ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း)မောင်ကြည်သစ်
(အပိုင်း၇-) (စာပြင်နိုင်သမျှ ပြီးသမျှတင်ပေးမယ်တွေးပါတယ်-မျိုးမြင့်ချို) (၆-ခ)ပုဂ္ဂလဖြစ်တည်မှုသာလျှင်။
ယန်းပေါဆာ့သည် ပလေတို၏အနှစ်သာရဝါဒကို
လုံးဝမြေလှန်ပစ်ခဲ့သည်။ ဤလောကတွင်ဆင်ခြင်ခြင်းနှင့် ချဉ်းကပ်၍မရနိုင်သောအရာ ရှိ၏။ ဘာသာစကားဖြင့်
အဓိပ္ပါယ်ဖွင့်ဆို၍မစွမ်းသာသောအရာ ရှိ၏။ ယင်းမှာ လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှု ဖြစ်၏။ လူသားတဦးချင်းစီ၏
ပုဂ္ဂလဖြစ်တည်မှုကို ယင်းပုဂ္ဂိုလ်၏အတွင်းအဇ္ဈတ စိတ်ခံစားမှုအတွေ့အကြုံအားဖြင့်သာ မှန်မှန်ကန်ကန်ရှူမြင်နားလည်နိုင်မည်ဟု
ဆာ့တ်က ခံယူပေသည်။ ယန်းပေါဆာ့တ်က လူသားဟုဆိုရာ၌ ကဲကီးဂါးဒ်နှင့်ဟိုင်ဒေဂါတို့၏ ပုဂ္ဂလလူသား၏ဖြစ်တည်မှုဘဝကို
ဆိုလိုခြင်းဖြစ်ပေသည်။ ဆာ့တ်သည် ကဲကီးဂါးဒ် လက်ခံယုံကြည်ခဲ့သောထာဝရဘုရားတည်ရှိမှုကို
လုံးဝငြင်းပယ်ခဲ့သူဘုရားမဲ့ဝါဒီတဦးဖြစ်၏။ သို့သော် သူသည် ကဲကီးဂါးဒ်၏ လူ့ဘဝဖြစ်တည်မှုသည် ပုဂ္ဂလဓိဌာန်ကျသည်ဟူသောအယူအဆကိုမူ
ဆက်လက်ခံယူပေသည်။ ထို့ပြင် ဆာ့တ်သည် ဟိုင်ဒေဂါ တင်ပြခဲ့သော Dasein ခေါ် လူသား၏ပုဂ္ဂလဖြစ်တည်မှုကို
ဆက်လက်ခံယူခဲ့၏။ Desein ဟူသည်အရာဝတ္ထုတို့၏ဖြစ်တည်မှုကို ဆိုလိုခြင်း မဟုတ်ပေ။ အရာဝတ္ထုတို့သည်
မိမိတို့၏အရှိတရားကို သိရှိခံစားနိုင်ခြင်းမရှိကြပေ။ ဤလောက၌ လူသားတမျိုးတည်းသာလျှင်
မိမိ၏ ဖြစ်တည်မှုဘဝကို မိမိကိုယ်တိုင် ပြန်လည်သိရှိခံစားနိုင်စွမ်းရှိပေသည်။ ထို့ပြင်
ဟိုင်ဒေဂါက လူသည် အခြားအရာများနှင့် လုံးဝအဆက်ပြတ်ကာ သီးခြားဖြစ်တည်နေသည် မဟုတ်ပေ။
“ကျွန်ုပ်” ဟူသည်မှာ ယခင်တွေးခေါ်ရှင်ကီးများယူဆခဲ့သော အတ္တအခြေခံ(Mental Substance)
မဟုတ်ပေ။ ပုဂ္ဂလလူသားတဦး လူ့လောကအတွင်းဖြစ်တည်နေခြင်းသည် မိမိ၏ခန္ဓာကိုယ်အတွင်း၌သာ
ဖြစ်တည်နေခြင်းမဟုတ်ပေ။ မိမိ၏ပြင်ပတွင်ရှိနေကြသော အခြားသောလူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများနှင့် ကူးလူးဆက်သွယ်လျှက်ဖြစ်တည်နေခြင်းဖြစ်၏။ ခေတ်သစ်ရူပဗေဒတွင် အိုင်စတိုင်း(Einstein)က ရုပ်ကိုအဝန်း (Field)အဖြစ်
