Sunday, June 2, 2013

ဒေါ်ခင်ကြည်ပြောပြတဲ့လူ(၅)ယောက်အကြောင်း (လှကွန့်) (အဆုံးသတ်အပိုင်း)

0 comments
ဒေါ်ခင်ကြည်ပြောပြတဲ့ လူ (၅)ယောက်အကြောင်း(လှကွန့်) (အဆုံးသတ်အပိုင်း)
ဧပြီ ၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ (ကျနော် ဒီဆောင်းပါးကို စာရိုက်ပြီး ပြန်တင်မယ်တင်မယ်နဲ့ မလုပ်ဖြစ်ပါ။ ဇက်နည်းနည်းနာနေတာလည်း ပါပါတယ်။ ဖတ်မိရင် အကျိုးများကြမယ်တွေးမိကာ ခုတော့ စရိုက် စတင်ပါပြီ။ အားလုံး ၉ မျက်နှာပါ။ ရှယ်ယာလုပ်လို့ရပါတယ်။ လုပ်လည်းလုပ်ကြစေချင်ပါတယ်။ စိတ်ရှည်ရှည်ဖတ်ရင် သူ့ရေးဟန် သူ့အဖွဲ့အနွဲ့ထဲမှာမြှုတ်ထားတာတွေက ဖော်ထုတ်လို့ရမယ်ထင်ပါတယ်။ မျိုးမြင့်ချို) မေ ၃၁ ၂ဝ၁၃
........................ပြီးတော့ သခင်သန်းထွန်း။ သခင်သန်းထွန်းရဲ့ယုံကြည်ချက်၊ နိုင်ငံရေးလမ်းစဉ်ကိုတော့မကြိုက်ဘူး။ ဒေါ်ဒေါ်က ကွန်မြူနစ်လည်း မဟုတ်ဘူး။ ဒါပေမယ့် သခင်သန်းထွန်းကို ပုဂ္ဂိုလ်အရလေးစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုးသားတယ်။ မျှမျှတတစဉ်းစားတတ်တယ်။ မဟုတ်တာမလုပ်ဘူး။ သူ့ကိုယ်ကျိုးစီးပွားအတွက် ဘာမှမလုပ်ဘူး။ ဖျောင်းဖျောင်းဖျဖျပြောတတ်တယ်။ သူနဲ့မင်းတို့ဗိုလ်ချုပ်တွဲခဲ့တဲ့အချိန်က လုပ်ငန်းတိုင်းလိုလိုအောင်မြင်တယ်။ မကင်းတို့ဗိုလ်ချုပ်က စိတ်မြန်တယ်။ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်တယ်။ သခင်သန်းထွန်းက အေးဆေးတယ် တည်ငြိမ်တယ်။ ခေါင်းအေးအေးထား စဉ်းစားတတ်တယ်။ ငါ့ယောင်္ကျားကိုဝန်းရံပေးတာ သခင်သန်းထွန်းနဲ့သခင်ဗဟိန်းပဲ။ ဒီးဒုတ်ဦးဘချိုတို့၊ သခင်မြတို့ သခင်ချစ်တို့၊ ဗိုလ်င်္ကျာတို့လည်း ပါတာပေါ့။ ကိုသန်းထွန်းနဲ့ကိုဗဟိန်းကတော့ အနီးကပ်ကိုး။

ဒီတစ်ယောက်ကတော့ အစက အလံနီ။ နောက်တော့ ဗကပ။ ဟော……ခုတော့ မဆလဗိုလ်နေဝင်းနဲ့သူနဲ့ ဉာဏ်ရည်ပြိုင်ပွဲတဲ့။ ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမှာပဲ။ နှစ်ယောက်လုံးကတော့ ဉာဏ်နီဉာဏ်နက်တွေချည်းပဲ။ သူက ဗိုလ်နေဝင်းအကြိုက်တွေရေးပြီး ရွှေနားတော်သွင်းဧချင်းလုပ်နေတယ်။ သမိုင်းကို လိမ်ပေးနေတယ်။ နေရာတကာ သူသိသူတတ်လုပ်နေတယ်။ တချို့နေရာတွေမှာ သူပါတာမှန်ပေမယ့် နေရာအများမှာ သူမပါဘူး။ သူမသိဘဲနဲ့ ရမ်းတုတ်နေတာတွေများတယ်။ သူက ကိုသိန်းဖေစာအုပ်တွေထဲကနေ ခိုးချနေတာပဲ။ အဲ့ဒီလိုရေးပေးလို့လည်း ဗိုလ်နေဝင်းက ဆုတွေလာဘ်တွေချ၊ သစ်တော်တွေတောင်ပေး ဆိုလားပဲ။ အေး မှတ်ထား ဘယ်နေ့ ဗိုလ်နေဝင်းကန်ထုတ်ခံရမလဲဆိုတာ။

