Thursday, June 13, 2013

မတရားတဲ့လူ့အဖွဲ့အစည်းနဲ့ဘာသာတရား- ကိုဝတုတ်

0 comments
မတရားတဲ့လူ့အဖွဲ့အစည်းနဲ့ဘာသာတရား- ကိုဝတုတ် ၂ဝ၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁) လောဘ ဒေါသ မောဟတွေကြောင့် လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းမှုကို မရနိုင်ဘူး၊ လောဘ ဒေါသတွေကင်းစင်လာရင်လူ့အဖွဲ့အစည်းဟာ နေချင် စရာကောင်းလာမယ်၊ သာယာဝပြောစိုပြေလာမယ်လို့ ဘာသာရေးရှုဒေါင့်ကနေ တချို့ ပြောတတ်ကြတာ မကြာခဏကြားဖူးကြမယ်။ဒီတော့ လောဘ ဒေါသ မောဟတွေ ကင်းစင်လာအောင် တရားအားထုတ်ကြလို့ လူ့အဖွဲ့အစည်းကိုပြုပြင်ဖို့ဖော်နည်းကားကို ဘာသာရေးအမြင်ရှိသူတွေက ပေးတတ်ကြတယ်။ ကျနော့ အမြင်မှာတော့ ဒီအမြင်ဟာရိုးလွန်းတယ်၊ တိမ်လွန်းတယ်ထင်တယ်။ လူ့အဖွဲ့အစည်းရဲ့ ခန္ဓာဗေဒကို သေသေချာချာမဆန်းစစ်ဘဲပြောတဲ့အပြောလို့ပဲ ထင်တယ်။ ခုဆောင်းပါးမှာ ဘာ့ကြောင့် အဲဒီလိုထင်သလဲဆိုတာကို ရှင်းပြချင်တယ်။
တရားအားထုတ်တဲ့အတွက် လူတဦးချင်းအနေနဲ့ လောဘ ဒေါသတွေလျော့ပါးကင်းစင်ပြီး ပိုစိတ်ချမ်းသာလာ၊ လူမှုဆက်ဆံရေး ပိုချောမွေ့လာနိုင်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ ဒီအချက်ကို ကျနော်လုံးဝမငြင်းပါ။ ကျနော်ငြင်းချင်တာက လူတဦးချင်းအနေနဲ့ စိတ်ချမ်းမြေ့လာတာနဲ့ လူ့အဖွဲ့အစည်းလည်းလိုက်ပြီး သာယာဝပြောလာမယ်၊ နေချင့်စဖွယ်ပိုဖြစ်လာမယ်ဆိုတဲ့အချက်ကိုပဲ ငြင်းချင်တာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတဦးချင်းကောင်းတိုင်း လူ့အဖွဲ့အစည်းလည်းလိုက်ကောင်းမယ်လို့ အာမမခံနိုင်တဲ့အတွက်ဖြစ်တယ်။
လူ့အဖွဲ့အစည်းဆိုတာ ဘာလဲလို့မေးလာရင် လူတွေစုရုံးဖွဲ့စည်းထားတဲ့အသင်းအဖွဲ့၊ အစုအဝေးကြီးလို့ အလွယ်ပြောကြလိမ့်မယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းဟာ ခုပြီးခဲ့တဲ့ဝါကျမှာပြောခဲ့သလို လူတွေနဲ့စုရုံးဖွဲ့စည်းထားတဲ့အစုအဖွဲ့သက်သက်တင် မဟုတ်ဘူး။ လူ့အဖွဲ့အစည်းထဲက အစုအဖွဲ့ဝင်တွေအချင်းချင်းကြားမှာ တိကျတဲ့ဆက်ဆံမှု (definite relation ဒါမှမဟုတ် definite order)ရှိပြီး လူ့အဖွဲ့အစည်းကို လူတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာထက် ခုပြောခဲ့တဲ့ဆက်ဆံမှု (relation ဒါမှမဟုတ် order) တွေနဲ့ဖွဲ့စည်းထားတယ်လို့ပြောတာက ပိုတိကျမယ်။ Karl Marx က ဒါကိုပဲ ဘယ်လိုပြောသလဲဆိုတော့ ''Society does not consist of individuals; it expresses the sum of connections and relationships in which these individuals stand.'' [Grundrisse, p-265] တဲ့။