ရှူမြင်လိုက်သကဲ့သို့ ဟိုင်ဒေဂါကလည်း လူကိုအဝှန်းရပ်အဖြစ် ရှူမြင်လိုက်ခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဟိုင်ဒေဂါအလိုအရ “ကျွန်ုပ်” ဆိုသည်မှာ ခန္ဓာကိုယ်တခုနှင့် သိစိတ်တရပ်ကိုသာ ဆိုလိုသည်မဟုတ်ပေ။ ကျွန်ုပ်နှင့်ပေါင်းသင်း ဆက်သွယ်နေကြသော အဝှန်း(ဝါ) ဆက်သွယ်မှုဝန်းကျင်
(Region of Concern) တရပ်လုံးကိုပါအကျုံးဝင်ပေသည်။
ထို့ပြင် ဟိုင်ဒေဂါက
ပုဂ္ဂလဖြစ်တည်နေသောလူသားသည် ဤလောကကမ္ဘာအတွင်း မည်သို့မည်ပုံရောက်ရှိ လာသည်။ သေလွန်ပြီးနောက်
မည်သည့်အရပ်သို့ ရောက်ရှိသွားမည်ကို မည်သို့မျှမသိရှိနိုင်ပေ။ လူသားသည် ဤလောကကြီးအတွင်းသို့
မိမိအလိုဆန္ဒစိုးစဉ်းမျှမပါဘဲ စွန့်ပစ်ခံလိုက်ရသောသတ္တဝါ ဖြစ်၏။ သူရောက်ရှိ ဖြစ်တည်လာရသောလောကကြီးမှာလည်း
သူ့အတွက်သူစိမ်းပြင်ပြင်ဆန်လှသော လောကကြီးဖြစ်၏။ သို့ဖြစ်၍ လူဟူသည် စိမ်းကားလှသောလောကကြီးထဲ၌
အထီးကျန်စွာဖြစ်တည်နေရသောသတ္တဝါဖြစ်၏။ ယင်း လောကကြီးထဲတွင် ပုဂ္ဂလလူသားအတွက် အဆင်သင့်ဖြည့်ဆည်းပေးထားသော
အနှစ်သာရဂုဏ်ရည်ဟူ၍ ဘာမျှမရှိပေ။ လူ့ဘဝလူ့အဖြစ်သို့ အစွန့်ပစ်ခံရောက်ရှိဖြစ်တည်ပြီးမှသာလျှင်
လူသားသည် မိမိ၏အနှစ်သာရကို မိမိကိုယ်တိုင်ဖော်ဆောင်ဖန်တီးကာ တည်ဆောက်ယူကြရသည်ဟု ဟိုင်ဒေဂါက
ယူဆပေသည်။ ဤအယူအဆကို ဆာ့တ်က ဆက်လက်ခံယူပွားများခဲ့ပေသည်။
ဆာ့တ်အလိုအရ လူသည်
ဦးစွာဖြစ်တည်ရသောသတ္တဝါ ဖြစ်၏။ ရေကန်ထဲသို့ ခဲတစ်လုံးကျလာသလို လူ့လောကထဲသို့ စွန့်ပစ်ခံရောက်ရှိလာရသူဖြစ်၏။
ဤသို့ လူ့ဘဝသို့ရောက်ရှိဖြစ်တည်လာပြီးမှသာ မိမိဘဝကိုအဓိပ္ပါယ်ဖော်ဆောင် တည်ဆောက်ယူကြရသည်။
လူ၏ဂုဏ်ရည် လလက္ခဏာများဦးစွာရှိပြီးမှသာ လူဟူသောသတ္တဝါဖြစ်တည်လာခြင်း မဟုတ်ပေ။ လူ့ဘဝဖြစ်တည်မှုရှိပြီးမှ
မိမိအရည်အချင်း၊ ဂုဏ်ရည်လက္ခဏာများကို မိမိအပြုအမူဖြင့်ပွားများတည်ဆောက်ယူရပေသည်။ ယန်းပေါဆာ့တ်ဟူသောစာရေးဆရာ၊
