Wednesday, June 19, 2013

ပြည်သူ့ဆန္ဒပြည်သူ့စွမ်းအားဖြင့် အခြေခံဥပဒေသစ် ရေးဆွဲရေး(တူမောင်ညို)

0 comments
ပြည်သူ့ဆန္ဒ ပြည်သူ့စွမ်းအားဖြင့် အခြေခံဥပဒေသစ်ရေးဆွဲရေး(တူမောင်ညို)(၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်)ကြံ့ဖွံ့ပါတီဒုတိယဥက္ကဋ္ဌ (ဗိုလ်)သူရဦးအေးမြင့်တို့ပြောနေသည့် နည်းလမ်း၊ “ကြံ့ဖွံ့ပါတီနည်းလမ်း”ဖြင့် “၂၀၀၈ အခြေခံဥပဒေ”ပြင်ဆင်ရေးကို စဉ်းစား ကြမည် လုပ်ကိုင်ကြမည်ဆိုလျှင် မဆုံးနိုင်သောပြင်ဆင်ရေးသံသရာ လည်နေပေတော့ မည်။ ဤနည်းလမ်းအတိုင်းသာဆိုလျှင်ဒီချုပ် (NLD)က လိုလားမျှော်လင့်နေသော “၂၀၀၈ အခြေခံဥပဒေ”ပြင်ဆင်ရေးသည် ဖြစ်မြောက်လာလိမ့်မည်မဟုတ်။ စကားကုန် ကုန်ပြောရလျှင် (NDF)ပါတီက အဆိုပြုထားသောအချက်များပင် ပြင်ဆင်ခွင့်ရလိမ့်မည် မဟုတ်ချေ။
“စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို ဖြည်းဖြည်းချင်း နောက်ဆုတ်ခိုင်းဖို့သဘောထားရှိတယ်”ဟု (NDF)ပါတီ ခေါင်းဆောင်များပြောနေသည်မှာ တကယ်တော့ သူတို့ဟာ ဒီချုပ်(NLD)ကဲ့သို့ တင်းမာသူများမဟုတ်ပါ။ ချော့ရင်ပျော့ပါတယ်/ခြောက်ရင်ကြောက်ပါတယ်လို့ ကြိုတင်အသနား ခံနေခြင်းသာဖြစ်ပါသည်။ ဒီချုပ်(NLD)လိုင်းနှင့်မတူပါလို့ စစ်တပ်ကိုမျက်နှာလိုအားရသတင်းစကားပါးခြင်းလည်းဖြစ်သည်။ “၂၀၀၈အခြေခံ ဥပဒေ”ပြင် ဆင်ရန် လွှတ်တော်တွင်းနည်းလမ်းတစ်ခုထဲသာရှိသည်ဟု ယုံမှတ်ပုံအပ်ထားကြသူများ၏ ကြောက်အားငယ်ရှာသည့် အသံလည်းဖြစ်သည်။
(ဗိုလ်)သူရအေးမြင့်တို့ပြောနေသည့်နည်းလမ်း(ဝါ)“ကြံ့ဖွံ့ပါတီနည်းလမ်း”ဆိုသည်မှာ ပြင်ဆင်ချင်တာမှန်သမျှတင်ပြကြ။ တင်ပြသမျှအားလုံးကို ညလက်ခံထားမည်။ သို့သော်လည်း မည်သည့်အခန်း၊ မည်သည့်ပုဒ်မကို (တစ်ခန်းခြင်း၊ တစ်ပိုဒ်ခြင်း၊ တစ်ခုခြင်း)မည်သည့်အချိန်ကာလတွင် မည်သို့ပြင်ဆင်/ပယ်ဖျက်မည်/အစားထိုးမည်ကိုမူ “သုံးသပ်ရေးကော်မရှင်/ကော်မတီ” က လေ့လာသုံးသပ်ပြီး တစ်ခုချင်းကိုင်တွယ်လုပ်ဆောင်သွားမည်ဆိုသည့် နည်းလမ်းပင်ဖြစ်သည်။ ဘယ်အခန်း၊ ဘယ်ပုဒ်မ၊ ဘယ်စာပိုဒ်ကို ဘယ်ကာလ၊ ဘယ်အချိန်တွင် ဘယ်လိုပြင်ဆင်ရမည်ဆိုသည်ကို “သုံးသပ်ရေး ကော်မရှင်/ကော်မတီ”က စိစစ် သုံးသပ်ဆုံးဖြတ်ပေးမည်ဖြစ်သည်။ “သုံးသပ်ရေးကော်မရှင်/ ကော်မတီ”က ချမှတ်ပေးသည့်အစီအစဉ်ဖြင့်သာ ပြင်ဆင်ရမည် ဟူသည့်သဘောဖြစ်သည်။
အနှစ်ချုပ်ပြောရမည်ဆိုလျှင် သူတို့စိတ်ကြိုက်အချိန်ယူ ရေးဆွဲခဲ့သော “၂၀၀၈ အခြေခံဥပဒေ”ကို သူတို့စိတ်ကြိုက်သုံးသပ်ပြီး သူတို့ အစီအစဉ်ဖြင့် ပြင်ဆင်မည်ဟူသည့်သဘောပင်ဖြစ်နေသည်။