အဲ့သလို လူပုဂ္ဂိုလ်တစ်ဦးခြင်းစီရဲ့အကြောင်း သူထိတွေ့သိမြင်ရသလောက် ပြောပြလေ့ရှိတယ်။ ကောင်းရင်ကောင်းသလို ချိုးကျုးပြောဆိုတတ်ပြီး သူမကြိုက်တာကိုလည်း မကြိုက်သလိုပြောပြတတ်ပါတယ်။ တခါတရံမှာ ဂျပန်တော်လှန်ရေးကာလ အတွေ့အကြုံတွေ ဂျပန်ခေတ်ဆေးရုံကြီးအကြောင်းတွေ မှတ်မိသမျှပြန်ပြောပြတတ်တယ်။ တစ်ခါတရံမှာတော့ ပန်းတွေအကြောင်း၊ အိမ်ရှေ့မှာစိုက်ထားတဲ့လစ်လီပန်းမျိုးတွေက အိန္ဒိယကယူလာခဲ့တဲ့အကြောင်းတွေ ပြောပြတတ်ပါတယ်။ စိမ်အားငယ်စရာ စိတ်ပျက်စရာစကားတွေပြောသံ မကြားရပါဘူး။ မုဆိုးမဘဝသက်တမ်းတစ်လျှောက်လုံး သံအမတ်ကြီးရာထူးကိုစွန့်ခဲ့ရပြီး အထီးကျန်ဆန်ဆန်နေခဲ့ရတဲ့ကာတစ်လျှာက်လုံး တည်တည်ငြိမ်ငြိမ်နဲ့ရပ်တည်ခဲ့တယ်။ အိမ်နိမ့်စံဘဝ၊ မုဆိုးမဘဝနဲ့သိမ်ငယ်နေရမယ့်အစား ပန်းပင်တွေနဲ့စကားပြောရင်း သူ့ဘဝကို ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်ခဲ့တယ်။ တချိန်က ဗမာပြည်မှာလျှမ်းလျှမ်းတောက်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကတော်ဟာ ဗိုလ်ချူပ်နဲ့ သေကွဲ ကွဲခဲ့ရတယ်။ မုဆိုးမဘဝနဲ့ကြိုးစားရပ်တည်နေတုန်း သားလတ်ဖြစ်သူအောင်ဆန်းလင်းက သေမင်းနောက် ကောက်ကောက်ပါအောင် လိုက်သွားပြန်တယ်။ ကျန်ခဲ့တဲ့သားနဲ့သမီးက ရေမြေခြားနေခဲ့တယ်။ ဒီတော့ ပန်းပင်တွေကြားမှာအလုပ်များနေ ခဲ့တဲ့ဒေါ်ခင်ကြည်ကို ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မြောင်းမြမှာမွေးဖွားခဲ့သတဲ့။ ဦးဘိုးညှင်း ဒေါ်ဖွားစုတို့ရဲ့သားသမီး(၁ဝ)ဦး ရှိတဲ့အနက် သူမက အဌမမြောက်သမီးလေ။
ရန်ကုန်ကြည့်မြင်တိုင် အေဘီအမ်အမျိုးသမီးကျောင်း၊ မော်လမြိုင် မော်တင်လိန်းဆရာအတတ်သင်ကျောင်းတွေမှာ ပညာသင်ယူခဲ့တယ်။ မြောင်းမြအမျိုးသမီးကျောင်းမှာ ဆရာမလုပ်ခဲ့တယ်။ နောက် ဝါသနာပါတဲ့သူနာပြုအလုပ် လုပ်နိုင်ရန်ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင်ဆေးရုံကြီးတွေမှာ သူနာပြုအတတ်ကိုသင်ယူခဲ့သတဲ့။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာစဉ်မှာ ရန်ကုန်ဆေးရုံကြီးမှာ သူနာပြုလုပ်နေခဲ့တယ်။ ဗြိတိသျှတို့ အန္ဒိယကိုဆုတ်ခွာတဲ့အချိန်မှာ ရန်ကုန်ဆေးရုံကြီးကလူမမာအချို့ကို