ဒီဂေါဟူသောသမ္မတ၊ နပိုလီယန်ဟူသောစစ်သူကြီးဘုရင်တို့သည် မွေးကတည်းက စာရေးဆရာ၊ သမ္မတ၊ စစ်သူကြီး၊
ဘုရင်ဧကရာဇ် ဖြစ်လာကြသည်မဟုတ်။ သူတို့၏ ဘဝဖြစ်တည်မှုကို ရရှိပြီးမှ ပြုမူဆောင်ရွက်ခဲ့ကြသောအပြုအမူများအားဖြင့်
သူတို့၏ဂုဏ်ရည်လက္ခဏာ အရည်အချင်းများကို ဖော်ဆောင်လာကြခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူသားအတွက်
ဖြစ်တည်မှုသည် အနှစ်သာရထက် ပို၍အဓိကကျ၏။ ပို၍ရှေ့ကျ၏။ ပလေတို၏ အနှစ်သာရဝါဒကိုလက်ခံလိုက်ပါက
လူသားသည် လူစင်စစ်အဖြစ်မှ ရုပ်ဝတ္ထုပစ္စည်းအဖြစ်သို့ အဆင့်ဆေလျှာကျသွားလိမ့်မည်ဟု ဆာ့တ်က
ဆိုပေသည်။ သူ့အလိုအားဖြင့်ဆိုလျှင် ပုဂ္ဂလလူသားတဦးချင်းစီကို ယေဘုယျအနှစ်သာရက အဆုံးအဖြတ်မပေးနိုင်ပေ။
ပုဂ္ဂလလူသား၏ စွမ်းဆောင်ပြုမူချက်များကသာ သူ၏အရည်အချင်းအနှစ်သာရကို အဆုံးအဖြတ်ပေးပေသည်။
ဥပမာအားဖြင့် ဗိုလ်ချုပ်အာင်ဆန်း၌ရှိသော“အမျိုးသားခေါင်းဆောင်”
ဟူသည့်အနှစ်သာရဂုဏ်ရည်သည် ဗိုလ်ချုပ်၏ပြုမူဆောင်ရွက်ချက်များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။
အမျိုးသားခေါင်းဆောင်ဟူသော ဘွဲ့ထူးဂုဏ်ထူးအနှစ်သာရကို ဗိုလ်ချုပ်တည်းဟူသော ပုဂ္ဂလလူသားတဦးသည်
မွေးဗီဇပါပစ္စည်းအဖြစ် မွေးကတည်းကပိုင်ဆိုင်ခဲ့သည်မဟုတ်ပေ။ လူသားတဦးအဖြစ် မွေးဖွားဖြစ်တည်လာပြီးနောက်မှ
ဖြစ်ပေါ်လာသော အပြုအမူစွမ်းဆောင်ချက်အားလုံးကို ပေါင်းရုံးစုစည်း၍ “အမျိုးသားခေါင်းဆောင်”
ဟူသော အရည်အချင်းအနှစ်သာရ ဖြစ်ပေါ်လာခြင်းဖြစ်၏။ ဤနေရာတွင်ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားခေါင်းဆောင်ပီသသည့်အပြုအမူများကသာလျှင်
ဗိုလ်ချုပ်အား အမျိုးသားခေါင်းဆောင်အဖြစ် မှတ်ကျောက်တင်ပေးလိုက်ခြင်း ဖြစ်၏။ ထိုနည်းတူ
မြန်မာ့သမိုင်းမှ ဘုရင့်နောင်မင်းကြီး၏တိုင်းပြည်စည်းရုံး တည်ထောင်မှုစွမ်းဆောင်ပြုမူချက်များသည်
မင်းကြီး၏ဂုဏ်ရည်ဖြစ်၏။ မြန်မာစာရေးဆရာကြီးဦးပုည၏ ထက်မြက်သော စာပေအရေးအသားသည် သူ့ဘဝ၏အနှစ်သာရ
ဂုဏ်ရည်ဖြစ်၏။ ထို့ကြောင့် လူဟူသည် မိမိအပြုအမူ စွမ်းဆောင်ချက်များ၏စုစည်းရာသာဖြစ်သည်ဟု