လူတွေမရှိဘဲနဲ့တော့ လူ့အဖွဲ့အစည်းဆိုတာမရှိနိုင်ဘူးပေါ့၊ ဒါပေမယ့် လူ့အဖွဲ့အစည်းထဲကအစိတ်အပိုင်းတွေဖြစ်တဲ့လူတွေ ရှိနေတိုင်းလည်း လူ့အဖွဲ့အစည်းရယ်လို့ခေါ်ဆိုနိုင်တဲ့အရာတခု ရှိမလာနိုင်ဘူး။ ဆိုပါစို့ လူတယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ရင် ခေါင်းတလုံးရှိမယ်၊ လက်နှစ်ဘက်၊ ခြေနှစ်ဘက်ရှိမယ်၊ ရင်အုပ်ရှိမယ် စသဖြင့် လူ့ခန္ဓာအစိတ်အပိုင်းတွေရှိမယ်။ ဒါပေမယ့် ဒီအစိတ်အပိုင်းတွေရှိတိုင်းလူရယ်လို့ ဖြစ်မလာသေးဘူး။ ဒီအစိတ်အပိုင်းတွေကို စနစ်တကျချိတ်ဆက်ရအုံးမယ်။ ခြေထောက်နှစ်ချောင်းက ခန္ဓာကိုယ်အောက်မှာ ထောက်ထားမယ်။ သူ့အပေါ်မှာ ရင်အုပ်နဲ့ကိုယ်ထည်ကို တင်မယ်။ နောက် လက်နှစ်ဘက်ကို ဘေးကိုချမယ်။ သူ့အပေါ်မှာမှ ဦးခေါင်းရှိမယ် စသဖြင့် တိကျတဲ့အစီအစဉ် (order) ရှိရမယ်။ အဲ့သလို တိကျတဲ့အစီအစဉ်မရှိရင် ဘာဖြစ်သွားမလဲ။ ခေါင်းကိုအလယ်မှာထား၊ ရင်အုပ်ကို အောက်ပို့၊ ခြေနှစ်ချောင်းနဲ့လက်နှစ်ချောင်းကိုအပေါ်တင်ရင် လူခန္ဓာဖွဲ့စည်းမှုမှာပါတဲ့အင်္ဂါတွေအကုန်ပါပေမယ့် ရလာတဲ့အသွင်သဏ္ဍန်ဟာ လူမဟုတ်ဘူး။ ဘာရယ်လို့ပြောလို့မရတဲ့ အရာတခုထွက်လာမှာပဲ။
ခုဥပမာကနေ နည်းနည်းလေးအတွေးဆန့်ကြည့်ရင် ကျနော်တို့နေစဉ်သုံးနေတဲ့စကားလုံးတွေဖြစ်တဲ့ အိမ်၊ ကျောင်း၊ လူ၊ တံတား စတဲ့ နာမ်တွေဟာ သေချာစဉ်းစားကြည့်ရင်အသွင်သဏ္ဍာန် (structure ဒါမှမဟုတ် form) ကိုဖော်ပြနေကြတယ်ဆိုတာ သတိပြုမိလာလိမ့်မယ်။ အိမ်ဆိုရင်အမိုးပါမယ်၊ နံရံလေးဘက်ရှိမယ်၊ တံခါးပါမယ်၊ ဒါတွေမပါဘဲအိမ်မဖြစ်ဘူး။ ဒါပေမယ့် ဒါတွေပါတိုင်းလည်း အိမ်မဖြစ်ဘူး။ ပြောခဲ့တဲ့ အိမ်ရဲ့အစိတ်အပိုင်းတွေကို တိကျတဲ့ဆက်စပ်မှုမျိုးနဲ့ ဆက်သွယ်တည်ဆောက်ထားတဲ့အရာကိုသာ အိမ်လို့ခေါ်တယ်။ တနည်းအားဖြင့် အိမ်ဆိုတဲ့နာမ်ဟာ အသွင်သဏာန် (form)ကိုဖော်ပြတဲ့စကားစုပဲ။ အစိတ်အပိုင်းတွေဟာ ဒီအစိတ်အပိုင်းတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်ချက်တွေ ဖြစ်ပေမယ့် necessary ဖြစ်ပေမယ့် သူတို့ရှိရုံနဲ့တင် အဖွဲ့အစည်းဖြစ်လာစေမယ့်အနေအထား sufficient conditions တွေ မဟုတ်ဘူး။