(ဗိုလ်)သူရအေးမြင့်တို့ ပြောနေသည့်နည်းလမ်း(ဝါ) “ကြံ့ဖွံ့ပါတီနည်းလမ်း”ဆိုသည်မှာ လွှတ်တော်တွင်းနည်းလမ်းဖြစ်သည်။ ဤ လွှတ်တော်တွင်းလမ်းအတိုင်းသာ သွားမည်ဆိုလျှင်“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် ရေစုန်မျောပေတော့မည်။ “၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရန်လွှတ်တော်တွင်းနည်း တစ်ခုထဲသာရှိသည်မဟုတ်။ လွှတ်တော်တွင်း/လွှတ်တော်ပ ပေါင်းစပ်သည့်နည်းလည်းရှိသည်။ လွှတ်တော်ပနည်းလမ်းလည်း ရှိသည်။ လူဆန္ဒလူထုအင်အားဖြင့် ဖိအားတွန်းအားပေးသည့် နည်းလမ်းလည်းရှိသည်။ “လိုချင်ကြံဆနည်းလမ်းရ” မည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လိုသည်ဟု မကြာခဏထုတ်ဖော်ပြောဆိုနေပါသည်။ သမ္မတဖြစ်ရန် အနိမ့်ဆုံး “၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်ရမည်။ သို့တည်းမဟုတ် အသစ်ရေးဆွဲရမည်။  သမ္မတဖြစ်နိုင်ရုံမျှသာပြင်ဆင်မည်ဆိုလျှင် ဖြစ်ပေါ်လာမည့်သမ္မတသည် ရုပ်ပြသမ္မတ၊ သဝဏ်လွှာပို့ရသည့်သမ္မတ၊ ပြည်ပနိုင်ငံများမှသမ္မတများ လာရောက်လည်ပတ်လျှင် ကြိုဆိုဧည့်ခံရသော “ကြိုဆိုဧည့်ခံရေးသမ္မတ” မျိုးသာဖြစ်ပေလိမ့်မည်။
နိုင်ငံသူနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးကြသည်၊ မျှော်လင့်ကြသည်၊ သမ္မတအဖြစ်လည်း မြင်တွေ့လိုကြသည်၊ သမ္မတဖြစ်စေချင်ကြသည်။ နိုင်ငံသူနိုင်ငံသားများ၏ဆန္ဒကို လက်တွေ့နှင့်ပေါင်းစပ်ပေးဖို့ လိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက “၂၀၀၈ အခြေခံဥပဒေ”လက်မခံနိုင်ကြ၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုသာလိုလားကြသည်။ တောင်းဆိုနေကြသည်။ ”၂၀၀၈အခြေခံဥပဒေ”သည် “ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ”မဟုတ်ကြောင်း တိုင်းရင်းသားလူမျိုးများအားလုံးက သိမြင်နားလည် သဘောပေါက်ထားကြသည်။ သူတို့၏လက်နက်ကိုင်တပ်များကိုလည်း တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာလျှင် “ပြည်ထောင်စုတပ်မတော်”ထဲသို့ ပြောင်းလဲပါဝင်ဖွဲ့စည်းရန်သဘောဆန္ဒရှိနေကြသည်။
သို့ပါ၍ယနေ့အချိန်အခါသည်  “၂၀၀၈အခြေခံဥပဒေ”ကိုပြင်ဆင်ကြမည့်အစား အသစ်ရေးဆွဲပြီး အစားထိုးသင့်သည့် အချိန်ကောင်း အခါကောင်း၊ အခြေအနေကောင်းဖြစ်နေပါသည်။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ပြောနေသည့် “တည်ဆောက်ရေးလမ်းကြောင်း” ဆိုသည်နှင့်ပတ်သက်၍ပြောလိုပါသည်။ ထိုစကားကို ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးကလည်း သံယောင်လိုက်ပြောသံကြားရပါသည်။
