Monday, June 24, 2013

မနေ့ကရေးတဲ့စတေးတပ်စ်ရဲ့အဆက်

0 comments
မနေ့က စတေးတပ်စ်တိုလေးတခုရေးပြီး https://www.facebook.com/photo.php?fbid=10151515780031267&set=a.10151515769836267.1073741866.548041266&type=1&theater ဒီနေရာမှတင်တော့ ဖတ်သူတဦးဖြစ်တဲ့ (Thannaing Lin မင်းက သူများတိုင်းပြည် သွားနေတာကို အနေခက်ပေပေါ့) လို့မှတ်ချက်ရေးတယ်။ ဒီနေရာမှာ သူပြောတဲ့သူများနိုင်ငံဆိုတာ ဗမာပြည်မဟုတ်တဲ့အခြား ဘယ်နိုင်ငံကိုမဆိုလို့ အနက်ထွက်ပါတယ်။ သူစိတ်ထဲ“အမေရိကန်ဆိုတာက လူမျိုးတမျိုးဖြစ်ရမယ်၊ ကိုးကွယ်တာလည်း အများစုကဘာသာကြီးတခုခုမှာ၊ အစိုးရကလည်း အဲ့ဒီအများစု ကိုးကွယ်တဲ့ဘာသာကြီးနဲ့ အဲ့ဒီအမေရိကန်ဆိုတဲ့လူမျိုးကို ပစားပေးပြီးချီးမြှောက်ပြီး အခြားလူမျိုး/ဘာသာတွေကို နှိပ်ကွပ်၊ အမျိုးဘာသာ သာသနာတွေလုပ်၊ အရင်ရောက်နှင့်နေသူတွေက နောက်မှရောက်လာသူတွေကို ဒါငါတို့တိုင်းပြည်၊ မင်းတို့က ဧည့်သည်၊ တို့ကအိမ်ရှင်”စသည်ဖြင့် ထင်နေတာဖြစ်ဖို့များတယ်။ သေချာတာကတော့ သုတဝမ်းစာဖြည့်ဆည်းမှု ပါးလျားနေတာပါ။

ကမ္ဘာပေါ်မှာ အမေရိကန်ဆိုတာ လူမျိုးမဟုတ်ပါ။ အမေရိကန်နိုင်ငံသားဖြစ်ပြီးသူတိုင်းကို အမေရိကန်တွေလို့ ခေါ်လို့ရပါတယ်။ လူမျိုးအနေနဲ့ အဖြူ အမည်း အညို အဝါ အသားရောင်ရှိသူ စသည်ဖြင့်စုံပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်ပြီးလို့ ငါဘာလူမျိုး လို့ပြောလည်း ဘာမှမဖြစ်သလို ငါ ဘာလူမျိုးမှမဟုတ်ဘူးလို့ပြောလည်း ဘာမှမဖြစ်ပါဘူး။ တခုပါပဲ။ အမေရိကန်ပြင်ပ ကိုရောက်တဲ့အခါမတော့ “အမေရိကန်နိုင်ငံသား” လို့ပြောမှရပါတယ်။ လူမျိုးကတော့ ကိုယ့်လူမျိုးကိုယ်ပြောပေါ့။ ဒါကိုပဲ အမေရိကန်ပြင်ပနိုင်ငံတွေက အမေရိကန်ပါ့စ်ပို့တ်ကိုင်လာရင် “အမေရိကန်”လို့ပဲ အလွယ်ခေါ်တာပါ။ ဒါလည်း မမှားပါဘူး။ အိန္ဒိယနိုင်ငံသားကို အင်ဒီးယန်း၊ ဂျပန်ပြည်သားကို ဂျဲပနီးစ်၊ ဗမာပြည်သားကို ဘားမီးစ်ခေါ်သလို အမေရိကနိုင်ငံသားကို အမေရိကန်လို့ခေါ်တာပါ။ ဗမာပြည်မှာလို ဗမာလူမျိုး၊ ကချင်လူမျိုး၊ မွန်လူမျိုး၊ ရခိုင်လူမျိုး စသည်ဖြင့်မပြောပါဘူး။ အမေရိကန် နိုင်ငံသားဖြစ်ပြီးတဲ့ ဗမာပြည်သားတွေက I am Burmese-American ဆိုပြီးပြောရင်ရသလို I am Japanese-American လို့ပြောလည်း