အလားတူ လူမရှိရင် လူ့အဖွဲ့အစည်းမရှိနိုင်ဘူးလို့ဆိုတာနဲ့ လူရှိတိုင်း လူ့အဖွဲ့အစည်းရှိလိမ့်မယ်လို့ တန်းကောက်ချက်ချလို့ မရနိုင်ပေဘူး။ လူတွေဟာ လူ့အဖွဲ့အစည်းအတွက် necessary condition ဖြစ်တယ်။ ဒါပေမယ့် sufficient condition တော့မဟုတ်ပေဘူး။ လူ့အဖွဲ့အစည်း ဟာ ပြောခဲ့တဲ့ အိမ်၊ ကျောင်း၊ လူ၊ တံတားစတဲ့နာမ်တွေလိုဘဲ အသွင်သဏ္ဍန်ကိုဖော်ပြတဲ့စကားစုဖြစ်တယ်။ ဒီတော့ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်သူတွေ လောဘ ဒေါသတွေကင်းစင်သွားတယ်ဆိုအုံးတော့၊ ဒီအဖွဲ့အစည်းဟာ တရားမျှတမှုရှိတဲ့ thriving ဖြစ်နေတဲ့ အညွန့်တလူလူ တက်နေတဲ့အဖွဲ့အစည်းတခုလို့ ကံသေကံမ မပြောနိုင်ဘူး။ လူ့အဖွဲ့အစည်းကိုဖွဲ့စည်းထားတဲ့လူမှုဆက်ဆံမှု (social relations) တွေကို ကြည့်ရမယ်။
ဥပမာ ကျေးကျွန်စံနစ်ရှိနေတဲ့လူ့အဖွဲ့အစည်းတခုကို နမူနာယူကြည့်ရအောင်။ ဒီအဖွဲ့အစည်းဟာ ကျေးကျွန်စံနစ်ရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ အလျောက် အဓိကလူမှုဆက်ဆံမှုပုံစံ (mode of social relations) က ကျေးကျွန်ပုံစံဖြစ်တယ်။ ဆိုတော့ ဒီအဖွဲ့အစည်းထဲမှာ အဓိက ကျွန်တွေ ရှိမယ်။ တခါ ကျွန်ပိုင်ရှင်တွေလည်းရှိမယ်။ ကျွန်ပိုင်ရှင်တွေခိုင်းသမျှ ကျွန်တွေကလုပ်ပေးရမယ့်ဝတ္တရားရှိတယ်။ ဒါပေမယ့် ခု ဥပမာထဲကက ကျွန်အဖွဲ့အစည်းဟာ ရောမခေတ်ကလို ကြာပွတ်သံတရွှမ်းရွှမ်းကြားနေရတဲ့ကျွန်အဖွဲ့အစည်းမျိုးတာ့ မဟုတ်ဘူး။ ကျွန်ပိုင်ရှင်တွေဟာ ဥပုသ်သီတင်းမှန်မှန်ဆောက်တည်တယ်။ ငါးပါးသီလမြဲကြတယ်။ ကျွန်တွေဟာလည်း အလားတူပဲ။ မခိုးမဝှက်ဘူး။ မုသားမသုံးဘူး။ လောဘ၊ ဒေါသလည်းကင်းကြတဲ့အဖွဲ့အစည်းအဖြစ် မြင်ကြည့်ရအောင်။ ဒီလို လူ့အဖွဲ့အစည်းမျိုး ကနေ့ခေတ်မှာ သိပ်ဖြစ်နိုင်တယ်။ ဘာလို့ဆို ဘုရားရုပ်တောင် ပျောက်ချင်ချင်ဖြစ်နေတဲ့မန္တလေးက မဟာမုနိတို့၊  ဖော်တော်ဦးဘုရားတို့လို ဘုရားတွေကို ရွှေချဖို့ သိန်းချီအကုန်ခံပြီး တဘက်မှာ တနေ့လုံး ဈေးဦးမပေါက်သေးတဲ့ဖွဲပြာသည်ဆီက တအိုးလုံးကို မတန်တဆဈေးဆစ်ဝယ်တာ ဘာမှ မမှားဘူးလို့ယူဆသူတွေ ကျနော်ကိုယ်တိုင်တွေ့ဖူးလို့ပဲ။ ဆိုတော့ ဥပမာပေးခဲ့တဲ့ ကျေးကျွန်လူ့အဖွဲ့အစည်းမှာနေထိုင်ကြတဲ့ အဖွဲ့ဝင်တွေဟာ လောဘ ဒေါသကင်းကြတယ်၊ ကိလေသာနည်းကြတယ်။ ဒီကျွန်အဖွဲ့အစည်းမှာ ရန်ဖြစ်တာဆိုတာလည်း မရှိသလောက်ပဲ။ အဲဒီလိုဆိုရင် လူ့အဖွဲ့အစည်းတခုမှာနေထိုင်သူ လူတဦးချင်းစီ သီလမြဲရင် တရားဘာဝနာပွားများ ရင် ဒီလူ့အဖွဲ့အစည်းဟာ နေချင်စရာကောင်းတယ်လို့ပြောသူတွေအတွက်တော့ ခုပြောတဲ့ကျွန်အဖွဲ့အစည်းဟာ အတော့ကို နေချင်စရာ ကောင်းမှာပဲ။ ဒါပေမယ့် သခင်နဲ့ကျွန်ဆက်ဆံရေးရှိနေတဲ့ ဒီကျွန်အဖွဲ့အစည်းကို တရားမျှတမှုရှိတဲ့အဖွဲ့အစည်းတခု၊ အညွန့်တလူလူ တက်နေတဲ့ thriving ဖြစ်တဲ့အဖွဲ့အစည်းလို့ပြောကြမယ်တော့ မထင်ဘူး။ စာရှုသူရော ဘယ်လိုထင်လဲ။ ကိုဝတုတ်



0 comments:

Post a Comment