ဆာ့တ်က ဆိုခဲ့ခြင်းဖြစ်ပေသည်။
ဤသဘောကို ယန်းပေါဆာ့တ်သည်
လူသားနှင့်သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတခု (မောင်းချဓား)နှင့် နှိုင်းယှဉ်ရှင်းလင်းခဲ့သည်။
မောင်းချဓားတချောင်းဖြစ်လာပုံကို
တွေးကြည့်ပါ။ မောင်းချဓားဟူသည် ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်၏။ ထိုပစ္စည်းကို ပန်းပဲဖို အလုပ်ရုံတွင်ပုံသွင်းပြုလုပ်ရ၏။
ဤသို့မပြုလုပ်မီ မောင်းချဓား၏ ပုံသဏ္ဍန်အရည်အသွေး စသည့်စိတ်ကူးတို့သည် ပန်းပဲသမား၏ခေါင်းထဲတွင်
ရှိနေပြီးဖြစ်သည်။ ထို့နောက်ပန်းပဲသမားသည် သူ့ပုံစံ၊ သူ့အရည်အသွေးအတိုင်းဖြစ်လာအောင်
သံထည်ကုန်ကြမ်းပစ္စည်းကို မီးအပူပေးခြင်း၊ ထုထောင်းခြင်းပြုကာ ပုံသွင်းဖော်ဆောင်ယူရ၏။
ဤနည်းဖြင့် မောင်းချဓားသည် ဖြစ်တည်လာရပေသည်။ ဤနေရာတွင် ပန်းပဲသမား၏ ခေါင်းထဲရှိပုံစံများ၊
အရည်အသွေးများ စသည့် စိတ်ကူးထည်အနှစ်သာရသည် မောင်းချဓားတလက်ဖြစ်တည်လာမှုထက် အရင်ရှေ့ကျပြီး
ပို၍လည်း အဓိကကျနေသည်ကို တွေ့ရပေမည်။ လူသားတွင်လည်း မောင်းချဓားလိုရုပ်ဝတ္ထုပစ္စည်းမှာကဲ့သို့
အနှစ်သာရသည် ဖြစ်တည်မှုထက် အရင်ကျသည်ဟု ဆိုနိုင်မည်လော။ ပို၍ အဓိကကျသည်ဟု ပြောနိုင်မည်လော။
အကယ်၍သာ ဤသို့ ခံယူလိုက်ပါက လူသားသည် ရုပ်ဝတ္ထုပစ္စည်းနှင့် ဘာမျှထူးခြားတော့မည် မဟုတ်ပေ၊
ရှင်သန်မှုအလားအလာ ဆိတ်သုဉ်းသွားပေတော့မည်။ တီထွင်ဖန်တီးမှုလည်း ရှိတောမ့ည်မဟုတ်။ လူဖြစ်ရခြင်းဂုဏ်သိက္ခာကိုလည်း
ရှာ၍ ရတော့မည် မဟုတ်။
ထာဝရဘုရားကိုယုံကြည်သူများအတွက်မူ
လူသား၏ဂုဏ်သိက္ခာကိစ္စကိုရှင်းလင်းရန် လွယ်ကူကောင်းလွယ်ကူပေလိမ့်မည်။ ပန်းပဲသမားသည် သူ့ခေါင်းထဲရှိ
စိတ်ကူးပုံစံအနှစ်သာရအတိုင်း မောင်းချဓားကိုထုတ်လုပ်လိုက်သကဲ့သို့ ထာဝရဘုရားသည်လည်း
သူ၏မဟာဝိဉာဉ်တော်ထဲတွင်ရှိနေသော “လူ”ဟူသည့် စိတ်ကူးထည်အတိုင်း လူသားတဦးစီကို ဖန်ဆင်း ထုပ်လုပ်လိုက်ခြင်းဖြစ်သည်။
ဤတွင်လူသားကို ထာဝရဘုရားကဖန်တီးထုတ်လုပ်လိုက်ရုံမျှမက လူတဦးချင်းစီအတွက် သုခ၊ ဒုက္ခ