ဘာမှမဖြစ်ပါဘူး။ တချို့များဆို လူမျိုးစုံသွေးနှောပြီး လူမျိုးဆိုတဲ့အမည်ပညတ်ချက်ထက် လူဆိုတဲ့အမည် ပညတ်ချက်နဲ့ နေနေကြတာပါ။ အဲ့သလို လူမျိုးအရင်းမူလ မရှိတော့ပဲ လူအဖြစ်နဲ့လူ့လောကအကျိုးသယ်ပိုးနေရ ရှင်သန်နေရတာကိုပဲ တမ်းတမ်းမက်မက်ရှိသူတွေ ဒုနဲ့ဒေးပါ။ နောက် ဘယ်နှရာစုလောက်ဆို လူမျိုးပျောက်ပြီး လူအဖြစ်နဲ့ရှင်သန်နေမယ့်သူတွေ အမေရိကားမှာ ဘယ်လောက်ရှိလာမလဲဆိုပြီး တွက်ချက်မှုတွေလည်း ခေတ်စားနေပါတယ်။ သဘောကတော့ တိုင်းပြည်ကို လူမျိုးတမျိုးအမည်နဲ့ မောင်ပိုင်စီးမရအောင် လုပ်ထားသလိုပါပဲ။

နောက်တခုက ဘာသာရေး။ အမေရိကားလောက် ဘာသာစုံ အယူစုံတဲ့တိုင်းပြည် ကမ္ဘာပေါ်မှာရှိမယ်မထင်ပါ။ ၁၈-၁၉ ရာစုများဆီက အမေရိကန်ကို လာရောက်အခြေချကြသူအများစုကြီးက ဘာသာရေးနဲ့အခြားလူမှုလွတ်လပ်ခွင့် အာမခံချက်တွေအတွက်ပါ။ နိုင်ငံတော်နဲ့ဘာသာရေးကို ဖွဲ့စည်းပုံအခြေခံဥဒေမှာ စည်းခြားထားပါတယ်။ မိမိယုံကြည်ရာကို လွတ်လပ်စွာလုပ်ဆောင်ပိုင်ခွင့်ရှိသလို ဘာမှမယုံကြည်လို့ ဘာမှမလုပ်လည်း ဘာမှမဖြစ်ပါဘူး။ မှတ်ပုံတင်လို့ခေါ်မယ့် ID မှာတောင် ဘာ ဘာသာကိုးကွယ်တယ်ဆိုတာ မထည့်ရသလို ရုံးဆိုင်ရာကိစ္စတွေမှာလည်း ဘယ်တော့မှမေးရိုးမရှိပါဘူး (တိုင်းပြည်လုံခြုံရေးအရ လူတိုင်းရဲ့ကိုယ်ရေးဖိုင်လ်တွေမှာတော့ ဘာလူမျိုး ဘာ ဘာသာဆိုတာ မှတ်တမ်းပြုထားပါတယ်) ကုန်ကုန်ပြောရရင် “မင်း ဘာကိုးကွယ်သလဲလို့” တယောက်ယောက်ကို သွားမေးမိလို့ အမေးခံရသူကမကြိုက်ရင် တရားစွဲလို့ ရပါတယ်။ ဘယ်သာကိုမှ သီးသန့်မျက်နှာသာပေးတာမရှိပါဘူး။ သာသနာရေးဝန်ကြီးဌာန မရှိသလို ရာဇဂုရုအဖွဲ့လည်းမရှိပါဘူး။ ဘာသာရေးကို သက်ဆိုင်ရာဘုရား၊ သူ့သာဝကများဖြန့်ချိသူများနဲ့ နောက်လိုက်ယုံကြည်သူများကိစ္စ အဖြစ်ထက်နေရာပိုမပေး ပါဘူး။ ဗမာပြည်မှာလို ဗမာလူမျိုး-ဗုဒ္ဓဘာသာတို့၊ ကချင်လူမျိုး-ခရစ်ယာန်ဘာသာတို့၊ ပသီလူမျိုး-အစ္စလာမ် ဘာသာတို့၊ ဟိန္ဒူလူမျိုး ဟင်ဒီဘာသာတို့လုပ်လို့မရပါဘူး။ ပြောဖို့လိုအပ်လို့ ဒါမှမဟုတ် ပြောချင်လို့ပြောရမယ့်အခါမျိုးမယ် အမေရိကန် နိုင်ငံသားဖြစ်ပြီးတဲ့ဗမာလူမျိုးက ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်ဆိုရင် I am Buddhist ဆိုရင်လုံလောက်ပါပြီ။ ဗမာပြည်မှာလို လူမျိုးနဲ့ဘာသာတွဲပြီး အနက်ကောက်တဲ့အသုံးအနှုန်း မသုံးရပါဘူး။ သဘောကတော့ ဘာသာကိုလည်း လူမျိုးတမျိုးမျိုးက မောင်ပိုင်စီးလို့မရအောင်လုပ်ထားသလိုပါပဲ။

