ဖြစ်တည်မှုထက် ပို၍ အဓိကကျ၏။ ပို၍အရင်ရှေ့ကျ၏” ဟု ဆိုနိုင်ပေသည်။ ဤအယူအဆကို ရှူထောင့်သုံးခုမှ အောက်ပါအတိုင်းရှူမြင်နိုင်၏။ အချိန်ကာလ အစီအစဉ်အတိုင်းဆိုပါလျှင် “လှပခြင်း” ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရသဘောသည် လှပပါသည်ဟုဆိုသောမိန်းမပျို မမွေးဖွားခင်ကတည်းကပင် ရှိနေပြီဖြစ်၏။ ယုတ္တိဗေဒသဘောအရဆိုလျှင် “လှပခြင်း”စိတ်ကူးထည်အနှစ်သာရသဘောသည် ကျွန်ုပ်တို့လူသားများ၏စိတ်ထဲတွင် အရင်ဦးစွာရှိမနေခဲ့ပါက ဤ မိန်းမပျို လှပါသည်ဟု မည်သို့မျှ ပြောဆိုသတ်မှတ်နိုင်မည် မဟုတ်ပေ။
တန်ဖိုးသဘောအရဆိုပါလျှင်“လှပခြင်း”စိတ်ကူးထည်အနှစ်သာရတရားသည် လှပပါသည်ဟုဆိုသော သီးခြားအရာတိုင်းထက် ပို၍ အရေးကြီးပေ၏။ ပလေတို၏ဒဿနအရ လှပသောမိန်းမပျို “ဖြစ်တည်မှု”သည် တခဏသဘောသာ ဖြစ်သည်။ ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေ၏။ သမုတိသဘောကို ဆောင်နေခြင်းသာဖြစ်၏။ ထို့ကြောင့် ဤသို့သော သီးခြားမိန်းမလှကလေးများသည် ထာဝရသဘောဆောင်ယူလျှက်ရှိသည့်လှပခြင်းတရား (အနှစ်သာရ)လောက် အရေးမကြီးပေ။ တန်ဖိုး မထားအပ်ပေ။ လှပပါသည်ဆိုသောမိန်းမပျိုတဦးသည် မွေးဖွားလာ၏။ အရွယ်ရောက် ကြီးပြင်းလာ၏။ ထို့နောက် အိုမင်းရင်ရော့်သွား၏။ နောက်ဆုံးသေဆုံးပျောက်ကွယ်သွားမည်သာဖြစ်၏။ သူမ၏အလှအပသည် အချိန်ကာလ ခဏတခုအတွင်းမှာသာ ရှိနိုင်၏။ နောက်ဆုံး မည်သည့်အလှအပမျှ မရှိတော့ဘဲ ပျက်ပျယ်သွားမည်သာဖြစ်၏။ သို့ရာတွင်“လှပခြင်း” စိတ်ကူးထည်အနှစ်သာရကမူ အချိန်ကာလ၏ဘောင်ခတ် ကန့်သတ်မှုကိုကျော်လွန်နေ၏။ ဘယ်တော့မှ ပျက်ပြယ်သွား လိမ့်မည်မဟုတ်ပေ။ အစဉ်အမြဲ ထာဝရတည်တံ့နေမည်သာဖြစ်၏။
ပလေတို၏ဆိုလိုရင်းမှာဤသို့ဖြစ်၏။ ကျွန်ုပ်တို့လူသားတို့သည် တစုံတခုသောအရာ၏ အနှစ်သာရသဘော (ဝါ) ယေဘုယျသဘောကိုသိရှိနားလည်မှသာ ထိုအရာ၏အစစ်အမှန်သဘောကို သိရှိနိုင်မှာဖြစ်၏။ တနည်းအားဖြင့် တစုံတခုသောအရာ၏အစစ်အမှန်သဘောမှာ ယင်းအရာဝတ္ထုနှင့်ပတ်သက်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။ ထို့ကြောင့် တစုံတခုသောအရာ၏အနှစ်သာရသဘော(ဝါ)အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်သိရှိထားပြီဆိုပါလျှင် သီးခြားအရာများကို လုံးဝမမြင်ဖူး မတွေ့ဘူးသော်လည်း ဘာမျှအခက်အခဲမရှိဘဲ နားလည်လာမည်သာဖြစ်၏။ ဤသို့မဟုတ်ဘဲ သီးခြားအရာများကိုတွေ့မြင်နေရုံမျှနှင့်တော့ ယင်းတို့အကြောင်း စစ်စစ်မှန်မှန်သိရှိမည်မဟုတ်ပေ။ ထို့ကြောင့် သီးခြားပုဂ္ဂလသဘောတို့ကို မှန်မှန်ကန်ကန်သိရှိနားလည်လိုပါက ထိုအရာတို့၏ ယေဘုယျ စိတ်ကူးထည်အနှစ်သာရသဘောတို့ကို အလျင်သိရှိနားလည်ထားရမည်သာဖြစ်၏ဟု ပလေတိုကယူဆလေသည်။
လှပသောမိန်းမပျို၊  လှပသောပန်းချီကား၊ လှပသောရှူခင်းတို့အကြောင်း အမှန်အကန်နားလည်ရန်အတွက်“လှပခြင်း” ဟူသော မောင်မောင်၊ ဂျော၊့ ဖရန်စစ် စသည့် သီးခြားပုဂ္ဂလလူသားတဦးချင်းစီအကြောင်း မှန်မှန်ကန်ကန်နားလည်လိုပါက “လူ” ဟူသော ယေဘုယျစိတ်ကူးထည် အနှစ်သာရကို အလျင်ဦးစွာသိရှိထားရပေမည်။ ထိုနည်းမူ တင်ကြိုပြီးသိရှိထားရပေမည်။ ထို့ကြောင့် ပလေတိုအတွက်“လူ” ဟူသော အနှစ်သာရတရားသည် သီးခြားပုဂ္ဂလလူတဦးချင်းစီထက် ပို၍ ပဓာနကျ၏။ ပို၍လည်း အလျင်ဦးစွာရှေ့ကျ၏။ ပလေတို၏ ဤသို့သောအနှစ်သာရသဘော (ဝါ) ယေဘုယျစိတ်ကူးထည်ကို ဦးစားပေးတွေးခေါ်မှုကို အနောက်တိုင်းတွေးခေါ်ရှင်အများစုတို့သည် လက်ခံနားလည်လိုက်ကြသည်။ သို့ရာတွင်ယန်းပေါဆာ့တ် အမှူးပြုသောဖြစ်တည်မှုဝါဒီတို့ကမူ ပလေတို၏အနှစ်သာရဝါဒ (Abstract) ကို လုံးဝဆန့်ကျင်ခဲ့ကြလေသည်။ အမှန်စင်စစ် ပလေတိုသည် ယေဘုယျအနှစ်သာရဒြပ်မဲ့သဘောတို့ကို ဦးစားပေးလွန်းသည်ကြောင့် အတွေးခေါင်သွားပြီး မိမိအနီးအနားမှ ရင်းနှီးကျွမ်းဝင်နေသောဒြပ်ရှိသီးခြားအရာတို့ကို မျက်ခြေပြတ်သွားခြင်းသာဖြစ်သည်ဟု ဆာ့တ်က မှတ်ချက်ချခဲ့ပေသည်။
ထို့ကြောင့်လည်း နှစ်ဆယ်ရာစု ဒဿနသမိုင်းဆရာကြီးတဆူဖြစ်သော ဂျွန်ပတ်စ်မိုး (John Passmore) က အောက်ပါအတိုင်း ဖွင့်ဆိုခဲ့ပေသည်။
“တကယ်တော့ ပလေတို၏“သမ္မတနိုင်ငံ” ဒဿနကျမ်းတွင် ထင်ထင်ရှားရှား ဖွင့်ဆိုထားသည့် လူသားနှင့်လူ့လောကအကြောင်း အယူအဆကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သော တုံ့ပြန်ချက်တရပ်အဖြစ် ဖြစ်တည်မှုဝါဒကို ရှင်းရှင်းလင်းလင်း ဝိဂြိုဟ်ပြုနိုင်ပေသည်။ ပလေတိုသည် “ဖြစ်တည်မှု”ကို အစစ်အမှန်တရား၏လက်ဝေခံ အစိတ်အပိုင်းအဖြစ်သာမြင်ခဲ့သည်။ ဖြစ်တည်လျှက်ရှိသောသီးခြားအရာတို့သည် အနှစ်သာရသဘော (ဝါ) ပုံစံသဘောတို့ကိုအကြောင်းပြု၍သာလျှင် ရပ်တည်နိုင် ကြခြင်းဖြစ်သည်ဟု ပလေတိုကခံယူခဲ့သည်”

0 comments:

Post a Comment