အတိုက်အခံများဘက်မှ ပြည်သူများဘက်မှ  ဖြစ်နိုင်သမျှ ငြိမ်းချမ်းသည့်လမ်း၊ ပြေလည်သင့်မြတ်ရေးလမ်း၊ သွေးထွက်သံယိုမှု အနည်းဆုံးလမ်းကိုသာရွေးချယ်လိုကြပါသည်။ ရွေးလည်းရွေးချယ်ခဲ့ကြပါသည်။ သို့သော်လည်း ဤသည်မှာ ဆန္ဒအဖြစ်သာဖေါ်ပြခွင့်ရခဲ့ပြီး၊ တကယ့်လက်တွေ့ဘဝတွင် အတိုက်အခံများ/ပြည်သူများလျှောက်လှမ်းရမည့်လမ်းကို အုပ်စိုးသူများဘက်ကသာ တစ်ဖက်သတ်ပြဋ္ဌာန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ အတိုက်အခံများဘက်က ဖြစ်ပေါ်လာသည့် အခြေအနေတွင် မိမိတို့ရပ်တည်ရှင်သန်နိုင်ရေးအတွက် ရရာနည်းလမ်းကိုရွေးချယ်ကြရစမြဲသာဖြစ်သည်။ 
“နောက်ကြောင်းပြန်လှည့်သွားနိုင်သည်” ဟူသောရေခံမြေခံများ ရှိနေသမျှ၊ “၂၀၀၈အခြေခံဥပဒေ”သည်ဒီမိုကရေစီ စံချိန်စံညွန်းများနှင့် ပြည့်ဝကိုက်ညီခြင်းမရှိသေးသမျှကာလပတ်လုံး “တည်ဆောက်ရေးကာလ” ဟုပြောရန် အင်မတန်မှစောလွန်းနေပါသေးသည်။“စစ်တပ်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု” ဟူသောစာပိုဒ် အခြေခံဥပဒေတွင်ပါရှိနေသမျှကာလပတ်လုံး “အာဏာဖီဆန်သည့်နည်း”၊ “တော်လှန်သည့်နည်း”ကို ရွေးလမ်းတစ်ခုအဖြစ် ထားမြဲထားနေရပါလိမ့်ဦးမည်။ ထိုနည်းလမ်းကို လုံးဝပစ်ပယ်စွန့်လွှတ်လိုက်လျှင်ရသမျှ/ ပေးသမျှနှင့် တင်းတိမ်ရောင့် ရဲနေရတော့မည်။ အမိန့်အာဏာဟူသမျှ၊ တည်ဆဲဥပဒေမှန်သမျှကို လေးစားလိုက်နာကြရပေတော့မည်။ နာခံကြရပေတော့မည်။ ဒေါ်အောင်ဆန်းစုကြည်သည်“၂၀၀၈ အခြေခံဥပဒေ”ကို လူထုဆန္ဒခံယူခဲ့စဉ်က “ကန့်ကွက်မဲပေး” ခဲ့သည်ဆိုသောအချက်ကို ကျနော် အလေးအနက်ယုံကြည်ပါသည်။“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုသည်ကို “ယခင်၊ ယခုနှင့်နောင်မှာပါ အမြဲတန်းဆန့်ကျင်သွားမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုဖူးပါသည်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”အပေါ် ဒီချုပ်ပါတီဝင်များအားလုံးကလည်း သူတို့ဥက္ကဋ္ဌကြီးနှင့်အတူ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိလိမ့်မည်ဟု ကျနော်အလေးအနက်ယုံကြည်ပါသည်။
