Thursday, June 13, 2013

မိထ္ထီလာ၊ လားရှိုးနှင့်မလေးရှားက အသက်သွေးများကို အရင်းပြု၍ (တူမောင်ညို)

0 comments
မိထ္ထီလာ၊ လားရှိုးနှင့်မလေးရှားကအသက်သွေးများကိုအရင်းပြု၍(တူမောင်ညို) (၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် )
“အတိဒုက္ခရောက်နေတယ်ဆိုတာကိုသိရဲ့သားနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ပစ်ထားခဲ့ခြင်းမရှိပါဘူး” တဲ့။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး (ဗိုလ်) ဦးဇင်ယော် က ပြောပါတယ်။
ဟုတ်ပါတယ်။ ပစ်ထားခဲ့ခြင်းမရှိပါဘူး။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ၊ လူမိုက်ကံကောင်း အခွင့်အရေးတစ်ခုအဖြစ် နိုင်ငံတော်အစိုးရက ပီပီပြင်ပြင်အမြတ်ထုတ် အသုံးချလေ့ရှိတာပဲဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြီးကျရောက်နေစဉ် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေလျစ်လျူရှုပြီး “၂၀၀၈ အခြေခံဥပဒေ” ကို (နဝတ-နအဖ) စစ်အစိုးရက အဓမ္မအတည်ပြုခဲ့တာပဲ။
အခုလည်း မလေးရှားနိုင်ငံမှာ အကြမ်းဖက်သတ်ဖြတ်ခြင်းခံရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေရဲ့ အသက်သွေးများကိုအရင်းပြုပြီး (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ မိုက်ဖော်ဆိုးဖက်ခရိုနီတစ်စုက မင်္ဂလာဝင်ယူနေပါပြီ။ ဘယ်သူသေသေ ငတေမာပြီးရော၊ ကြွက်သေတစ်ခုအရင်းပြုမဟဲ့ဆိုတဲ့စိတ်ဓါတ်နဲ့လုပ်ရပ်ကို ထင်ထင်ရှားရှားဖေါ်ပြတာလည်းဖြစ်ပါတယ်။
မလေးရှားသို့ အလုပ်သမားတင်ပို့တဲ့လုပ်ငန်းတွေမှာ ကြံ့ဖွံ့အသင်း/ကြံ့ဖွံ့ပါတီတို့ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တဲ့၊ ပတ်သက်နေတဲ့အချက်ကိုလည်း မမေ့မလျော့ထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။
ဒါ့အပြင် ဒီကနေ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို “၂၀၁၅ ရွေးကောက်ပွဲ”အတွက် ကြိုတင်မဲဆွယ်မှုတွေဖြစ်တယ်လို့လည်း ကြည့်မြင်ကြဖို့လိုပါတယ်။ ၂၀၁၅ ခုနှစ်မတိုင်မီ ဒီလိုဖြစ်စဉ်တွေဖြစ်ရပ်တွေ ပုံစံမျိုးစုံနဲ့ဒေသမျိုးစုံမှာ ထပ်မံပေါ်ပေါက်လာလိမ့်ဦးမယ်/ဖန်တီးကြပါလိမ့်ဦးမယ်၊ ပြည်သူများ သတိရှိကြဖို့လိုပါတယ်။
ပြည်တွင်းမှာ စီးပွားရေးခက်ခဲကြပ်တည်းလွန်းလို့ ကိုယ့်ရှိစုမဲ့စုလေးထုခွဲရောင်းချပြီး ပြည်ပနိုင်ငံများသို့စွန့်စွန့်စားစားသွားရောက် လုပ်ကိုင်ကြရတာပါ။ အခုတော့ နူရာဝဲစွဲ၊လဲရာသူခိုးထောင်းဆိုသလို အကြမ်းဖက်ရန်ပြုသတ်ဖြတ်မှုတွေကို ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ တကယ်တော့ မလေးရှားမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေ အကြမ်းဖက်သတ်ဖြတ်ခြင်းခံရတာဟာ “မိထ္ထီလာ၊ လားရှိုး အကြမ်းဖက်သတ်ဖြတ်မှုများ”ရဲ့တိုက်ရိုက်အကျိုးဆက် ရလဒ်ပဲဖြစ်ပါတယ်။