ကာလကတ္တားဆေးရုံကိုပြောင်းရွှေ့ပေးပြီး အိန္ဒိယကနေ ဗမာပြည်ကို နောက်ဆုံးသင်္ဘောနဲ့ပြန်ခဲ့ရပါသတဲ့။ ဂျပန့်ခေတ် (၁၉၄၂)ခုနှစ် ရန်ကုန်ဆေးရုံကြီးကိုပြန်ဖွင့်တဲ့အခါ အဖွဲ့ဝင်သူနာပြုတစ်ဦးအဖြစ်တာဝန်ယူနေစဉ် ဆေးရုံတက်နေတဲ့ လူနာဗိုလ်ချုပ်အောင်ဆန်းနဲ့မေတ္တာမျှပြီး အဲ့ဒီနှစ် စက်တင်ဘာ(၆)ရက်နေ့မှာ လက်ထပ်ခဲ့ဆိုကိုး။ (၁၉၆၀) အိန္ဒိယနဲ့နီပေါလ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ဦးနု ပထစအစိုးရကတာဝန်ပေးခဲ့တယ်။ (၁၉၆၇)ခုနှစ် ဗိုလ်နေဝင်းရဲ့တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ အငြိမ်းစားအပေးခံခဲ့ရတယ်။ ဒေါ်ခင်ကြည်ဟာ ပထမဦးဆုံးမြန်မာဗိုလ်ချုပ်ကြီး၊ စစ်သေနာပတိ၊ စစ်ဝန်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဖြစ်တယ်။ မြန်မာ့သမိုင်းထဲက အထွဋ်အထိပ်ရောက်ခဲ့ကြတဲ့ သမ္မတကြီးစဝ်ရွှေသိုက်၊ ဝန်ကြီးချုပ်ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း၊ သခင်သန်းထွန်းတို့နဲ့ လက်ရည်တပြင်တည်းနေခဲ့ကြတယ်။ မောင့်ဘက်တန်၊ ဂျဝါဟလာနေရူး၊ အင်ဒီယာဂန္ဒီ၊ သီရိလင်္ကာဝန်ကြီးချုပ် မစ္စက်ဘန္ဒရာနာယကေးတို့လို နိုင်ငံခြားတိုင်းပြည်တွေကခေါင်းဆောင်တချို့နဲ့ တရင်းတနှီး ဆက်ဆံနေထိုင်ခဲ့ရတယ်။ (၁၉၆၇)ခု သံအမတ်ကြီးရာထူးကနေ အငြိမ်းစားယူလိုက်ရချိန်ကနေစပြီး သူ့ခြံထဲကဥယျဉ်သေးသေးလေးထဲမှာ ပန်းပင်ကလေးတွေ သစ်ပင်ကလေးတွေနဲ့စကားပြောရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့စကားလက်ဆုံကျရင်း သူ့ဘဝကိုသူကိုယ်တိုင်ပြုစုပျိုးထောင်ရင်း လောကဓံကိုကြံ့ကြံ့ခံနေထိုင်ခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကတော်၊ တပ်မတော်ရဲ့ဖခင်ကြီး မိခင်ကြီးဘဝက အရာကျအိမ်နိမ့်စံဘဝ၊ သံအမတ်ကြီးဘဝကအရာကျ အိမ်နိမ့်စံဘဝ (၂)ဘဝရောက်ခဲ့ပေမယ့် အနိုင်မခံအရှူံးမပေးပဲ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးနဲ့ရပ်တည်ရင်း (၁၉၈၈)ခုနှစ် ဒီဇင်ဘာ (၂၇)ရက်နေ့မှာ မဟာသုဓမ္မဒေါ်ခင်ကြည်က ဘဝတစ်ပါးပြောင်းရွှေ့သွားပါတော့တယ်။
ဒေါ်ဒေါ်ကောင်းရာသုဂတိလားပါလှေကွန့်။
ပြီးပြီ(မျိုးမြင့်ချို ဇွန် ၂ ရက် ၂ဝ၁၃)

0 comments:

Post a Comment