နောက်ဆုံးအချက်က တိုင်းပြည်။ အမေရိကားဆိုတာ အမေရိကန်နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့တိုင်းပြည်ဖြစ်ပြီး ရပိုင်ခွင်နဲ့တာဝန်တွေမှာ အတူတူပါပဲ။ နိုင်ငံသားအဖြစ်ကျမ်းကျိန်တယ်ဆိုရင် We the people ဆိုတာပါပါတယ်။ နိုင်ငံသားဥပဒေမှာ တန်းတူမှုရှိရေးကို အလေးအနက်ထားပါတယ်။ (လူတန်းစားဆိုင်ရာအမြင်တွေနဲ့တော့ ပြောစရာတွေရှိမှာပါ) Individualistic ဖြစ်တဲ့ တသီးပုဂ္ဂလ ဆိုင်ရာနှုန်းစံတန်ဖိုးတွေကို အလွန်အလေးအနက်ထားတာမှန်ပေမယ့် လူ့အဖွဲ့အစည်းတခုလုံးနဲ့ဆိုင်တဲ့အရေးတွေမှာ အသားအရောင်/လူမျိုး/ဘာသာ/လာရာတိုင်းပြည် ဘယ်လိုကွဲကွဲ Our Country တို့နိုင်ငံလို့ပဲပြောပါတယ်။ အရင်ရောက်သူနဲ့နောက်ရောက်သူ၊ အရင်နိုင်ငံသားဖြစ်သူနဲ့ နောက်ဖြစ်သူပဲရှိပါတယ်။ အိမ်ရှင်ဧည့်ဆိုတဲ့အကောက်အယူမရှိသလို ဧည့်နိုင်ငံသားတို့ဘာတို့ ဆိုတာတွေလည်းမရှိပါဘူး။ ဗမာပြည်ဖွား အမေရိကန်နိုင်ငံသားက အမေရိကကို This is my country, My native land is Burma လို့ပြောသလို အီတာလီယန်တယောက်ကလည်း အလားတူပြောပါတယ်။ ငါ့တိုင်းပြည် My Country လို့ပြောလိုက်ကတည်းကိုက ဒီတိုင်းပြည်အတွက် ငါ့မှာတာဝန်ရှိသလို ဒီတိုင်းသူပြည်သား တယောက်ရဲ့ရပိုင်ခွင့်လည်း ငါ့မှအပြည့်ရှိတယ်လို့ အတိအလင်းဖွင့်ဟတာပါပဲ။ အမေရိကရောက်လာ၊ နေထိုင်ပြီး နိုင်ငံသားဖြစ်သူတိုင်းဟာ မိမိချက်မြုတ်ရာကို အတိအလင်းကြွေးကြော်ခွင့်ရှိသလို အမေရိကားကိုလည်း မိမိနိုင်ငံအဖြစ်ပိုင်တယ် သို့မဟုတ် သက်ဆိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ဘယ်သူ့နိုင်ငံမှမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံသားတိုင်းရဲ့နိုင်ငံပါ။ ဒါ့ကြောင့်မို့ လူမျိုးစုံအမေရိကန်တွေ အားလုံးဟာ အမေရိကားကို သူများနိုင်ငံလို့သဘောမထားသလို ကိုယ့်နောက်မှာ ရောက်လာသူတွေကိုလည်း ငါတို့နိုင်ငံမှာလာနေသူတွေလို့ မမြင်တတ်ကြပါဘူး (မှတ်ချက်။ အနည်းစုမှာတော့ တချို့ အဲ့ဒီအစွဲတွေရှိ မကျွတ်သေးပေမယ့် အစိုးရကတော့ ဥပဒေနဲ့တားမြစ်ထားတဲ့အပြင် အဲ့ဒီအစွဲတွေနဲ့ပြောဆိုကျင့်သုံးတယ်ဆိုရင် Discrimination