သို့ပါ၍ ဤသို့သောအခြေအနေ အချိန်အခါကောင်းတွင် လူမျိုးပေါင်းစုံပြည်သူ့ဆန္ဒ၊ ပြည်သူ့စွမ်းအားဖြင့် “အခြေခံဥပဒေသစ်ရေးဆွဲ အကောင်အထည်ဖော်သည့်နည်းလမ်းကို  ဒီချုပ်(NLD)က ဦးဆောင်သင့်ပါသည်။  (နဝတ-နအဖ)စစ်အစိုးရသည် “၂၀၀၈အခြေခံဥပဒေ” စတင်ရေးဆွဲစဉ်က ပြင်ဆင်ရန်ခက်ခဲအောင် ရည်ရွယ်ချက်ထား၍ရေးဆွဲခဲ့ကြခြင်းဖြစ် ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အာဃာတ အညှိုးအတေးဖြင့် မရေးဆွဲသင့်ပါ။ အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့၏အကျိုးစီးပွား အတွက်အခြေခံပြီးလည်း မရေးဆွဲသင့်ပါ။ တတိုင်းတပြည်လုံးနှင့် လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး၏ရေတို/ရေရှည် အကျိုးစီးပွားကိုမြော်မြင်ပြီး ကျယ်ပြန့်ကောင်းမြတ်သော သဘောထားဖြင့်သာ ရေးဆွဲသင့်ပါသည်။
ဤသို့အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲနိုင်ရန်အတွက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်ရှိအုပ်စိုးသူများ အညီအမျှပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မတီ (သို့မဟုတ်) အမျိုးသားညီညွတ်ရေးကော်မတီ ဖွဲ့စည်းသင့်ပါသည်။ ထိုကော်မတီမှ “တိုင်းပြုပြည်ပြုညီလာခံကြီး”တစ်ရပ်ခေါ်ယူပြီး အခြေခံဥပဒေသစ် ရေးဆွဲရေးအတွက်လမ်းညွန်မူများ၊ အခြေခံမူများ ချမှတ်သင့်ပါသည်။ တိုင်းပြည်ပြည်ပြုညီလာခံကြီးတွင် နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်နိုင်ရမည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏လိုလားချက်များ၊ သဘောထားများဆွေးနွေးတင်ပြနိုင်ရမည်။
ထိုညီလာခံကြီးတွင်တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ညှိနှိုင်းဆွေးနွေးကြပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို ပြည့်ပြည့်ဝဝ အာမခံနိုင်ရေး၊  ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖော်ဆောင်နိုင်ရေး၊  ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး အစရှိသောအခြေခံဥပဒေသစ်အတွက် လမ်းညွန်များ၊ အခြေခံမူများချမှတ်သွားသင့်ပါသည်။ ယင်းသို့ဆွေးနွေး ချမှတ်နိုင်မည်ဆိုလျှင် ပြည်တွင်းစစ်ကိုအပြီးတိုင်ရပ်စဲနိုင်ပြီး၊ အမျိုးသားသွေးစည်းညီညွတ်မှုပြန်လည် တည်ဆောက်နိုင်ကာ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် အခြေခံကောင်းများဖြစ်ထွန်း ပေါ်ပေါက်လာစေပါလိမ့်မည်။
သို့မှသာတိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်ကိုက်ညီသောဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရရှိနိုင်ပါလိမ့်မည်။ (နဝတ-နအဖ)စစ်အစိုးရကဲ့သို့  ၁၄ နှစ် အချိန်ယူစရာလည်း မလိုအပ်ပါ။ စနစ်တကျပြင်ဆင်ဆောင်ရွက်ကြမည်ဆိုလျှင် (၆)လခန့် ကာလအတွင်း အခြေခံဥပဒေသစ်တစ်ခု ကောင်းမွန်စွာရေးဆွဲနိုင်ပါသည်။

0 comments:

Post a Comment