အကောင်းအဆိုးများကိုလည်း တပါတည်းသတ်မှတ်ပေးခဲ့ပေသည်။ ထို့ကြောင့် လူသားသည် ထာဝရဘုရား၏ပြဌာန်းခံများဖြစ်သွားပြီး
ပုဂ္ဂလလွတ်လပ်မှု ပျောက်သွားပေတော့သည်ဟု ဆာ့တ်က မှတ်ချက်ချလေ၏။
အမှန်စင်စစ်“အနှစ်သာရ”
နှင့် “ဖြစ်တည်မှု”တို့၏ ရှေ့ဖြစ်၊ နောက်ဖြစ်ကိစ္စ၊ ပိုပြီးအဓိက ကျ မကျကိစ္စသည် အနောက်တိုင်းဒဿနသမိုင်းတွင်
အတန်ပင်အရေးပါပြီး နက်နဲသည့်ပြဿနာတရပ် ဖြစ်ပေသည်။ ထာဝရဘုရားကို ယုံကြည်သက်ဝင်ကြသူများကိုတောင် မဆိုထားဘိ၊ ထာဝရဘုရားကို ငြင်းပယ်ခဲ့ကြသည့် ဘုရားမဲ့ဝါဒီတချို့ပင် ပုဂ္ဂလလူသား၏ဖြစ်တည်မှုအရေးကြီးပုံကို
မျက်စိလည်သွားတတ်ကြပေသည်။ သူတို့ကလည်း လူသားတွင် အနှစ်သာရက ဖြစ်တည်မှုထက်အလျင်ကျသည်။
ပို၍ ပဓာနကျသည်ဟု ယူဆခဲ့ကြသည်ကိုတွေ့ရပေသည်။
“ထာဝရဘုရားကိုမယုံကြသော
ဒီဒါရိုး(Diderot 17131784)၊ ဗော်လ်တိုင်းယား (Voltaire 16941778)၊ ကန့်(Kant
17241804) တို့ ကဲ့သို့သောတွေးခေါ်ရှင်များမှာတောင် အနှစ်သာရက ဖြစ်တည်မှုထက်ရှေ့ကျတယ်ဆိုတဲ့ အယူအဆမျိုးရှိနေတယ်။
သူတို့က လူသားတဦးချင်းစီမှာ လူ့သဘာဝ(Human Nature)ဆိုတာရှိတယ်လို့ ခံယူကြတယ်။ ဒါဟာ
လူဖြစ်ရခြင်းဆိုတဲ့ ယေဘုယျအနှစ်သာရသဘောကို ရှေ့တန်းတင် စဉ်းစားလိုက်တာဖြစ်တယ်။ ပုဂ္ဂလလူသားဆိုတာ
ဒီယေဘုယျတရားရဲ့ သီးခြားဖော်ဆောင်ထားတဲ့ကိုယ်ပွားတွေသာဖြစ်တယ်ဆိုတဲ့အယူအဆကို ဆိုက်ရောက်သွားပြီး
ပုဂ္ဂလလူသားရဲ့ဖြစ်တည်မှုဘဝကို မှေးမှိန်သွားစေတယ်”ဟု ဆာ့တ်ကရှူမြင်ခဲ့သည်။
လူ့သဘာဝဟူသော ယေဘုယျအနှစ်သာရသဘောနှင့်ဘောင်ခတ်ပြီး လူကို
အနက်အဓိပ္ပါယ်ဖွင့်ဆိုရန်ကြိုးပမ်းနေသော လုပ်ရပ်မှန်သမျှသည်အချည်းအနှီးသာဖြစ်၏။ ဤနည်းအားဖြင့်
လူသား၏ပုဂ္ဂလဘဝဖြစ်တည်မှုကို မည်သို့မျှနားလည် သဘောပေါက်မည်မဟုတ်ဟု ဆာ့တ်က ဆိုလိုခြင်းဖြစ်ပေသည်။
ဤသို့ဆိုလျှင် ပုဂ္ဂလလူသားတဦး၏
အမှန်တကယ် စစ်မှန်သောဘဝဖြစ်တည်မှုဟူသည် အဘယ်နည်း။
ဤမေးခွန်းအတွက်အဖြေကို “အရှိ တရားနှင့်သုညဘဝ” ဟူသော သူ၏ ဂန္ထဝင်ဒဿနကျမ်းတွင်အခြေခံကျကျတင်ပြရှင်းလင်းပေးခဲ့သည်။
0 comments:
Post a Comment