လူ့အဖွဲ့အစည်းတခုမှာ ကွဲပြားခြားနားတဲ့ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနဲ့လူနေမှုပုံစံတွေ
တခုနဲ့တခုပဋိပက္ခမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ခြင်း ရှိ/မရှိဟာ
ဒီလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုအဆင့်အတန်း၊ အသိအလိမ္မာနိုးကြားမှုနဲ့ ဒီလူအဖွဲ့အစည်းထဲနေထိုင်သူတွေ
ဆင်ခြင်တုံတရားနဲ့အညီနေထိုင်နိုင်စွမ်းရှိ/မရှိကို ပြသနေတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာ၊
နှစ်ရာဟိုဘက်က ကမ္ဘာမှာပေါ်ခဲ့တဲ့လူ့အဖွဲ့အစည်းတွေမှာမတွေ့ရတဲ့ လူမျိုးစုံလင်မှု၊ ကိုးကွယ်ယုံကြည်မှု
စုံလင်မှု၊ အယူအဆပေါင်းစုံလက်ခံနိုင်မှု စတာတွေကို ကနေ့ခေတ် နှစ်ဆယ့်တစ်ရာစုက တိုးတက်တဲ့လူ့အဖွဲ့အစည်းတိုင်းမှာ
အထင်အရှားတွေ့နိုင်တယ်။ နောက်ကွာခြားချက်တစ်ခုက ကနေ့ခေတ်မှာ နိုင်ငံရေး၊ စီးပွားရေးမှာထိပ်တန်းရောက်နေတဲ့
ဥရောပကဒီမိုကရေစီနိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်ရာဟိုဘက်တုန်းက အုပ်ချုပ်သူအစိုးရက
တရားဝင်ချပေးတဲ့ဘာသာကိုသာ ကိုးကွယ်ခွင့်ရှိကြတယ်။ အဲဒီ့တုန်းက ကိုးကွယ်ယုံကြည်မှုဟာ
လူတိုင်းအတွက်အရေးကြီးတာမို့ လူတိုင်းအတွက်ကိုးကွယ်ယုံကြည်မှုတစ်ခုသာရှိသင့်တယ်လို့လက်ခံခဲ့ကြပေမယ့်၊
အနှစ်နှစ်ရာကျော်အကြာ တိုးတက်တဲ့ကနေ့ခေတ်ကိုရောက်လာတဲ့အခါ ကိုးကွယ်ယုံကြည်မှုဟာ လူအတိုင်းအတွက်အရေးကြီးတာမို့
လူတိုင်းမှာ သူမှန်တယ်လို့ယုံကြည်တဲ့ ဘယ်ကိုးကွယ်ယုံကြည်မှုကိုမဆို တခြားလူတွေကိုမထိခိုက်ဘူးဆိုရင်
ကိုးကွယ်ယုံကြည်ခွင့်ရှိသင့်တယ်ဆိုတဲ့အယူအဆက ရှေ့တန်းရောက်လာတယ်။
လူတိုင်းကိုးကွယ်ယုံကြည်မှုတစ်ခုသာရှိသင့်တယ်ဆိုတဲ့အယူအဆကနေ ကိုယ်မှန်တယ်လို့ယုံကြည်တဲ့ ဘယ်ကိုးကွယ်ယုံကြည်မှုကိုမဆို သူများကိုမထိခိုက်ရင် ကိုးကွယ်ယုံကြည်ခွင့်ရှိသင့်တယ်ဆိုတဲ့အယူအဆကိုပြောင်းလဲလာမှုမှာ အခြေခံအကျဆုံးအချက်က ကိုယ်လက်ခံယုံကြည်ထားတဲ့တရားကသာ အမှန်တရားဖြစ်တယ် ဖြစ်ရမယ်ဆိုတဲ့အမြင်နေရာမှာ တခြားလူတွေလက်ခံယုံကြည်ထားတဲ့တရားဟာလည်းမှန်နိုင်ပါလားဆိုတဲ့အမြင်က အစားထိုးလာတာလို့ပြောလို့ရတယ်။ ကိုယ်မှန်တယ်လို့ယူဆတဲ့တရားကို ကိုးကွယ်ယုံကြည်ခွင့်ရဖို့သေရေးရှင်ရေးတမျှအရေးကြီးတာကိုလက်ခံရင်၊ တခြားလူတွေအတွက်လည်း သူတို့မှန်တယ်လို့ယူဆပြီး သေရေးရှင်ရေးတမျှအရေးကြီးတဲ့ကိုးကွယ်ယုံကြည်မှုတွေကို ယုံကြည်ခွင့်ရှိသင့်ပါလားဆိုတဲ့အဆင့်ကိုတက်လှမ်းဖို့ မဝေးတော့ဘူး။ ဒီတော့ အယူအဆဟောင်းကနေ အယူအဆသစ်ကိုကူးပြောင်းလာရာမှာ မတူညီတဲ့ကိုးကွယ်ယုံကြည်မှုတွေကိုသည်းညည်းခံနိုင်အား တစပြီးတစ ဖွံ့ဖြိုးလာရတယ်။ တကယ်တော့ မတူတဲ့အယူအဆတွေကိုသည်းညည်းခံနိုင်စွမ်း ရှိ/မရှိဟာ ခေတ်ဟောင်းကနေခေတ်သစ်ကို ပြောင်း/မပြောင်း၊ မရင့်ကျက်မှုကနေ ရင့်ကျက်မှုကိုပြောင်း/မပြောင်း တိုင်းတာတဲ့ ပြဒါးတိုင်ပဲ။
ပြောခဲ့သလို မတူတဲ့အမြင်ကိုသည်းညည်းခံနိုင်မှု၊ သူများကိုမထိခိုက်တဲ့ လွတ်လွတ်လပ်လပ်ကိုးကွယ်ယုံကြည်နိုင်မှုနဲ့ ကိုယ့်ရဲ့ကိုးကွယ်ယုံကြည်မှုကို လွတ်လွတ်လပ်လပ်ပို့ချနိုင်မှုဟာ Enlightenment ခေတ်ခေါ်တဲ့ ဉာဏ်အလင်းပွင့်မှုခေတ်ရဲ့ပြယုဂ်စစ်စစ်ဖြစ်တယ်။ လွတ်လပ်မှုကိုမြတ်နိုးလှပါတယ်ဆိုတဲ့ ခေါမခေတ်မှာတောင် လွတ်လွတ်လပ်လပ်ကိုးကွယ်ယုံကြည်ခွင့် မရခဲ့ကြဘူး။ ဆိုကရေတီးကိုသေဒဏ်ပေးတော့ သူဟာ အေသင်အာဏာပိုင်တွေ တရားဝင်ခွင့်ပြုထားတဲ့နတ်ဘုရားတွေကိုမကိုးကွယ်ဘဲ နတ်ဘုရားသစ်တွေကို ကိုးကွယ်မှု၊ လူငယ်တွေကို ဒီနတ်ဘုရားသစ်တွေကို ကိုးကွယ်အောင်ဖျက်ဆီးမှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်တယ်။
ဒါပေမယ့် ဥာဏ်အလင်းပွင့်မှုခေတ်ဝင်လာတဲ့အခါ လွတ်လွတ်လပ်လပ်ကိုးကွယ်ယုံကြည်ခွင့်ဟာ အင်မတန်မှအရေးကြီးတဲ့ လွတ်လပ်ခွင့်ဖြစ်လာတယ်။ ဆယ့်ခြောက်ရာစုမှာ ဂျာမန်ဘုန်းတော်ကြီးလူသာက ရောမကပုပ်ရဟန်းမင်းကို အာခံတော့ ရောမကက်သလစ်အာဏာပိုင်တွေက လူသာဟာ ခရစ်ယာန်မစစ်ဘူးလို့ဆိုတယ်။ လူသာက သူခရစ်ယာန် စစ်/မစစ်ကို ဘာနဲ့တိုင်းမလဲ၊ ရောမက ကက်သလစ်အာဏာပိုင်တွေ သတ်မှတ်ထားတဲ့စံတွေနဲ့တိုင်းတာ တရားရဲ့လားလို့ ပြန်ပြီးစိန်ခေါ်တယ်။ ဘာသာရေးအငြင်းအခုံဖြစ်ဖြစ် တခြားအငြင်းအခုံ ဖြစ်ဖြစ်၊ အငြင်းအခုံတိုင်းမှာ မှန်မမှန်ကို နှစ်ဦးသဘောတူသတ်မှတ်ထားတဲ့ စံတခုနဲ့တိုင်းပြီး ဆုံးဖြတ်ရမှာဖြစ်ပေမယ့် အမှန်အမှားဆုံးဖြတ်မယ့်စံအဖြစ် ဘယ်စံကိုရွေးမလဲဆိုတာကိုကအစ အငြင်းအခုံဖြစ်ပြီဆိုရင် ပြဿနာရှိလာပြီ။ ဘာသာရေးကိစ္စအငြင်းအခုံဖြစ်ကြတဲ့အခါမှာ အဓိကက အမှန်အမှား အဆုံးအဖြတ်ပေးမယ့် စံကိစ္စကို ငြင်းကြခုံကြတာပဲ။