ပြည်တွင်းမှာဖြစ်ပျက်ခဲ့တဲ့အကြမ်းဖက်မှုများရဲ့နောက်ကွယ်မှာ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ ခရိုနီတစ်စုပါဝင်ပတ်သက်နေပါတယ်။ အကြမ်းဖက်မှုများနဲ့ပတ်သက်ပြီး အများအပြားဖမ်းဆီးထားသော်လည်း လက်သည်တရားခံတိတိကျကျ ဖော်ထုတ်အရေးယူမှုမပြုခြင်း၊ ဘာသာရေးအဓိကရုဏ်းဖန်တီးဟောပြောနေသူများ ထိထိရောက်တားမြစ်အရေးယူမှု မရှိခြင်း၊ အကြမ်းဖက်သမားများဟာ စစ်သားများ၊  ရဲသားများကဲ့သို့စနစ်တကျလေ့ကျင့် သင်ကြားထားသူများဖြစ်ပြီး အကြမ်းဖက်မှုများကိုစစ်ဆင်ရေးတစ်ခုကဲ့သို့ စနစ်တကျလုပ်ဆောင်နေခြင်း၊ ယင်းသို့သော အကြမ်းဖက်မှုများကို ဒေသဆိုင်ရာအုပ်ချုပ်ပိုင်း၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်တို့ကအချိန်မီတားဆီးခြင်းမပြုဘဲ၊ လက်ပိုက်ကြည့်နေခြင်း စတဲ့အချက်တွေဟာ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေရဲ့နောက်ကွယ်မှာ အစိုးရနဲ့ခရိုနီတစ်စုပါဝင်ပတ်သက်နေတာကို ညွန်ပြနေ ပါတယ်။
တရားဥပဒေအရ အရေးယူတယ်လို့ဆိုရာမှာလည်း မူဆလင်ဘာသာဝင်များကိုသာအဓိကထား အပြစ်ပေးအရေးယူနေပြီး ပြစ်ဒဏ်ကြီးများချမှတ်နေခြင်းများဟာ  (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ မဖုံးနိုင်မဖိနိုင်တဲ့ တစ်ဖက်သတ်မြှောက်ပင့်သွေးထိုး အားပေးမှုတွေဖြစ်ပါတယ်။ မိတ္ထီလာဖြစ်စဉ်တွင်ရွှေဆိုင်မှ လက်ရောက်မှုကျူးလွန်သူများနှင့် သံဃာတစ်ပါးသတ်ဖြတ်ခံရမှုတွင်ပါဝင်ခဲ့သူများကိုသာ အရေးယူခဲ့ခြင်းနှင့် လားရှိုးဖြစ်ရပ်တွင် ပြစ်မှုကျူးလွန်သူ (ကိုနေဝင်း) အား ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ခြင်းတို့ဟာ ထင်ရှားတဲ့အချက်တွေဖြစ်ပါတယ်။
“တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ ကိုယ့်နိုင်ငံသားအားလုံးကို ကူညီမယ်” လို့ဆိုပါလား။ မိထ္ထီလာနဲ့လားရှိုးမှာ အကြမ်းဖက်ခံရသူတွေဟာ “တရားမဝင်နိုင်ငံသားတွေ”မို့လား။ ဒါကြောင့် အကြမ်းဖက်သမားတွေ စိတ်တိုင်းကြ ဖျက်ဆီးသတ်ဖြတ်နေတာကို အုပ်ချုပ်ရေးလုံခြုံရေးတာဝန်ရှိသူများက လက်ပိုက်ကြည့်နေတာလား။
မိထ္ထီလာနဲ့လားရှိုးမှာ “တရားမဝင်နိုင်ငံသားတွေ”ရှိနေတယ်ဆိုရင် (နဝတ-နအဖ) စစ်အစိုးရနဲ့ အမွေခံ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့မှာပဲ အဓိကတာဝန်ရှိပါတယ်။ “ငွေရရေး/မဲရရေး”အတွက် နိုင်ငံခြားသားတွေကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ ပြစ်မှုဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့
လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတို့ကို အဓိကအရေးယူရမှာဖြစ်ပါတယ်။ လာဘ်ငွေအများဆုံးကို သူတို့ရရှိကြတာဖြစ်ပါတယ်။ အောက်ခြေဝန်ထမ်းဆိုတာ အရိုးအရင်းကိုက်ရသူများသာဖြစ်ပါတယ်။
ဒါ့အပြင်ထင်ထင်ရှားရှားကြီးပေါ်နေတဲ့အချက်တစ်ခုကတော့ (မဟန)အဖွဲ့ကြီး “ဝစီပိတ်” တိတ်တိတ်နေကျင့်နေတော်မူခြင်းပါပဲ။ သူတော်ကောင်းတရားလက်ကိုင်ထားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည်၊ ဤသို့ “တေမိကျင့်” ကျင့်တော်မူနေခြင်းမှာလည်း (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနဲ့ “ဆရာဒကာညီညွတ်မှု”ကို ပြသနေသည်ဟူ၍ပင် တပည့်တော်ယုံမှတ် တွေးတောယူဆနေမိပါတယ်။ “၉၆၉ လှုပ်ရှားမှု” ဟူသည်မှာ ဘာသာသာသနာ ထွန်းကားစည်ပင်ရေးသက်သက် လှုပ်ရှားမှုမဟုတ်ဘဲ။ ဘာသာရေးဗန်းပြပြီး စီးပွားရေးစားကျက်လုမှုကိုဗဟိုချက်ထားတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။ ဘာသာရေးရန်တိုက်ပေးပြီး သင်္ကန်းဝတ်ဒုဗ္ဗစများကို အသုံးချကာအခြားတစ်ဖက်တွင် ဘာသာခြားနိုင်ငံသားများရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့စီးပွားရေးကို အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းပင်ဖြစ်ပါတယ်။ အရင်းခံမှာ စီးပွားရေးစားကျက်လုခြင်းသာဖြစ်ပြီး၊ ဤနောက်ကွယ်တွင် ခရိုနီတစ်စုအမှန်ပင်ရှိနေပါတယ်။ “မြန်မာ့နည်းမြန်မာ့ဟန်ဖက်ဆစ်လှုပ်ရှားမှု”လို့မြင်ပါတယ်။ သို့ပါ၍ သာသနာသန့်ရှင်းမှုကို အရင်းမူလပြုပြီး “၉၆၉-လှုပ်ရှားမှု”ကို  ဝိနည်းတော်များနှင့်အညီ အမြန်ဆုံးစစ်ဆေးအရေးယူသင့်ပါကြောင်း လျှောက်ထားအပ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ”ဟာ နာဂစ်မုန်းတိုင်းဒဏ်ခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုစတေးပြီး အဓမ္မအတည်ပြုခဲ့တာဖြစ်ပြီး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သတင်းကျော်ဇောမှုနဲ့ရောစပ်အရောင်တင်ပြီး ပြည်တွင်းပြည်ပကို (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လှည့်စားခဲ့တာဖြစ်ပါတယ်။
အခုတော့ နိုင်ငံသားမူဆလင်ဘာသာဝင်ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်များ၊ ပြည်ပရောက်မြန်မာအလုပ်သမားများရဲ့သွေးချွေးများကို စတေးပြီး “၂၀၁၅ ရွေးကောက်ပွဲ” အတွက်ကြိုတင် မဲဆွယ်နေပါတယ်။
ညွန်း
၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၈) “နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်းတို့နှင့် မြန်မာ့သတင်းစဉ်မေးမြန်းချက် ” 

0 comments:

Post a Comment