ခွဲခြားမှုဆန့်ကျင်ရေးဥပဒေနဲ့ အရေးယူပါတယ်။ ဒါ့ကြောင့် အလုံးစုံခွဲခြားမှု ကင်းစင်တဲ့ ပြစ်မျိုးမှဲ့မထင်တိုင်းပြည်ကြီးလို့တော့ အမြင်မစောကြစေချင်ပါ) သဘောကတော့ တိုင်းပြည်ကိုလည်း လူမျိုးတမျိုး၊ ဘာသာတူ အုပ်စုကြီးတစုစုက မောင်ပိုင်စီးခွင့်ပေးမထားတဲ့သဘောပါပဲ။
(နောင် အခွင့်သင့်မယ့်အခါ ပြည့်ပြည်စုံစံကျကျနနလေးပြောချင်ပါတယ်။ ခုဟာကတော့ အပေါ်မှာပြောခဲ့တဲ့ ကိုသန်းနိုင်လင်းလိုမိတ်ဆွေအတွက် အမြည်းသဘော အရပ်ပြော ပြောတဲ့သဘော ပြောတာသာဖြစ်ပါတယ်။ လူမျိုးစွဲ ဘာသာစွဲ တိုင်းပြည်စွဲဟာ အစွန်းရောက်ရင် ကြောက်စရာကောင်းမှန်းတော့ မိတ်ဆွေကြီးသဘောပေါက်ပြီးဖြစ်မှာပါ။ ဒီစာစုလေးမှာ ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာလို့ သုံးစွဲပြောဆိုရခြင်းကိုနားလည်ပေးကြစေလိုပါတယ်။ လူတိုင်းနားထဲအဝင်ရမစိမ်းအောင် (ဘာသာ)လို့ ယေဘူယျသဘောပြောတာဖြစ်ပါတယ်။ လေးစားစွာ မျိုးမြင့်ချို။ ဇွန် ၂၃ ရက် ၂ဝ၁၃)

(မှတ်ချက်။ မနေ့ကရေးခဲ့တဲ့စတေးတပ်စ်ပါ)
မနေ့ကစိတ်အငြီးပြေ မြို့ပြင်ဘက်ထွက်တယ်။ လမ်းက လယ်သမားဈေးလေးမှာ ခဏနားရင်း စထရော်ဘယ်ရီတစ်ခြင်းနဲ့ အိမ်ကြက်ဥတစ်ဒါဇင်ဝယ်တယ်။ ရင့်မှည့်စပြုပြီး အနှံပြည့်အဆံအောင်တွေနဲ့ တွဲရရွဲငိုက်ကျနေတဲ့ စိမ်းဖန့်နုဝါရွှေရွှေ (သင်္ဂင်္ီတဝက် မြတဝက်လို့ ဆိုရမယ်ထင်တယ်)မြင်ကွင်းကျယ် ဂျုံခင်းကြီးတွေရယ်၊ စိမ်းမှောင်ထွားထွားပြောင်းခင်းကြီးတွေရယ်၊ မြင်းမွေးခြံတွေရယ်၊ ကျေးလက်ရဲ့ဆိတ်ငြိမ် အေးချမ်းမှုရယ်နဲ့ထိတွေ့ပြီး အပြန်မှာ ဇော်ကြီး(ကဗျာရေးတဲ့ သစ်ကောင်းအိမ်)ရဲ့ သားတော်မောင်လည်းပါတဲ့ စုပေါင်းရှင်ပြုပွဲလုပ်တဲ့ ဇေတဝန်ကျောင်းဘက် ရောက်တယ်။ အချိန်မရတာနဲ့ အစအဆုံးနေဖို့ မဖြစ်လိုက်ဘူး။ မောင်ရင်လောင်းအဖေနဲ့ စကားနည်းနည်းပြောဖြစ်တယ်။ ဘယ်ဘာသာဝင်ဖြစ်ခြင်းမဖြစ်ခြင်းအတွက်ရော၊ ဘာသာမကိုးကွယ်ခြင်းအတွက်ရော ဂုဏ်ငယ်စရာ ဂုဏ်ယူစရာဘာမှမရှိတဲ့အကြောင်းလည်းပါတယ်။ ပြီးတော့ အမေရိကန်မွေး ဗမာကလေးမောင်ရင်လောင်းတွေ ပုဆိုးဝတ်ပုံပန်းမကျတာတွေ့လို့ ”ခင်ဗျား ဒီရှင်ပြုပြီးရင် ဗမာကလေးများပုဆိုးဝတ်နည်းသင်တန်း ဖွင့်ပါလား”လို့နောက်ရင်း နှစ်ယောက်သား ရီမောမိကြသေးတယ်။ စိတ်ထဲငြိမ်သက်အေးငြိမ်းမှုလေးတွေနဲ့အတူ မိတ်ဆွေတယောက်ရဲ့ တူမလေး (အမေရိကန်တွေပါ) မင်္ဂလာညစာကျွေးပွဲ အခမ်းအနားသွားခဲ့တယ်။ အဲ့ရောက်မှ ကြည်နေတဲ့ ငြိမ်နေတဲ့စိတ်ကလေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ရတယ်။ တစားပွဲထဲထိုင်သူတွေချင်း တဦးနဲ့တဦးမိတ်ဆက်ကြတော့ ”ငါက ဗမာပြည် (မြန်မာပြည်လို့လည်းသိကြတဲ့တိုင်းပြည်)ကလာတာပါ”လို့ ဆိုတော့ မျက်နှာချင်းခုံမှာထိုင်တဲ့ ပင်စင်စား သူနာပြုဆရာမကြီးက အလွန်လေးနက်သွားဟန်နဲ့စိုက်ကြည့်တာ သတိထားမိလိုက်တယ်။ အခမ်းအနားပြီးကာနီး သူများတွေ ကကြခုန်ကြ ဓါတ်ပုံတွေရိုက်ကြနဲ့ တစားပွဲလုံး သူနဲ့ကျနော် ၂ ယောက်ထဲကျန်တော့မှ သူ့ခုံ ကျနော့်အနားအသာတိုးရွှေ့ပြီး ”မင်း ခု အပတ်ထုတ် တိုင်မ်းမဂ္ဂဇင်း အေးရှားအိစ်ရှူးတွေ့ပြီးပလား”တဲ့။ ကျနော်က ”အွန်လိုင်းမှာတော့ ဖတ်ပြီးပါပြီ”ဆိုပြီး စကားစဖြတ်တယ်။ မပြောချင်ဘူး။ ကြားလည်းမကြားချင်ဘူး။ သူတပါးမင်္ဂလာယူနေတဲ့အချိန်မှာကိုယ့်စိတ်လေးလည်း အေးငြိမ်းပြီး ပျော်ရွှင်နူးညံ့ပြီးနေချင်တယ်။ အမင်္ဂလာအဖြစ်ဆိုးတွေနဲ့ အဲ့ဒီအဖြစ်ဆိုးတွေရဲ့ လက်သည်တွေအကြောင်းကို တကယ့်ဘဝထဲကနေ ခနလေးဖြစ်ဖြစ် ဖျောက်ထားချင်တယ်။ မေ့ထားချင် တယ်။ ဒါပေမယ့် မရခဲ့ဘူး။ မကြားချင်ပေမယ့် နားထောင်ပေးခဲ့ရတယ်။ စိတ်မသက်မသာရှိပုံများ မပြောနဲ့။ ဆရာမကြီးက ဆက်ပြောနေတယ် ”မင်း...ငါ့ထက်ပို စိတ်ထိခိုက်ရမယ်လို့ ငါထင်ပါတယ်။ ဖတ်မိတဲ့သူတိုင်းလည်း စိတ်ကောင်းကြမယ် မထင်ပါဘူး။ ငါလည်း ဖတ်ပြီးတော့ လန့်တောင်သွားတယ်။ အစိုးရက ဘာမှမလုပ်ပဲ လွှတ်ပေးထားတော့ အကြမ်းဖက်မှုကို တရားဝင်လုပ်ခွင့်ရှိတဲ့တိုင်းပြည်လိုဖြစ်နေတာပေါ့.. မဟုတ်ဘူးလား”တဲ့။ ကျနော်လည်း ”အင်းအင်း...အဲအဲ”နဲ့ပဲနေလိုက်ရတယ်။ ကျနော် မပြောချင်ဘူးဗျာ။ ကြားလည်းမကြားချင်ဘူး။ ရှက်လည်း ရှက်တယ်။ စိတ်ထဲ သိမ်ငယ်သလိုလို၊ အရိုင်းအစိုင်းတကောင်လိုလိုတွေ ခံစားနေရတယ်။ ကိုယ့်တိုင်းပြည်မှာဖြစ်နေတဲ့အဖြစ်ဆိုးတွေ နာကျင်ကြေကွဲစရာတွေကို သူများတွေပြောလာမှာကို စိုးရွံ့စိတ်နဲ့ထိတ်နေတာ။ ခုတော့ စပြီ။ လက်တွေ့စကြားရပြီ။ ဒါတောင် ယဉ်ကျေးတဲ့ပညာတတ်အသိုင်းဝိုင်းကလူမို့ ဒီလိုထိန်းထိန်းသိမ်းသိမ်းပြောတာပါ။ နောက်ပြီး သူက အာရှနိုင်ငံတွေဘက်မှာ နေဖူးထိုင်ဖူးသူလေ။

0 comments:

Post a Comment