နောက်ဆုံးမှာ လူသာဟာ ရောမနဲ့လမ်းခွဲထွက်သွားရပြီး၊ ဘာသာရေးပဋိပက္ခတွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်အပြီးမှာ ဥရောပလူ့အဖွဲ့အစည်းတွင်းမှာ ကိုးကွယ်ယုံကြည်မှု မတူမှုကို သည်းညည်းခံနိုင်စွမ်းတွေ အားကောင်းအောင် ပညာရှင်အဆက်ဆက်က ပြုစုပျိုးထောင်လာရာမှာ ကနေ့ဆိုရင် ပရိုတက်စတင့်တွေနဲ့ကက်သလစ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့အခြေနေကို ရလာခဲ့တယ်။ ဘေးထွက်ပစ္စည်းအဖြစ် နိုင်ငံရေးလွတ်လပ်ခွင့်တွေပါ ရလာကြတယ်။ လူသာနဲ့ရောမ ခွာပြဲအပြီး အနှစ်လေးရာအကြာမှာ လစ်ဘရယ်ဝါဒရဲ့မီးရှူးတန်ဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်မြင်ကြတဲ့ ဆယ့်ကိုးရာစု ဆိုရှယ်လစ် လစ်ဘရယ်ဝါဒီဂျွန်စတူးဝပ်မီး(လ) က ဒီလိုရေးတယ်။
The only purpose for which power can be rightfully exercised over any member of a civilized community, against his will, is to prevent harm to others.
ယဉ်ကျေးတဲ့လူ့အသိုက်အမြုံတခုထဲက လူတယောက်ကို သူသဘောနဲ့ဆန့်ကျင်ပြီး တရားနည်းလမ်းကျစွာ ဘယ်အခါမှ အမိန့်အာဏာပေးနိုင်သလဲဆိုရင် သူ့လုပ်ရပ်ဟာ တခြားလူတွေကိုအန္တရာယ်ပြုခြင်းမှဟန့်တားဖို့အတွက်ကျမှသာ ပေးနိုင်တယ်။
ဒါကဘာကိုပြသလဲဆိုတော့ နိုင်ငံရေးအရလွတ်လပ်စွာကွဲလွဲခွင့်တွေမရခင် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုလက်ခံလာအောင်၊ မတူတဲ့အမြင်တွေကို သည်းခံနိုင်စွမ်းတွေရှိလာအောင်ပြုစုပျိုးထောင်ပေးတာတွေကို မလုပ်မဖြစ်လုပ်ရတာကို ပြနေတယ်။ ဘာသာရေးဟာ လူရဲ့အနက်ရှိုင်းဆုံး၊ စွန့်လွှတ်ပြောင်းလဲရအခက်ဆုံး ကိုးကွယ်ယုံကြည်မှုဖြစ်တာကြောင့် ဘာသာရေးအရကွဲလွဲခွင့်ကိုအသိအမှတ်ပြုနိုင်ပြီဆိုရင် နိုင်ငံရေးအရကွဲလွဲမှုဟာ နောက်ကအလိုလို လိုက်ပါလာမှာဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်စွာဟောပြောစည်းရုံးခွင့်ရဲ့တန်ဖိုး၊ နိုင်ငံရေးလွတ်လပ်ခွင့်ရဲ့တန်ဖိုးကို လေးစားတန်ဖိုးထားလာအောင် မတူညီတဲ့ကိုးကွယ်ယုံကြည်မှုတွေကို သည်းခံနိုင်တဲ့ဓလေ့ကို လေ့ကျင့်ပျိုးထောင်သင့်တယ်လို့တိုက်တွန်းလိုက်ပါတယ်။

0 comments:
Post a Comment